ဠ အကြောင်း…သို့မဟုတ်…Johnnydeer ရဲ့ ကိုယ်တိုင်ရေး နာမည် Biography

johnnydeerFebruary 2, 20131min768

အလင်းဆက်ရဲ့ ဠ နဲ့ပတ်သက်ပြီး ကိုယ့်ဘဝအကြောင်းနဲ့ တောက်လျှောက်ဆက်စပ်မိနေလို့ ဒီ ဠ အကြောင်းဆက်ရေးမိခြင်း ဖြစ်ပါတယ်။ဆိုင်လား မဆိုင်လားတော့မသိ။ကျွန်တော်ကတော့ လူတစ်ယောက်ရဲ့ ပညာအရည်အချင်း၊ စိတ်နေစိတ်ထား ၊ရိုးသားမှု ဒါတွေ အကုန်လုံးကို ဒီ ဠ နဲ့ပတ်သက်ပြီး အကြမ်းဖျင်း သတ်မှတ်လေ့ရှိပါတယ်။အခုမှ စတွေ့တဲ့လူတစ်ယောက်ကို အထင်ကြီးခြင်း၊အထင်သေးခြင်း စတာတွေကိုလဲ ဒီ ဠ နဲ့ပဲ ခွဲခြားလေ့ရှိပါတယ်။ဒီ ဠ ကို အစုံပေါက်တတ်ကရ ရေးတတ်တဲ့သူတွေကိုလဲ သူငယ်တန်းစာ မကျေခဲ့ဘူးနဲ့တူတယ်လို့လဲ ခနဲ့တဲ့တဲ့ ရွဲ့တဲ့တဲ့ ရိုက်ပေါက်ခံရနိုင်တဲ့ စကားလုံးတွေနဲ့လဲ ပြောတတ်ပါတယ်။ဒီ ဠ နဲ့ ပတ်သက်ပုံအကြောင်းစုံ ရှင်းပြရရင်တော့ မွေးတဲ့ဆီကစပြောရမယ်ထင်တာပဲ။ကျွန်တော်မွေးတော့ ကျွန်တော်တို့မြို့က ရုံမှာ ဘယ်ပန်းချီရေးလို့မမှီ ရုပ်ရှင်ပြတယ်တဲ့။ကျွန်တော်တော့ မကြည့်ဖူးဘူး။အဖေနဲ့အမေပြောပြတာ။ဇာတ်ကားရဲ့အဓိကကျောရိုးက မှားတဲ့အဖေကို ချစ်လွန်းတဲ့သားကလမ်းမှန်ရောက်အောင် ပြန်ပြင်ပေးတဲ့ ကားလို့ပြောတာပဲ။မကြည့်ဘူးတော့ ကျွန်တော်လဲ သေချာတော့မသိဘူး။အဲ့ဒီ ဇာတ်ကားကို အဖေကကြည့်ပြီး တအားသဘောကျသွားပြီး ကျွန်တော်ကို ဇာတ်ကားထဲက သားလုပ်တဲ့ မင်းသားလင်းထင်ရဲ့ ဇာတ်ကားထဲက နာမည်.. ပေးလိုက်တဲ့ အချိန်က စ ..ဒီ ဠ နဲ့ ပတ်သက်ရတော့တာပါပဲ။ဝေဠုဆိုတဲ့ နာမည် အပေးခံရတဲ့ အချိန်ကစပြီး ဒီ ဠ နဲ့ ပတ်သက်ပြီး ဘဝတလျှောက် အမျိုးမျိုး အဖုံဖုံ ကြုံတွေ့ရတော့တာပဲ။သေချာတာကတော့ ၁၀ဝမှာ ၉ဝ ရာခိုင်နှုန်းက ဒီ ဠ ကို မရေးတတ်ကြဘူးထင်တာပဲ။ပညာတတ်တဲ့ပုံစံ…ဘာမဆိုသိတဲ့ပုံစံ…ဘွဲ့ဒီကရီတွေ အများကြီးရပြီး တအားပညာတတ်တဲ့ပုံစံ ချိုးနေတဲ့သူဆိုရင် ဒီ ဠ ကို ရေးခိုင်းကြည့်လိုက်တာပဲ တနည်းနည်းနဲ့။ ဠ ကို မရေးတတ်လို့ကတော့ ပွင့်ပွင့်လင်းလင်းပြောရရင်လုံးဝ အထင်မကြီးတတ်ဘူး။ဘယ်နားသွားသွား ဒီပြသ၁နာ။ကျွန်တော့်နာမည် ဝေဠု ပါ လို့ ပြောလိုက်ရင် ပထမဆုံးတစ်မျိုးစတွေ့ရတာက..ဠ ရေးတတ်တဲ့သူက တော့ အမှန် ဝေဠု ဆိုပြီး ရေးလိုက်တယ်။အဲ့ဒီလို ရေးလိုက်တဲ့သူဆို ကျွန်တော်ကတော့ ဘယ်သူပဲဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်း ပြောရရင် အထင်ကြီးတယ်။နောက် ဒုတိယတစ်မျိုး ..အလုပ်ကို အလွယ်တကူ ပြီးပြီးရော လုပ်တတ်တဲ့သူမျိုး။အလွယ်တကူ ဝေလု ဆိုပြီး ရေးချပစ်လိုက်တယ်။ရိုးရိုး လ နဲ့ ဠ နဲ့ နှစ်မျိုးရှိမှန်း မသိတဲ့သူလဲ ရှိတယ်။တချို့ကလဲ သိရဲ့သားနဲ့ ဠ မရေးတတ်တာနဲ့ ပြီးပြီးရော လ နဲ့ လုပစ်လိုက်ကြလို့ နာမည် ပျက်ခဲ့တာလဲ အကြိမ်အခါခါပဲ။တတိယတစ်မျိုးကတော့ စေ့စပ်သေချာတဲ့သူ။သူကတော့ သေသေချာချာ မေးတယ်။လ နဲ့ လုတာလား။ ဠ နဲ့ ဠုတာလား။အော်…ဟုတ်ကဲ့ ဠ နဲ့ ပါခင်ဗျ လို့ဆိုလိုက်ရင် အမှန်သေချာရေးတဲ့သူ။ဒီလိုလူဆိုရင်တော့ အထင်အကြီးဆုံးပဲ။အလုပ်လုပ်တာ စေ့စပ်သေချာတယ်။ပညာတတ်တယ်။တော်တယ်။ကျွန်တော်ကတော့ ဒီလိုပဲယူဆပြီး ခင်ဗျားတော်တော်တော်တာပဲ လို့ ချီးကျုးပစ်ခဲ့တတ်တယ်။သူတို့ကတော့ ဘာလို့ ချီးကျုးမှန်း သိကြမှာမဟုတ်ဘူး။နောက်တစ်မျိုးကတော့ ရိုးသားတဲ့သူ။ဒီလို လူတွေကျတော့ ဠ နဲ့ ဠုတာပါခင်ဗျ လို့ ပြောလိုက်တာနဲ့ ခေါင်းလေးကုတ်ပြီး ရှက်ပြုံးလေးနဲ့ အကို..ကျွန်တော့်ကို ရေးပြပါလား…မရေးတတ်လို့ ဆိုပြီး ပွင့်ပွင့်လင်းလင်း ပြောတတ်တယ်။ဒီလို လူတွေကိုလဲ အထင်တော့မကြီးပေမယ့် သူတို့ရဲ့ ရိုးသားဂုဏ်ကြောင့် လေးစားမိပါတယ်။ဟုတ်တယ်လေဗျာ..မသိ ..မသိဘူးပေါ့။ဘာရှက်စရာ ရှိတာမှတ်လို့။ရိုးရိုးသားသားပေါ့။နောက်ဆုံးတမျိုးကတော့ အထင်အသေးဆုံးအမျိုးအစား။တတ်ယောင်ကား လူတွေ။ဠ လဲ မရေးတတ်ပဲ ဝေဠုဆိုတာနဲ့ ဋ္ဌ တွေကော..တတလင်းချိတ်တွေကော..ဒရင်ကောက်တွေကော စုံနေအောင် ရေးတတ်တဲ့သူ။တတ်လဲ မတတ်..မေးလဲ မမေး..သိလဲမသိ။အလကား တတ်ယောင်ကားလူတွေ။ဒီလို လူဆိုလို့ကတော့ လုံးဝအထင်သေးတယ်။မရိုးသားတဲ့သူ..ပညာမတတ်တဲ့သူ..အဲသည်လိုပဲ အကြမ်းဖျင်း ယူဆမိတယ်။ဟိုတနေ့ကပဲ ဘဏ်သွားတော့ ဘဏ်က ကောင်မလေးက ပေါက်တတ်ကရ ရေးတာနဲ့ သူငယ်တန်းစာ မကျေဘူးနဲ့ တူတယ်။သွားပြန်နေလိုက်ဦးနော် ဆိုပြီး ပြောထားပစ်ခဲ့တယ်။အထင်လဲ မကြီးဘူး။စိတ်လဲတိုတယ် ဒီလို လူမျိုးတွေဆို။ဘယ်တော့ အရိုက်ခံရမလဲတော့မသိဘူး။တလျှောက်လုံး ဒီ နာမည်နဲ့ပဲလူ အစုံနဲ့ပဲ နပမ်းလုံးနေရတော့တာပဲ။ကိုယ့်နာမည်ကို  ရှားပါးလှပြီ မှတ်နေတာ။တက္ကသိုလ်တက်တော့လဲ နာမည်တူတဲ့ရှေ့တနှစ်ကလူ တစ်ယောက်နဲ့ တွေ့ပြန်ရော။ဘလိုင်းကြီး လာပြောနေလို့ ဒေါသထွက်လိုက်ရသေး။မုန့်စားနေတုန်း ခင်ဗျားက ဝေဠု လားဆိုတော့ ဟုတ်ပါတယ်ခင်ဗျ ပေါ့။ခင်ဗျား အရက်တွေ သိပ်မသောက်နဲ့ဗျတဲ့။တကယ့် ဘလိုင်းကြီးလာပြောတာ။ အဲ့ဒါနဲ့ ဘာဖြစ်လို့ဆိုပြီး မေးလိုက်တော့။မနေ့က တဲ့ မိန်းကလေးဆောင် မန်းချယ်ရီဆောင်ရှေ့ အရက်မူးပြီးသီချင်းဆိုတာ အဆောင်ရှေ့က ရေစက်စင်အဟောင်းပေါ်က ပြုတ်ကျလို့ ကျွန်တော့် မိန်းကလေးသူငယ်ချင်းတွေက ဝေဠု ဆိုပြီး ကျွန်တော့်ကို လာပြောနေလို့ ခင်ဗျား တအားကြီး အသောက်ပါနဲ့တဲ့ ။တကယ့် ဘလိုင်းကြီး။စီနီယာတွေ ဘာတွေ နားမလည်နိုင်တော့ဘူး။ဒီမှာ ကျွန်တော် ပြောပြမယ်။ကျွန်တော် ဝေဠု ဆိုတဲ့ကောင်က အရက်မပြောနဲ့ ဘီယာတောင် မသောက်ဖူး။(တကယ်ပြောတာ ..ဘီယာတောင် တတိယနှစ် ရောက်မှစသောက်တာ)။မိန်းမဆောင်ရှေ့ ဂီတာတီးသီချင်းဆိုရအောင် ဂီတာလဲ မတီးတတ်ဖူး။သီချင်း သွားဆိုရအောင်လဲ ကိုယ့်ဘာသာကိုဖဲရိုက်နေရတာနဲ့ မအားဖူး လို့ ကောလွှတ်လိုက်တယ်။နာမည်နဲ့ပတ်သက်ပြီး ကြုံတွေ့ရတာတွေပေါ့။တကယ့် အစုံမှ အစုံပါပဲ။နာမည်က မှတ်ရလွယ်နေတော့ သူများက ကိုယ့်နာမည်ကို မှတ်မိ။ကိုယ်က သူများနာမည် မမှတ်မိ ..ဒီဒုက္ခကလဲ ရှိသေးတယ်။အခုနောက်ပိုင်း ဝေဠုကျော်က မင်းသားဖြစ်လာတော့ ကျွန်တော့်နာမည် ဝေဠု ပါလို့ ပြောလိုက်ရင် ကျော် သေးလား(ကျော် ပါသေးလားပေါ့)ဆိုပြီး ပြောကြတယ်ဗျို့။ ပြန်အော်ထားခဲ့တယ် ဒီ ဝေဠု က မကျော်ဖူး ဗျို့ …ပြုတ်နေတာ…ပြုတ်တဲ့ ဝေဠု…တချိန်လုံးပြုတ်နေတာလို့…ဝေဠုဆိုတော့ ဝါးပေါ့..ဆိုပြီး ဝါးလုံး လို့ အခေါ်ခံရတာလဲ ရှိသေး….ပြောချင်တော့ပါဘူး…နာမည်က ဝေဠု ဖြစ်နေရတဲ့အထဲ  ဠ နဲ့ ဖြစ်နေတော့ ဘယ်နားသွားသွား ဘာလုပ်လုပ်ဒီနာမည်နဲ့ကစရှုတ်နေတာနဲ့ ဝေဠု နာမည်နဲ့ သိပ်မလုပ်ဖြစ်ဖူး…ဒါနဲ့ပဲ    johnnydeer    ဖြစ်လာရတော့တာပဲ။

8 comments

  • MaMa

    February 2, 2013 at 8:40 am

    မှတ်သားစရာပါပဲ။
    နာမည်ကို ရေးခိုင်းရုံနဲ့ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားကို ခန့်မှန်းလို့ရအောင် ဠ နဲ့ နာမည်ပေးထားတဲ့ မိဘတွေကိုတောင် ကျေးဇူးတင်သင့်တယ်။ :hee:
    ဝေဠုကျော် နာမည်ကြီးကာစတုန်းက အသိတစ်ယောက်ကတော့ ဝေဂဠုန်ကျော် လို့ ဖတ်ပြီး ရီကြရသေးတယ်။ :harr:

  • မိုချို

    February 2, 2013 at 9:05 am

    အသိထဲမှာလည်း ဝေဠုတွေ ရှိပါရဲ့၊ ပါးစပ် ကသာ ခေါ်နေပြောနေ တာ နာမည်သာချရေး ဖြစ်ရင် ကိုယ် လည်း ဘယ်လို ပေါင်း ဖြစ် မလဲမသိဘူး။
    တကယ်လည်း ( ၁ဝတန်း တုန်း က မြန်မာစာ ဂုဏ်ထူး ပါခဲ့ ရဲ့ နဲ့ ) အဲဒီ အက္ခရာတွေ (ဍ၊ဋ) ကို သူငယ်တန်း ဖတ်စာအုပ် ပေါ် မှာ ကလွဲ လို့ တခြားနေရာ မှာ တွေ့ ရင် မှားဖတ် တတ်သလို၊ မှန်အောင် လည်း မရေးတတ်ပါဘူး။ ကို ဂျွန်နီ့ စာအရ ဆိုရင်တော့ ကိုယ့် ကိုယ် ကို တော်တော် အသုံး မကျမှန်း ခုမှသိတော့ တယ်။
    မြန်မာစာက နေ့ စဉ် သုံး နေကြ မဟုတ် တဲ့ အဲလို အက္ခရာ တွေ နဲ့ မလို အပ်ပဲ ဖောင်း ပွ နေ တယ်လို့ မြင် မိတယ်။

  • Mobile

    February 2, 2013 at 10:39 am

    johnnydeer ခေါ် ဦးဝေလုရေ ဗဟုသုတဖြစ်စေပါတယ်ခင်ဗျ။
    ဒါဆိုရင် ဦးဝေလုက ဠင်းတ ရေးတဲ့ ဠ နဲ့ ဠု တာပေါ့နော်………….
    :harr:

  • kyeemite

    February 2, 2013 at 10:45 am

    ကိုဝေဠု က နာမည်အကြောင်းလေးနဲ့တင်စာတစ်ပုဒ်ဖြစ်ပါရောလားဗျ..
    ဒါကိုပြောတာပေါ့..ရေးတတ်ရင်ဝတ္ထုဖြစ်တယ်ဆိုတာ..

  • အလင်းဆက်

    February 2, 2013 at 7:39 pm

    လင်းတ ငှက်လို ့…ပဲ..စာလုံးပေါင်းသတ်ပုံကျမ်းမှာ တွေ ့ပါတယ် ။
    အခုတော့….. ဠင်းတ မဟုတ်ဘူးလို ့…ယူဆ ရပါတယ် ။
    ——————–

    ကျွန်တော့်အသ်ိမိတ်ဆွေ ထဲမှာလည်း.
    ဠ က်ို သေချာ မှန်အောင် ရေးနိုင်တဲ ့ သူလည်ူး ရှ်ိ ။
    ဘယ်လိုရေး ရမှန်းကို မသိတဲ ့လူလည်း ရှိပါတယ် ။

    ဒါကြောင့်ပဲ.. ကျွန်တော်.. ဠ = ဠလား…သူမှားနေတယ်…ကို ..ရေးဖြစ်သွားတာ ဖြစ်ပါကြောင်း…
    🙂

  • Mr. MarGa

    February 3, 2013 at 6:51 pm

    ဠကို အတော်များများ မှားတတ်ပါတယ်
    ဦးမာဃက အစပေါ့
    အခုတော့ မမှားဖို့ ကြိုးစားလိုက်ဦးမယ်
    အခု စာရိုက်တာတောင် မနည်း ရှာ ရိုက်ရတယ်

  • padonmar

    February 3, 2013 at 10:25 pm

    ဠတော့ မမှာဘူး။
    ပါဠိ ဆိုတာ အသံထွက်တတ်လို့။
    ဋဌဍတော့ မကြာခဏမှားပါတယ်။
    ………..
    ဝင်းဦးရုပ်ရှင်တစ်ကားမှာ ဓားပြဂိုဏ်ခေါင်းဆောင်ကြီး ဝင်းဦးက သူမွေးစားတဲ့ သားလေးကို `မင်းကို အဖေက ဘယ်သူနဲ့မှ ဝေပြီး မချစ်နိုင်လို့ လုပြီး ချစ်ထားရလို့ ဝေလု လို့ နာမည်ပေးထားတာကွ´တဲ့။
    အဲသလို မှည့်တာတွေလည်း ရှိတော့ ဠ မပေါင်းတတ်တဲ့သူတွေကို ခွေးလွှတ်လိုက်ပါကွယ်။

  • johnnydeer

    February 4, 2013 at 6:34 am

    ကောမန့်ပေးသူ အပေါင်းအားလုံးကိုလဲ ကျေးဇူးတင်ပါကြောင်း…ဘာပဲဖြစ်ဖြစ် ဠ ဆိုတဲ့ စာလုံးလေးတစ်ခုကို သတိထားမိသွားပဲ ရေးရကျိုးနပ်ပါကြောင်း…

Leave a Reply