ခေါင်းစဉ်ဖတ်လိုက်တော့ ကြက်ခေါင်းကြီးလားထင်နေတော့မယ်။ မထူးတော့ပါဘူး၊ အားလုံးလဲသိနေကြပြီမို့ ကြော်ငြာလေးတော့ ၀င်လိုက်ပါရစေဦး။ ဟုတ်ကဲ့… ကျွန်တော်ကြက်ကြော်ရောင်းပါသည်။

ဘယ်မှာလုပ်သလဲဆိုတော့ KFC မှာ လုပ်ပါသည်ပဲပေါ့။ KFC ဆိုတာ ဘာလဲ မသိကြသူတွေထဲမှာမှ လက်ရှိအလုပ်လုပ်ရန် လာရောက်ကြသော ၀န်ထမ်းများကို Introduction လုပ်ပေးရသည့်ထဲမှာ ကျွန်တော်လဲ အပါအ၀င်ဖြစ်သဖြင့် ၄င်းတို့ အသီးသီး ဖြေကြားကြသည်များမှာလည်း မှတ်သားစရာကောင်းလှပေသည်။ တစ်ခါတစ်ရံ KFC ဆိုတာ ဘာလဲဟု မေးလိုက်လျင် ဖြေကြသည်မှာ ကူဝိတ် ဖုဒ် ကုမ္ပဏီ လို့ပြောကြပါသည်။ လုပ်သက်အနည်းငယ်ရလာသောအခါ Kairo Food Company (အီဂျစ်လူမျိုးများ ရာထူးကြီးကြီးယူထားသောကြောင့် အီဂျစ်မှ မြို့တစ်မြို့နာမည်) ဟုပြောကြပါသည်။ တစ်နှစ်ခွဲခန့်ကြာပြီးသည့် ၀န်ထမ်းများကို ပြန်မေးလျင်တော့ Kitchen Fucking Company ဟု ဆိုကြသည်ကို မှတ်သားဖွယ်ရာ လေ့လာသိရှိရလေသည်။ ၀န်ထမ်းမလောက်မငှဖြင့် လည်ပါတ်နေသောကြောင့်ဖြစ်သည်။ လက်ကျန်ဝန်ထမ်းအနည်းငယ်ကိုသာ နာနာထောင်းနေရသဖြင့် စိတ်နာနာဖြင့်လဲ ပြောကြခြင်းဖြစ်သည်။ တစ်ကယ့်တစ်ကယ်မှာတော့ Kentucky Fried Chicken ကို အတိုကောက်ခေါ်ခြင်းလဲဖြစ်သည်။

ဖြစ်စဉ်မှာတော့ ဗိုလ်မှူးကြီး ဟာလန်ဆန်းဒါးမှာ ၁၉၃၉ ခုနှစ်တွင် သစ်ဥသစ်ဖု ၁၁ မျိုးကို ရောစပ်ပြီး ကြက်ကြော်နည်းစနစ်သစ်ကို ရှာဖွေတွေ့ရှိခဲ့ရာမှ လုပ်ငန်းခွဲများစွာကို တိုးချဲ့လုပ်ကိုင်လာရာ ယခုအချိန်တွင်မတော့ (၂၀၁၁ ခုနှစ်စစ်တမ်းများအရ) ကမ္ဘာတစ်လွှား နိုင်ငံပေါင်း ၁၁၅ နိုင်ငံတွင် ဆိုင်ခွဲပေါင်း ၁၇၀၀၀ ကျော်ကို ဖွင့်လှစ်ထားပြီးလဲ ဖြစ်သည်။ အများစုမှာ ယုံချင်ယုံ မယုံချင်နေ အမေရိကန်ပြည်ထောင်စုနှင့် တရုတ်ပြည်တို့တွင်ဖြစ်သည်။ တရုတ်ပြည်သည်ကား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ဈေးကွက်လျင်မြန်စွာ ကျယ်ပြန့်လာသော နိုင်ငံတစ်ခုလဲဖြစ်သည်။ ကိုရင်ရှူံးတို့များ အခန့်သင့်လျင်တော့ သွားပြီး အလုပ်လုပ်ချင်သေးတော့သည်။ ဒီနေ့မှ ဟောင်ကောင်သားအူးကျောက်နှင့် အရှေ့ကျွန်းမှ နှူးဘာဂီတို့က တရုတ်ရေအိုးများ အလွန်ဝိုင်းကြောင်း ပြောသည်ကို ဖတ်မိသောကြောင့်ဖြစ်သည်။(စကားချပ်) KFC မူပိုင်ခွင့်ကို ချုပ်ကိုင်ထားသည်မှာတော့ YUM! International မှဖြစ်သည်။ ၄င်းမှတစ်ဆင့် မူပိုင်ခွင့်များ ထပ်ဆင့်ရောင်းချခြင်းဖြစ်သည်။ အရှေ့အလည်ပိုင်းဒေသတစ်ခုလုံးကိုတော့ ကူဝိတ် ဖုဒ် ကုမ္ပဏီ(အမေရိကားနား) မှ မူပိုင်ခွင့်ယူထားခြင်းဖြစ်သည်။ အာရပ်စော်ဘွားများ ပြည်ထောင်စုတွင်မတော့ ယခင်နှစ်က ၇၆ ဆိုင်သာ ရှိခဲ့ရာမှ ယခုနှစ် ဇန်န၀ါရီလတွင်မတော့ ဆိုင်ပေါင်း ၁၀၀ တိတိထိ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည့်အတွက် လာမည့်အပါတ်တွင် ယခင်က ၂၁ ကျပ်ဖြင့်ရောင်းနေခဲ့သည့် ဘာဂါ+ကြက်ကြော်တစ်တုံး+ပေါင်မုန့်တစ်လုံး+အာလူးကြော်တစ်ထုပ်+Coleslaw+Pepsi တစ်ခွက်တို့ကို ၁၅ ကျပ်မျှဖြင့်ရောင်းပြီး အောင်ပွဲလဲခံရင်း၊ ဈေးကွက်မြှင့်တင်ရေးလဲ လုပ်ဦးမည်ဖြစ်သဖြင့် ကိုရင်ရှူံးတို့မှာ မျက်ခုံးခပ်လှုပ်လှုပ်ပင်။ KFC ဆိုသည်မှာ အာရပ်စော်ဘွားများပြည်ထောင်စုတွင်မတော့ လူပေါင်းများစွာ တန်းစီစောင့်ဆိုင်း ၀ယ်ယူစောင့်ဆိုင်းနေသည်ကို အမြဲမြင်ရသည့် အသင့်စား စားသောက်ဆိုင်တစ်ခုဖြစ်သည့်အတွက် ယခုလို အရောင်းမြှင့်တင်ရေးရှိသည့်အခါတွင်မတော့ ကိုရင်ရှူံးတို့မှာ ယားလို့တောင် ဘယ်နေရာမှ ကုတ်မအားနိုင်အောင် ဖြစ်ရပေတော့မည်။ ရှိစေတော့၊ အလုပ်ပေမို့လုပ်ရပေမည်။

ကြုံတုန်း အလျဉ်းသင့်သဖြင့် ပြောပြရမည်ဆိုလျင် ကိုရင်ရှူံးအလုပ်လုပ်ကိုင်နေသော ကြက် လုပ်ငန်းကြီးမှာ(မြန်မာပြည်မှ ဖိနပ်စီးသည့် ကြက်များကို မဆိုလို) နှစ်စဉ် တိုးတက်နေသော ကောင်းမွန်လှသည့် စီးပွားရေးလုပ်ငန်းကြီးဖြစ်သည်။ လူမျိုးအတော်များများ မရှောင်သည့် အစားအစာလဲ ဖြစ်သည်။ (ဒီနေရာတွင် သားသတ်လွတ်သမားများမပါ) ထို့အတွက်ကြောင့် အတော်လေးလဲ လူမျိုး၊ဘာသာမရွေး စားသုံးနိုင်ပါသည်ပေါ့။ မွှတ်စ်များနေထိုင်သည့် နိုင်ငံဖြစ်သည့်အတွက် ဟာလာဖြစ်ကြောင်းကိုလဲ ထောက်ခံစာ ယူထားရသေးတော့သည်။ ယခုနှစ်တွင်မတော့ ထူးထူးဆန်းဆန်း စစ်တမ်းကောက်သည်ကို တွေ့ရသည်။ ထိုဝန်ဆောင်မှုလုပ်ငန်းကို သီးသန့်လုပ်ကိုင်နေသည့် ကုမ္ပဏီတစ်ခုကို အလုပ်အပ်ခြင်းဖြစ်သည်။ အဓိက ယှဉ်ပြိုင်ရသည်မှာ မက်ဒေါနယ် ဘာဂါဆိုင်နှင့်ဖြစ်သည်။ စစ်တမ်းကောက်မည့်သူများမှ အထက်ဖော်ပြပါ ဆိုင်အသီးသီးသို့ သွားရောက်ခြင်း၊ ဖောက်သည်ဟောင်းများ (အကြောင်းအမျိုးမျိုးကြောင့် ဖောက်သည်အဖြစ်မှ နှုတ်ထွက်သွားသူများ) ကို မေးမြန်း၊စစ်တမ်း ကောက်ယူကြခြင်းဖြစ်သည်။ ရလဒ်များမှာ အထူးပင် စိတ်ဝင်စားစရာကောင်းလှပေသည်။ အများစု မဲပေးကြသည်မှာ မက်ဒေါလ်နယ်ဖြစ်သည်ကို အံသြစရာကောင်းစွာ (ကိုရင်ရှူံးတို့တော့ မအံ့သြပါ) တွေ့ရတော့သည်။

အောက်ပါအချက်များမှာ ဆန်းစစ်ချက်များမှ အနည်းငယ် စိတ်ဝင်စားစရာကောင်းသည်များဖြစ်သည်-

ကမ်တပ်ကီသည် အဘိုးကြီးပုံကို သုံးထားသဖြင့် ရှေးဟောင်းနည်းပညာသာဖြစ်သည်။
မက်ဒေါလ်နယ်မှာတော့ သူတို့၏ လိုဂိုအတိုင်း အမြဲဆန်းသစ်နေသဖြင့် စိတ်လှုပ်ရှားစရာကောင်းသည်။ (မက်ဒေါလ်နယ်မှ Breakfast ကို မိတ်ဆက်ထားသည်၊ ကိုရင်ရှူံးတောင် ကြိုက်ပါသည် :kwi: )

ကမ်တပ်ကီသည် ဆိုင်၏ အပြင်အဆင်ကို နှစ်ပေါင်းများစွာ မပြင်မဆင်ပဲ ထားသည့်အတွက် ဆန်းသစ်မှုကို မခံစားရ။
မက်ဒေါလ်နယ်သည် ဆိုင်၏အပြင်အဆင်ကို နှစ်တိုင်းလိုလို ပြင်ဆင်ပြောင်းလဲလေ့ရှိသည်။

ကမ်တပ်ကီမှ ၀န်ထမ်းများသည် အချင်းချင်းသာ ခင်ခင်မင်မင်၊ ရင်းရင်းနှီးနှီးရှိကြပြီး ဖောက်သည်များနှင့်မူ ၀တ်ကျေတမ်းကျေသာရှိကြသည်။
မက်ဒေါလ်နယ်မှာတော့ ၀န်ထမ်းများမှာ ပြုံးရွှင်ချိုသာကြပြီး ဖောက်သည်များကို ၀န်ဆောင်မှုပေးရန် အားတက်သရောရှိကြသည်။

(ဒီနေရာတွင် ကိုရင်ရှူံးဝန်ခံပါ၏။ ကေအက်ဖ်စီစားသုံးသူ ရေးခဲ့သည်ကို ဖတ်မိသူများတော့ သိမည်ထင်၊ ကိုရင်ရှူံးရေးခဲ့သလို အရောင်းစာရေးမများကို ၀န်ဆောင်မှုအကြောင်း နားလည်အောင် မည်မျှပင် သင်ကြားပေစေငြား မလောက်ငှသော ၀န်ထမ်းအခြေအနေကြောင့် အရောင်းစာရေးမများမှာ စိတ်ဖိစီးမှုတော့ ရှိနေသည်ချည်းသာဖြစ်သည်။ နောက်မှထုပ်ပိုးပေးမည့်သူမရှိသည်ကတစ်ကြောင်း၊ ဖောက်သည်ကို ဖော်ဖော်ရွေရွေ မနှုတ်ဆက်မိမည်ကို စိုးသည်ကတစ်ကြောင်း၊ အုပ်ချုပ်သူလူတန်းစားမှ ၀န်ဆောင်မှုညံ့ရမလားဟု အပြစ်တင်မည်ကတစ်ကြောင်း၊ အကြံပြုရောင်းချခြင်း (Suggestive Selling) မပြည့်မှီမည်ကတစ်ကြောင်း၊ သတ်မှတ်ထားသည့် ၀န်ဆောင်ချိန် စုစုပေါင်း ၅ မိနစ်အတွင်း အမှာစာ မပြည့်စုံမည်ကို စိုးသည်ကတစ်ကြောင်းကြောင့် အရောင်းစာရေးမများ အပြုံးတွင် အသက်မပါနိုင်ပေ… အတွေ့အကြုံကို ပြောပြခြင်းဖြစ်သည်)

ကမ်တပ်ကီမှ အာလူးကြော်သည် ဆီရွှဲနေပြီး စားသုံးရာတွင် ကြွပ်ရွခြင်းမရှိပေ။ လတ်လတ်ဆတ်ဆတ်စားချင်လျင် ဆိုင်သို့သာသွားစားရပေမည်။
မက်ဒေါလ်နယ်မှ အာလူးကြော်မှာ ဘယ်အချိန်စားစား အရသာအတူတူပင်ဖြစ်သည်။ ထုပ်ပိုးပုံကောင်းသောကြောင့်လဲ ဖြစ်ပေမည်။

(ဒီနေရာတွင် ကိုရင်ရှူံးအတွေ့အကြုံကို ပြောရမည်ဆိုလျင်ဖြင့် ကမ်တပ်ကီဆိုင်မှာ ဈေးသက်သာမည်ဟုထင်သော အာလူးချောင်းများကို အမျိုးမျိုးစမ်းသပ်သုံးစွဲနေခြင်း၊ တစ်ခါတစ်ရံ ဟော်လန်မှ၊ တစ်ခါတစ်ရံ အီဂျစ်မှ၊ တစ်ခါတစ်ရံ အီရန်မှ အမျိုးမျိုးစမ်းသပ်နေခြင်း၊ အကြော်ဆီများကို ဈေးသက်သာနိုင်သမျှ သက်သာသည်များမှ ၀ယ်ယူပြီး သက်တမ်းကို မရမက ဆွဲဆန့်ကြော်လှော်ခိုင်းခြင်းတို့ကြောင့် ဖြစ်မည်ထင်သည်။)

ကမ်တပ်ကီမှ ထုပ်ပိုးမှုပုံစံမှာ စနစ်တကျမရှိပဲ အားလုံးရောနှောပြန့်ကျဲနေခြင်း၊ တစ်ခါတစ်ရံ ခရမ်းချဉ်သီးနှစ် အထုပ်လေးများ ကျန်နေသည့်အတွက် ပြန်လည်တောင်းနေရခြင်း။
မက်ဒေါလ်နယ်မှာတော့ ထုပ်ပိုးပုံမှာ စနစ်ကျနလှသည့်အပြင် စုစုစည်းစည်းလဲရှိပေသည်။

ကမ်တပ်ကီမှာ အများပြည်သူ စားသုံးနိုင်သည့်ဈေးရှိခြင်း၊ မိသားစုအလိုက် ရွေးချယ်ဝယ်ယူနိုင်ခြင်းနှင့် မကြာခဏ အရောင်းမြှင့်တင်ရေးများ ရှိခြင်းတို့ကြောင့် ဖောက်သည်များမှာ အမြဲစိတ်ဝင်တစားရှိခြင်း။ ကြက်ကြော်စားခြင်းသည် ဘာဂါစားခြင်းထက် ငွေကုန်ကျေးကျ သက်သာပြီး ဗိုက်ပြည့်လွယ်ခြင်း။
မက်ဒေါလ်နယ်သည် ဘာဂါတစ်ခုချင်းစီဈေးနှုန်းသာရှိပြီး မိသားစုအလိုက် (Family Pack) များမရှိခြင်း၊ ဘာဂါတစ်ခုချင်းစီအလိုက် ဈေးနှူန်းမှာ ကြက်ကြော်ဈေးနှင့်ယှဉ်လျင် များသည်ဟု ဆိုနိုင်ခြင်း။

အစရှိသည့် ကြောင်းကျိုးလျော်ညီသော ဆန်းစစ်မှုများကို ဖတ်ရလေသည်။

ရေးရင်းရေးရင်းနှင့်ပင် ကိုရင်ရှူံးဆိုလိုရင်းပျောက်ပြီး ကြော်ငြာဝင်သလို ဖြစ်နေတော့မည်။ လိုရင်းမှာ ကြက်ကြော်စားကြဦးမလားဟု တွေ့မိသည့်အတွက် ကြက်ကြော်ရောင်းနေပါသည်ကို ပြန်လည်ဆွေးနွေးခြင်းဖြစ်သည်။

ကိုရင်စိုင်းတို့ ကြက်ကြော်ရောင်းနေရသူများအဖို့ လတ်လတ်ဆတ်ဆတ်ဖြစ်စေရန် ကြက်ကို ဆိုင်ရောက်မှ လည်လှီးသတ်၊ ခုတ်ထစ်ကြော်လှော်ကြသည်ဟု ထင်ကြပေမည်။ တစ်ခါများက မြန်မာတစ်ယောက်ဆီ သွားလည်သည့်အခါ ကြက်ကြော်ဆိုင်မှာ လုပ်သည်ဆိုသည့်အတွက် ကြက်ကို ရေနွေးဖြင့်ပြုတ်ပြီးမှ ပြန်ကြော်တာလား မေးကြပြန်သေးသည်။ တစ်ကယ်တော့ အပူချိန် ၃၄၀ံ ဖာရင်ဟိုက်ရှိသည့် စက်ထဲတွင် ဆီပူပူထဲမြုပ်အောင်ထည့်ပြီး ၁၄ မိနစ်ခန့် ကြော်ခြင်းသာဖြစ်သည်။

လုပ်ငန်းသဘာဝကို ရှင်းပြမှ ဖြစ်ပေမည်။ ကိုရင်ရှူံးတို့ဆိုင်သို့မရောက်မီ Commisary ဌာနသို့ နှစ်ရက်အလိုတွင် အမှာစာမှာရခြင်းဖြစ်သည်။ ထိုဌာနမှ အမှာစာရသည်နှင့် ဘရာဇီးမှ ရေခဲရိုက်ပို့ထားသော ကြက်သားထုပ်များကို ရေတွင် ဖြတ်သန်းစီးဆင်းစေပြီး Thawing လုပ်ရသည်။ ထိုသို့လုပ်ပြီးနောက် အသင့်ခုတ်ထစ်ထားသော ကြက်သားတုန်းများကို အစပ်အတွက် အစပ် Marination (အရသာပေါင်းခံခြင်း)၊ အချိုအတွက် Marination လုပ်ခြင်းတို့ပြီးသောအခါ သတ်မှတ်ထားသည့် ထုပ်ပိုးပုံစံများတွင် ထုပ်ပိုးပြီး အမှာစာအတိုင်း ဆိုင်များသို့ ပို့ရခြင်းဖြစ်သည်။ ကြက်တစ်ကောင်လုံး ခုတ်ထစ်ဖြတ်တောက်ပြီးသည်မှ ၉ ကျပ်ခန့်သာကျလေသည်။ မြန်မာနိုင်ငံတွင်မတော့ အရွယ်လတ်လတ် ကြက်တစ်ကောင်မှာ ၅၀၀၀ ခန့်ရှိသည့်အတွက် မည်မျှ ကွာခြားသလဲ ကြည့်ကြပါကုန်။ 1 ဒါဟန်း = ၂၃၁ ကျပ် ဖြစ်သည်။ မြန်မာနိုင်ငံသို့ ထိုကဲ့သို့ ရေခဲရိုက်ကြက်သားများ ၀င်လာပါက မြန်မာပြည်သူများလဲ နိုင်ငံတစ်ကာမှ လူများနည်းတူ အာဟာရပြည့်စုံစွာဖြင့် ဈေးသက်သက်သာသာ စားသုံးနိုင်ပြီး သန်မာထွားကျိုင်းသောသူများလဲ ဖြစ်လာပေမည်။

တစ်ဦးချင်းဝင်ငွေ နိမ့်နေသည်ကတစ်ကြောင်း၊ စီမံခန့်ခွဲမှု ညံ့ဖျင်းသည့်အတွက် အဖက်ဖက်မှ ကုန်ဈေးနှုန်းများ ထိုးတက်နေသည်ကတစ်ကြောင်း၊ ဘာသာရေးအရ ဘာဖြစ်သည် ညာဖြစ်သည်ပြောကြသူများကြောင့်တစ်ကြောင်း မြန်မာတွေ အသားသိပ်မစားကျ၊ သိပ်လဲမစားနိုင်၊ မစားနိုင်တော့ သိပ်ပြီးတော့ မွေးမြူရေးတွေမလုပ်ကြ၊ မလုပ်ကြတော့ ရှားပါး၊ ရှားပါးတော့ ဈေးတွေကတက်၊ ဈေးတွေကတက်တော့ လစာက မလောက်၊ မလောက်တော့ မစားနိုင်၊ ဒီလိုနဲ့ပဲ လိပ်ပါတ်လည်နေတော့တာပါပဲ။ ကိုရင်စိုင်းမြင်ဖူးသလောက် နိုင်ငံများကတော့ အပြင်စာတွေမှာ အရသာပိုရှိပြီး မိမိကိုယ်တိုင် အိမ်မှာချက်တာထက် ပိုအရသာရှိပြီး ဈေးလဲသက်သာတာကြောင့် အိမ်မှာ ကရိကထခံပြီး သိပ်မချက်ကြတော့ပေ။ ဆင့်ကာပူရမှ မန်းလေးသူ တရုတ်မကြီးများသိပါသည်။ မလေးစားသောက်ဆိုင်တစ်ဆိုင်တွင်မတော့ တစ်နပ်ကို ၂ ကျပ်မျှဖြင့် ကောင်းကောင်းမွန်မွန်လဲ စားနိုင်သေးသည်။

ကိုရင်ရှူံးလည်း မြန်မာနိုင်ငံတွင် မီးမပျက်တော့သည့်အချိန်တွင် အအေးခန်းကြီးများဆောက်၊ အကောက်ခွန်များကို ကျသင့်သည့်အခွန်ထက် ခွံ့နေရသည်များ ကင်းပျောက်သည့်အချိန်တွင် မြန်မာနိုင်ငံသူ/ နိုင်ငံသားများ တစ်ဦးချင်းဝင်ငွေများ မြင့်မားလာသည့်အချိန်၊ မီးမထွန်းပဲ ဖယောင်းတိုင်ထွန်းပြီး လျှပ်စစ်မီးများ ပေါများလာပြီး ထမင်းတစ်နပ်လျှော့စားပြီး အစိုးရကြွေးများ ကျေအောင်ဆပ်နိုင်ပြီးသည့် ထမင်းတစ်နပ်သာ စားရသည့် တောင်သူလယ်သမား ဦးကြီးများကို ဈေးသက်သက်သာသာဖြင့် နိုင်ငံတစ်ကာအဆင့်မှီ ကြက်ကြော်များကို ဖောဖောသီသီ ရောင်းချနိုင်မည့် နေ့တစ်နေ့ ရောက်လာမည်ကို မျှော်လင့်ရင်း…

ဟုတ်ကဲ့…

ကိုရင်ရှူံး ကြက်ကြော်ရောင်းနေပါသည်ပေါ့။ ။

ရှူံးနိမ့်မှုများနဲ့.. လူ
(ခေတ္တလူ့ပြည်)

About စဆရ ကြီး

စဆရ ကြီး has written 160 post in this Website..