နှင်းတွေဝေမှဖြင့်ကွယ် ( အပိုင်း ၂ )

ရန်ကုန်ဘူတာကြီး အမှတ် ၁ စင်္ကြန်မှာတော့ ဌာနေပြန်မယ့် ကျောင်းသားတွေ အပြည့် ၊ လိုက်ပို့သူ ခပ်နည်းနည်းထဲမှာ ပါသူကကျနော် ၊ ကျန်းမာရေးဂရုစိုက်ဖို့ ဆေးလိပ်လျှော့သောက်ဖို့ လဘက်ရည်ဆိုင်သိပ်မထိုင်ဖို့ အဲဒီလို အမှာစကားများစွာကို ပြောသွားတဲ့သူကလေးကို သယ်ဆောင်သွားတဲ့ ရထားကြီး ထွက်သွားချိန်မှာ အိုဗျာ ရင်ထဲမှာ ဘယ်လိုချည်းမှန်းကို မသိဘူး ၊ ချစ်သူဘဝ မရောက်ကြသေးပေမယ့် တစ်ယောက်စိတ်ကို တစ်ယောက် သိနေကြပြီလို့ ကျနော် ရိုးသားစွာ ယုံကြည်ခဲ့ပါတယ် ၊ နွေရာသီ ကျောင်းပိတ်ရက်ကလည်း ကြာလိုက်တာဗျာ ။

နောက်နှစ် ကျောင်းတွေပြန်ဖွင့်တဲ့အခါ ထူးခြားမှုလေးတွေရှိခဲ့ပါတယ် ၊ အဲဒါကတော့ သူဟာ ပုဂံဆောင်ကနေ ဂျပ်ဆင်နားက သီရိဆောင်ကို ပြောင်းလာရပြီး စာမေးပွဲကျတဲ့ ကျနော်က ပထမနှစ် ကျောင်းသား ဘဝအဖြစ်ပဲ ဆက်ရှိခဲ့ပါတယ် ၊ နောက်တစ်ခုထူးခြားတာကတော့ သူ့ဆီလာတတ်တဲ့ ဧည့်သည်တစ်ယောက် တိုးလာတာပါပဲ ၊ အာအိုင်တီ တက်နေတဲ့ မိုးကောင်းသား ဘရန်ရှောင် တဲ့ ၊ သူ မိတ်ဆက်ပေးခဲ့တာပါ ၊ ပြိုင်ဘက်များလေလားလို့တွေးပြီး အိပ်မပျော်တဲ့ ညပေါင်းများစွာကြားမှာ အတွေးပေါင်းစုံနဲ့အတူ မိုးလင်းရတဲ့ရက်တွေရှိလာတတ်ပါပြီ ၊ လှိုင်နယ်မြေက သူ့ဆီရောက်တိုင်း အင်းစိန်ဂျီတီအိုင် ကျောင်းသားလေး တစ်ယောက်ဟာ ကြို့ကုန်း အာအိုင်တီက ကျောင်းသားတစ်ယောက်နဲ့ ဆုံရတာ ခဏ ခဏဖြစ်လာခဲ့ပါတယ် ၊ ကိုမျိုးသန့်ရယ် ကျောင်းတက်ဦးလေ လို့ပြောတတ်တာဟာ ကျနော့်ကိုများ နှင်နေတာလား မလာစေချင်တော့လို့လားလို့ တွေးမိတာ ကျနော့်အလွန် မဟုတ်လောက်ပါဘူးနော် ၊ သူ မမြင်ရတဲ့ နေရာမျိုးကနေလည်း သူ့ကို မယုံသင်္ကာနဲ့ စောင့်ကြည့်လာတတ်ပါသေးတယ် ၊

ဒုတိယနှစ်ဝက် ပြန်တက်ရချိန်မှာတော့ ကျောင်းက ကျနော့်ကို သံယောဇဉ်ရှိရှာတဲ့ အီလက်ထရောနစ်ဘာသာဆရာ ဦးတင်လှ( ကြီး )က ကျောင်းပျက်တာ သိပ်မများဖို့ သတိပေးပါတယ် ၊ ဦးတင်လှ( ကြီး )လို့ခေါ်ရတာက ကျနော်တို့ အီးပီမှာ ဦးတင်လှ ၃ ယောက်ရှိပါတယ် ၊ ဌာနမှုး ဦးတင်လှကို တင်လှ( လေး ) ငယ်ငယ်ရွယ်ရွယ်နဲ့ ဌာနမှုးဖြစ်လာလို့ ၊ ပုံဆွဲဆရာကို ဦး( ဂျီ )တင်လှ လို့ခေါ်ပါတယ် ၊ ဂဂျီဂဂျောင်ကျတတ်လို့ပါ ၊ အဲဒီလို ဆရာက သတိပေးသလို အမေကလည်း သား ဒီနှစ် မကျစေနဲ့တော့နော် ၊ မနှစ်ကတော့ ပထမနှစ်ရောက်တဲ့သူတွေကြုံတတ်တဲ့ အထက်တန်းကျောင်းသားဘဝအလွန်မှာ လွတ်လပ်လာတဲ့ကျောင်းသားဘဝအပေါ် အပျော်များမိတာမျိုးမို့ အမေ နားလည်တယ် ၊ ဒီနှစ်တော့ မဖြစ်စေနဲ့တော့ပေါ့ တဲ့ ၊ ကျနော်လည်း စိတ်ကိုထိန်းပါတယ် ၊ ဒါပေမယ့် တစ်ခါ တစ်ခါတော့လည်း လှိုင်နယ်မြေ အင်းယားလေး ကန်စောင်းက အဒေါ်ကြီးအကြော်ဆိုင် ၊ တီ ၁၃ စာသင်ဆောင် နဲ့ ဒူးယား ခပေါင်း ကျောင်းသားဆောင်တွေကြားက ကန်တင်းဆိုင်တန်း တွေဘက်မှာ သူများရှိလေမလားလို့ သွား သွားကြည့်မိပါသေးတယ် ၊

ဒီလိုနဲ့ စာမေးပွဲရက်တွေနီးလာခဲ့ပါပြီ ၊ စာမေးပွဲအချိန်ဇယား မထွက်ခင် ကျောင်းနိူ့တစ်ဘုတ်ပေါ် ရောက်လာတာကတော့ ကျောင်းခေါ်ချိန် ၇၅ % မပြည့်လို့ စာမေးပွဲ ဖြေခွင့် မရသူများစာရင်း ကပ်လာပါတယ် ၊ ပထမနှစ် ကျောင်းသားစာရင်းထဲမှာတော့ ကျနော်ဟာ တခြား အီးပီကျောင်းသား ၃ ယောက်နဲ့အတူ ၊ ကျနော် ဌာနမှုးရုံးခန်းမှာ သွားစုံစမ်းတော့ ကျနော့်ကျောင်းခေါ်ချိန်က ၇၃ ့ ၆ ပါ ၊ ဘာပဲဖြစ်ဖြစ် ပြီးသွားပါပြီ ၊ ဂျီတီအိုင် ထုံးစံအရ ကျနော်ဟာ ပတမနှစ် ၂ ခါကျလို့ သတ်မှတ်ခံရပြီး ကျောင်းကြီးကို အပြီးနူတ်ဆက်လိုက်ရပါတယ် ၊ ဒုတိယနှစ်နဲ့ဖိုင်နယ်မှာတော့ နောက်ဆက်တွဲ ဖြေခွင့်ရှိပါတယ် ၊

ကျနော် အမေ့ကို မပြောရဲပါဘူး ၊စာမေးပွဲဖြေရတဲ့ရက်တွေမှာ သွားဖြေသလိုမျိုးနဲ့ အိမ်ကထွက် ကျောင်းရှေ့ စိမ်းလဘက်ရည်ဆိုင်မှာထိုင် ဖြေပြီးထွက်လာတဲ့ သူငယ်ချင်းတွေဆီက မေးခွန်းကို ယူကြည့် ၊ တကယ်ဖြေခွင့်ရရင် ကျွန်တော်အောင်မယ့် မေးခွန်းမျိုးပါ ၊ ဒါပေမယ့် ပြီးသွားပါပြီ ၊ ရထားစက်ခေါင်းမောင်းဖြစ်ချင်တဲ့ ကလေးဘဝ အိပ်မက်လည်း ပျက်သလို ကိုမျိုးသန့် စာမေးပွဲဖြေခွင့် မရဘူး ဟုတ်လား? အချစ်အတွက် စွန့်ဝံ့သူလို့ ကိုယ့်ကိုယ်များ ထင်နေသလား ၊ ဒါပေမယ့် ကိုယ့်ဘဝတက်လမ်းကို မိန်းကလေးတစ်ယောက်အတွက် လွှင့်ပစ်ခဲ့သူမျိုးကို တစ်ဘဝစာလုံး ပုံအပ်ရမယ့် စိုးက ဆက် မယုံကြည်ပေးနိူင်တော့လို့ ကိုမျိုးသန့် နောက်ဆုတ်လိုက်ပါတော့လို့ ဆိုသွားတဲ့ သူနဲ့ကျနော် ဇာတ်လမ်းကလည်း တစ်ခန်းရပ်ခဲ့ရပါတယ် ၊ ဒါပေမယ့် တကယ့် အဖြစ်အပျက်ဆိုတာ စိတ်ကူးယဉ်ဇာတ်လမ်းထက် ပိုဆန်းတာကို လက်တွေ့သိခဲ့ရပါတယ် ၊ သူနဲ့ကျနော့်အကြောင်းဟာ ဇာတ်သိမ်းခန်း မဖြစ်ခဲ့သေးပါဘူး ၊ ဪ ဘဝ ဘဝ

ဆက်ရရင်တော့ အမေဟာ ကျွန်တော်စာမေးပွဲ မဖြေရတာကို သိသွားခဲ့ပါတယ် ၊ အမေ့သူငယ်ချင်း စာရေးဆရာမ တစ်ယောက်ရဲ့ ယောင်္ကျားက ကျနော်တို့ဆီက ဆရာတစ်ယောက်ဖြစ်ပြီး သူ့ဆီကတစ်ဆင့် အမေသိသွားခဲ့တာပါ ၊ အဲဒီဆရာက ကျနော် ဘယ်သူ့သားဆိုတာ သိနေခဲ့တယ်တဲ့လေ ၊ အမေ တစ်ပါတ်လောက် မအိပ်နိူင် မစားနိူင်ဖြစ်ခဲ့ပါသေးတယ် ၊ နောက်တော့ ဟောပြောပွဲသွားရင်း သိကျွမ်းခင်မင်လာခဲ့တဲ့ ဆင်မလိုက် သင်္ဘောကျင်း အင်ဂျင်နီယာချုပ်ရဲ့ အကြံပေးမှုနဲ့ ကျနော်ဟာ သင်္ဘောကျင်းမှာ အလုပ်သင်ဝန်ထမ်း ဖြစ်လာခဲ့ပါတယ် ၊ ဒေါက်ဆားဗစ် ယူတာမျိုးပေါ့ဗျာ ၊ တစ်ဦးတည်းသော သားကို သိပ်ချစ်တဲ့အမေက ရထားစက်ခေါင်း မမောင်းရလည်း သင်္ဘောကြီးနဲ့ ကမ႓ာပတ်လိုက်ပေါ့ သားရယ် တဲ့ ၊ မနက်ဆို ၆ နာရီခွဲထ ရ နာရီခွဲ စက်ရုံဥဩဆွဲသံအပြီးမှာ အလုပ်ခွင်ထဲရောက် ၁၁ နာရီခွဲ ထမင်းစား ညနေ ၄ နာရီခွဲ အိမ်ပြန် စက်ရုပ်ဆန်လှတဲ့ အဲဒီဘဝမျိုးမှာ အတော်လေး အသားကျလာခဲ့ပါတယ် ၊ သင်္ဘောကျင်းထဲက ဒေါက်တင်ထားတဲ့ သင်္ဘောတွေပေါ်ကနေ ဂျပ်ဆင်ကို အမှတ်မထင် လှမ်းမြင်မိတဲ့ အခါမျိုးမှာ လွမ်းမိသလိုလို ရှိပေမယ့်  တောင်ငူနဲ့ ရာမညဆောင်နားက ဦးချစ်လဘက်ရည်ဆိုင်ကို ကျနော် မသွားသလို အင်းယားကန်စောင်း အကြော်ဆိုင်တန်း အဓိပတိလမ်းနဲ့ ဂျပ်ဆင်နားက ရေတမာပင်တန်းဘက်ဆိုတာ စိတ်ကူးထဲမှာတောင် ခြေဦးမလှည့်ဖြစ်တော့ပါဘူး ၊ လဘက်ရည်ကိုတော့ လှည်းတန်းမီးပွိုင့်နားက အပြင်ဦးချစ်ဆိုင်လို့ခေါ်တဲ့ စေတနာရှင်မှာ ပုံမှန်သောက်ပါတယ် ၊ မိုးညှင်းသူနဲ့ မိုးကောင်းသားတို့ အတွဲကို ၁ ခါ ၂ ခါ တွေ့မိပေမယ့် ရင်ထဲမှာ နာကျည်းတာတွေပဲ များခဲ့တာ အမှန်ပါ ၊
အလုပ်ထဲမှာ ပျော်ဖို့ကိုသာ ကြိုးစားခဲ့ပါတယ် ၊ အဲဒီအချိန်က ကျနော်တို့ ဆောက်ခဲ့ရတဲ့ သင်္ဘောတွေထဲမှာ မှတ်မှတ်ရရအဖြစ်ဆုံးသင်္ဘောက ရတနာပုံပါ ၊ ဆောက်ခဲ့သမျှထဲမှာ အကြီးဆုံးဖြစ်သလို အဲဒီသင်္ဘောဟာ လမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီး းနေဝင်း စီးဖို့အတွက်ဖြစ်ခဲ့လို့ပါ ၊ ၃ ထပ်ရှိတဲ့ အဲဒီသင်္ဘောကြီး အတော်လေးပြီးခါနီးမှ ထိပ်ဆုံးက သင်္ဘောမောင်းတဲ့ အခန်းဟာ ဒုတိယထပ်က ဥက္ကဋ္ဌကြီးအခန်း အပေါ်တည့်တည့်ဖြစ်နေလို့ အဲဒီ ( ဆလင်ခန်း ဆိုပါတော့ဗျာ ) အခန်းကို အနောက်ဘက် ပေ ၃ဝ လောက် ဆုတ်လိုက်ရပါတယ် ၊ ဒီဇိုင်းထုတ်တုန်းက မတွေးမိကြဘူးလားဗျာ ၊ ထားပါတော့ ၊ အဲဒီတော့ သင်္ဘောမောင်းသူဟာ သင်္ဘောဦးကို မမြင်ရတော့ပါဘူး ၊ ရှင်းချက်က လွယ်တာဗျာ ၊ သင်္ဘောဦးထိပ်မှာ တိုင်ထောင်လိုက်ကြပါတယ် ၊

( ရယ်စရာ ပြောချင်ပါသေးတယ် ) အဲဒီသင်္ဘောကြီး ပြီးတော့ စက်စမ်းဖို့ ပင်လယ်ဝဘက် ထွက်တြတုန်းကပါ ၊ သီလဝါ အကျော်လောက်မှာ ရေလယ်မှာခဏရပ်ပါတယ် ၊ ပါလာတဲ့ ရေတပ်က ကြီးကြီးမာစတာတွေရယ် ပို့ / ဆက် နဲ့ သင်္ဘောကျင်းက အရာရှိကြီးတွေရယ် ထမင်းစားကြဖို့ ရပ်ထားတာပါ ၊ အဲဒီအချိန်မှာ လှေကလေးတစ်စင်းက သင်္ဘောဆီ လှော်ခပ်လာပါတယ် ၊ လှေလေးပေါ်မှာ လှေလှော်သူနဲ့အတူ မိန်းမငယ်လေးတစ်ယောက် ဆိတ်တစ်ကောင်နဲ့ အသီးအနှံတချို့ပါလာပါတယ် ၊ အနားရောက်လာချိန်မှာမှ မြင်လိုက်တဲ့ စစ်သားတစ်ယောက်က ကုန်းပတ်ပေါ်တက်ပြီး ထွက်ဟောက်လိုက်မှ အဲဒီလှေသမားခမျာ ကြောက်ကြောက်နဲ့ ပြေးသွားရှာပါတယ် ၊ နာမည် မရေးထားသလို အရောင်ကလည်း ဖြူဖွေးနေတာမို့ နိူင်ငံခြားသင်္ဘောနဲ့ မှားသွားတာပါ ၊
အဲဒီတုန်းက ကျနော့်လစာက ၁၇ဝ ၊ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းတွေအတွက် ပုတ်ပြတ်ဆုကြေးဆိုတာမျိုးက တစ်ရက် ၁ဝ နှုန်းလောက်မို့ လစာနနဲ့ဆို တစ်လ ၄၀ဝ လောက် ရပါတယ် ၊ လဘက်ရည် တစ်ကျပ် စီးကက် တစ်ကျပ်ဖိုး ၃ လိပ်ခေတ်မှာ အတော်လေး အဆင်ပြေတယ်လို့ ဆိုရမှာပါ ၊ အဲဒီလို နေ့များစွာကို ဖြတ်ကျော်လာပြီးခဲ့တဲ့နောက် ၁၉၈၈ကို ရောက်လာပါတယ် ၊
အဲဒီ ၁၉၈၈ လှိုင်းတွေကြားမှာ အမေ နဲ့ ကျွန်တော်ဟာ ကိုယ်ယုံကြည်ရာအတွက် လိုက်ပါစီးမျောရင်း

( ဇာတ်သိမ်းပိုင်းကို စောင့်မျှော်ပေးပါရန် လေးစားစွာပန်ကြားအပ်ပါတယ်ခင်ဗျာ )

10 comments

  • ဗုံဗုံ

    January 31, 2013 at 4:09 pm

    ဟင်းးး ဟင်းးးး ဟင်းးးးး ဘာတတ်နိုင်သေးသလဲ ကိုမျိုးသန့် စိုး အနားကပ်နေတာ မမြင်ချင်လို့ ကျောင်းကနေ သဘောင်္ကျင်းထဲထိရောက်အောင် တစ်ဖက်လှည့်နဲ့ ပို့ပစ်လိုက်တာ ဒီလောက်လေးနဲ့ စိုးကို ဘယ်ရလိမ့်မလဲ ဒုတိယအကြိမ် ကြိုးစားလိုက်ပါအုံးနော (ဇာတ်သိမ်းပိုင်းမျှော်နေတယ်ဆိုတာလည်း မမေ့နဲ့နော)

    ပုံ
    ဘရန်ရှောင် (မိုးကောင်းသား)

    :harr: :harr: :harr: (ယောက်ခမကြီးကို စတာ စတာ စိတ်မဆိုးပါနဲ့နော် :mrgreen: )

  • Myo Thant

    January 31, 2013 at 4:36 pm

    ပထမဆုံး ကောမန့်ပေးသူ ချွေးမလေး ဗုံဗုံကို ကျေးဇူးပါ ၊
    ဪ ဒါနဲ့ သားက မြင်ဘူးချင်သတဲ့ကွယ် ၊ ကြံရာမရလို့ ဓါတ်ပုံ တစ်ပုံပြလိုက်တော့
    အဖေမညာနဲ့ အဲဒါ သက်မွန်မြင့်ကြီးတဲ့ ၊
    သားရယ် သူက သက်မွန်မြင့်နဲ့ အရမ်းတူတာ ဆိုတော့ ပြုံးစိစိနဲ့ တကယ်ကြီးလား တဲ့ ၊
    တကယ်ကြီးပဲ မဟုတ်လား ဟင် ! 🙂

    • ဗုံဗုံ

      January 31, 2013 at 5:08 pm

      ယောက်ခမကြီးကလည်း ဘာလို့သက်မွန်မြင့် ပုံသွားပြတာလဲ မိဗုံကို ကောင်းကောင်းက ရုပ်ဆိုးတယ်လို့ ထင်တော့မှာဘဲ :kwi:

  • Mr. MarGa

    January 31, 2013 at 7:08 pm

    သင်္ဘောကျင်းတော့ ရောက်လာပြီ
    ၈၈ လဲ ရောက်ပြီဆိုတော့
    ဆက်ပြီး တွေ့ရမှာတော့ သိပ် အခြေအနေ မကောင်းလောက်ဘူး
    နေရင်းထိုင်ရင်း နိုင်ငံရေးကြောင့် ကမ္ဘာ ပတ်ဖြစ်မလားဆိုတာ
    ဆက်မျှော်နေမယ်ဗျို့

  • Myo Thant

    February 1, 2013 at 2:34 am

    ၁၉၈၉ မှသည် ၂၀၁၃ ဆီသို့

  • ဒီတစ်ခါ …
    စာ ပါလာတဲ့ (၂) ပေါ့နော် …
    အားပေး ဖတ်ရှုသွားပါတယ်ဗျို့ ….

    ဒါနဲ့ …
    ဒီထဲမှာ ခင်ဗျား ကောင်မလေးအပေါ်ကို ဖြစ်ခဲ့တဲ့ စိတ်ပေါ့ဗျာ ..
    အိုက်ဒါနဲ့ အောက်က ကျုပ် စပ်မိတဲ့ ကဗျာလေးနဲ့ ဆက်စပ်နေမလားလို့ …

    “……..
    ဘဝတစ်ကွေ့၊ ခဏတွေ့ခိုက်
    သံယောဇဉ်ရစ်၊ တကယ်ချစ်တော့
    သူ့အတွက် ကိုယ်၊ ဝန်တိုတတ်ခဲ့တယ်
    ……..”

  • Myo Thant

    February 1, 2013 at 1:15 pm

    ( “……..
    ဘဝတစ်ကွေ့၊ ခဏတွေ့ခိုက်
    သံယောဇဉ်ရစ်၊ တကယ်ချစ်တော့
    သူ့အတွက် ကိုယ်၊ ဝန်တိုတတ်ခဲ့တယ်
    ……..” )

    ဒါပေမယ့်ကွယ်
    ပြီးပြီထင်တဲ့ ဒီမှတ်တမ်း
    ဇာတ်သိမ်းခန်းကို ရှာမတွေ့
    မေ့တတ်စရာမှ မဟုတ်တာပဲလေ

  • P chogyi

    February 1, 2013 at 2:20 pm

    အဲဒီရတနာပုံသင်္ဘောကြီးက
    အခုထိ VIP ခရီးစဉ်ဆွဲနေတုံးပါ။
    ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ခါနီးမှာ ပင်လယ်ဝဘက်
    ပို့ဆောင်ရေးခရီးထွက်ခဲ့သေးတယ်။ TV သတင်းမှာလည်းပါတယ်။
    ကျွန်တော်အဲဒီမှာပါသွားတယ်။
    စောစောတင်ပေးရင်သေသေချာချာလေ့လာမိခဲ့မှာ။

  • Myo Thant

    February 1, 2013 at 2:30 pm

    ဟုတ်ကဲ့ ၊ ကျွန်တော် သန်လျင်ဘက်သွားတုန်းက တံတားပေါ်ကနေမြင်မိပါသေးတယ် ၊ ပဲခူးမြစ်နဲ့ပုဇွန်တောင်ချောင်း ဆုံတဲ့နားမှာ ကျောက်ချထားတာပါ ၊
    တလောက ဖေ့စ်ဘုတ်မှာ အဲဒီသင်္ဘောပုံနဲ့ သတင်းတစ်ခုတက်လာသေးတယ် ၊
    ဒီအတိုင်း မသုံးပဲ ပစ်ထားသလားဆိုတဲ့သဘောမျိုးပါ ၊
    အခု သုံးနေတယ်ဆိုတော့ ကောင်းပါတယ် ၊

Leave a Reply