ရေနဲ့မီးရဲ့ သဘော…

မနေ့က ကျွန်တော် ကဗျာတစ်ပုဒ် ရေးတယ်.. ကဗျာလေးရဲ့.. ပထမ အပိုဒ်ကို
ဒီလိုရေးလိုက်မိတယ်…

ကျဉ်ဆံရာတွေကို ထပ်မမြင်ရဖို့…
မေတ္တာတစ်ချက် လေပေါ်ထောင်ပစ်ဖို့ပဲ..
လိုအပ်တယ်…ပြီးနောက်တော့..
ယမ်းငွေ့တွေအစား ဂရုဏာတစ်ချို့လွင့်ပျံ့သွားစေမယ်…

ကိုယ်ရေးတဲ့ စာ ကိုယ်ဖတ်ပြီး စိတ်ထဲတစ်မျိုးဖြစ်သွားတယ်..
မတန်မရာစာတွေ ရေးနေတာပါလားလို့ လဲ တွေးမိပြီး..
ကိုယ့်ရင်ဘတ်ကိုယ် ပြန်ဖိမိတယ်..ထားပါတော့…ဒါနဲ့နောက်တစ်ပိုဒ်ကိုဆက်ရေးမိတယ်..

မပီမသ ဘဝတွေ..ပျော်ရွှင်မှုတွေ…အေးချမ်းတည်ငြိမ်မှုတွေ…နဲ့…အတည်တကျဖြစ်ဖို့ကြိုးစားထားတာတွေ .. စတဲ့..အရာအားလုံးပေးဆပ်လိုက်ရပေမဲ့လည်း…..နောက်ဆုံးတော့ အပိုင်းအစတွေနဲ့ အငွေ့တလူလူထနေတဲ့ အနက်ရောင်မြေပေါ်မှာ..“စစ်” ဆိုတာတစ်ခုပဲ ပီပီသသ ရုပ်ထွက်ကောင်းခဲ့တယ်…

အဲ့ဒီ့တစ်ပိုဒ်အပြီး မှာ.. ကျွန်တော် ဒီကဗျာကို..
ဆက်မရေးတော့ဘူးလို့.. ဆုံးဖြတ်လိုက်တယ်…..

ရေးရတာ အရမ်း ဝန်ထုပ်ကြီးလို့ပါ..

ကိုယ်ရေးတာ မကောင်းရင် ကိုယ်ဖော်ကျူးတာမပြောင်မြောက်ရင်

ကိုယ်ဆိုလိုတာမထိရောက်ရင်..

တကယ် စစ်ရဲ့ဒုက္ခကိုခံစား

နေရတဲ့.. သူတွေကို.. အားနာဖို့ အရမ်းကောင်းလို့ပါ…

“တကယ်တော့
စစ်နဲ့ငြိမ်းချမ်းရေး ဆိုတာ
မီးနဲ့ရေ……. လိုပါပဲ
ရေများရေနိုင်..၊ မီးများမီးနိုင်..သဘောလိုပေါ့..
ရေနဲ့ နိုင်တုန်းကို မြန်မြန်ဆန်ဆန် ငြိမ်းပစ်လိုက်တာပဲကောင်းတယ်…”

ကျွန်တော့်ထင်တာ အခုထိတော့.. ရေကများနေသေးတယ်ထင်တာပဲ…

 

6 comments

  • Myo Thant

    February 2, 2013 at 5:03 pm

    စစ်ဆိုတာ ဘယ်နေရာမှာမှ မကောင်းပါဘူးဗျာ ၊
    နိူင်သူရှိရင်လည်း ရှုံးသူခမျာ မသက်သာလှတာ အားလုံးအသိပါ ၊
    ကိုယ့်ရေ ကိုယ့်မြေပေါ်က ကိုယ့်လူမျိုးတွေကြားဆို ပိုဆိုးပါတယ် ၊
    ငြိမ်းချမ်းရေးပန်းတွေ အမြန်ဆုံး လန်းဖြာဝေပါစေ လို့ . . . .

  • Mobile

    February 2, 2013 at 8:34 pm

    ကိုယ်ရေးတာ မကောင်းရင် ကိုယ်ဖော်ကျူးတာမပြောင်မြောက်ရင်
    ကိုယ်ဆိုလိုတာမထိရောက်ရင်..
    တကယ် စစ်ရဲ့ဒုက္ခကိုခံစား
    နေရတဲ့.. သူတွေကို.. အားနာဖို့ အရမ်းကောင်းလို့ပါ…
    ဒီစာသားလေးကို ကြိုတ်တယ်ဗျာ အတုယူဖို့ကောင်းတဲ့ စာသားလေးပါ။

  • P chogyi

    February 3, 2013 at 7:14 am

    ရေနဲ့မီးရဲ့သဘောကို
    မောင်တင့်တယ်ကပိုသိမှာပေါ့
    ပန်းပဲဆရာမဟုတ်လား။

  • Mr. MarGa

    February 3, 2013 at 7:05 pm

    မီး နဲ့ရေ
    သုံးတတ်ရင်တော့ နှစ်ခုလုံးက ကောင်းပါတယ်
    အဲ ဒါပေမယ့်
    ဟိုကိစ္စမှာကျ အဲဒီနှစ်ခု ပေါင်းသွားတော့ ကြည့် မလှဘူးဗျ
    မီးသင်္ကန်းတွေ ဖြစ်သွားတယ်

    • မောင်တင့် တယ်

      February 4, 2013 at 9:13 am

      ဟုတ်ပ နောင်တော်ရေ.. ကိုယ်ကိုးကွယ်တဲ့ဘာသာကို
      ကိုယ်ပြန်မီးရှို့နေတာတော်တော်ဆိုးတယ်ဗျ..

  • မောင်တင့် တယ်

    February 4, 2013 at 9:13 am

    ဝမ်းရေးအရ လုပ်နေရကြောင်းပါ…ဟိဟိ..

Leave a Reply