လမ်း၌ယဉ်ကျေးမှု(၂)-လမ်းပိတ်ဆို့ခြင်း(Obstacle)

padonmarFebruary 4, 20131min47265

ဒီပို့စ် တစ်ပုဒ်ကိုတော့ ခေါင်းမှာ သံခမောက်ဆောင်းပြီးရေးပါတယ်။

လမ်း၌ယဉ်ကျေးမှု(၁)က ယာဉ်မောင်းတွေနဲ့ ပတ်သက်လို့ ပြောချင်တာဖြစ်ပြီး

အခုရေးမယ့် (၂)ကတော့ အဖွဲ့အစည်းတွေနဲ့ ပတ်သက်တာဖြစ်ပါတယ်။

၂၀၁၃တွက် မီးသတ်ဦးစီးဌာနက ထုတ်ဝေတဲ့ ပြက္ခဒိန်မှာ မီးသတ်ဝတ်စုံနဲ့ မင်းသားမင်းသမီးပုံတွေကြား မထင်မရှားဖြစ်နေတဲ့

အသိ၊သတိပေးစာကောင်းလေးတွေကို ကြိုးစားဖတ်ပြီး အလုပ်ထဲမှာ ကပ်ပေးဖို့ ကူးရင်း အောက်ကစာလေးကို သတိထားမိပါတယ်။

ရပ်ရွာအခြေပြု မီးဘေးကာကွယ်ရေး လုပ်ငန်းများ

၁။ ရပ်ကွက်၊ ကျေးရွာ၏ပတ်ဝန်းကျင်ကိုရှင်းလင်းထားပါ။
၂။ ရပ်ကွက်၊ ကျေးရွာ၊ အတွင်းရှိလမ်းများအား မီးသတ်
ကားဝင်နိုင်လောက်အောင် ကျယ်ကျယ်ဖောက်လုပ်
ထားပါ။
၃။ မီးသတ်တပ်ဖွဲ့မှ မီးဘေးလုံခြုံရေးအတွက် လာရောက်
စစ်ဆေးသည့်အခါ ကူညီပါ၊ အကြံပြုချက်များအတိုင်း
လိုက်နာဆောင်ရွက်ပါ။
၄။ မီးဘေးတားဆီးရေးအတွက် ပြည်သူလူထုမှကူညီ
ဆောင်ရွက်ပါ။
၅။ လမ်းများကို မည်သည့်အချိန်တွင်မဆို မည်သည့်
အရာနှင့်မျှပိတ်ဆို့မှုမရှိစေရ။
(ယာယီဆိုင်းဘုတ်၊ လူမှုရေးပျော်ရွှင်ပွဲများစသည်)

၅။ လမ်းများကို မည်သည့်အချိန်တွင်မဆို မည်သည့်
အရာနှင့်မျှပိတ်ဆို့မှုမရှိစေရ။
(ယာယီဆိုင်းဘုတ်၊ လူမှုရေးပျော်ရွှင်ပွဲများစသည်)

ဒီသဘောတရားတွေကို မီးသတ်တပ်ဖွဲ့ဝင်တွေသာမက အရွယ်ရောက်ပြီးသူတိုင်း နားလည်ပါတယ်။

ဒါပေမယ့် ကိုယ့်ရပ်ကွက်၊ကိုယ့်လမ်းထဲက ဘုရားပွဲ၊တရားပွဲ ၊သာရေးနာရေး ၊အားကစားပြိုင်ပွဲ၊ပျော်ပွဲရွှင်ပွဲ၊တွေစတဲ့ လှုပ်ရှားမှုတွေ လုပ်ချင်တဲ့အခါ

Not me ငါတို့ရပ်ကွက် ငါတို့လမ်းမှာလည်း အရေးပေါ် အခြေအနေ ဖြစ်နိုင်ပါလား ဆိုတာကို မေ့ထားကြပြီး လမ်းကို အားရပါးရပိတ်လိုက်ကြပါတယ်။

(၁)အသိသာ အထင်ရှားဆုံးက မလွတ်လပ်သေးတဲ့ စိတ်ဓာတ်တွေနဲ့ ရပ်ကွက်တိုင်း အပြိုင်အဆိုင် ကျင်းပကြတဲ့

လွတ်လပ်ရေးနေ့ ပြေးပွဲပြိုင်ပွဲ၊ပျော်ပွဲ ရွှင်ပွဲတွေပါ။

(လွတ်လပ်ရေးနေ့ လမ်းပိတ်တာတွေ ဓာတ်ပုံ ရိုက်မထားမိလို့ မပြရပေမယ့် လူတိုင်းကြုံတွေ့ဖူးမယ့် ဒုက္ခပါ)

ကိုယ့်ရပ်ကွက်ကလူတွေက ဒီပွဲထဲမှာ ပျော်နေတဲ့ အချိန် အခြားနယ်၊အခြားရပ်ကွက်က လာတဲ့သူများမှာ

ပိတ်ထားတဲ့ လမ်းတွေကြောင့် ကာထားတဲ့ နေရာရောက်ကာမှ ခက်ခက်ခဲခဲ ကား၊ဆိုင်ကယ်တွေ ကို ကွေ့ပတ်မောင်းနှင်ကြရတာ၊

မကုန်သင့်တဲ့ အချိန်တွေ ကုန်ကြရတာ ၁၉၄၈ ကစလို့ ၂၀၁၃ ထိ ၆၄ နှစ် ရှိခဲ့ပါပြီ။

၂၀၁၄ ကျရင်လည်း လမ်းပိတ်ပြီး သူတပါးထိခိုက်သော လွတ်လပ်ခြင်းတွေနဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ကြပြေးကြအုံးမှာပါလား။

(၂) မိုးကုန်လို့ ခြေခင်းလက်ခင်းသာပြီဆိုရင် မြန်မာတစ်ပြည်လုံး ဘုရားပွဲတွေ ခြိမ့်ခြိမ့်သဲ ကျင်းပကြပါတယ်။

နယ်တွေမှာ ကွင်းပြင်ကျယ်ရှိလို့ မထောင်းတာပေမယ့် ရန်ကုန်လို မြို့ကြီးတွေမှာတော့ ဘုရားပွဲ ဆိုင်တန်းတွေဟာ လမ်းမပေါ် တက်ခင်းကြပါတယ်။

မကြာခင်လာတော့မယ့် ကျိုက်ဝိုင်းဘုရားပွဲ ဆိုရင် ညနေစောင်း ၄နာရီလောက်ကစပြီး သမိုင်းလမ်းဆုံကနေ မင်းဓမ္မလမ်းထိ

လမ်းတစ်ခြမ်းပိတ်ထားလို့ တစ်ခြမ်းထဲသောလမ်းမှာ အသွားရော အပြန်ရောကားတွေ အသက်အောင့်ပြီး ဖြည်းဖြည်းမောင်းကြရပါတယ်။

အလားတူပဲ မကြာမီလာတော့မယ့် တရုတ်နှစ်သစ်ကူးရက်ဆို မဟာဗန္ဓုလလမ်းပေါ် လမ်းမတော်နဲ့ လသာလမ်းကြားမှာ

ဈေးသည်တွေ တိုးမပေါက်အောင် ရောင်းသူရော ဝယ်သူပါ ကြိတ်ကြိတ်တိုးပါပဲ။

ဘတ်စကားတွေလည်း ကမ်းနားလမ်းက ပတ်မောင်းကြရလို့ ညည်းညူကြရတဲ့ ရက်တွေပေါ့။

တန်ဆောင်တိုင်ဆိုရင်တော့ ဘုန်းကြီးလမ်းရဲ့ တစ်ဖက်တစ်ချက် ကျုံးကြီးလမ်းတစ်လျှောက်ကို ပိတ်ပြီး ဈေးရောင်းကြတာ

လိုင်းကားတွေတောင် မော်တင်လမ်းထိ သွားပြီး ပတ်မောင်းကြရပါတယ်။

ရာသီ ပွဲတော် တွေဆိုတာ တားဆီးပိတ်ပင်လို့ မရစကောင်းပေမယ့်

လမ်းတစ်ခုလုံး ပိတ်ပစ်လိုက်ပြီး ဈေးရောင်းစေတဲ့ အပြုအမူကတော့ သူတပါးအခွင့်အရေးကို ပွဲတော် အကြောင်းပြုပြီး လုယူလိုက်ခြင်း တစ်မျိုးပါပဲ။

တကယ်ဆိုရင် စည်ကားလာမယ့် လူသွားလူလာနဲ့ ဈေးဆိုင်တန်းများကို ကြိုတင် တွက်ချက်ပြီး လမ်းအရှည်ပိုပေး၊

လမ်းအကျယ်မှာ တစ်လမ်းမောင်းဆို အနည်းဆုံး ယာဉ်တစ်စီး ချောင်ချောင်ချိချိသွားနိုင်ဖို့၊

နှစ်လမ်းမောင်းမှာ ယာဉ်နှစ်စီး လွတ်လွတ်ကင်းကင်းရှောင်နိုင်ဖို့ အကျယ်ချန် ကန့်သတ်ပေးထားရပါမယ်။

အဲဒီ ရာသီပွဲတော် ကျင်းပရာ ဧရိယာကို ဝင်လမ်းထွက်လမ်းနဲ့ လမ်းရှည်ရင် ရှည်သလောက် ကြားလိုအပ်တဲ့နေရာတိုင်းမှာ

ယာဉ်စည်းကမ်းထိန်းသိမ်းပေးနိုင်တဲ့ နားလည်တတ်ကျွမ်းသူ လုံလုံလောက်လောက် ထားရှိပေးရပါမယ်။

(၃) နောက်လမ်းပိတ်ဆို့ခြင်းတစ်မျိုးကတော့ လမ်းခင်းခြင်းပါပဲ။

လမ်းခင်းတာ၊လမ်းပြင်တာဟာ ယာဉ်အသွားအလာ ချောမွေ့စေဖို့အတွက် လိုအပ်လို့ ပေမယ့်

(မလိုအပ်ပဲ ခင်းတဲ့ လမ်းတွေလည်း ရှိချင်ရှိမှာပေါ့နော်၊)

လမ်းခင်းချိန်၊လမ်းပြင်ချိန်ဟာ ဒီလမ်းမှာ ဖြတ်သန်းသွားလာမှု အနည်းဆုံးအချိန်တွေကို ရွေးချယ် ပြုပြင်ရပါမယ်။

အခြားနိုင်ငံတွေမှာ လမ်းခင်းလမ်းပြင်ကို ယာဉ်သွားလာမှုနည်းတဲ့ ညဖက်တွေမှာလုပ်တယ်လို့ ဖတ်မှတ်ဖူးပါတယ်။

(ဒီဘက် အစိုးရသစ်လက်ထက်မှာ အလုပ်လုပ်မှန်းလူသိအောင် လူစည်ကားချိန်မှာမှ ရွေးပြီး လမ်းခင်းလို့ ယာဉ်ကြောပိတ်ဆို့ရတာတွေ လမ်းမကြီးတွေမှာ တော်တော်နည်းသွားပါတယ်၊

အဲဒီအတွက် စီစဉ်သူတွေကို ကျေးဇူးတင်ပါတယ်၊ လမ်းသွယ်တွေမှာတော့ ရှိဆဲပါပဲ။)

လမ်းကို လုံးဝပိတ်ပြီး ပြင်တာ ခင်းတာထက် တစ်ချိန်မှာ တစ်ခြမ်းစီ ခင်းသွားမယ်ဆိုရင်

လာရာလမ်းကို ပြန်ကွေ့ပြီး မောင်းနှင်ရတဲ့ ဒုက္ခတွေ နည်းနည်း သက်သာသွားမှာပါ။

(၄)The last but not the least

နောက်ဆုံး ပြောချင်တာကတော့ အခုနှစ်တွေထဲ ခေတ်စားလာတဲ့ လမ်းပေါ်မှ တရားပွဲများပါ။

ဒီအကြောင်း ရေးဖို့ ပြောဖို့ တော်တော် အားမွေးရပါတယ်။

ဒီအကြောင်းပြောရင် သူတပါးရဲ့ သဒ္ဓါတရားတွေကိုများ တားဆီးပိတ်ပင်ရာ ကျနေမလားလို့ တွေးမိလို့ပါ။

ဒါပေမယ့် ကိုယ့်ကိုကိုယ် မြန်မာနိုင်ငံသားထေရဝါဒဗုဒ္ဓဘာသာဝင် စစ်စစ် အဖြစ်ခံယူထားပြီးသူဖြစ်လို့

အခြားဘာသာဝင်များ အခြားနိုင်ငံသားများ ရှုံ့ချဖွယ်ရှိတဲ့ အပြုအမူကို ထောက်ပြရမယ့် ဝတ္တရားရှိတယ်လို့ ခံယူလို့ ရေးပါတယ်။

(ကျမကို မိုးပြာ၊မွတ်ဆလင်၊ခရစ်ယာန်၊ဟိန္ဒူ၊ဘာသာမဲ့ စသည်တော့ မထင်လောက်ပါဘူးနော်)

ရန်ကုန်မြို့လယ်က တရားပွဲ ကျင်းပဖို့ ယာဉ်ဝင်ခွင့် လုံးဝပိတ်လိုက်တဲ့  လမ်း
ရန်ကုန်မြို့လယ်က တရားပွဲ ကျင်းပဖို့ ယာဉ်ဝင်ခွင့် လုံးဝပိတ်လိုက်တဲ့ လမ်း
 စက်မှုဇုံထဲလည်း လမ်းပိတ်တယ်
စက်မှုဇုံထဲလည်း လမ်းပိတ်တယ်။
 ၄လမ်းသွားလမ်းကို တရားဟောစင်မြင့်က ပိတ်ထားတော့ ၁ လမ်းပဲ သွားလို့ရတော့တယ်
၄လမ်းသွားလမ်းကို တရားဟောစင်မြင့်က ပိတ်ထားတော့ ၁ လမ်းပဲ သွားလို့ရတော့တယ်

တရားပွဲတွေကို အလွန်သဘောကျပါတယ်။

ကိုယ်မရှင်းတာတွေ၊မကြားနာဖူးတာတွေကိုလည်း သိရတယ်၊သိဖူးပြီးသားဆိုလည်း ထပ်ကြားတော့ ပိုအသိရှင်းတယ်။

တရားပွဲတွေများလာတော့ အခွေတွေထွက်တာလည်း အလွယ်တကူ အိမ်မှာ၊ကားပေါ်မှာ သွားရင်းလာရင်း ကြားနာရတာ ဝမ်းမြောက်စရာပါ။

ဒါပေမယ့် အဲဒီ တရားပွဲတွေကို အများပြည်သူသွားလာတဲ့ လမ်းတွေကို ပိတ်ပြီး ကျင်းပကြတာတော့ မဆီလျော်ဘူးလို့ပြောချင်ပါတယ်။

ဒါလည်း ဘာသာရေး အကြောင်းပြုပြီး သူတပါးအခွင့်အရေးကို လူအုပ်စုနဲ့ ချိုးဖောက်ခြင်းတစ်မျိုး ပါပဲ။

လမ်းပေါ်တရားပွဲလုပ်တော့ လမ်းသူလမ်းသားတွေ လှူဒါန်းရတဲ့ ကုသိုလ်၊နာကြားရတဲ့ ကုသိုလ်ရတာမှန်ပါတယ်။

ဒါပေမယ့် အဲဒီ ကုသိုလ်ဂွမ်းပုံကြီးမှာ သူတပါးသွားလာမှုကို စိတ်အနှောက်အယှက်ဖြစ်စေမှုဆိုတဲ့ နောက်ချေးစက်ကလေး စင်နေပါတယ်။

(ဥပမာပေးရရင် ကုသိုလ်ရေးပေမယ့် မိအိုဖအိုကို ခိုးပြီး ရှာကျွေးသလို ဖြစ်နေပါတယ်)

အိမ်နား နီးနီးနားနား တရားနာခွင့်ရတယ်လို့တော့ အကြောင်းမပြကြစေချင်ပါ။

အိမ်နားနီးသော်လည်း တရားမနာတဲ့သူတွေရှိသလို ဘယ်လောက်ဝေးဝေး ရောက်အောင် လာတရားနာတဲ့ သူတွေလည်းရှိပါတယ်။

(ပြည်သူ့ရင်ပြင် တရားပွဲတုံးကဆိုရင် ရပ်နီးရပ်ဝေး အများအပြားလာ တရားနာကြတာ သက်သေပါပဲ)

လော်စပီကာတွေနဲ့ တစ်ရပ်ကွက်လုံးကြားအောင် ရွတ်ဖတ်ကြတဲ့ အသံမစဲ ပဋ္ဌာန်းပွဲတွေကို ဆိတိငြိမ်မှု ဝိဝေက ဦးစားပေးတဲ့

မြတ်စွာဘုရားသာ သက်တော်ထင်ရှားရှိရင် နှစ်သက်မှာ မဟုတ်ပေဘူးလို့ ရဲရဲရင့်ရင့် ပြောခဲ့တဲ့

အမရပူရ မဟာဂန္ဓာရုံ ဆရာတော်ကြီးသာ သက်တော်ထင်ရှားရှိခဲ့ရင် ဘယ်လိုများ မိန့်တော်မူမလဲလို့ သိချင်မိပါတယ်။

တကယ်တော့ အခုပြောခဲ့တဲ့

ဘုရားပွဲ၊တရားပွဲ ၊သာရေးနာရေး ၊အားကစားပြိုင်ပွဲ၊ပျော်ပွဲရွှင်ပွဲတွေ ကို

Public Space ခေါ်တဲ့ အများပြည်သူပိုင် အပန်းဖြေရာနေရာ တွေမှာသာ ကျင်းပသင့်ပါတယ်။

မြို့တစ်မြို့ရဲ့ အင်္ဂါရပ်(Infra Structure မှာ စာသင်ကျောင်း၊မူကြိုကျောင်း၊ဆေးရုံ၊အားကစားကွင်း၊ဓမ္မာရုံ၊ရေပေးဝေမှုစနစ်၊လျှပ်စစ်မီးဖြန့်ဖြူးမှု )ဆိုတာတွေ ပြည့်စုံရတယ်လို့

မြန်မာ့ရုပ်မြင်သံကြားက ပြသွားဖူးတဲ့ ဘယ်မြို့ပုံသာပါလိမ့် ဆိုတဲ့ ပေါ်လစီကားလေးမှာ အိုးအိမ်ဦးစီးဌာန ဝန်ထမ်း ? မင်းဇော်က မြို့သစ်မှာ နေမယ့် ချစ်သူစုံတွဲ ရန်အောင်နဲ့ မေသန်းနု ကို ရှင်းပြတာ ကြည့်ရဖူးပါတယ်။

အခု ထပ်ချဲ့တဲ့ ရွှေလင်ပန်း၊ပုလဲ စတဲ့ မြို့သစ်တွေမှာလည်း အဲဒီလို public area တွေ ပါတာတွေ့ရပါတယ်။

မြို့ကွက်ဟောင်းတွေ ဖြစ်တဲ့ ရန်ကုန် မြို့လယ်နဲ့ ဆင်ခြေဖုံး အဟောင်းတွေမှာတော့ အများပြည်သူပိုင် မြေကွက်လပ်တွေဟာ အဆောက်အဦတွေအောက်မှာ ပျောက်ကွယ်ကုန်ပါပြီ။

ဘယ်လိုပင်ပျောက်ကွယ်သော်လည်း

ပြည်သူပိုင် မြေကွက်လပ်ကို လောဘသားတွေကယူ၊

ပြည်သူတွေက ကိုယ်ပိုင်တဲ့ လွတ်လပ်ခွင့်ကို ကိုယ့်ဖာသာ ချိုးဖောက်ပြီး လမ်းတွေပိတ် ဆိုတဲ့

အများညီရင် ဤကို ကျွဲဖတ် သံသရာက ရပ်တန့်သင့်ပါပြီ။

အများအတွက် လုပ်တယ်ဆိုရင် တရားနည်းလမ်း မကျတာကိုလည်း လုပ်ခွင့်ရှိတယ်လို့ ထင်နေကြတာတွေ ရပ်တန်းကရပ်သင့်ပါပြီ။

ပြည်သူပိုင် အပန်းဖြေရာ မြေကွက်လပ်တွေကိုလည်း မည်သူမျှ ထပ်ကျူးကျော်မခံပါနဲ့။

ပြည်သူတွေ ကျင်းပချင်တဲ့ ပျော်ပွဲ ရွှင်ပွဲ၊အားကစားပွဲ၊ဘုရားပွဲ၊တရားပွဲ တွေကိုလည်း မိမိတို့ နဲ့ အနီးဆုံး

ပြည်သူပိုင် မြေကွက်ကျယ်၊အဆောက်အဦကျယ်တွေမှာသာ ကျင်းပကြဖို့ တိုက်တွန်းချင်ပါတယ်။

(နိုင်ငံကြီးသားစိတ် မွေးကြပါစို့)

လမ်းပိတ်ဆို့ခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။

65 comments

  • P chogyi

    February 4, 2013 at 8:47 am

    လွတ်လပ်ရေးနေ့က လမ်းတွေပိတ်ပြီးအားကစားပွဲတွေလုပ်ကြလို့
    လိုရာခရီးကို အချိန်နှောင်းမှ ရောက်ခဲ့ရတယ်။ တော်တော်တင်းတာ။

    • padonmar

      February 4, 2013 at 8:39 pm

      ကိုချိုရေ
      လွတ်လပ်ရေးနေ့တိုင်းကြုံရတာမို့ ကျမတော့ လွတ်လပ်ရေးနေ့ဆို မဖြစ်မနေမှပဲ အိမ်က ထွက်တော့တယ်။
      အချိန်တွေ နှမျောလို့ပါ။

  • kyeemite

    February 4, 2013 at 10:53 am

    အများအတွက် လုပ်တယ်ဆိုရင် တရားနည်းလမ်း မကျတာကိုလည်း လုပ်ခွင့်ရှိတယ်လို့ ထင်နေကြတာတွေ ရပ်တန်းကရပ်သင့်ပါပြီ။
    ပြည်သူပိုင် အပန်းဖြေရာ မြေကွက်လပ်တွေကိုလည်း မည်သူမျှ ထပ်ကျူးကျော်မခံပါနဲ့။
    ပြည်သူတွေ ကျင်းပချင်တဲ့ ပျော်ပွဲ ရွှင်ပွဲ၊အားကစားပွဲ၊ဘုရားပွဲ၊တရားပွဲ တွေကိုလည်း မိမိတို့ နဲ့ အနီးဆုံး
    ပြည်သူပိုင် မြေကွက်ကျယ်၊အဆောက်အဦကျယ်တွေမှာသာ ကျင်းပကြဖို့ တိုက်တွန်းချင်ပါတယ်။
    (နိုင်ငံကြီးသားစိတ် မွေးကြပါစို့)

    အပြည့်အဝထောက်ခံပါတယ် မပဒုမ္မာရေ…
    အများအတွက် လုပ်တယ်ဆိုတာလေးနဲ့ အာဏာပါဝါပြနေလိုက်ကြတာများဗျာ…
    ရန်ဖြစ်လို့မကောင်းလို့ အောင့်ဧည်းသည်းခံနေရတယ်..
    တစ်ခါတစ်ခါ..လမ်းပိတ်ထားမှန်းမသိလို့ ဝင်လာမိတဲ့ကားကို..ဝိုင်းရိုက်တော့မလို
    ဆီးဟောက်တော့တာ..ကိုယ့်မှာကားပြန်ကွေ့ဖို့မနဲကြီးကျိုးစားရတဲ့အထဲ
    အရိုက်မခံရအောင်မျက်နှာငယ်နဲ့တောင်းပန်နေရသေး..ဝှီး။။ :chee:

    • padonmar

      February 4, 2013 at 8:43 pm

      ဦးမိုက်ရေ
      အဲဒီလို လူများရင် မှန်တယ်ထင်တဲ့ စရိုက်လေးတွေ ကိုယ်ကစပြီး ဖျောက်ကြစေချင်လို့ အမုန်းခံပြီး ပြောနေရတာပါ။
      ကိုယ့် ပတ်ဝန်းကျင်မှာ နိုင်သလောက် ပြောပြကြရအောင်။(ကြယ်ငါးလေးတွေ ရေထဲချကြတာပေါ့)

      • ပင်လယ် ပျော်

        February 8, 2013 at 10:42 am

        အော်…ဒါလေးများ..သမဒ ဂျီးဆီ စာတင်လို ့ ရတာပဲ…စုံစမ်းရေးကော်မရှင်ဖွဲ ့ပေးမှာပေါ့…ခွင့်လွှတ်ပါဗျာ..ပင်လယ်ပျော် ရေထဲရောက်နေလို ့ရွာထဲ မရောက်တာ ကြာပြီ..ဆိပ်ကမ်းကပ် လို ့ Internet သုံးရင်လည်း အုပ်ထိန်းသူ နဲ ့တွေ ့ဖို ့လုံးပမ်း နေတော့..gazette ကို မလာဖြစ်ဘူး…ရွာလေးတောင် တိုးတက်နေပြီနော်…

  • surmi

    February 4, 2013 at 1:21 pm

    အစ်မရေ ……
    ကိုယ်တွေ ့လေးထပ်ဖြည် ့ပါဦးမယ် ….
    စတုဒီသာကျွေးတာကိုလည်း လမ်းပိတ်ပါသဗျ ။လမ်းပေါ်မှာ ခင်းကျွေးစဉ်မှာ ပိတ်တာကတစ်မျိုး
    ပိုဆိုးတာက ခြောက်ထပ်တိုက်ပေါ်မှာကျွေးတာကို လမ်းပိတ်ပါသတဲ ့
    ကျွေးတဲ ့အချိန်က ညနေ ( ၄ )နာရီ ……. လမ်းပိတ်ထားတာက
    ည ( ၈) နာရီအထိပါ ။ မှားဝင်မိတဲ ့သူကို အနီးနားလူးများက ဟောက်ထုတ်သေးရဲ ့ ……
    ဖြစ်နေတာက ငါတို ့ကုသိုလ်ရေးလုပ်တာ ဘယ်သူ ့မှဂရုမစိုက်ဘူး လို ့
    သဘောထားကြပုံရပါတယ် ။
    အစိုးရမင်းများနှင် ့တကွ ဌာနဆိုင်ရာများက စပြီး စည်းကမ်းလိုက်နာပြမှ
    အရပ်ထဲလည်း ဆောင်ရွက်နိုင်မှာပါ ။
    ကြည် ့မြင်တိုင်က လမ်းတစ်လမ်းမှာ ဝါးလုံးနဲ ့ မောင်းဆင်ပြီး ကိုယ် ့သဘောနဲ ့ကိုယ်
    ပိတ်ထားတာလည်း တွေ ့ခဲ ့ဖူးပါသေးတယ် ။
    လမ်း ဆိုတာ လူညီရင်ကိုယ်လုပ်ချင်ရာလုပ်လို ့ရပြီလားးးးးးးး
    ဒီပို ့စ်ကို ရှယ်ပါရစေ …..

    • padonmar

      February 4, 2013 at 8:45 pm

      ကဆာမိရေ
      ဝါးလုံးမောင်းတွေ ကျမလည်း ကြုံဖူးပါတယ်။
      …………..
      ကြိုက်သလို ရှယ်ရှင်။
      ခေါင်းကွဲတော့လည်း ကျမတို့ မောင်နှမတွေ အတူတူပေါ့နော။

  • နွေဦး

    February 4, 2013 at 3:51 pm

    လွတ်လပ်ရေးပွဲ တရားပွဲ စတာတွေမှာ လမ်းပိတ်ချင်တယ်ဆို ရပ်ကွက် အုပ်ချုပ်ရေးက ခွင့်ပြုချက်ယူရတယ်..ပြီးလို့ခွင့်ပြုချက်ရရင် အာဏာ တမတ်ကို တကျပ်လောက်ပြချင်တဲ့ ဘာမဟုတ် ညာမဟုတ်ကောင်တွေက လမ်းထိပ်မှာ ဝါးလုံးတွေခုံတွေနဲ့ပိတ်ပြီး ပြဿနာ လုပ်တော့တာပါဘဲ..။အဲလိုလုပ်တာက်ို မကြိုက်လို့ ရပ်ကွက်ထဲက သာရေးနာရေးတွေ ဝင်မလုပ်တော့ဘဲ လူမှုရေးပါ ပျက်လာတော့တယ်…။

    • padonmar

      February 4, 2013 at 9:06 pm

      ဦးနွေဦးလို့ခေါ်ရင် တွန့်သွားတယ်ဆိုတဲ့ ၁၆နှစ်သား ဦးနွေရေ
      ဒါကြောင့်လည်း အာဏာဆိုတာ လူကြိုက်တာပေါ့။
      အဲဒီတော့ ကုလားထိုင်လေး ထိုင်မိရင် မဆင်းချင်တာ ဘယ်ဆန်းတော့ မလဲနော်။

  • nature

    February 4, 2013 at 5:23 pm

    …အိမ်နား နီးနီးနားနား တရားနာခွင့်ရတယ်လို့တော့ အကြောင်းမပြကြစေချင်ပါ။..
    ဒါဟာအကြောင်းပြချက်မဟုတ်ပါဘူး။ မှန်ကန်တဲ့ အကြောင်းအချက်ပါပဲ။ သူဌေးတွေကတော့ တရားပွဲရှိတဲ့နေရာကို ကားနဲ့အလွယ်တကူသွားနိုင်ကြပေမဲ့ ကားမရှိတဲ့သူတွေကတော့ သွားရလာရတာခက်ပါတယ်။ တရားပွဲက ညဘက်ဆိုတော့ သွားရလာရတာပိုခက်ပါတယ်။ သွားရေးလာရေးအဆင်ပြေဖို့အတွက်စီစဉ်ရတာလည်းအလုပ်များပြီး စရိပ်စကပိုကုန်ပါတယ်။ ရပ်ကွက်တရားပွဲကမိုးချုပ်လဲပြီးရင်အိမ်ပေါ်တက်အိပ်ရုံပဲဖြစ်လို့ သွားရေးလာရေးအတွက်စိတ်ပူစရာမလိုပါဘူ။စရိပ်စက အပိုမကုန်လို့ ပိုအဆင်ပြေပါတယ်။ ဒါဟာအကြောင်းပြချက် ဆင်ခြေမဟုတ်ပါဘူး။ ဒီလမ်းးပိတ်ထားလည်း ဘေးလမ်းကပတ်သွားနိုင်တာပဲ။ ကားနဲ့သွားတာပဲ လွယ်ပါတယ်။ ကားစီးနို်င်တဲ့လူတန်းစားနဲ့ ကားမစီးနိုင်တဲ့လူတန်းစား အမြင်ခြင်းကွာပါလိမ့်မယ်။

    • padonmar

      February 4, 2013 at 9:06 pm

      ဦးနွေဦးလို့ခေါ်ရင် တွန့်သွားတယ်ဆိုတဲ့ ၁၆နှစ်သား ဦးနွေရေ
      ဒါကြောင့်လည်း အာဏာဆိုတာ လူကြိုက်တာပေါ့။
      အဲဒီတော့ ကုလားထိုင်လေး ထိုင်မိရင် မဆင်းချင်တာ ဘယ်ဆန်းတော့ မလဲနော်။

    • padonmar

      February 4, 2013 at 9:21 pm

      ဒါကြောင့် သံခမောက်ဆောင်းပြီး ပြောပါတယ်လို့ဆို။
      အဲဒီလို အမြင်မတူတာတွေလည်းရှိနိုင်ပါတယ်။
      ဒီလမ်းပိတ်လို့ ဘေးလမ်းက ပတ်သွားတာ သာမာန်အချိန်မှာ မထောင်းတာပေမယ့်
      အဲဒီ လမ်းပိတ်ထားတဲ့ နေရာမှာ အရေးပေါ်အခြေအနေဖြစ်ခဲ့သည်ရှိသော်၊
      (ဥပမာ အဲဒီလမ်းရဲ့ အိမ်တစ်အိမ်မှာ ကိုယ့် အဖေ နှလုံးသွေးကြောပိတ်လို့ လူနာတင်ကား အမြန်ခေါ်ရရင်.
      မီးဘေး တစ်ခုခု ဖြစ်ရင် …………………..)
      ဘေးလမ်းက ပတ်သွားနိုင်တာပဲလို့ ပြောနိုင်ပါအုံးမလား။
      ကျမတို့ မြန်မာပြည်သားတွေ မျက်စိတစ်ဆုံး မကြည့်ပဲ
      မျက်တောင်မွေး တစ်ဆုံးသာ ကြည့်ခဲ့ကြတာ နှစ်ပေါင်းကြာပါပြီ။
      ……………….
      ဝေးဝေးကို တရားနာသွားတာ ကားရှိမှ မဟုတ်ပါဘူးနော်.
      ကားရှိလည်း သဒ္ဓါ မရှိရင် မရောက်ပါဘူး။
      သဒ္ဓါရှိရင် ကားမရှိလည်း ရောက်အောင်သွားပါတယ်။
      (သဒ္ဓါဆိုတာ ယုံကြည်မှုပါ)

      • nature

        February 4, 2013 at 11:00 pm

        သဒ္ဒါအားကောင်းတဲ့ ဒေါ်ပဒုမ္မာတို့ကတော့ ဟုတ်တာပေါ့။ ဒါပေမဲ့ သဒ္ဒါတရားအားနည်းတဲ့သူတွေက နီးနီးနားနားလွယ်လွယ်ကူကူဆိုပိုသွားဖြစ်ကြတတ်ပါတယ်။ ဥပမာ -ဒေါ်ပဒုမ္မာတို့နဲ့ဝေးတဲ့နေရာမှာ တရားပွဲ ၁ဝပွဲလုပ်မယ် ။ဘယ်နှစ်ပွဲသွားဖြစ်မလဲ။ (ဥပမာ – ဘုရင့်နောင် )
        ကိုယ့်လမ်းထဲမှာ တရားပွဲ ၁ဝပွဲလုပ်မယ် ဘယ်နှစ်ပွဲသွားဖြစ်မလဲ။

        • padonmar

          February 4, 2013 at 11:06 pm

          တစ်ပွဲမှ မသွားဖြစ်ပါ၊ဟိဟိ

    • ကထူးဆန်း

      February 5, 2013 at 11:30 am

      ဘုန်းဘုန်းတွေကို ပညာပေးမှ ရမယ် ထင်ပါရဲ့ ..

      သံခမောက်တင်မက သံချပ်ကာ အကျီင်္ပါ လိုသွားအောင်လို့ပါ … :hee:

  • အရီးခင်လတ်

    February 4, 2013 at 5:40 pm

    မနေ့က အိမ်ကို ဖုန်းဆက်တော့ အဖေ နဲ့ အမေက လမ်းထဲမှာ ၅ည ဆက်တိုက် တရားပွဲ အကြောင်းကို ဝမ်းသာအားရ ပြောနေသေးတယ်။
    အမှန်က နီးနီးနားနားမှာ ရပ်ကွက်ဓမ္မာရုံကြီးက အကြီးကြီးဘဲ။
    ကြည့်ရတာ တစ်နေရာကစရင်း တစ်တိုင်းပြည်လုံး ထုံးစံ လိုဖြစ်သွားပြီ ထင်ရဲ့။
    လူကြီးတွေ တရားပွဲ ကို သွားမနာနိုင်ရင်လဲ နောက်ပိုင်း အခွေလို ပြန်ထုတ်ရောင်း ရင်လဲ ရတာပါဘဲ။
    ကောင်းမှုပြုတာ အများကို မထိခိုက်/ အနှောက်အယှက် မဖြစ်ရင်တော့ အကောင်းဆုံးပါ။
    မဟုတ်ရင် ကိုယ့်ကုသိုလ်က သူများမှာ အကုသိုလ်ဖြစ်မယ် ဆိုရင်တော့ ပြန်ဆင်ခြင်သင့်တယ်လို့ ထင်ပါတယ်။။

    • padonmar

      February 4, 2013 at 9:30 pm

      မလတ်ရေ
      ဒီကိစ္စဝေဖန်ရတာ ခပ်လန့်လန့်ပဲ။
      တစ်လမ်းကလုပ်ရင် နောက်တစ်လမ်းကလည်း အားကျမခံလုပ်ကြတာကိုး။
      ရဟန်းသံဃာကိုယ်တိုင်ဟောပြတဲ့ တရားနာရတာကို အားလုံးက ဝမ်းမြောက်ကြပါတယ်။
      ကျမလည်း ဝမ်းမြောက်ပါတယ်။
      အသိအလိမ္မာလည်း တိုးပါတယ်။
      ဒါပေမယ့် အဲဒီဒါပေမယ့်ကြီးက ကြီးပါတယ်။
      ရေတိုမကြည့်ပဲ ရေရှည်မှာ ဖြစ်လာနိုင်တဲ့ အကျိုးအပြစ်ကို ဆင်ခြင်သင့်ပါတယ်လို့သာ
      မိချောင်းမင်းတွေကို ရေခင်းပြချင်ပါတယ်။

  • မောင်ပေ

    February 4, 2013 at 8:48 pm

    တရားပွဲကျင်းပတယ်ဆိုတဲ့ ကိစ္စနဲ ့ပတ်သက်ပြီး
    သိသမျှလေး နဲနဲဝင်ငန်ရရင်ဖြင့်
    ယနေ ့ခေတ်ကြီးက ဆုတ်ကပ် / ပိုက်ဆံကလဲ ရှာရအရမ်းခက်တဲ့ ခေတ်ကြီးဆိုတော့
    လူတွေက တရားနာဖို ့ ၊ ဦးပုသ်သီလ ယူဖို ့အတွက် သီးသန် ့အချိန်မပေးနိုင်ကြတော့ဘူးကလား
    ဆိုတော့.. အဲဒါကို နားလည်သဘောပေါက်တဲ့ ဓမ္မာရုံလူကြီး တို ့ ၊ ပရဟိတအသင်းအဖွဲ ့တွေတို ့ က တရားပွဲကျင်းပဖို ့ ဓမ္မာရုံ ရှိရင် ဓမ္မာရုံမှာ စီစဉ်ပေးကြတာပေါ့ဗျာ ၊ မရှိတော့ခါကြ လမ်းပေါ်ပဲ ယာယီမဏ္ဍပ် ထိုး လုပ်ရတာပေါ့ ။
    လမ်းအသွားအလာ အစဉ်ပြေအောင်လို ့တော့ ၊ လမ်းမတန်းပေါ်မလုပ်ပဲ လမ်းသွယ်ထဲ လုပ်မယ်ဆိုရင်တော့ ပိုကောင်းမှာပေါ့ဗျာ
    ဒါပေသည့် ၊ ကျုပ်တို ့နိုင်ငံဟာ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ နိုင်ငံလို ့ကြေငြာထားပေမယ့် ၊ ဓမ္မာရုံ မရှိတဲ့ ရပ်ကွက်တွေ ကို အများကြီးဗျ
    ကျုပ် အလုပ်လုပ်တဲ့ ရပ်ကွက် ရယ် ၊ အရင်နေတဲ့ ရပ်ကွက်ရယ်ဆိုရင် ဓမ္မာရုံ မရှိရှာဘူးဗျ
    ဆိုတော့ဗျာ
    အဲဒါ အဲဒါ
    ခက်တယ်ဗျာ
    ရန်ကုန်လို ကားအရမ်းကြပ်တဲ့ မြို ့မှာတော့ လမ်းမတန်းပေါ် လုပ်တာမျိုး ရှောင်စေချင်ပါတယ်

    • padonmar

      February 4, 2013 at 9:37 pm

      ဟုတ်တယ်မောင်ပေရေ
      အဓိက လမ်းမတွေကိုတော့ ရှောင်စေချင်ပါတယ်။
      နောက်ပြီး ဓမ္မာရုံပဲခေါ်ခေါ် ပန်းခြံပဲခေါ်ခေါ် လူအများပိုင်နေရာတွေ မပျောက်ပျက်စေချင်တာလည်း ပါပါတယ်။

  • တီတီ ….
    သားသာဂဒေါ့ ဘာမှ သိဝူးးးး
    တီတီပို့စ်ကို မန့်ချင်လွန်းလို့ လာမန့်ဒါဘာ …
    အဟီးးးး :mrgreen:
    မကျိုက်ရင်လည်း ခွင့်လွှတ်ဘာနော် …

  • padonmar

    February 4, 2013 at 9:31 pm

    ရပါတယ် မောင်အံရယ်
    ကိုယ့်ကို ၂ကျပ်လာပေးတာ စိတ်ဆိုးမလား။

  • Mr. MarGa

    February 4, 2013 at 9:46 pm

    အင်းးးးးးးးးးးးးးးးး
    လမ်းပိတ်တာကတော့ ထားပါလေ
    ဘာလို့လဲဆိုတော့ မန်းလေးမှာ ဘာပွဲပဲလုပ်လုပ် ပိတ်တာမို့ပါ
    ကောင်းတာလေးက လမ်းဖြတ်များတော့ ရှောင်သွားရတာလွယ်တယ်
    ပြောချင်တာကတော့
    အလှူခံတွေအကြောင်း
    တကယ်ဗျာ နားဝင်ဆိုးပါတယ်
    အခုရေးနေတုန်းမှာ အနားက ပဌာန်းရွတ်နေပါတယ်ဗျ
    ခုနှစ်ရက်တဲ့

    • Mobile

      February 4, 2013 at 10:06 pm

      ပို့စ်ပိုင်ရှင်ရေ ဝင်ရောက်အားပေးပါတယ်ခင်ဗျ။
      လမ်းနဲ့ပတ်သတ်လို့ကတော့ ပြောချင်တော့ပါဘူးဗျာ။
      တရားမကြိုတ်တဲ့ နတ်သားမိုက်နဲ့တွေ့နေလို့ပါ
      အူးမာဂ နတ်သားကြီးရေ အဲ့ဂီပဌာန်းဆိုဒါဂ နာဒို့ ဗုဒ္ဓဘုရားက ဝါတွင်းသုံးလလောက်ကြာအောင်
      နင်ဒို့နတ်ပြည်မှာတက်ဟောထားတာဟဲ တယ်ခက်ပါလားကွယ် ဒီဂလိုနတ်မျိုးသာ နတ်သက်ကြွေရင်
      သွားလေရော့ အပ္ပာယ်လေးဘုံ။

      • padonmar

        February 4, 2013 at 10:29 pm

        ဃဃ နဲ့ ဘိုင်းဘိုင်း
        သကြားက ပဋ္ဌာန်းမကြိုက်တာ မဟုတ်ပါဘူး။သူက နာခဲ့ရလို့ အလွတ်ရပြီးသား။
        လော်ကြီးနဲ့ ဖွင့်လို့ ပြောတာမလား။

      • Mr. MarGa

        February 5, 2013 at 8:38 pm

        မှန်ပါတယ် ဒေါ်လေးပဒုမ္မာရေ
        သာသနာရေးပဲ ဥစ္စာ လုပ်ပါ သဘောတူတယ်
        အသံတော့ နည်းနည်း လျှော့စေချင်တာဗျ
        ပဌာန်းမရွတ်ခင် အလှူခံက တစ်ပတ်လေ
        တစ်ပတ်လုံး နားဒုက္ခ ခံရတာဗျ

  • nozomi

    February 4, 2013 at 9:59 pm

    အန်တီလေး ဘာမှမပူနဲ ့
    အန်တီလေး နောက် မှာ ကျနော် ရှိတယ်
    ပတ်တီးတွေ ဆေးတွေလဲ အဆင်သင့် ပဲ

  • padonmar

    February 4, 2013 at 10:09 pm

    အော် ပျောက်နေတဲ့ ဝရမ်းပြေး နောက်တစ်ယောက်ပေါ်လာပါပြီ။
    ပန်းခြံတွေ ကိစ္စ သူပဲ စပြောတာ။
    ဒီကိစ္စ ရှင်ပဲ အစဖော်ပြီး ခုမှ နောက်မှာမနေနဲ့။
    ပတ်တီးတွေ ဆေးတွေကတော့ လိုမှာ၊

  • blackchaw

    February 4, 2013 at 11:28 pm

    အစ်မရေ..
    မူလလက်ဟောင်း ဝရမ်းပြေးက အခုမှ လာတာပါ…။
    အဓိကကတော့…
    ဝရမ်းပြေးအတု ဝင်ဖမ်းရင်း…
    ကွန်းမန့်အကြွေးဝင်ဆပ်တာပါ…။
    လေးစားခင်မင်သော စိတ်ရင်းဖြင့်…
    ဘလက်ချော…။

  • nature

    February 4, 2013 at 11:33 pm

    အထူးသတင်း-
    နောင်အခါလမ်းတွင် တရားပွဲများကျင်းပလိုပါက ဌာနဆိုင်ရာများတွင်ခွင့်ပြုချက်တောင်းခံစရာမလိုပဲ ဒေါ်ပဒုမ္မာထံတွင်ခွင့်ပြုချက်တောင်းယူရမည်။

    ပုံ/ မန္တလေးဂေဇက် အီးစီ လား ဥက္ကလားမသိသော
    ဒေါ်ပဒုမ္မာ

  • pooch

    February 5, 2013 at 2:20 am

    ထောက်ခံပါတယ် ဒေါ်ဒေါ်ရယ် အသံချဲ့စက်သံတွေလည်း လျှော့စေချင်တာ ထိပ်ဆုံးကပါ

  • weiwei

    February 5, 2013 at 8:45 am

    ကျွန်မနေတဲ့ ကမာရွတ်လှည်းတန်းဘက်မှာ တရားပွဲအမြဲလိုလိုရှိနေတတ်ပါတယ်။ လမ်းသွယ်ထဲမှာပဲ တရားပွဲအချိန်နီးရင် လမ်းပိတ်ပြီး တရားနာကြတာမို့လို့ လမ်းလျှောက်တဲ့သူတွေအတွက် သိပ်မသိသာပါဘူး။
    လူတွေကလဲ တော်တော်ခက်ပါတယ်အန်တီ … တီဗီကနေ အချိန်မှန်လွှင့်ပေးနေတဲ့ တရားပွဲကို နာ မနာ တော့မသိဘူး။ ရပ်ကွက်ထဲမှာ မြို့နယ်ထဲမှာ တရားပွဲရှိလို့ သွားမနာရင် ရှက်စရာလိုလို ဘာလိုလို ထင်တတ်ကြတယ်။

  • မိုချို

    February 5, 2013 at 8:48 am

    အန်တီရေ သဘောထားချင်း တိုက်ဆိုင်တဲ့ အတွက် သံခမောက် တစ်လုံး လောက် ထပ်မှာ ပါရစေ။

    အပေါ် က မေး ခွန်း ကို အန့် တီ့ အစား ဖြေရရင် ကိုယ့် ရပ်ကွက် က မဟုတ်တဲ့ တရား ပွဲ ကို သွား မနာဘူး၊ စီဒီ ပဲ ဝယ်လိုက် မယ်။ ကိုယ့် ရပ်ကွက် ဆိုရင် တော့ ကြိမ်း သေပေါက် လော် သုံး မှာ ဖြစ်တဲ့ အတွက် အိမ်က ပဲ နာ လိုက်မယ်။
    တရား နာတယ် ဆိုတာ ပွဲ ကို ကိုယ်တိုင် သွားနာမှ မဟုတ်ပဲ ကိုယ့် ရင်ထဲ ကို အမှန်တကယ်ရောက်ဖို့ လိုရင်း ပါ။
    နောက်ပြီး ရပ်ကွက် တွေ ထဲ မှာ တရား ပွဲ လုပ်လို့ မှ သွား မနာ ကြ တဲ့ သူ တွေ ၊ အထူး သဖြင့် လူကြီး သူမ တွေ ကို ဆို ရှုံ့ ချ ချင် တတ် ကြ ပါတယ်။ တရား ပွဲ မှာ သွားနာ မှ တရား တွေ့ မှာ မဟုတ်ပါဘူး ။ အမ်ပီ ၄ လေး နဲ့ တကိုယ်စာ ကြား ရုံ လေး ဖွင့်နာပြီး စိတ်သဘောထား အေး ချမ်း တဲ့ အမှန် တကယ် တရား ဓမ္မ လိုက် စား တဲ့ သူ တွေ ရှိပါတယ်။ အဲလို ဆိုလို့ တရား ပွဲ တွေ ကို ကန့် ကွက် တာ လား ဆိုတော့ မဟုတ် ပါ။ ဓမ္မာရုံ လို ၊ ကွင်း ပြင် လို နေရာ မိ်ျုး မှာ တရား ပွဲ ကျင်း ပ တာ ကို အား ပေး ပေမယ့် လမ်း ပိတ်ပြီး လုပ်တာ မျိုး ၊ ငါတို့ က တရား ပွဲ လုပ်နေတာ ဆိုတဲ့ မျက်နှာပေး မျိုး နဲ့ အများ နဲ့ သက်ဆိုင်တဲ့ အခွင့် ရေး ကို ချိုးဖောက် တာ ကို မကြိုက် တာပါ။

    လမ်းတွေ ပိတ်တဲ့ အကြောင်းဆက် ပြောရရင် တော့ လမ်းတွေ ကို အချိန်တိုင်း ပြည့် ပိတ် စေတာ လမ်းဘေး ဈေး သည်တွေ ပါပဲ။ အရေး ယူ ဖို့ ပြောရင်လည်း လုပ်စား စရာ မရှိဘူး ပြော အုံး မယ်။

    • Moe Z

      February 5, 2013 at 12:53 pm

      အန်တီ ပဒုမ္မာရေ ..
      အပေါ်က မမမိုချိုပြောတာကို ထပ်ဆင့်ထောက်ခံလိုက်ပါတယ်

      တော်တော်များများက ဘာသာရေးနဲ့ပတ်သက်ပြီး ဝေဖန်ရင်ငရဲကြီးမယ်ဆိုတဲ့အသိကို ငယ်ကတည်းကခေါင်းထဲရိုက်သွင်းခံခဲ့ရတဲ့သူတွေ ဖြစ်နေကြပါတယ် …
      ကောင်းတာလုပ်တယ်ဆိုပေမယ့် ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာဖြစ်နေတာလေးတွေ သတိထားမိကြပါစေ..

  • Shwe Ei

    February 5, 2013 at 9:38 am

    တိုက်ဆိုင်သွားပြန်ဘီ။ ဒီတပတ်လုံး ရပ်ကွက်ထဲမှာ တရားပွဲရှိတယ်။
    တရားဟောစင်မြင့်က အိမ်ရှေ့မှာ။ လှေခါးပေါက်မှာတင် တရားထိုင်နာလို့ရတယ်။
    မျက်နှာချင်းဆိုင်အိမ်က ဘွားဘွားနဲ့ မနက်ပိုင်းဈေးသွားရင်း ဆုံဖြစ်တော့ သမီးတို့ညက တရားပွဲမှာ မရှိဘူးလားတဲ့။ တရားဆင်းမနာမှန်းသိလို့ တမင်မေးပေမဲ့ ပြန်ဖြေရမဲ့ တာဝန်ကရှိတော့ မဟုတ်ဘူး အဘွား အပေါ်ထပ်ကနေ တရားနာနေတာလို့ ပြောလိုက်တယ် ခိခိ။
    ကို့အိမ်ထဲဝင်စစ်လို့ရတာမှတ်လို့ :mrgreen:
    တရားပွဲ အကြောင်းပြပြီး စီးတီးအက်ဖမ် ဆယ်နှစ်ပြည့် အခွေကို ရပ်ကွက်ပေါက်အောင် ဖွင့်တာကျ
    ကုသိုလ်ဘဲရနေသလိုလို မျက်နှာပေးတွေနဲ့ ခက်စ်တယ်။
    ကို့အိမ်ရှေ့တောင် ဘလိုပါကင်ထိုးရမလဲ မနဲခေါင်းစားနေကျတဲ့ ကားပိုင်ရှင်တွေခမျာလဲ တရားပွဲစတော့မယ် ကားဖယ်ပေးပါလို့ မိုက်နဲ့ခပ်ငေါက်ငေါက်အော်တာကို ခံကျရသေးတယ်။
    လှည်းတန်းမှာတော့ လမ်းဘေးဈေးသယ် ကိတ်စအတော်လေး နားအေးသွားတယ်။ ညဘက် ရှစ်နာရီမကျော်မချင်းလမ်းပေါ်တက် ဈေးမရောင်းရဘူးဆိုလားဘဲ။ ဈေးသည်တေလမ်းပေါ်မတက်တော့တာ အတော်အဆင်ပြေတယ်။ လမ်းရှောက်သူရော ကားမောင်းသူပါ ဒွတ်ခမများတော့ဘူး။
    လောလောဆယ်ဂလောက်နဲ့ ရပ်လိုက်အုံးမယ် အန်တီ။ အတွေ့အကြုံလေးတွေ အခွင့်ရတုန်းဝင်ပွားရတာ ကျေးဇူးတင်ပါတယ်ခညာ။

  • mingaung

    February 5, 2013 at 11:12 am

    ကျွန်တော်ကတော့အဲဒါ အာဏာရှင် စိတ်ဓါတ်လို့ထင်တယ် ၊ အခွင့်မသာလို့သာပါ အခွင့်အရေးသာလို့ကတော့ အဲဒီလိုလူ တွေ အာဏာ ရှင်ဖြစ်မှာ သေချာပါတယ် ၊ နောက်ပြီး စူပါမားကက်မှာ ပဲဖြစ်ဖြစ် ဘယ်နေရာပဲဖြစ်ဖြစ် တန်းစီနေသူတွေကို ကြားဖြတ်ချင်တဲ့ သူတွေ သူတို့ကတော့ ခရိုနီ စိတ်ဓါတ်ပါ ၊ ဒီကနေ့ ချမ်းသာနေကြတဲ့ ခရိုနီများကို သာ ဝိုင်းပြောနေကြတာပါ ၊ အဲဒီ တန်းမစီပဲ ကြားဖြတ်ချင်တဲ့ သူက သူ့ကိုယ်သူ ခရိုနီ စိတ်ဓါတ်အခံ ရှိနေတာ ရှက်ရကောင်းမှန်း မသိကြဘူး။

  • ဦးကြောင်ကြီး

    February 5, 2013 at 11:13 am

    ကိုယ့်လမ်းထဲမှာ တရားပွဲလုပ်တာ ဓမ္မာရုံကောင်းကောင်းမရှိလို့၊ ကိုယ့်နေရာမှာဖြစ်လို့ အုပ်ချုပ်ရေးပိုင်း ခွင့်ပြုချက် အလွယ်တကူရ၊ လမ်းသူလမ်းသားတွေကို စည်းရုံးရလွယ်ကူ စတာတွေကြောင့် ဖြစ်မယ်ထင်တယ်။ ရပ်ကွက်ဆိုပေမဲ့ လမ်းတွေက အများဂျီးဆိုတော့ သူ့လမ်းနဲ့သူ လုပ်အားပေးတွေက မတူနိုင်ဘူးလေ။ ရပ်ကွက်ဓမ္မာရုံဆိုပေမဲ့ သိတဲ့အတိုင်း သူ့လူ ကိုယ့်လူ သူ့နေရာ ကိုယ့်နေရာ ရှိနိုင်သေးတယ် မဟုတ်လား။ ပြီးတော့ ဓမ္မာရုံ၊ ပန်းခြံ၊ ခန်းမဆိုရင် ပွဲပြင်ဆင်တာ၊ ပွဲပြီးတော့ သန့်ရှင်းရေး စတာတွေကအစ စကားများရအုံးမယ်။ လမ်းကြတော့ သိပ်ပြသနာ ရှိဘူးလေ…။ ဘာပဲဖြစ်ဖြစ် အန်တီပဒုမ္မာပြောတာ စဉ်းစားစရာတော့ ဖြစ်ပါတယ်။ ပြင်သင့်တာ ရဲရဲဝံ့ဝံ့ ပြင်ကြရမှာပါ။

  • Crystalline

    February 5, 2013 at 11:59 am

    အန်တီရယ်..ပြောထားတဲ့အကြောင်းအရာတွေအားလုံးက တကယ်ပဲ ကျမလည်းတော်တော်စိတ်ပျက်နေတာ တွေဖြစ်နေတယ် အထူးသဖြင့် အသံမစဲပဌါန်းပွဲကိုတော့ တော်တော်စိတ်အနှောက်အယှက်ဖြစ်မိတယ်.. ကိုယ့်အိမ်နဲ့ ဘုန်းကြီးကျောင်းကလည်းနီးတော့ ၂ပတ်လောက်က နားဒုတ်ခခံပေတော့ပဲ..ပဌါန်းရွတ်တာ ၉ရက်..မလုပ်ခင် ကတည်းက အလှူခံတာ အလှူရှင်တွေကို တနေ့၃ကြိမ်ကြေငြာတာလည်း အမြင့်ဆုံးအသံနဲ့.. ပွဲပြီးရင်လည်းအောင်ပွဲဆိုပြီး အသံချဲ့စက်အသားကုန်ဖွင့်ပြန်ရော.. ကျမအဲဒီဒုတ်ခခံလာရတာ ဆယ်နှစ်ကျော်ပြီး.. အဲဒီရက်တွေက သင်္ကြန်တွင်း ရာသီဥတုကပူ၊ တခါတလေမီးကမလာ၊ အသံတွေကလည်းဆူ အဲဒီရက်တွေရောက်မှာလူက ကြောက်ကိုနေတာ..ဘယ်သွားနေရမှန်းလည်းမသိ.. အခုပိုဆိုးတာက ကျောင်းသစ်ဆောက်ပြီး မင်္ဂလာပွဲတွေပါ လက်ခံနေပြန်တယ်။ ဘုန်းကြီးကျောင်းဆိုတာနဲ့မအပ်စပ်တဲ့သီချင်းတွေ အမြင့်ဆုံးအသံနှုန်းနဲ့ဖွင့်ပြီးတော့ပေါ့.. ကျမအတွက်ကတော့ တကယ့်ငရဲပဲ..

    • padonmar

      February 6, 2013 at 12:03 am

      မယ်ပု၊မိုးဇက်၊ဝေဝေ၊မိုချို၊ရွှေအိ၊ခရစ်စတယ်လင်း
      အော်မေ့ဂိုဏ်းသူတွေ စိတ်တူတယ်ဟေ့၊ရော့ သံခမောက် တစ်လုံးစီယူ၊
      ပတ်တီးနဲ့ ဆေးကတော့ ဝေဟင်ကနေ ချပေးလိမ့်မယ်။
      ……..
      ကိုမင်းဂေါင်
      ကျမလည်း တန်းမစီပဲ ကြားဖြတ်တိုးတဲ့ ကိစ္စ မြင်ရင် သိပ်စိတ်တိုတာပါပဲ။
      ………
      ဦးကြောင်ရေ
      လမ်းပေါ်တရားပွဲတွေမှာ ကောင်းတာတွေ အများကြီးရှိပါတယ်။
      ဒါပေမယ့် ကျမတို့ ဗုဒ္ဓဘာသာ သာသနာပြုရာမှာ သူတပါး မထိခိုက်စေတဲ့ နည်းတွေနဲ့သာသနာပြုစေချင်ပါတယ်။
      ကိုယ့်ကိုကိုယ် ထေရဝါဒ အမာခံလို့ သဘောထားပြီး ပြုပြင်သင့်တဲ့ အားနည်းချက်ကို ဖာထေးစေချင်တာပါ။
      ……….
      ကထူးဆန်းပြောသလို
      ဘုန်းဘုန်းတွေကို ပညာပေးရမှာ မဟုတ်ပါဘူး။
      ဆရာတော်တွေမှာ အယူတ်အလတ် အမြတ်မရွေး တရားချီးမြှင့်ရမယ့် ဝတ္တရားရှိပါတယ်။
      လမ်းပေါ်ဆို မဟောဘူး၊ဓမ္မာရုံထဲကျမှ ဟောမယ်လို့ ကန့်သတ်လို့မရပါဘူး။
      ဒါက လူတွေရဲ့ ချင့်ချိန်ရမယ့် အပိုင်းပါ။
      မင်းကွန်း ဆရာတော်ကြီး ဟောခဲ့တဲ့ သာသနာ့ ချိန်ခွင်ကြီးလေးလက် ဆိုတဲ့ တရားအတိုင်း ရဟန်း၊ရဟန်းမ၊လူဒကာ၊လူဒကာမ တွေဟာ သာသနာတည်တန့်ဖို့ ချိန်ခွင်ကြီးတွေလို တည့်မတ် မှန်ကန်ရပါမယ်။
      ကိုယ့်ဘာသာ ကိုယ့်လူမျိုး၊ကိုယ့်အရပ် ဆိုပြီး ဘက်လိုက်လို့မရပါဘူး။

  • pazflor

    February 5, 2013 at 12:35 pm

    လမ်းထဲမှာ ဘာသာခြားတွေရှိကြလို့ သူတို့ ကလည်း သူတို့ တရားပွဲကို လမ်းပိတ်ပြီး ကျင်းပမယ်ဆိုပါဆို့ ၊ ကျနော်တို့ လူမျိုးတွေဘာပြော၊ဘာလုပ်ကြမယ်မသိ။:hee:
    မဆိုင်တာ ဝင်မန့်သွားလို့ ခွင့်လွတ်ပါအန်တီရေ။

    • padonmar

      February 5, 2013 at 9:00 pm

      Pazflor ရေ
      မဆိုင်တာ ဝင်မန့်တာ မဟုတ်ပါဘူး။
      ဒီပို့စ်ရဲ့ အဓိက ရည်ရွယ်ချက်ကလည်း ဘာသာခြား၊လူမျိုးခြား၊နိုင်ငံခြား၊ယဉ်ကျေးမှုခြားသူတွေလည်း မထိခိုက်တဲ့ လွတ်လပ်ခြင်းကို ထိန်းသိမ်းဖို့ပါ။
      အားဖြည့်ပေးတဲ့ အတွေးတွက် ကျေးကျေးပါ။

    • Mလုလင်

      February 5, 2013 at 11:51 pm

      ဟိုး နေ့ က ပုဇွန်တောင် မှာ နွား တွေ နဲ့ ဘုရားပွဲ လှည့်တယ် . . နွား လှည်း နဲ့ ဆိုတော့ လမ်းက ပိတ်ပြီးသားပေါ့ . . . . . ဈေး ဝင် လမ်းနားဆိုတော့ ဈေးကို လာတဲ့ ကုန်ကား တွေ လဲ ရပ်စောင့် ပေးကြပါတယ် .. အဲ့ဒါလေး . .

  • Char Too Lan

    February 5, 2013 at 3:24 pm

    အိုက်ဒါကိုရှင်းပြမယ် …….. ကျနော်နားမလည်နိုင်တဲ့ (မကျေနပ်နိုင်တဲ့)
    လို့လဲပြောလို့ရတယ် အကြောင်းရှိပါတယ်
    ကျနော်နေတာက တာမွေမြို ့နယ်မှာပါ…. တာမွေမြို ့နယ်ကသိတဲ့အတိုင်း ဘာသာခြားများပါတယ် ဘာသာခြားတွေရဲ ့ဘုရားကျောင်းလဲများပါတယ်။ ထိုဘုရားကျောင်းများမှနေ့စဉ်ဟောကြားသောတရားတော်များကို နာကြားနိုင်ရန်တွက် ဘုရားကျောင်းအဆောက်အဦးရဲ ့အမြင့်စင်တွေမှာ အရပ်မျက်နှာအဖက်ဖက်သို့ လှည့်ကာတပ်ဆင်ထားသော လော်စပီကာများကိုလည်း တာမွေအဝိုင်းမီးပွိုင့်မှကြည့်လျှင်မြင်နိုင်ပါတယ်။ အဲ့လိုတရားသံကိုကြားနေရတာ သူတို့အတွက်မင်္ဂလာရှိတယ်လို့ ယူဆကြလို့ အဲ့ဒီလိုဘုရားကျောင်းအနီး တရားသံကြားရတဲ့နေရာတွေမှာ ဘာသာခြားများတော်တော်နေကြပါတယ်။ ကျနော်တို့တာမွေဓမ္မာရုံကနှစ်စဉ်ဦးစီးကျင်းပတဲ့ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲဆိုတာရှိပါတယ်..
    နှစ်ကျိပ်ရှစ်ဆူဘုရားပင့်ဖို့အတွက် သက်ဆိုင်ရာလမ်း နေအိမ်တွေက ယာယီစံကျောင်းလေးတွေဆောက်ပီး ဘုရားမလှည့်ခင် ၃- ၄ ရက်လောက်အလိုမှာ မိမိဆိုင်ရာစံကျောင်းမှာပင့်ထားရပါတယ်။ အဲ့ဒီလိုပင့်ထားတဲ့ အချိန်စံကျောင်းမှာ စောင့်တဲ့သူတွေ အလှူပြုတဲ့သူတွေက တရားခွေဖွင့်ပေးထားတာမျိုး ဓမ္မစင်္ကြာရွတ်ဖတ်ကြတာမျိုး ဘုရားသီချင်း မေတ္တာပို့ စတာတွေကို စပီကာနဲ့ဖွင့်တဲ့အခါမှာ … ဝန်းကျင်ကလူတွေနဲ့ ဘာသာခြားတွေကတိုင်တာကြောင့် နောက်ပိုင်းလော်စပီကာသုံးခွင့်မရပါဘူး.. စက်ဖွင့်တဲ့အချိန်ကိုကန့်သတ်တားမြစ်လိုက်ပါတယ်။ ရပ်ကွက်ဥက္ကဌနဲ့ ဓမ္မာရုံလူကြီးတွေကနေတဆင့် လွန်ခဲ့တဲ့သုံးနှစ်လောက်ကစတင် မှာကြားတားမြစ်ခဲ့တာဖြစ်ပါတယ်။ အခုထိလဲစည်းကမ်းထုတ်တားမြစ်ထားဆဲပါ။ သို့သော်….. ဘာသာခြားများရဲ ့ဘုရားကျောင်းမှာတပ်ဆင်ထားသော လော်စပီကာများမှာတော့ ပြောင်းလဲသွားခြင်းမရှိပါဘူး နေ့တိုင်းတစ်နေ့လေးကြိမ်ခန့်ကြားနေရသော လော်စပီကာသံမှာလဲ ပိုလို့သာကျယ်လောင်လာပါတော့တယ်လို့… ပြောကြားရင်း…… ပတ်တီးနဲ့ဆေးနဲနဲဝင်ယူသွားပါတယ်။

    • ပန်းစံပါယ်

      February 5, 2013 at 4:33 pm

      ဘာသာတိုင်းအတွက် တူညီတဲ့စည်းကမ်း တားမြစ်ချက် ခွင့်ပြုချက်တွေဖြစ်သင့်ပါတယ်။ ဓမ္မာရုံ၊ ဘုန်းကြီးကျောင်း၊ ဘုရားပရဝုဏ် ဆိုလည်း သက်ဆိုင်ရာအဆောက်အဦး အဝန်းအဝိုင်းအတွင်းရှိလူများသာ ကြားနိုင်ရုံ၊ ဘာသာခြားဆိုလည်း သက်ဆိုင်ရာ ဘုရားကျောင်း၊ ဗလီအတွင်းရှိလူများသာ ကြားနိုင်ရုံအသံပဲဖြစ်သင့်ပါတယ်။ အဲဒီလိုဖြစ်ဖို့ သက်ဆိုင်ရာပတ်ဝန်းကျင်နေသူများရော တာဝန်ရှိလူကြီးများပါ ထိထိရောက်ရောက် ဝိုင်းဝန်းဆောင်ရွက်ဖို့ အချိန်တန်ပြီထင်ပါတယ်။

    • padonmar

      February 5, 2013 at 9:11 pm

      ချာတူးလေး
      မကျေနပ်တာကို သိပါတယ်။
      ချာတူးတို့နေတဲ့ နေရာက မောင်ဝင်း(ခရက်ဒစ်တူ မောင်လူကလေး)များတော့ မောင်ဝင်းတွေကို ဦးစားပေးထားတယ်။
      တရုတ်များတဲ့ တရုတ်တန်းမှာ တရုတ်တွေကို ဦးစားပေးထားတယ်။
      အမှန်တော့ အဲဒီလို သာတူညီမျှမရှိမှုတွေကြောင့် လူမျိုးရေး မုန်းတီးမှု ဘာသာရေး မုန်းတီးမှုတွေ ဖြစ်ကြရတာပေါ့။
      အဲဒီတော့ ပန်းစံပါယ်ပြောသလို ဘာသာတိုင်းတွက် တူညီတဲ့ စည်းကမ်းရှိသင့်ပါတယ်။
      ဒီကိစ္စကို အကောင်အထည်ဖော်ရာမှာလည်း
      မဟတ္တမ ဂန္ဓီကြီး သကြားလုံးကြိုက်တဲ့ ကလေးလေးကို သကြားလုံးမစားပါနဲ့ လို့ ပြောဖို့ သူကိုယ်တိုင် သကြားလုံးစားတာ ဖြတ်ပြီးမှ ပြောသလို
      ကိုယ်ကိုးကွယ်တဲ့ဘာသာ ၊ကိုယ့်ရဲ့ လူမျိုး ကနေ စပြီး စည်းကမ်းလိုက်နာဖို့ တိုက်တွန်းကြသင့်တယ်လို့ မြင်ပါတယ်။

  • kai

    February 5, 2013 at 3:30 pm

    မြန်မာတွေမှာ.. လူသားချင်းတန်းတူမှု.. အပြန်အလှန်လေးစားသမှုတို့ပျောက်နေလို့.. အဲလိုဖြစ်တာလို့ထင်မိတယ်..
    တိုင်းပြည်ထူထောင်ရာမှာ..အင်မတန်အရေးကြီးပါတယ်..။
    စည်းကမ်းရှိကြ.. လိုက်နာကြရမှာ.. အင်မတန်အရေးကြီးပါတယ်..
    ဘာသာရေးနဲ့.. ဘာသာရေးခေါင်းဆောင်တွေအပိုင်းမှာ.. ပိုလို့..အရေးကြီးပါတယ်..။

    UNIVERSAL DECLARATION OF HUMAN RIGHTS
    Article 1.

    All human beings are born free and equal in dignity and rights.They are endowed with reason and conscience and should act towards one another in a spirit of brotherhood.

    • padonmar

      February 5, 2013 at 10:04 pm

      ဟုတ်ပ သူကြီးရေ၊
      လူကိုလူလို တန်ဖိုးမထားတဲ့ တိုင်းပြည်ဖြစ်နေပါတယ်။
      အော်တော့ လူ့အခွင့်အရေး၊
      ငါ့အခွင့်အရေး ထိရင် ဆန္ဒတွေပြ
      သူများအခွင့်အရေး ချိုးဖောက်တော့ ရပ်ရွာအရေးလုပ်တာတဲ့။
      ဗြဟ္မစိုရ်တရားဆိုတာကို စာထဲမှာပဲ ကျင့်သုံးနေကြပါတယ်။

  • MaMa

    February 5, 2013 at 5:27 pm

    (မြန်မာတွေမှာ.. လူသားချင်းတန်းတူမှု.. အပြန်အလှန်လေးစားသမှုတို့ပျောက်နေလို့.. ) ဆိုတာကို ထောက်ခံပါတယ်။
    နေရာတကာမှာ ဗွီအိုင်ပီတွေနဲ့ချည်း တွေ့ခဲ့ရတာ အကျင့်ပါနေတော့ …
    ဘယ်သူကမှ နှိမ်ချစရာမလိုပဲ ကိုယ်တိုင်ကိုက သူများထက် တစ်ဆင့်နိမ့်နေတယ်လို့ပဲ ခံယူနေမိရော။ :eee:
    ဒေါ်စု ကလေးဆေးရုံကို သွားကြည့်တုန်းက လူနာကလေးလေး တစ်ယောက်က လက်အုပ်ချီပြီး စကားပြောတာကို….
    ဒေါ်စုကလည်း လက်အုပ်ကလေး ချီပြီးပြန်စကားပြောနေပုံလေးကိုကြည့်ပြီး စိတ်ကျေနပ်စရာ၊ စိတ်ချမ်းသာစရာပဲလို့ တွေးမိခဲ့သေးတယ်။ :hee:

    • padonmar

      February 5, 2013 at 10:10 pm

      မမရေ
      ဒေါ်စုကတော့ စိတ်ရင်းခံကိုက ရှင်းနေ ကောင်းနေတော့
      ဘယ်တော့မဆို အတုယူစရာ စိတ်ကျေနပ်စရာ အားကျစရာ ပုံရိပ်လေးတွေပဲ တွေ့နေရတာပါပဲ။
      ဗိုလ်ချုပ်အောင်ဆန်းကို ချစ်ရင် ဗိုလ်ချုပ်လို စိတ်မျိုးမွေးကြဖို့ လိုသလို
      ဒေါ်စူကိုချစ်တယ်ဆိုရင် ဒေါ်စုစိတ်ထားမျိုး မွေးကြဖို့လိုပါတယ်။
      ဗိုလ်ချုပ်မိန့်ခွန်းလေး တစ်ခု သတိရမိသေးတယ်။
      လွတ်လပ်ပြီဆိုပြီး လမ်းမပေါ်ဆေးရိုးလှန်းကြတယ်တဲ့။

  • ကိုရင်စည်သူ

    February 5, 2013 at 6:34 pm

    ဗမာတွေ စည်းကမ်းဖောက်လို့
    ထီးနန်းပျောက်ခဲ့ရတယ်။
    ထပ်ဖောက်သေးရင်
    ဝလုံးဒီမိုပါ ပျောက်မှာ စိုးသပလေး.. ။ 🙄

  • htet way

    February 5, 2013 at 6:55 pm

    အများအတွက် လုပ်တယ်ဆိုရင် တရားနည်းလမ်း မကျတာကိုလည်း လုပ်ခွင့်ရှိတယ်လို့ ထင်နေကြတာတွေ ရပ်တန်းကရပ်သင့်ပါပြီ။
    ပြည်သူပိုင် အပန်းဖြေရာ မြေကွက်လပ်တွေကိုလည်း မည်သူမျှ ထပ်ကျူးကျော်မခံပါနဲ့။
    ပြည်သူတွေ ကျင်းပချင်တဲ့ ပျော်ပွဲ ရွှင်ပွဲ၊အားကစားပွဲ၊ဘုရားပွဲ၊တရားပွဲ တွေကိုလည်း မိမိတို့ နဲ့ အနီးဆုံး
    ပြည်သူပိုင် မြေကွက်ကျယ်၊အဆောက်အဦကျယ်တွေမှာသာ ကျင်းပကြဖို့ တိုက်တွန်းချင်ပါတယ်။
    အင် မတန် မှတ် သား စရာကောင်းတဲ့ စကား ဖြစ်ပါတယ် ဒေါက်တာ ခင်ဗျား
    လေးစား စွာဖြင့်
    ထက်ဝေး

  • padonmar

    February 5, 2013 at 10:13 pm

    ဆရာထက်နဲ့ ကရင်စည်
    အားပေးတာ ကျေးကျေးပါ။
    ဝလုံး ဒီမို မပျောက်ဖို့ ဒို့အားလုံးမှာ တာဝန်ရှိပါတယ်ကိုရင်ရေ။

  • kai

    February 6, 2013 at 12:31 am

    စနစ်အင်မတန်ကောင်းပါတယ်ဆိုတဲ့.. ဒီမို၈၀% (၈ဝပဲထားပါတော့) တို်င်းပြည်ယူအက်စ်မှာ… မြန်မာတွေ.. ပွဲကို အများပိုင်နေရာတွေမှာလုပ်ရင်.. ဖြစ်ပျက်ကျန်ခဲ့တာလေးတွေ.. ပြချင်ပြောချင်မိတယ်..။ တနှစ်လုပ်လိုက်.. အဲဒီနေရာက..နှင်ထုတ်ခံလိုက်ရ..
    .. နောက်တနှစ်..နောက်တနေရာ.
    …မြန်မာဆို မငှားဘူးဖြစ်လိုက်..။
    .. ပြောရရင်..
    ဟတ်..ဟတ်..ဟတ်…..ချိုးးးးးးးးးး (နှာစီးနေပြီ).. :kwi:

    အော်.. ကျန်ခဲ့လို့..
    အယ်လ်အေက မြန်မာတို့ရေ…
    ဒီနှစ်သင်္ကြန်ပွဲ.. မနှစ်ကနေရာမလုပ်ဖြစ်တော့ပါကြောင်း…..

  • Ghi Ghi ThE KiD

    February 6, 2013 at 12:44 am

    အထူးတလည်ထောက်ခံပါကြောင်း. မိဂီလည်း နားမုဒိန်းမှာ ရေးခဲ့ဖူးတာလေး ပြန်သတိရမိပါကြောင်း
    သဂျီးရေ့. သခင်မျိုးဟေ့ ဒို့ ဘာမန်

    ဟီဟိ

    :harr:

  • Myo Thant

    February 6, 2013 at 1:02 pm

    လှည်းတန်း ဦးထွန်းလင်းခြံလမ်းမှာ ဟိုးတစ်နေ့ကပဲ တရားပွဲလုပ်ပါတယ် ၊
    လမ်းလုံးပြည့် အခင်းခင်းပြီးလုပ်တာပါ ၊
    ရုံးအပြန် ဈေးဝင်ရတဲ့ကျနော်လည်း ဟိုရှောင် ဒီရှောင်နဲ့ ဒုက္ခများလှတယ်မထင်မိပေမယ့်
    ကား ဝင်မရတာကတော့ အထုပ်အပိုးတွေနဲ့ လာရသူတွေအတွက် အခက်တွေ့စေပါတယ် ၊
    ကျွန်တော်တို့ ပြည်ရိပ်မွန်မှာတော့ ပတ်ကွေ့သွားစရာ လမ်းတွေရှိလို့
    လွတ်လပ်ရေးနေ့မှာတောင် အဆင်ပြေပါတယ် ၊

  • Thit San Khant MC

    February 7, 2013 at 12:16 pm

    အမှန်ကိုပြောရဲတဲ့ စိတ်ဓါတ်ကို လေးစားတယ်ဗျာ
    စာအရေးအသားကလဲ ဖတ်လို့ ကောင်းတယ်…
    သတိထားစရာတွေကိုလဲ ထောက်ပြတယ်
    ကျွန်တော့်အတွက် ဒီပိုစ်တစ်ပုဒ်က ဒီနေ့အတွက် ဖက်ရကျိုးနပ်ပါတယ်
    ဗျာ….

    • padonmar

      February 8, 2013 at 10:27 pm

      Thit San Khant လို ဖတ်ရကျိုးနပ်တယ်လို့ မြှောက်ပေးတဲ့လူတွေရှိတော့လည်း ကျမက လမ်း၌ယဉ်ကျေးမှု (၃)ကို ဆက်ရေးအုံးမှာ။
      (သည်းခံခွင့်လွှတ်ဖတ်ကြပါလို့)

  • panpan

    February 7, 2013 at 4:23 pm

    ဒီမိုကရေစီသီချင်းတွေကို ဆောင်းဘောက်စ်အကြီးကြီးနဲ့ ရပ်ကွက်ထဲမှာ ခွန်နှစ်အိမ်ကြား ရှစ်အိမ်ကြားဖွင့်တဲ့အိမ်ရှိတယ်
    ည၉နာရီဆိုလည်း နားမလည်
    အရမ်းဒီမိုကရေစီချင်နေတယ်
    :chee:

    • panpan

      February 7, 2013 at 4:25 pm

      လမ်းပိတ်တာနဲ့တော့ မဆိုင်ပါဘူးအန်တီရယ်
      ဒီတိုင်းဝင်ပွားတာပါ
      :buu:

  • ပင်လယ် ပျော်

    February 8, 2013 at 10:52 am

    အော်…ဒါလေးများ..သမဒ ဂျီးဆီ စာတင်လို ့ ရတာပဲ…စုံစမ်းရေးကော်မရှင်ဖွဲ ့ ့ပေးမှာပေါ့…ခွင့်လွှတ်ပါဗျာ..ပင်လယ်ပျော် ရေထဲရောက်နေလို ့ရွာထဲ မရောက်တာ ကြာပြီ..ဆိပ်ကမ်းကပ် လို ့ Internet သုံးရင်လည်း အုပ်ထိန်းသူ နဲ ့တွေ ့ဖို ့လုံးပမ်း နေတော့..gazette ကို မလာဖြစ်ဘူး…ရွာလေးတောင် တိုးတက်နေပြီနော်…

  • uncle gyi

    February 8, 2013 at 10:30 pm

    လွန်လေပြီးသောကာလများနှစ်၅၀ဝန်းကျင်ကလမ်းပေါ်မှာ
    တရားပွဲပျော်ပွဲရွှ့င်ပွဲတွေလမ်းပိတ်ပြီးလုပ်ကြတာ
    ဘယ်သူမှပြောသူမရှိ
    အိမ်ခြေ ကားနဲ့လူဦးရေ ကလည်းအခုထက်စာရင်
    မနှိုင်းသင့်အောင်ကိုနည်းပါးလေတော့ဘာမှပြသနာမရှိ
    အခုကလူရောကားရောလမ်းအပြည့်ဖြစ်နေတော့ပြောစရာဖြစ်လာတာ
    ပြောင်းလဲလာတဲ့အခြေအနေနဲ့ပြောင်းသင့်တာတွေကိုပြောင်းကြရမှာ
    ပြောင်းတာကလည်းလမ်းပေါ်တရားပွဲကနေဓမ္မာရုံတရားပွဲအဖြစ်ပြောင်းမယ်ဆို
    ဘာဖြစ်လို့မပြောင်းနိုင်ရမှာလည်း
    လမ်းပေါ်မှာမိုးရွာရင်တရားပွဲကပျက်ရသေး
    ဓမ္မာရုံဆိုမိုးရွာလည်းတရားပွဲပျက်စရာမလို
    လမ်းပေါ်ကကစားပွဲတွေလည်းကစားကွင်းတွေထဲရောက်ရင်ဘယ်လောက်ကောင်းသလဲ
    ကားတိုက်မှာဟိုတိုက်ဒီတိုက်မှန်ကွဲမှာ
    ဘာမှပူစရာမလို
    ကောင်းတာတွေဘာဖြစ်လို့မပြောင်းကြသလဲ
    ရပ်ကွက်တိုင်ဓမ္မာရုံအကြီးမရှိ
    ရပ်ကွက်တိုင်ကစားကွင်းမရှိ
    ရှိတဲ့မြေကွက်တွေလည်းကုန်ပြီ
    ကဲဘယ်လိုပြောင်းကြမလဲမပဒုမ္မာရေ

  • padonmar

    February 8, 2013 at 10:54 pm

    အားဖြည့်ဆွေးနွေးပေးတဲ့
    မိဂီ၊အလက်ဆင်း၊ကိုမျိုးသန့်၊ပန်ပန်တို့ရေ
    ကျေးကျေးပါနော်။
    ……………..
    ပင်လယ်ပျော်ရေ
    ရွာလေး တိုးတက်နေတယ်လို့ အားပေးတာကျေးဇူးပါ။
    အုပ်ထိန်းသူနဲ့ တွေ့ဖို့က ပိုအရေးကြီးတာပေါ့၊ဒီလို အချိန်မှာ ပိုပြီး ဂရုစိုက်အားပေးလိုက်ပါနော်။
    …………………
    ခုထိ ဆွေးနွေးပေးကြတဲ့ထဲမှာ လမ်းပိတ်ပြီး အားကစားပွဲလုပ်တာ၊ဈေးရောင်းတာတွေကို လူတိုင်း ကန့်ကွက်ချင်ကြတာတွေ့ရပါတယ်။
    လမ်းပိတ်ပြီး တရားပွဲ ကျင်းပတာတော့ သဘောတူသူနဲ့ မတူသူ ၂ပိုင်းကွဲနေတာတွေ့ရပါတယ်။
    ကျမကိုယ်တိုင်လည်း တရားပွဲတွေ နေရာအနှံ့ ကျင်းပဖြစ်တာကို သဘောကျပေမယ့်
    လမ်းတွေကို မလိုအပ်ပဲ တရားပွဲ ကျင်းပသမျှ ရက်တိုင်း အချိန်ပြည့် ပိတ်စေတာ၊
    တစ်လမ်းနဲ့ တစ်လမ်း အပြိုင်အဆိုင် ပကာသနလိုလုပ်ကြတာကို မကြိုက်ပါဘူး။
    အဲဒီတော့ အခု ကျင်းပနေတဲ့ လမ်းပေါ် တရားပွဲတွေကို Modify လုပ်သင့်နေပြီလို့ မြင်ပါတယ်။
    လမ်းပေါ်က တရားဟော စင်မြင့်တွေဟာ ဆရာတော် တစ်ပါး ပလ္လင် တစ်ခုစာမက ၁၅-၂ဝ ပေ လောက် လုပ်ကြပြီး အလှအပ တွေ ဆင်ကြတာဟာ တကယ်လိုအပ်လို့လားလို့ ပြန်ပြီး သုံးသပ်သင့်ပါပြီ။
    တရားဟော ပလ္လင် တစ်ခုနဲ့ ဆရာတော် အတက်အဆင်းပြုဖို့ ဘေးလှေခါးပါဆိုရင် Light Truck ပေါ်မှာ အဆင်သင့်ဆင်ထားပြီး ဖျက်စရာ ဆင်စရာမလိုပဲ တရားပွဲပေါင်းမြောက်များစွာ သုံးလို့ရနိုင်ပါတယ်။လိုရာကို ယူသွားလို့လည်း ရနိုင်ပါတယ်။
    တရားပွဲမစမီ နာရီပိုင်းအလိုမှ လာဆင်ရင် နေ့ပေါင်းများစွာ နာရီပေါင်းများစွာ လမ်းပိတ်ဆို့မှု မဖြစ်တော့ဘူးပေါ့။
    တရားပွဲ မစမီ သံစုံဖွင့်နေတာတွေလည်း ဆင်ခြင်ကြဖို့ကောင်းပါတယ်။
    (မြတ်စွာဘုရား တရားဟောတော်မူတဲ့အခါ အသံတော်ဟာ အလိုရှိရာ ပရိသတ်အတွင်းသာ ကြားစေနိုင်တဲ့ ဂုဏ်တော်ရှိတယ်လို့ မှတ်သားဖူးပါတယ်)

  • padonmar

    February 8, 2013 at 11:03 pm

    အန်ကယ်ကြီးရေ
    ဆွေးနွေးပေးတာ ကျေးဇူးပါ။
    အန်ကယ်ကြီး မန့်တာ မမြင်မိလို့ အပေါ်မှာ ဆွေးနွေးပေးထားပါတယ်။
    ဝေဖန်အကြံပေးပါအုံး။
    ကိုသစ်ပြောသလို ဆီမီနာပါ၊
    အဖြေတစ်ခုထွက်စေချင်ပါတယ်။
    နောက်တစ်ခုက ရပ်ကွက်တိုင်း ဓမ္မာရုံရှိစရာမလို၊ကစားကွင်းရှိစရာမလို။
    ရှိတဲ့အနီးဆုံးနေရာမှာ အလှည့်ကျ သွားလုပ်ရင်လည်း ရနိုင်ပါတယ်။
    လွတ်လပ်ရေးနေ့ ကစားပွဲတွေက အနှစ်သာရမဟုတ်တော့ (တစ်နှစ်လုံး ကလေးတွေကို ပစ်ထားပြီး လွတ်လပ်ရေးနေ့ တစ်နေ့ထဲ ပေးကစားလို့ အနှစ်မရှိဘူးလို့ ပြောချင်တာပါ)လုပ်ဖို့တောင်မကောင်းပါဘူး။
    တကယ်က လွတ်လပ်ရေးနေ့ ဟောပြောပွဲ၊စကားရည်လုပွဲ၊ဉာဏ်စမ်းပြိုင်ပွဲ၊ဗဟုသုတပြိုင်ပွဲ တွေ လုပ်သင့်တာ။
    အဲဒါဆို လမ်းမပေါ်လုပ်နေစရာမလို။
    ရပ်ကွက်ရုံး(သို့) စိ်တ်ပါဝင်စားသူလူကြီးသူမ အိမ်မှာ လုပ်နိုင်တာပေါ့။

  • uncle gyi

    February 8, 2013 at 11:13 pm

    အဲဒါခက်တာ
    မြန်မာမှာတိုင်းပြည်စွဲမစွဲတော့မသိ
    ရပ်ကွက်အစွဲကအလွန်ကြီးတာ
    အနီးဆုံးနေရာသွားလုပ်လည်းကိုယ့်နေရာမဟုတ်သဘောမတူတွေကများတာ
    နောက်ပြီးတရားနာပရိတ်သတ်ကလည်းနီးနီးနားနားနာချင်ကြတာ
    အဲဒီတော့မြန်မာတွေရဲ့စိတ်ကိုအရင်ဆုံးပြောင်းလာအောင်လုပ်ပေးရမယ်
    ဘယ်ကနေစမလဲစာသင်ခန်းကနေလား
    ဆီမီနာတွေကနေလား
    ဘုန်းကြီးတရားပွဲတွေကနေလား
    စာပေတွေကနေလား
    စာပေဟောပြောပွဲတွေကနေလား
    အတွေးတွေအရင်ပြောင်းမှလုပ်နေတာတွေကလိုက်ပြောင်းမှာ

    • MaMa

      February 9, 2013 at 7:07 am

      ရေရှည်အတွက် စာသင်ခန်းက စ ရမယ် ထင်ပါတယ်။
      လတ်တလောတော့ တရားပွဲတွေ၊ စာပေဟောပြောပွဲတွေမှာတော့ ပြောနေ၊ ဟောနေကြတာပဲ။
      နားထောင်ကြ ထောက်ခံကြတာတွေ တော့ များပါတယ်။
      အဲ- တစ်ခုပဲ။ မလိုက်နာကြတာပဲ ရှိတယ်။ :kwi:
      အဲဒါကြောင့် ပြုပြင်ပြောင်းလဲရေးတွေ ရေးဖို့ လက်တွန့်လာတယ်။
      ကိုယ်တိုင်ရော ပြုပြင်နိုင်ပြီလား။
      ပြောင်းလဲလာပြီလားလို့ ကိုယ့်ကိုယ်ကို မေးကြည့်နေရတယ်။ :eee:

Leave a Reply