ဝိုးတိုးဝါးတားထဲက ပျော်ရွှင်ခြင်း

etoneJuly 20, 20101min450

(၁)
တစ်ခါက မျက်စိကောင်းတဲ့လူနဲ့ မျက်စိမှုန်သူနှစ်ယောက်
ရေထဲမျောပါသွားခဲ့တယ်။ ကျယ်ပြန့်တဲ့မြစ်ပြင်မှာ အသက်ရှင်နိုင်ဖို့အတွက်
နှစ်ဦးသား အားသွန်ခွန်စိုက် ကူးခတ်ခဲ့ကြတယ်။ ဒါပေမယ့် မကြာပါဘူး.. သူတို့
ခြေကုန်လက်ပမ်း ကျသွားခဲ့တယ်။ အဲဒီအချိန်မှာ ရုတ်တရက်
သူတို့ဖက်မျောလာနေတဲ့ အဝေးကလှေတစ်စီးကို မျက်စိကောင်းသူက
တွေ့မြင်သွားခဲ့တယ်။ မျက်စိမှုန်သူကလည်း မှုန်ဝါးဝါးကြားမှာ
လှေကိုတွေ့ခဲ့လို့ နှစ်ဦးသား လှေဖက်ကိုဦးတည်ပြီး အားကုန်ကူးခတ်ကြပြန်တယ်။

ကူးရင်းသွားရင်း မျက်စိကောင်းသူက ရုတ်တရက် အကူးရပ်လိုက်တယ်။ အကြောင်းက
လှေတစ်စီးလို့ သူထင်ခဲ့တဲ့အရာက လှေမဟုတ်ဘဲ သစ်ဆွေးတုံးတစ်တုံးဖြစ်နေလို့
ဖြစ်တယ်။ ဒါပေမယ့် မျက်စိမှုန်သူက သစ်ဆွေးတုံးမှန်း မသိခဲ့လို့
အကူးမရပ်ခဲ့ဘူး။ အနီးနားရောက်မှ လှေမဟုတ်ဘဲ သစ်ဆွေးတုံးမှန်းသိတဲ့အချိန်
သူဟာ ကမ်းနဲ့အတော်နီးတဲ့နေရာနား ကူးခတ်ရောက်ရှိနေပြီဖြစ်တယ်။
မျက်စိကောင်းသူကတော့ ရေလယ်မှာ တစ်ဝဲဝဲလည်ရင်း
နစ်မြှုပ်သေဆုံးသွားခဲ့ရတယ်။

(၂)
ကင်ဆာရောဂါ ဝေဒနာသည်နှစ်ဦးမှာ တစ်ဦးကနားပါးပြီး တစ်ဦးကနားထိုင်းတယ်။
နားပါးသူက ဆရာဝန်တွေ ဆွေးနွေးတိုင်ပင်နေတဲ့ သူ (၃)လသာ
ခံမယ်ဆိုတဲ့အကြောင်းကို ကြားပြီး စိတ်ဓာတ်တွေကျခဲ့တယ်။ နောက်ဆုံး
(၃)လတောင်မခံဘဲ သေသွားခဲ့တယ်။ နားထိုင်းသူက ဆရာဝန်တွေရဲ့
စကားကိုချောင်းနားထောင်ဖို့ မဆိုထားနဲ့ သူနဲ့ပြောချင်တဲ့ စကားကိုတောင်
ခပ်ကျယ်ကျယ် အော်ပြောရတယ်။ နောက်ဆုံး သူဟာ (၃)လကျော်လွန်တဲ့အထိ
ပျော်ပျော်ရွှင်ရွှင်နေခဲ့ရတယ်။

(၃)
အမေရိကန်က ရောဘတ်နဲ့ စတီဗင်ဆိုတဲ့ သူဌေးနှစ်ဦးမှာ အရွယ်အစားတူတဲ့
ကုမ္ပဏီသေးတစ်ခုစီ ပိုင်ဆိုင်ခဲ့ကြတယ်။ ရောဘတ်က တစ်ခြားလူထက်
ဝေးဝေးမြင်တတ်ခဲ့ပြီး ဘယ်အရာကိုမဆို စိစစ်တွက်ချက်တတ်တယ်။ ၂ဝဝ၈ခုနှစ်
အမေရိကန်ရဲ့ စီးပွါးပျက်ကိန်းကို သူကြိုတင်ခန့်မှန်းတွက်ချက်ပြီး ကုမ္ပဏီက
ငွေတွေကို ခွဲခြမ်းမျှဝေခဲ့တယ်။ အဲဒီနောက် ကုမ္ပဏီကို ဖျက်သိမ်းပစ်ခဲ့တယ်။
၂ဝဝ၈ စီးပွါးရေးကပ်ဆိုက်တဲ့နှစ်မှာ ကုမ္ပဏီပေါင်း ၃ဝ%
ပြိုကွဲသွားနိုင်တာမို့ အကြွေးတွေ မကျန်အောင် သူဖျက်သိမ်းလိုက်တာ
ဖြစ်တယ်။ ၃ဝ%ထဲမှာ သူ့ကုမ္ပဏီ အသေးလေးလည်းပါမယ်လို့
ခန့်မှန်းခဲ့လို့ဖြစ်တယ်။

စတီဗင်ကတော့ အတွက်အချက် မလည်ဝယ်တဲ့အပြင် အနည်းငယ် တုံးအသူလည်းဖြစ်တယ်။
အနာဂါတ်ကို လုံးဝကြိုတင်ခန့်မှန်းလို့ မရနိုင်ဘူးလို့
ထင်မှတ်ထားသူလည်းဖြစ်တယ်။ အနာဂါတ်အတွက် လှလှပပ ကြိုတင်ပြင်ဆင်ပြီး
သူ့ရှေ့မှာ ချပြရင်တောင် ယုံမယ့်သူမဟုတ်ခဲ့ဘူး။ အနာဂါတ်က ကိုယ့်အနား
တကယ့်မရောက်လာသေးလို့ လို့ သူမှတ်ယူခဲ့တယ်။ ကိုယ့်ကုမ္ပဏီတစ်ရက်
အသက်ဆက်လို့ရရင် တစ်ရက်အသက်ဆက်မယ်၊ တစ်ရက်တောင့်ခံမယ်လို့ပဲ
သူခံယူထားတယ်။ စီးပွါးရေး ကပ်ဆိုက်တဲ့နှစ်ကို သူ့ကုမ္ပဏီလေး
ကံကောင်းထောက်မစွာနဲ့ ကျော်ဖြတ်နိုင်ခဲ့တယ်။ အတွက်အချက်ကောင်းသူက
ပြိုကွဲခဲ့ရပြီး အတွက်အချက် ညံ့သူက ရေရှည်တည်တံ့ခဲ့တယ်။

လူ့ဘဝထဲက တစ်ချို့ကိစ္စမှာ သိတာထက် မသိတာက ပိုကောင်းတယ်။ ထက်မြက်တာထက်
မထက်မြက်တာက ပိုကောင်းတယ်။ လူတွေပြောတတ်ကြတဲ့ ဝိုးတိုးဝါးတား၊
မှုန်ဝါးဝါးဖြစ်တယ်ဆိုတာ ဒါမျိုးကိုခေါ်တာဖြစ်မယ်။ တစ်ခါတလေမှာ
ပျော်ရွှင်ခြင်းတွေက အဲဒီမှုန်ဝါးဝါးတွေထဲမှာ ပုန်းအောင်းနေတတ်တယ်။
တစ်ချို့ကိစ္စက များများသိလေ များများစိတ်ဆင်းရဲလေ ဆိုသလို ကြည်ကြည်လင်လင်
နိုးထလာတဲ့ တခဏမှာ အဲဒီပျော်ရွှင်ခြင်းတွေက အဝေးကို လွှင့်ထွက်သွားတတ်တယ်။

မူရင်း… http://www.atlaspost.com

နိုင်းနိုင်းစနေ ဘာသာပြန်သည်။