ဒကာတစ်ယောက် ရေးကြီးသုက်ပြာနဲ့ ဘုန်းကြီးကျောင်းကို အပြေးအလွှား လာနေတယ် အချိန်ကလည်း ည ရှစ်နာရီလောက်ဆိုတော့ ကျောင်းပေါ်မှာ ထိုင်နေတဲ့ ဘုန်းကြီးက မသဲမကွဲနဲ့ လှမ်းကြည့်နေမိတယ်။ နီးကပ်တော့မှ ငယ်ငယ်က ကျောင်းနေဘက် သူငယ်ချင်းတစ်ယောက် ဖြစ်နေတယ်။ အကြောင်းအရာက သူ့မိန်းမ မီးဖွားရခက်နေလို့ ဘုန်းကြီးဆီကနေ ရေမန်းလာတောင်းတာ ဘုန်းကြီးကလည်း ရေတစ်ခွက် နဲ့ သပြေပန်း ယူခဲ့ဆိုပီး အင်္ဂုလိမာလသုတ် ရွက်ပီး ပေးလိုက်တယ်။ ရေမန်းကို မိန်းမကိုလည်းတိုက် သပြေပန်းလေးနဲ့ ခေါင်းကိုလည်းဖြန်းပေး ပတ်ဝန်းကျင်ကိုလည်း ဖြန်းပေးဆိုပီး ပေးလိုက်တယ်။ နောက်တစ်နာရီလောက် ကြာတော့ ပြန်လာပြန်ရော … ဆရာတော် လုပ်ပါအုံးဘုရား ..
ဘာဖြစ်လာပြန်ပီလဲ နာရီလည်း ကြည့်ပါဦးဟ ….
မမွေးသေးဘူးဘုရား ၊ တညီးတညူညူ ဖြစ်နေတယ်ဘုရား ၊ ဆရာတော်ဘုရား ကိုယ်တိုင်လိုက်မှ ကောင်းမယ် ထင်ပါတယ်ဘုရား .. တဲ့။
ဟေ့ကောင်ရ ကလေးမမွေးတဲ့ ကိစ္စကို သားဖွားခန်း ဘုန်းကြီးလိုက်လို့ ဘယ်ကောင်းမလဲကွ ..
တစ်ခြားနေရာ ကောင်းကောင်း မကောင်းကောင်း၊ တပည့်တော်အိမ်တော့ ကောင်းလိုက်ပါဘုရား .. ငယ်သူငယ်ချင်း မျက်နှာလေးထောက်ပီး ကြွတော်မူပါဘုရားဆိုပီး လျှောက်တယ် …
အေးကွာ ဒါဆိုလဲ လိုက်ရတာပေါ့၊ ဆရာတော်လည်း လိုက်သွားပီး အဂုင်္လိမာလသုတ်ကို ထိုင်ပီးတော့ ရွက်တယ် … ရွက်လိုက် ရော့ ဖြန်းလိုက်စမ်း သပြေခက်နဲ့ ဖြန်းလိုက် ရွက်လိုက်နဲ့ သုံးဆယ်ခုနှစ်ခေါက် မကဘူး အခေါက်ပေါင်း ထောင်ချီ ရွက်တာတောင် ကလေးက မမွေးသေးဘူး … ဘုန်းကြီးလည်း ပါးစပ်က အမြုပ်တွေ ထွက်နေပီ မမွေးဘူး တအီးအီးနဲ့ မိန်းမက ငြီးနေတာ။ ဘုန်းကြီးက ဆယ့်တစ်နာရီလောက်လဲထိုးတော့ စိတ်ပေါက်လာတယ် ။ စိတ်ပေါက်တော့မှ အော်ငေါက်ပစ်တယ် “ ဟဲ့ ကောင်မ ငါ့ပရိတ်ချည်း အားကိုးမနေနဲ့၊ နင်လည်း ညှစ်အုံးဟ ” အဲဒီတော့မှ ဘုန်းကြီး ငေါက်တာ ကြောက်လို့နဲ့တူတယ် ပြွတ်ဆို မွေးသွားတယ်။ ကိုယ်တိုင်လည်း ကြိုးစားမှ အဆင်ပြေမှာနော် … ကိုယ့်ကိုကိုယ်ကျတော့ သနားမနေနဲ့ …. တကယ်လုပ်မှ တကယ်ဖြစ်တာ ။ ဖတ်ဖူးတဲ့ စာအုပ်ထဲက စာလေးပါ သဘောကျလို့ အားလုံးကိုလည်း မိမိကိုယ်တိုင် ကြိုးစားစေချင်တဲ့ ဆန္ဒလေးနဲ့ပါ …

About thihayarzar

thiha yarzar has written 76 post in this Website..