13 မှာ. . .

တောက ကိုရင်February 2, 20131min2509

13 မှာ…
ဒီနေ့က ဘာနေ့လဲ…
အဲဒီနေ့က ဘာနေ့လဲ…
ဖေဖော်ဝါရီရဲ့ တစ်ဆယ့်သုံး
ကိုးလလုံးလုံး ဝမ်းကြာတိုက်မှာအားမွေး
နိုင်ငံရဲ့သမိုင်းသစ်ကိုရေးဖို့
လက်သီးလက်မောင်းတန်းပြီး စစ်မျက်နှာဖွင့်
ကမ္ဘာမြေရဲ့ စင်မြင့်ပေါ်
လူသားတစ်ယောက်ဖြစ်တည်မွေးဖွား
ကဗ္ဗည်းတင်ရေးထိုးထားရတဲ့နေ့…။
တစ်ခဏတာ တစ်ဘဝမှာ
တစ်ညတာတောင် ကောင်းကောင်းမအိပ်စက်
သူ့တစ်သက်တာလုံး ရင်းနှီးပေးဆပ်ခဲ့တာ…
မင်းတို့တွေ မေ့ထားသလား…
မင်းတို့တွေ မေ့သွားသလား…
သင်းတို့တွေ တွေ့သွားတဲ့တစ်နေ့
အထိတ်တလန့်
အရှိန်ကောင်းနေတဲ့ ယန္တရားကြီး ရပ်တန့်ပစ်ခဲ့ရတာ
ကြီးမြတ်တဲ့မဟာလူသား
အဲဒီလူကို မွေးဖွားခဲ့တဲ့နေ့…။
အမေ့ခက်တဲ့ နေ့ရက်တွေက အလီလီ
မနက်ဆီ ညဆီ လရာသီဘယ်မှာ
ကာလရှည်ကြာ အလင်းကိုဖွေရှာလို့မတွေ့
အမှောင်တွေနဲ့ ပိတ်နေကြ ဘဝများ
လောင်နေတဲ့စိတ်တွေက ခြစား
ငါ့သားသမီးတွေ မြေးမြစ်တွေ
တေးအစစ်တွေနဲ့ မချော့မြူနိုင်တဲ့ ကာလများ
(သူကတော့)
ဒဏ်ရာရထားတဲ့ ကျားနာတစ်ကောင်လို
လူတကာ အပျော်တေးတွေ ဆိုဖို့…
သူ့ပန်းတိုင်ကို သူရိုကျိုး
သူ့ဘဝကို သူကိုယ်တိုင် ပြုစုပျိုးထောင်
မင်းတို့တွေ လှောင်အိမ်ထဲက လွတ်ဖို့…
မကြောက်မရွံ့ နောက်မတွန့်
အရာအားလုံးကို စွန့်လွှတ်ကာ စွန့်စား
အဲဒီလူရဲ့ချက်ကို ခြွေချထားတဲ့နေ့…။
မေ့မသွားကြဘူးလေ…
မေ့မထားရဘူးလေ…
တွေ့ကြလား သူ့ရဲ့လုပ်ပုံတွေ
ရာဇဝင်ကို မွှေနှောက်
သေမယ်ဆို သေလောက်ရဲ့
နွေသောက်တဲ့စမ်းမှာ မိုးစက်တွေကို ဖြန်းပေး
အလှမ်းဝေးတဲ့ ရွှေပြည်တော်
မျှော်နေသူတွေဆီ အရောက်ဆောင်ကြဉ်း
သူ့သွေးစက်တွေနဲ့ ဒီလမ်းကို ခင်းပေးခဲ့
သတင်းမွှေးတဲ့ သူရဲ့ဂုဏ်သိက္ခာ
မရှုစိမ့်ကာ မနာလို
မျက်ရည်ယိုစေခဲ့တာက တစ်ဆယ့်ကိုး
ပိုးစိုးပက်စက်
မာရ်နတ်တို့ရဲ့ အောင်ပွဲခံတစ်ည
အမှောင်ထဲတဖန်ကျ ဘဝနာခဲ့ရတဲ့ ပစ္စုပ္ပန်
မနက်ဖန်အတွက် ဆက်ရန်မသိ
လက်ကျန်ဖြစ်တည်မှုတွေက ခါးသက်
အမှားဖက်ခဲ့ရတဲ့ အဖြစ်မျိုး
အနာဂါတ်တွေ ဆိုးဝါးလာတဲ့အခါ
သူ့ကိုလေ မေ့နိုင်ကြမှာလား…
သူ့ကိုလေ မေ့နိုင်ရမှာလား…
ယနေ့တိုင် တမ်းတလို့နေရဆဲ ငါတို့ရဲ့သားသမီးတွေအထိ
အဲဒီလိုဂုဏ်ရှိတဲ့ အာဇာနည်ယောက်ျား
အဲဒီလူရဲ့အချင်းကို ဆေးသွားတဲ့နေ့…။
တိတ်တဆိတ်ရှိုက်ခဲ့ရတဲ့ မျက်ရည်စများ
ဝိညာဉ်တချို့က လူမသိဘဲ ပျက်ကြွေကျသွား
ရဲရဲဝံ့ဝံ့စတေးခဲ့ရတဲ့ အသက်တွေက တအား
အဲဒါတွေအတွက် သူ့ရဲ့ရည်မှန်းချက်ကို တစ်ထောက်မနား
ဖြောင့်တန်းစွာ လျှောက်လှမ်းသွားခဲ့တဲ့သူ
အဲဒီလူကို မီးရှူးသန့်စင်ခဲ့တဲ့နေ့…။
မေ့မသွားပါနဲ့အေ…
မေ့မထားပါနဲ့အေ…
ညည်းတို့တတွေရဲ့ အိပ်မက်
အရုဏ်တက်ချိန်မှာ မျက်လုံးကို ဖွင့်ကြည့်
ပျက်သုဉ်းခဲ့ရတဲ့ အတိတ်က ရင်မချိစရာ
အခုဆိုရင် လွတ်လပ်မှုနဲ့ ငြိမ်းချမ်းစွာ
လရိပ်အောက်မှာ ကလေးငယ်တွေက ပျော်ပါး
ကမ္ဘာ့အလယ်မှာ ငါတို့တွေက မော်ကြွား
မသိတတ်တဲ့သူတွေက ကျော်သွား
(လျှော်ထားတာလား စော်ကားတာလား
14 ကိုများ အားပါးတရ…?)
သိတတ်တဲ့သူတွေကတော့ ဖော်စား
ကျော်ကြားတဲ့သူ့ရဲ့ဂုဏ်ပုဒ်တွေကို အမှတ်တရ…။
သူ့ရဲ့ကျေးဇူးတွေကို ဆင်ခြင်အောက်မေ့ကာ တမ်းတ…။
နေ့ရက်နာရီ အတိအကျ
ဖေဖော်ဝါရီ 13 ကို သတိရ
အားလုံးရဲ့ရင်မှာ ထိရှ
အဲဒါ ဗိုလ်ချုပ်မွေးနေ့ပဲ သိကြ…။
သိကြ…။
သိကြ…။
(ဖေဖော်ဝါရီရဲ့ တစ်ဆယ့်သုံး
ကိုးလလုံးလုံး ဝမ်းကြာတိုက်မှာအားမွေး
နိုင်ငံရဲ့သမိုင်းသစ်ကိုရေးဖို့
လက်သီးလက်မောင်းတန်းပြီး စစ်မျက်နှာဖွင့်
ကမ္ဘာမြေရဲ့ စင်မြင့်ပေါ်
လူသားတစ်ယောက်ဖြစ်တည်မွေးဖွား
ကဗ္ဗည်းတင်ရေးထိုးထားရတဲ့နေ့…။)
တောက ကိုရင်
(၁၃.၀၁.၂၀၁၂)
ဗိုလ်ချုပ်မေးနေ့နီးလို့ ပြန်တင်လိုက်တာ

9 comments

  • Mobile

    February 2, 2013 at 10:51 am

    ဖေဖော်ဝါရီ ဆယ်သုံးဟာ ဗိုလ်ချုပ်မွေးနေ့ပါ။
    ထောင့်ကိုးရာတစ်ဆယ်ငါး ရှေ့နေဦးဘသား
    ဇာတိနတ်မောက် မကွေးခရိုင် သိကြများခုတိုင်
    ကြံကြံခိုင်တဲ့ဇာနည်ဖွား မိခင်ဒေါ်စုသားးးးးးးးးးးးးးးးးးး
    ဆိုတဲ့ကဗျာ လေးကို ငယ်ငယ်တုန်းက ရွတ်ခဲ့ဖူးပါတယ်။
    အခုတော့ မှတ်မိသလောက် ပြန်ပြောတာပါ စာသားလေးတွေက မှားနေရင်လဲမှားနိုင်ပါတယ်။
    မြန်မာတော်တော်များများ ဗိုလ်ချုပ်မွေးနေ့ကို ဂုဏ်ပြု့တဲ့လူက နည်းပါးပြီး
    သူဒို့ဘကြီး ဟိုးးးးး အဝေးကြီးက သူတော်စင်ကြီးသေတာကို ဂုံပြု့တဲ့လူက အင်မတန်ပေါးများတယ်။
    ဗိုလ်ချုပ်ပြောသလို တလွဲးဆံပင်ကောင်းနေကြတာ။

    • နွေဦး

      February 2, 2013 at 12:34 pm

      “ထောင့်ကိုးရာတစ်ဆယ်ငါး ရှေ့နေဦးဘသား”
      တို့ဗိုလ်ချုပ်အဖေ ဦးဘ တဲ့လား….
      သိထားတာ မမှားဘူးဆိုရင် ရှေ့နေ ဦးဖာ ဖြစ်လိမ့်မယ်…
      အမှန်ပြင်ပေးကြပါဗျို့..

      • Mobile

        February 2, 2013 at 11:00 pm

        နွေဦးပြောတာ မှန်ပါတယ်ခင်ဗျ။
        ကျနော်လည်း ကောင်းကောင်း မမှတ်မိတော့လို့ပါ။
        ဦးဖာ လား ဦးဘ လား ဝေခွဲမရတာနဲ့ ဗိုလ်ချုပ်အောင်ဆန်း ရဲ့အကိုကလည်း
        ဦးဘဝင်း ဆိုတော့ ဦးဘ လို့ထင်လို့ပါ။
        ဦးဖာ ကအမှန်ပါ။

  • မောင်ပေ

    February 2, 2013 at 12:14 pm

    ဗိုလ်ချုပ်အောင်ဆန်းကို လေးစားတဲ့စိတ်နဲ ့ဖတ်ရှုအားပေးသွားကြောင်းပါ

  • ရွာသူ jujuma .

    February 2, 2013 at 4:41 pm

    မမေ့ နိုင်စရာ ဖေဖော်ဝါရီ ..

    ၂၀၁၃ ဖေဖော်ဝါရီလ (၁၂) ရက်နေ့ ..
    (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့နှင့်
    ၂၀၁ ၃ဖေဖော်ဝါရီလ (၁၃) ရက်နေ့ ..
    (၉၈) နှစ်ပြည့် ဗိုလ်ချုပ်မွေးနေ့ တို့ အား
    တလေးတစား ဂုဏ်ပြုအပ်ပါတယ် …

  • padonmar

    February 3, 2013 at 6:59 pm

    (လျှော်ထားတာလား စော်ကားတာလား
    14 ကိုများ အားပါးတရ…?)
    အဲဒီနေ့ကိုပဲ အသားပေးလာတာတော့ ၁၃ ကို မေ့အောင်များလားလို့တောင် ထင်မိပါတယ်။
    အမှတ်တရလက်ဆောင် ရောင်းကောင်းအောင် လုပ်တဲ့ မားကက်တင်းကလည်း အားကောင်းပေသကိုး။

  • Mr. MarGa

    February 3, 2013 at 7:10 pm

    ဗိုလ်ချုပ်ကဗျာက ငယ်ငယ်တုန်းကသာ ကျောင်းသင်ရိုးမှာ ပါတာကိုးဗျ
    ဟို ၁၄ ရက်နေ့က နှစ်တိုင်းနီးပါး ဖတ်နေရ တွေ့နေရတာလေ
    ပြောမယ်ဆိုရင် ပြည်ထောင်စုနေ့ထက်တောင် ပိုသိကြသေး
    အိုဘယ့် မားကတ်တင်းရယ်

  • တောက ကိုရင်

    February 4, 2013 at 10:07 am

    ဖေဖော်ဝါရီ ဆယ်သုံးမှာ
    ဗိုလ်ချုပ်မွေးနေ့ပါ။
    ထောင့်ကိုးရာတစ်ဆယ်ငါး
    ရှေ့နေဦးဖာသား။
    ဇာတိနတ်မောက် မကွေးခရိုင်
    သိကြများခုတိုင်
    ကြံကြံခိုင်တဲ့ဇာနည်ဖွား
    မိခင်ဒေါ်စုသားးး။

  • တောက ကိုရင်

    February 4, 2013 at 10:13 am

    (ဗမာ့လွတ်လပ်ရေးအတွက်
    တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ်
    တကယ်ပဲ အသက်နဲ့ရင်းလို့
    ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်
    သူရဲကောင်းတဲ့
    ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်)၂

    (ရာဇဝင်
    အတ္ထုပ္ပတ္တိလည်း ရှိရမယ်
    မော်ကွန်းလည်း ထိုးလောက်တယ်
    မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်)၂

Leave a Reply