ချာတူးလန် မြန်မာစစ်ကားများ (ဒေါက်တာ ကိုကိုဦး)

စဆရ ႀကီးFebruary 5, 20131min16911

ခေါင်းစဉ်ကိုကြည့်ပြီး Military Vehicles များ ( FAW, Aerolus, Lanjian ) တွေကိုပြောတာထင်နေပါလိမ့်မယ်။ မဟုတ်ပါဘူး။ အဲ့ဒီ့ကားတွေက ချာတူးလန် အဆင့်ထက်တောင်ကျော်နေပါပြီ မဟာချာတူးလန်ဖြစ်နေပါပြီ။ အဲ ဒါပေမယ့် ကျွန်တော်ပြောမှာက War Action Movie တွေအကြောင်းပါ။

၂၀၀ဝ ခုနှစ် ဝန်းကျင်က ရုံတင်ခဲ့ပြီး အော်စကာတလှေကြီး သိမ်းကြုံးယူသွားတဲ့ Saving Private Ryan ကိုရုပ်ရှင်ပရိသတ်တွေ မေ့နိုင်မယ်မထင်ပါဘူး။ မင်းသားကြီး Tom Hank ရဲ့ စစ်ခေါင်းဆောင်တယောက်ရဲ့စိတ်ခံစားချက် ပေါ်လွင်တဲ့မျက်နှာသွင်ပြင်၊ သွေးချင်းချင်းနီနေတဲ့ အဂ်လိပ်ရေလက်ကြား၊ Omaha Beach၊ အတုံးအရုံးကျဆုံးနေတဲ့ အမေရိကန် မရိန်းတပ်သားတွေ၊ ရက်စက်လှတဲ့ ဂျာမန်စက်သေနတ်ကြီးတို့ကို မြင်ယောင်မိမှာဖြစ်ပါတယ်။ အမေရိကန် မရိန်းတပ်သားများကို သနားကြသည်၊ လေးစားကြသည်၊ ရန်သူဂျာမန်တို့အပေါ် ရွံမုန်းကြသည်။ ရုပ်ရှင်ကောင်းတခု၏ ရသ သာမက လူတိုင်း၏စိတ်နှလုံးတွင် စူပါပါဝါ အမေရိကန်ကိုလေးစားမိကြသည်။

ပြန်တွေးကြည့်ပါ သမိုင်းမှာတကယ်ရော ဒီလိုတွေဖြစ်ခဲ့လား။ (၁၉၄၄) ခုနှစ် ဂျွန်လ (၆)ရက်နေ့ ဂျာမန်တို့ အရှုံးကြီးရှုံးနေချိန် အရှေ့ဘက်မှ ရုရှတို့တင့်ကားနှင့်လိုက်ကြိတ်သလို တလှိမ့်လှိမ့်တက်လာပြီး ဂျာမန်တို့၏ တပ်မဟာများ တခုပြီး တခုပြုတ်ပြုတ်ပြုန်းနေချိန်တွင် အနောက်ဘက် အင်္ဂလိပ်ရေလက်ကြားမှ အမေရိကန် နှင့် အဂ်လိပ်တပ်များ နော်မန်ဒီကမ်းတက်တိုက်ပွဲဆင်နွှဲခဲ့သည်။ D-day တွင် Omaha, Utah နှင့် ဓါးကမ်းခြေများမှ ရေကြောင်းလက်နက်ကြီးပစ်ကူ အသာစီးအင်အားနှင့်ဝင်တိုက်တော့သည်။ ထိုကမ်းခြေများမှာ ဝေးလွန်းသဖြင့် ဂျာမန်ဗိုလ်ချုပ်များမှ ထင်မထားသောနေရာဖြစ်သည်။ စစ်အင်အားကြီး မဆိုထားဘိ ခုခံကာကွယ်ရန်လေယာဉ် ၂ စီးသာထားထားသည်။ စစ်သင်္ဘောများပစ်ခတ်မှုနှင့်ပင် မြေပြင်မှာမွစာကြဲနေပြီဖြစ်သည်။ အလွယ်တကူပင်တက်သိမ်းနိုင်လေသည်။ မကျဘူးတော့မဟုတ် စစ်ပွဲစဉ်တခုလုံး စစ်သည် ၃၀၀ဝ ကျော်ကျသည်။ ဒါပေမယ့် အမေရိကန်တွေပဲတော့ မဟုတ်။ အင်္ဂလိပ်တပ်တွေလဲ ကျသည်။ သို့သော် ရုပ်ရှင်ထဲတွင် အင်္ဂလိပ်စစ်တပ်ကို မတွေ့ရ အားလုံးအမေရိကန်တွေပဲ ဖြစ်နေသည်။ ဂျာမန်တွေဘက်က ပိုဆိုးသည် ထိုတိုက်ပွဲများတွင်ပင် မဟာမိတ်တွေကျတာထက် ၂ဆမက ကျဆုံးသည်။ ရဲဘော်မပြောနှင့် ဗိုလ်ချုပ်ပင် ၃ဝ ကျော်ကျသည်။ ဘန်ကာများထဲတွင် အရှင်လတ်လတ်မီးတိုက်ခံရသည်။ ဆုတ်ခွာရချိန်တွင် ရိက္ခာပြတ်ကာ လူသားပင်စားရသည်ဟူ၏။ ထားတော့ ပြောရင်း ပြောရင်း ဘာလင်သိမ်းတိုက်ပွဲအထိရောက်သွားတော့မည်။ ကျွန်တော်ပြောချင်တာက ဒီဇာတ်ကားနဲ့တင် အင်္ဂလိပ်တပ်များ ဒုတိယကမ္ဘာစစ်တုန်းက လုပ်ခဲ့တာတွေ သဲထဲရေသွန်ဖြစ်ရသည်။ ဗြိတိသျှရုပ်ရှင်ထုတ်လုပ်ရေးက ကန့်ကွက်သည်။ သို့သော် ဟောလိဝုဒ်က ရှင်းရှင်းပဲပြန်ပြောလိုက်သည် ငါတို့လိုရိုက်နိုင်လျှင်ရိုက် မရိုက်နိုင်လျှင် ပါးစပ်ပိတ်… ။ ရှင်းသည်။

ဒါတင်ပဲလား မဟုတ်ပါ။ အဂ်လိပ်စစ်တပ်က အမေရိကန်တို့ထက် အနာခံကာတိုက်ခဲ့သော စစ်ပွဲတွေ မနည်းပါ။ Operation Market Garden, အာလာမိန်းတိုက်ပွဲ၊ Dankisk တိုက်ပွဲ အစရှိသည်တို့မှာ ပျောက်ဆုံးနေ၏။ အင်္ဂလိပ်စစ်သားများစွာ ကျဆုံးခဲ့သည်။ နှောင်းခေတ်လူများက ဒါတွေမေ့သွားပြီ။ The Longest Day, Hamberger Hill နှင့် Band of Brother စသည် စသည် မရေမတွက်နိုင်အောင် အမေရိကန်တို့ ဟီးရိုးဖြစ်ခဲ့ကြသည်။ ထိုစစ်ကားများတွင် အင်္ဂလိပ်တပ်များမှာ ဂျစ်ကားတစ်စီးနှင့် ဆေးလိပ်သောက်နေသူများ အဖြစ်သာ ပါဝင်ခဲ့ရသည်။နောက်လူများဆိုလျှင် ဒုတိယကမ္ဘာစစ်ဆိုတာ အမေရိကန်နှင့် ဝင်ရိုးစွန်းနိုင်ငံများတိုက်ပွဲ ဟုတောင်ထင်ကြလိမ့်မည်။

အရှေ့ဘက် စစ်မျက်နှာတွင်လည်း ဂျပန်တို့ အရှုံးနှင့်ရင်ဆိုင်နေရချိန် အမေရိကန်တို့အောင်ပွဲခံနေချိန်တွင်မတော့ မှန်ပါသည်။ အမေရိကန် အထိနာခဲ့သည်။ ဂျပန်တို့၏ ခါမိကာဇီ စိတ်ဓါတ်ကို မယှဉ်နိုင်သောအခါ နောက်ဆုံးလက်နက်ထုတ်သုံးလိုက်သည်။ အနှူမြူဗုံး နှစ်လုံးကြဲချလိုက်သည်။ အေးရော။ ဂျပန်ပြည်သူများစွာသေကြေခဲ့ရသည်။ ယခုတိုင်ပင် Radiation ပြသာနာများစွာရင်ဆိုင်နေရသည်။ သို့သော် အမေရိကန် မီဒီယာများက အနှူမြူဗုံးကိုမေ့လိုက်သည်။ ဂျပန်ကို ဗီလိန်လုပ်ကာ ရိုက်ထားသော ဇာတ်ကားတွေ မနဲမနော။ Pearl Habour, Wind Talker, Bridge on river Kwai အစရှိသော နာမည်ကျော်ရုပ်ရှင်ပေါင်းစုံ ဖြင့်ဂျပန်တပ်တွေကို ဆိုးဝါးလွန်းသော စစ်ဘီလူးတွေလိုရိုက်ထားသည်။ အနှူမြူဗုံးကြဲလိုက်သည်ကပင် မှန်သလိုလို လုပ်လာသည်။

ကဲ အဖြစ်မှန်ကို ပြန်ကြည့်ရအောင် ။ ဒုတိယကမ္ဘာစစ်အတွင်း သေဆုံးသူများ (စစ်သား only) စာရင်းကိုကြည့်ပါ။

အမေရိကန်စစ်သား လေးသိန်းခန့် (ရေတပ်အပါအဝင်)
ဆိုဗီယက်စစ်သား ရှစ်ဆယ့်ရှစ်သိန်း မှ တစ်ရာ့ခုနှစ်သိန်းကြား
ဂျပန်စစ်သား နှစ်ဆယ့် ခုနှစ်သိန်းခန့်
တရုတ်စစ်သား သိန်းသုံးဆယ်ခန့်
အင်္ဂလိပ်စစ်သား သုံးသိန်းရှစ်သောင်းကျော်
ပြင်သစ်စစ်သား နှစ်သိန်းခန့်
ဂျာမန်စစ်သား ငါးဆယ့်ငါးသိန်းခန့် ဖြစ်ကြသည်။

ဒါဆို အမေရိကန်မဟုတ်တဲ့ တခြားနိုင်ငံက စစ်သားတွေကရော ဘာအတွက်သေကြရတာလဲ။ သူတို့ကကော စစ်မတိုက်ဘူးလား။ မေးစရာဖြစ်လာသည်။ မဟုတ်ပါဘူး တိုက်ခဲ့ပါတယ်။ အစာငတ်ရေငတ် ရိက္ခာပြတ်ရင်း တိုက်ခဲ့ အသက်စွန့်ခဲ့ရတာပါ။ ဒါပေမယ့် သူတို့ အသက်စွန့်ခဲ့တာကို ဖေါ်ပြမယ့်မီဒီယာ မရှိတဲ့အတွက် နောက်လူတွေက အမှုမဲ့ အမှတ်မဲ့တောင် ဖြစ်နေကြပါပြီ။

ဒီဘက်ခေတ် ဗီယက်နမ်စစ်ပွဲ အီရတ် အာဖဂန်စစ်ပွဲများနှင့်ပတ်သက်သော စစ်ကားများကိုကြည့်ပါ။ We were soldiers, Platoon, Behind enemy line, Hurt Lockers. စသဖြင့်မရေမတွက်နိုင်သော အမေရိကန် စူပါဟီးရိုးဇာတ်ကားတွေ မနည်းပါ။ စစ်ကို စတိုက် စဗုံးကြဲ တာသူတို့ဖြစ်သော်လည်း ဇာတ်ကားတွေထဲမှာတော့ သူတို့က ကယ်တင်ရှင်ဟီးရိုးတွေဖြစ်နေသည်။ ဒါတွေကို လူတွေကလည်း သိသိကြီးနှင့်ကြည့်နေကြသည်။ အလွန်ကြည့်ကောင်းလို့ဖြစ်ပါသည်။ဒါပေမယ့် အမှားတွေ များလာတော့ အမှန်ဖြစ်လာသည်။ နောင်လာနောက်သားတွေ အားလုံး အမေရိက ကို အထင်ကြီးလာကြသည်။ အမေရိကန် လုပ်သမျှ အဟုတ်ထင်လာကြသည်။ ယခုပင် သင့်နားက တယောက်ကို မေးကြည့်ပါ။ အမေရိကန်တွေ ဝင်လာရင် ဘယ်လိုလုပ်မလဲလို့။ ဖြေပါလိမ့်မည်။ သူတို့က တိုက်တိုင်းနိုင်နေတာ အင်အားကြီးတယ် လူမလိုဘူး ဒုံးကျည်တွေပဲ လွှတ်လိုက်မှာ ကြောက်တယ်။ အစရှိသဖြင့် ဖြေကြလိမ့်မည်။ အမေရိကန်၏ ဆိုက်ဝါး လုံးဝကိုအောင်မြင်သည်။အသံကြားတာနဲ့တင်လန့်နေကြပြီဖြစ်သည်။

ကဲ ထားတော့ ဒါက အမေရိကန်ကို အပုတ်ချချင်လို့မဟုတ်။ Media ရဲ့ ကြောက်စရာကောင်းပုံကို ဖေါ်ပြတာပါ။ ကမ္ဘာ့အအောင်မြင်ဆုံး မီဒီယာ နိုင်ငံကြီးကို ဥပမာအရင်ပေးထားတာ။ ဒါဆို ကျုပ်တို့ မြန်မာနိုင်ငံကြီးကို ပြန်ကြည့်ရအောင်။ မြန်မာ့သမိုင်းမှာ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား စသဖြင့် အင်အားကြီးစစ်ဘုရင်များစွာရှိခဲ့သည်။ ယင်းတို့ အင်အားကြီးမားပုံကို နိုင်ငံခြားခရီးသွား တစ်ယောက်၏ မှတ်တမ်းတွင် “မြန်မာစစ်ဘုရင်၏ အင်အားကားကြောက်မက်ဖွယ်ကောင်းလှ၏ စစ်သည်အင်အားမဆိုထားဘိ စစ်ကြောင်းဖြင့်လိုက်ပါလာသော ခဝါသည် သည်ပင် သောင်းချီသည်” ဟုဖေါ်ပြထားသည်။ (ကိုးကား ရန်ကုန်ဘဆွေ- ရွှေဝါပြည်) ။ သို့သော် ယနေ့ခေတ်ကလေးများကို ကျန်စစ်သားအကြောင်းပြောပြလျှင် ပိန်ညှောင်နေသော ခနာကိုယ်နှင့် စက္ကူချပ်ဝတ် တန်ဆာများဝတ်ဆင်ကာ မဏိစနာ အား မခိုးမခန့်မထီတထီ လုပ်နေသော ရုပ်ပုံကိုသာလျှင်မြင်ယောင်ပေတော့မည်။ ထိုအပြင် စစ်ဘုရင် ဆိုသူကြီးများမှာ လူလေး ငါးမြောက် ငါးခြောက်နှင့် မြင်းပတ်စီးပြီး လူနှင့်မလိုက်သော (ပလတ်စတစ်ကြိုး နှင့်ပတ်ထားသော) လှံကိုကိုင်ထားကာ စက္ကူ ချပ်ဝတ်များ ဝတ်ထားသော လူဖလံလေးများဟုထင်မြင်လာပေတော့မည်။ ထိုထက်ဆိုးသည်ကား နန်းတော်ဆက်တင်များပင်ဖြစ်ချေသည်။ သုံးထပ်သားကို ဆေးသုတ်ကာ ထောင်ထားပြီး တက်ထိုင်နေသော ဘုရင် ဆိုသူအား မည်သို့လေးစားရမည်နည်း။ ဓါးကား ကျောက်တုံးဖြတ်ရန်ဝေးစွ အတုကြီးမှန်းသိသာနေသည်။ ကျန်ကျောင်းနှင့် ကျန်စစ်သား ချလျှင်မည်သူနိုင်မည်နည်းမေးကြည့်ပါ။ ကျန်ကျောင်းနိုင်မည်ဟု ကလေးတိုင်းကပြောကြပေမည်။ ယိုးဒယား သမိုင်းကားများကို ရှုလော့။ မြန်မာဘုရင်သည် ever ဗီလိန်ဖြစ်သည်။ ယုတ်မာကောက်ကျစ် ကူလီကူမာလုပ်သည်။ သို့သော် ယိုးဒယားဇာတ်ကားများထဲမှ မြန်မာဘုရင်သည် မြန်မာဇာတ်ကားများထဲမှ မြန်မာဘုရင်ထက် များစွာသားနားလှသည်။ စစ်သည်အင်အားများစွာ ကြောက်မက်ဖွယ်စစ်ဆင်များ စစ်မြင်းများ ကိုစီးကာ ချီတက်လာပုံမှာ များစွာအားကျဖွယ်ကောင်းလှချေ၏။ ကြံဖန်ကာ ဂုဏ်ယူမည်ဆိုလျှင်တော့ ဂုဏ်ယူစရာပင်။ တို့ဘုရင်ကို သူတို့ခုထိရှိန်နေသေးတယ်ပေါ့။ ဒါပေမယ့် ဒါကလည်းရုပ်ရှင်ပညာဖြစ်သည်။ ရန်သူကို အဆင့်မြင့်မြင့်ရိုက်ထားကာမှ မိမိတို့နိုင်လိုက်တာ ဂုဏ်ရှိမည်ဖြစ်သည်။ မြန်မာဇာတ်ကားများမှ ကလေးပင်မကြောက်သော ကုတ်အနက်ဝတ် လူကြမ်းများကို သင်မြင်ယောင်လာပေတော့မည်။ သို့နှင့်စိတ်ပျက်ဖွယ် မော်ကွန်းဇာတ်ကားများကိုသာ အရင်ဘုရင်များ ပြန်ကြည့်လို့ရမည်ဆိုပါက ရှက်လွန်းသဖြင့် ဒေါသထွက်ကာ ယင်းတို့ကိုလူမလေးခွေးမခန့်အောင် လုပ်သော ဒါရိုက်တာများအားလုံး တောင်စွယ်နေကွယ်ပင်မစောင့်တော့ပဲ ကွပ်မျက်ဖွယ်ရှိသည်။

ကဲ ပါတော်မူပုံ နယ်ချဲ့ဆန့်ကျင်ရေး ဇာတ်ကားကြီးများကိုလည်း ကြည့်ကြပါဦး။ နယ်ချဲ့ဆိုတာ ကြောက်စရာမဟုတ်ဟူသော ကြောက်မက်ဖွယ် အတွေးပင်ဝင်သွားလောက်သည်။ အင်အားလေး နှစ်ပဲတပြားနှင့် သေနတ်လေးကားတားကားတား ဂျပန် မာစတာများကို နယ်မှကလေးများပင်မကြောက်တော့ချေ။ တချိန်က ကင်ပေတိုင်စခန်းများတွင် အသက်စွန့်ခဲ့ရသော မြန်မာမျိုးချစ်များကို ကလေးများ၏ အမြင်တွင် ဟာသ ဖြစ်နေတော့မည်။ လက်မောင်းတွင် ကြယ်တပွင့်ပတ်ပြီး အပ်ကြောင်းထပ်နေသော စကားများကိုပြောကာ မျိုးချစ်တော်လှန်ရေးသမား ဟူသဖြင့်ကြွေးကြော်နေသေးသည်ကို စိတ်ပျက်ဖွယ်တွေ့နေရတုန်းပင် ဖြစ်သည်။ အလကားနေငိုနေသော ဇာတ်ကားများလည်းရှိသေးသည်။ ဂျပန်က ဘာမှမလုပ်ရသေး သူကငိုပြီ။ ဖက်ဆစ်တော်လှန်ရေးမှာ ကလေးများ၏ စိတ်တွင် ဟာသအမြင်သာရှိတော့သည်။ ထိုကလေးများသည် တချိန်လူကြီးဖြစ်လာတော့မည်။ သင်းတို့လေးတွေ လူကြီးဖြစ်လာပါက မြန်မာ့သမိုင်းမြောင်းထဲရောက်တော့မည်။ တချိန်က အသက်စွန့်ခဲ့ရသူများ ငပေါဖြစ်တော့မည်။ ဗိုလ်ချုပ်ကို မြင်စေချင်စမ်းသည်။

လွတ်လပ်ရေးရပြီ။ ထားပါတော့ ပါလီမန်ခေတ်နောက်ပိုင်းကိုတော့ အပြင်က ဒါရိုက်တာတွေ သိပ်မရိုက်တော့။ အရင်က စစ်အစိုးရဆင်ဆာတွေကြောင့် လည်းဖြစ်နိုင်သလို လိုင်စင်အပိတ်ခံရမှာကြောက်သောကြောင့်လည်းဖြစ်နိုင်သည်။ မရိုက်တာက ကိစ္စမရှိ။ ဒါပေမယ့် သမိုင်းကိုတော့ အဆင့်တန်းမှီမှီဖေါ်ထုတ်သင့်သည်။ တနိုင်ငံလုံး သူပုန်ထသည်။ ရန်ကုန်ကွက်ကွက်လေး ကျန်ရာမှ ဗမာ့သေနတ်ကိုင်တပ်ရင်း ချင်းသေနတ်ကိုင်တပ်ရင်း စစ်ရဲတို့ ပူးပေါင်းတိုက်သည်။ ဒီကြားထဲတောခိုသွားတဲ့တပ်ရင်းတွေက ရှိသေးသည်။ ဒုက္ခသုတ်ခ ပေါင်းစုံ အခက်အခဲပေါင်းစုံကြားမှ အင်းစိန်ကို အသေအလဲကာကွယ်ရသည်။ ဘုရားကြီးတိုက်ပွဲ ဒိုက်ဦး တောင်ငူ ဖြူး ဆက်တိုက်တိုက်ကြရသည်။ ပဲခူးရိုးမတွင်လည်း ဗကပ ကိုအမြစ်ဖြုတ်ခဲ့သည်။ မိုင်းယောင်းတိုက်ပွဲမှာဆိုလျှင် ကျွန်တော့ အဖိုးပင် အသက်စွန့်သွားခဲ့ရသည်။ တပ်မတော်၏စွန့်စားခန်းများက ပြောကာမကုန်ပေ။ ထိုခေတ်ထိုအခါက တပ်မတော်ကို လူအများချစ်ကြသည်။ ရှေ့တန်းပြန်လျှင်ပင် ပြည်သူလူထုက ဆော်ဩစရာမလို ထွက်ကြိုကြသည်။ ကြည်နူးဖွယ်အတိဖြစ်ပါသည်။ ထိုအချိန်က မီဒီယာများမှာတာဝန်ကြေကြသည်။ လူထုကို တပ်မတော်၏ ပကတိအခြေအနေကို ချပြနိုင်ခဲ့သည်။ နှောင်းတမြေ့မြေ့ (ကားဟောင်း)၊ ဇော့်ကိုချစ်မလား ကျော့်ကိုချစ်မလား၊ အမိမြေမှသားကောင်းများ၊ အချစ်တပွဲ စစ်ပွဲတရာ၊ အစရှိသဖြင့် စစ်ကားကောင်းများပေါ်ထွက်လာခဲ့သည်။ ပြည်သူလူထု၏ အားပေးမှုအလွန်ရခဲ့ပါသည်။ စစ်သားစရိုက်ကို အပီပြင်ဆုံးဖေါ်ပြနိုင်ခဲ့သည်။ နောက်ပိုင်းတွင် ဝေလည်းမွှေးကြွေလည်းမွှေး ၊ စစ်သွေးသစ္စာ စသည်တို့ လည်း အဆင့်မှီသော စစ်ကားများဖြစ်ပါသည်။

တပ်မတော်အစိုးရ အုပ်ချုပ်နေသော ကာလမှာမှ စစ်ကားကောင်းများ မှေးမှိန်ပျောက်ကွယ်သွားသည်မှာ အံ့ဩစရာပင်ဖြစ်ချေတော့သည်။ မူအားဖြင့်၎င်း ဆင်ဆာအားဖြင့်၎င်း တည်းဖြတ်မှုများကြောင့် စိတ်ပျက်ဖွယ်စစ်ကားများ ထွက်ပေါ်လာပါတော့သည်။ စစ်ကားထဲမှ စစ်သားသည် အပြင်မှ တကယ့်စစ်သားနှင့်မတူတော့ အမြင်ကတ်ဖွယ်စကားများ အလွန်ပြောသည်။ လေကြီးလေကျယ်နိုင်သည်။ ပြည်သူလူထုမပြောနှင့် စစ်သားခြင်းပင် တီဗွီထဲဝင်ကာ ပါးပိတ်ရိုက်ချင်မိသည်။ တပ်မတော်ကြီးသည် တပ်မတော်သား/စစ်သားများဖြင့်ဖွဲ့စည်းထားပါသည်။ စစ်သားဟူသည် လူတွေသာဖြစ်သည်။ လူလိုပဲနေထိုင်ပါသည်။ လူလိုပဲစားသောက်ပါသည်။ ဇာတ်ကားထဲကလို တောင့်တောင့်ကြီးမနေပါ။ ဖက်ထိပ်လဲမလုပ်ချင်ပါ။ စစ်ဆင်ရေးမရှိလျှင်နားချင်သည်။ အရက်လေးလဲ အားရင်သောက်ပါသည်။ ပျော်တတ်ကြပါသည်။ ဇာတ်ကားထဲတွင်တော့ မဟုတ် ဘယ်ရဲဘော်မှအပြင်မှာ မပြောသော စကားလုံးများကို ဇာတ်ကားထဲမှရဲဘော်သည် အလွန်ပြောသည်။ အရက်မသောက်၊ အိမ်ပြန်လျှင်ပင်လက်ဘက်ရည်ဆိုင်မထိုင်ဘူးဟူ၏။ ကြည့်ရှူသူများမှာ ကလေးတွေမဟုတ်ပါ။ ဒါလောက်ကတော့ ဖြီးနေမှန်းသိပါသည်။ အထက်အောက် ရိုသေလေးစားမှုရှိပါသည် သို့သော် စိတ်အခန့်မသင့်လျှင် ရန်တော့ဖြစ်တတ်သည်။ နှောင်းတမြေ့မြေ့ (ကားဟောင်း)တွင် အထက်က ဆေးဗိုလ်ကြီးမှ မိမိရည်းစားကို လုသဖြင့် ဒေါသထွက်ပြီး ဗိုလ်ဖြစ်သူမှ ကျောက်ခဲကို ခြေထောက်နှင့်ကန်ထုတ်လိုက်သည့် အကွက်ကို ကားသစ်တွင် ဆင်ဆာမိတော့သည်။ မဆိုင်ပါ။ လူပဲ ဒေါသထွက်မပေါ့ ကိုယ့်ရည်းစားလူလုတာ။ သူ့ဘာသာ ဆေးဗိုလ်ကြီးမကလို့ ဗိုလ်မှူးကြီးပင်ဖြစ်စေကာမူ ဒေါသထွက်ပြီး လက်သီးနှင့်ပင်ထိုးမိလိမ့်မည် ဒါကလူ့သဘာဝပဲ။ သဘာဝကို ဆင်ဆာဖြတ်သဖြင့် ယုတ်တိမရှိတာတွေ ရိုက်ကုန်သည်။

Pacific ဆိုသော အမေရိကန်ဇာတ်ကားထဲတွင် စစ်သားများ၏ဘဝကို သဘာဝကျကျသရုပ်ဖေါ်ထားသည်။ စစ်သားများတွင် ကြောက်သောသူများလည်းပါသည်။ သေနတ်သံကြားကာ သေးထွက်ကျသောအခန်းပင်ပါသည်။ စိတ်ပျက်ကာ မိမိဘာသာ သတ်သေသော စစ်သားများလည်းပါသည်။ ခပ်နွဲ့နွဲ့ စစ်သားများလည်းပါသည်။ အရက်ဂျိုးများလည်းပါသည်။ ပြန်မပြောနားမထောင်များလည်းပါသည်။ စစ်သားစရိုက်အတော်ပေါ်လွင်ပါပေသည်။ ဘာဂုဏ်မှမတင်ပါ။ ဒါပေမယ့် နိုင်ငံအတွက် အသက်ပေးကာ တိုက်ပွဲဝင်နေပုံကိုတော့ ပေါ်လွင်အောင်ရိုက်သွားသည်။ ဇာတ်ကားကြည့်ပြီးသော အခါ မည်သူမျှ ထိုစစ်သားများကို အထင်မသေးပါ။ တကယ့်စစ်ပွဲမှ စစ်သားများကို ပိုမိုသနားစိတ်ဝင်မိကြသည်။ ဒါကမှ တကယ့်ပညာဖြစ်သည်။

နောက်တခုဆိုးသည်ကား အဖွဲ့အစည်းတစ်ခုကို တပ်မတော်ထက် ဂုဏ်တင်လွန်းခြင်းဖြစ်သည်။ စစ်တပ်သည် စစ်တပ်သာဖြစ်သည်။ နိုင်ငံရေးနှင့်မရောထွေးသင့်ပေ။ သို့သော် ယင်းအဖွဲ့အစည်းက စစ်တပ်ပင်မနိုင်သော သူပုန်အား အနိုင်တိုက်လိုက်သော ဇာတ်ကားတစ်ကားထွက်လာသေးသည်။ များစွာရုပ်ပျက်လှပါ၏။ တချိန်ကတပ်မတော်၏ သူရဲကောင်းများစွာကို တချက်တည်းနှင့် စော်ကားလိုက်ခြင်းပင်ဖြစ်သည်။ ထိုဇာတ်ကားများမှာ ကလေးများအပျင်းပြေပုံပြောသလောက် ဇာတ်ညွန်းသာရှိသည်။ ညီအစ်ကို သုံးယောက်ရှိခိုင်း သုံးယောက်လုံးကို ကြည်းရေလေ အစဉ်လိုက်ထည့်။ တဖက်ကလည်း သမီးသုံးယောက်တခါတည်းမွေးပြီးသား နှစ်ဖက်တွေ့ ပေးစား။ အပေါစားဇာတ်ကားမှန်းသိသာလွန်းလှသည်။ စစ်သားက စစ်သားအလုပ်မလုပ်ပဲ ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြော သဖြင့် အရာရှိစစ်သည်များ ထိုဇာတ်ကားကိုကြည့်ပြီး ဝိုင်းဆဲကြသည်ကို ကိုယ်တွေ့မြင်ဖူးပါသည်။

မပြောမပြီးသဖြင့် ပြောရဦးမည်။ Rambo တို့ အာနိုးတို့ behind enemy line တို့ကိုအားကျသည်ထင့်။ အားကျသည့်အထဲ ဂျိမ်းဘွန်းပါ ပါမည်ထင်သည်။ ကြည့်ရတာ ဇာတ်လမ်းအားလုံး ရောမွှေထားတာဖြစ်မည်။ လေယာဉ်ပျက်ကျသည်။ ဓါးတချောင်းနှင့် ပစ္စတိုတလက်သာပါသည်။ မည်သို့မည်ပုံလုပ်လိုက်သည်မသိ။ ရန်သူ့အားလုံး သေကုန်သည်။ ရန်သူ့တပ်မဟာမှူး ဒေါသထွက်ပြီး သေသည်။ တပ်ရင်းတစ်ရင်းနှင့် အချိန်တပါတ်ခန့် ယူလုပ်ရမည့် ထောင်ချောက်များကို မင်းသားက ငါးမိနစ်ထဲနှင့်လုပ်သွားပြီး ရန်သူတွေကို သေစေသည်။ AK 47 တလက်နှင့် ကွင်းပြင်ထဲတွင် တက်ပစ်ရာ ဘန်ကာထဲမှ ရန်သူအကုန်သေသည်။ ရန်သူဖမ်းသွားသော မိန်းကလေး အယောက် ၄ဝ ထဲမှမော်ဒယ်လ်မလေး ဆယ်ယောက်ကိုသာ မင်းသားနှာဘူးမှ ရွေးကယ်လာသည်။ လမ်းတွင် ဂျပန်ခေတ်မှ ရွှေများ တူးဖေါ်မိသေးသည်။ မင်းသား အဖျားတက်သဖြင့် မိန်းကလေးများက ဝိုင်းပြုစုကြသည်။ ဪ အာနိုးတို့ စတားလုံးတို့ပင် သူ့လောက် မကောင်းစားပေ။

ထိုကားကို နိုင်ငံတကာပွဲတော်တခုတွင် ပြကြည့်ပါက မြန်မာ့ရုပ်ရှင်လုပ်ငန်းသာမက မြန်မာ့တပ်မတော်ပင် သိက္ခာကျပေတော့မည်။

သရုပ်ဆောင်များမှာလည်း လုံးလုံးအသုံးမကျပါချေ။ မင်းသားများကား အခြားအဆင့်မလုပ်လိုကြ။ အရာရှိသာတက်လုပ်ကြသည်။ တလောက policy ကားတကားဆိုလျှင် လူကလက်တောက်လောက်ပင်မရှိသော်လည်း ဗိုလ်မှူးအဆင့်တံဆိပ်ကို တပ်နေကြပြီ။ မည်သို့မျှမလိုက်ဖက်ပါချေ။ တပ်မတော်တွင် အဆင့်အတန်းအမျိူးမျိုးရှိသော်လည်း အားလုံးတန်းတူနီးပါးနေရပါသည်။ ဘယ်သူကမှ အခွင့်ထူးခံမနေပါ။ ရှေ့တန်းတွင် မြေခင်းတခင်းထဲ အတူအိပ်ရသလို အတူတူစားရပါသည်။ မြို့ပေါ်မှ uniform လှတပတ နှင့် သွားလာနေသူများမှာ တပ်မတော်၏ လက်တဆုပ်စာပင်မရှိပါချေ။ အားလုံးမှာ စစ်ဆင်ရေး လုံခြုံရေး စသည်တို့ဖြင့် လူရုပ်ပင်မပေါ်အောင် လှုပ်ရှားရုန်းကန်နေရသည်များကို လူထုကိုသိစေချင်ပါသည်။ ထိုဇာတ်ကားများမှာကဲ့သို့ ရှေ့တန်းတွင် အမိုးအိမ်ဝင် လက်ဘက်ရည်သောက် ဘကြီးအိမ်ဝင် ထမင်းစားလုပ်လို့မရပါ။ အမိုးအိမ်ဝင်ပါက ဖထီးက M16 နှင့်ဆွဲမည်ကို သိထားသဖြင့် မိုးရေထဲမှာ တဲထိုးပြီး စုတ်တီးစုတ်ပြတ်နေနေရသည်။ ရေမရှိလျှင် ဗွက်ရေကိုသောက်ရသည်။ ဒါကိုရိုက်ပြလို့ ရှက်စရာမဟုတ်။ တပ်မတော်သိက္ခာကျမသွားပါ။ အဖြစ်မှန်ကို သိသော ပြည်သူများ စစ်တပ်ကို ဂရုဏာ သက်မိမည်ဖြစ်သည်။ စစ်သားအများစု တောထဲတောင်ထဲ ငှက်ဖျားမိ ဆေးမရှိ သေကြေကျ၊ တိုက်ပွဲတွင်းဒဏ်ရာရ ၊ မိုင်းထိ ခြေထောက်ပြတ်နေတာတွေက တကယ်ဖြစ်နေတာပါ။ စစ်ကားထဲမှာလို ရဟတ်ယာဉ်နဲ့လဲ လာမကြိုပါဘူး။ အထမ်းနဲ့ အော်ဟစ်ပြီး သွားရတာပါ။ ဒါတွေကို ပြည်သူသိအောင် ချပြကြပါ။ တကယ်တမ်းတပ်မတော်သားတွေ ဘဝ ဘယ်လောက်ကြမ်းတယ်ဆိုတာကို အမှန်အတိုင်းရိုက်ပြကြပါ။ ဟိန်းဝေယံတို့ ဗိုလ်မှူးအပွင့်တပ်ပြီး နေပြည်တော်မှာ ဖွန်ကြောင်နေတဲ့ပုံထက် တကယ့်စစ်မြေပြင်က အခြေအနေကို လူတွေသိအောင်ရိုက်ပြသင့်ပါတယ်။

တကယ်ဆို ၁၉၈၈ တိုင်းပြည်ပျက်ဖို့ လက်တလုံးခြား စသဖြင့် အပ်ကြောင်းထပ်နေတဲ့ စကားလုံးတွေ ပြောနေတဲ့ ဇာတ်လမ်းတွေအစား ၁၉၈၈ အရေးအခင်းတုန်းက လုံခြုံရေးတာဝန်ယူခဲ့ရတဲ့ စစ်သား/အရာရှိငယ်လေးတွေ ခံစားချက်ကို ပေါ်လွင်အောင် ရိုက်ပြသင့်တယ်။ တဖက်က ချီတက်လာတဲ့ ရဟန်းရှင်လူတွေဖြစ်ပေမယ့် သူတို့လက်ထဲမှာ ခဲတွေ တုတ်တွေ ကိုင်ထားတာ ပြီးတော့ စည်းကျော်ရင် ပစ်ရမယ်လို့ပေးထားတဲ့ အမိန့်၊ ဒါတွေကိုလွန်ဆန်ဖို့ကြတော့ နိုင်ငံတော်ပုန်ကန်မှု ဆိုတဲ့ စစ်ဥပဒေ (အဲ့သည် ဥပဒေအရ မလုပ်ဘူးဆိုတဲ့ရဲဘော်ကို သေဒဏ်ပေးလိုက်လို့ ရတယ်နော်။ နေရာတင်ပစ်သတ်လိုက်လို့ရတယ်) စသဖြင့် အချက်ပေါင်းများစွာထဲမှာ ဝေခွဲမရဖြစ်နေပုံတွေကို ရိုက်ပြသင့်ပါတယ်။ ခုတော့ တခါလာလည်း နားကြားပြင်းကတ်စရာ နိုင်ငံတော်တာဝန်မလွှဲမရှောင်သာရယူ တခါလာလည်း လက်တလုံးခြားက ကယ်တင်နဲ့ပဲ မုန့်လုံးစက္ကူကပ်နေတာပါ။ ပြည်သူလူထုမဆိုထားနဲ့ အဲ့ဒီ့ရုပ်ရှင်တွေကြည့်လို့ စစ်သားရင့်မာကြီးတွေတောင် စစ်တပ်ကို အမြင်ကတ်နေကြရတယ်။

တကယ်တမ်း အဖြစ်မှန်တွေကို ပြည်သူတွေကို ချပြနိုင်မယ့် စစ်အက်ရှင်ဇာတ်ကားကောင်းကောင်းထွက်လာမှာကို အမြဲမျှော်လင့်ပါတယ်။ စစ်ကားတကားထွက်တိုင်း မြန်မာ့ရုပ်သံမှာစောင့်ကြည့်ပေမယ့် စိတ်ပျက်ဖွယ်ဇာတ်ကားတွေကိုပဲတွေ့နေရပါတယ်။ ကျွန်တော်ချစ်သော/မွေးကတည်းက ကြီးပြင်းခဲ့ရာ အမိတပ်မတော်ကို လူအမြင်ကတ်အောင်လုပ်နေတဲ့ ရုပ်ရှင်တွေကို အမြဲတွေ့နေရလို့ ကျွန်တော် ဒီဝေဖန်ရေးဆောင်းပါးကို ရေးသားလိုက်ရတာဖြစ်ပါတယ် ခင်ဗျား…..

578723_449047461783512_279174785_n

ဒေါက်တာကိုကိုဦး
၂၇.၇.၂၀၁၂

http://www.facebook.com/notes/ko-ko-oo/%E1%80%81%E1%80%BA%E1%80%AC%E1%80%90%E1%80%B0%E1%80%B8%E1%80%9C%E1%80%94%E1%80%B9-%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%85%E1%80%85%E1%80%B9%E1%80%80%E1%80%AC%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8/10151061281009417

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ထောက်ပြထားတာလေးတွေ အတော်လေး ပြည့်စုံမှန်ကန်လွန်းတာကြောင့်တစ်ကြောင်း၊ ရင်ထဲရှိနေတဲ့ ပြောပြချင်တာလေးတွေကို ပြည့်ပြည့်စုံစုံပြောပြသွားတာကတစ်ကြောင်း၊ ငယ်ငယ်ကစစ်သားသားသမီး တစ်ယောက်အနေနဲ့ ကြီးပြင်းခဲ့ရပြီး တစ်ချိန်က စစ်သားတစ်ပိုင်းလဲဖြစ်ခဲ့ဖူးတာမို့ မဖတ်ရသေးသူများ ဖတ်ရှုနိုင်ကြစေရန် ထပ်မံဝေမျှလိုက်ရပါကြောင်းနဲ့ ဒီစာလေးဖတ်ပြီး ငယ်ငယ်က တပ်မှာ စစ်ကားနှစ်တိုင်းလာရိုက်နေကျက အတွေ့အကြုံလေးကို ကိုယ်ပိုင်ရေးအနေနဲ့ ရေးတင်မယ်စိတ်ကူးထားပါတယ်။

ရှူံးနိမ့်မှုများနဲ့.. လူ
(ခေတ္တလူ့ပြည်)

11 comments

  • သကြားလုုံးကြော်

    February 5, 2013 at 6:27 am

    မီဒီယာက ဇာတ်ညွှန်း ကောင်းကောင်းမရိုုက်နိုုင်တာထက် အစိုုးရက မီဒီယာကိုု လက်ဝါးကြီးအုုပ်ထားလိုု့ လိုု့ ထင်တာပဲ။ အမှန်အတိုုင်းတွေရိုုက်ပြလိုုက်လိုု့ ဒါရိုုက်တာတွေရော၊ ဇာတ်ညွှန်းဆရာတွေရော အငွေ့ပျံသလိုု ညတွင်းချင်းပျောက် ကုုန်မှာပေါ့။

    ငယ်ငယ်တုုန်းကတော့ ဒီလိုု မြန်မာ စစ်ကား မစစ်တစစ်တွေကြည့်တော့ ကောင်းမှကောင်း။ မင်းသားတွေက အထင်ကြီး စိတ်ကူးယဉ်စရာ အရာကြီးကြီး စစ်ဗိုုလ်တွေ၊ မင်းသမီးတွေက လည်း ချောချောလှလှ။ အားလုုံးကိုု အဆင်ပြေလိုု့။ ကျမအဖေက အဲဒီစစ်ကား မစစ်တစစ်တွေကိုု ပေါ်လစီကားလိုု့ခေါ်တယ်။ ကျမတိုု့ ကလေးတွေကြည့်နေရင် စိတ်ဆိုုးတယ်။ အရေမရ အဖတ်မရ ပေါ်လစီကားတွေ ကြည့်နေပြန်ပြီဆိုုပြီး။ တီဗီမှာကလည်း ကိုုးရီးယားကားတွေ ခေတ်မစားခင်ကကြည့်စရာရုပ်ရှင်ဆိုုလိုု့ ဒါပဲ ခဏခဏပြတော့ ကြည့်တာပေါ့။

    နောင်လာနောက်သားတွေကိုု ဦးနှောက်ဆေးတာလဲပါတာပေါ့။ ကိုုရှုံးတိုု့လိုု စစ်အဖြစ်မှန်တွေနဲ့ နီးစပ်ပြီးသားလူတွေ အတွက် ကွက်ကွက်ကွင်းကွင်းမြင်သာပေမဲ့ နောက်ပိုုင်းမှ မွေးတဲ့ ၈၈နဲ့ မနီးတဲ့လူငယ်တွေ ဆိုု ဒါတွေပဲ ကြည့်ပြီးကြီးလာတာဆိုုတော့ အမှန်တွေ အမှားတွေ ဘယ်ဟာမှန်းမသိတော့ဘူး။ ဒီအတိုုင်း ဆက်သွားရင် နောက်နှစ်၃၀-၅ဝလောက်မှာပဲ အကုုန် ဦးနှောက်ဆေးပြီးသား ဖြစ်သွားလောက်ပြီ။

    တော်တော် ငယ်ငယ်တုုန်းက ကြည့်တုုန်းကတော့ အဟုုတ်ထင်ပြီး အထင်တွေကြီးနေတာ။ ဒီလိုုကားတွေကြောင့်ပဲ ကျမတိုု့ ၁ဝတန်းအောင်တဲ့ အချိန်က မေဂျာတက္ကသိုုလ်တွေလည်း ပိတ်နေချိန်မိုု့ စစ်ဆေးတိုု့ စစ်တက္ကသိုုလ်တိုု့ ခေတ်စားလိုုက်သေးတယ်။ သူငယ်ချင်းတွေထဲမှာတင် အများကြီး။ ကျမကိုုယ်တိုုင်တောင် ဖိုုက်တာ ပိုုင်းလော့ ဖြစ်ချင်လိုုက်သေးတယ်။ ဦးနှောက်ဆေးတာ အတိုုင်းအတာတခုု ထိတော့ ထိရောက်တယ် ပြောရမလား။ အနည်းဆုုံးတော့ ကျမလိုု ပုုဇွန်ဦးနှောက်မျိုးကိုု ဆေးဖိုု့ ရည်ရွယ်တယ်ထင်တယ်။

  • ဦးကြောင်ကြီး

    February 5, 2013 at 10:36 am

    ကျုပ်တို့ဘော်ဒါ ချာတူလံတယောက်လည်း စစ်ကားရိုက်နေတာ သိပ်ကောင်းဆိုပဲ… ဘာကောင်းတာလဲ မေးကြည့်အုံးမပါ….. :kwi:

  • Char Too Lan

    February 5, 2013 at 11:35 am

    ဒါပေမယ့် အထက်ကပြောသွားတဲ့ ကျူပ်နာမည်နဲ့ အိုက်ဇက်ကားဒွေ ကျူပ်ရိုက်တာမှုတ်ဝူး
    ကျုပ်အခုရိုက်မယ့် `ဒလဟာဘာ´ ကိုဇက်ညွှန်းရေးနေတယ် … မင်းသားမင်းသမီးတွေလဲရွေးပီးပီ
    ဂျို ့စ်ကြောင်နက် (Josh Catnett)
    ဘင်န်မိုက်ကယ်အောင်ပု (Ben Michael Aungpu)
    ကိတ်ဘယ်ကင်ရွှေအိ (Kate Beckinshweei) တို့ကို ကမ်းလှမ်းထားတယ် …
    ကျုပ်၂နှစ်ကျော်ကျော် ၃နှစ်လောက်အချိန်ယူပီး ဂဘာနဲ့ယှဉ်နိုင်အောင်ရိုက်မယ် … ကမ်းမင်းဆွန်းးးးးးးးး
    (ဒလိုက်တာ တျောက်၏လေသံ)
    ===========
    ဟိဟိ နံမယ်ပိုင်ချင်ဒွေ ခွင့်လွှတ်နော်!! ချရို့စတာ .. :mrgreen:

  • Shwe Ei

    February 5, 2013 at 12:08 pm

    ဟိန်းဝေယံတို့ ဗိုလ်မှူးအပွင့်တပ်ပြီး နေပြည်တော်မှာ ဖွန်ကြောင်နေတဲ့ပုံထက် တကယ့်စစ်မြေပြင်က အခြေအနေကို လူတွေသိအောင်ရိုက်ပြသင့်ပါတယ်။

    သဘောကျလွန်းလို့ Highlight လုပ်ပါရဇီခညာ။ :harr:

  • Traditional Medicine

    February 5, 2013 at 1:24 pm

    မှန်ပါတယ် ထောက်ခံပါတယ်………ဒါ……ဒါပေမဲ့ လည်းလေ ဟိန်းဝေယံ ထက် ဆိုးတဲ့ သူတွေ အများကြီးရှိနေပါတယ်
    (MA TA SA)ခု…. ခု…… နောက်ပိုင်းပေါ့လေ..

  • DEPARKO DEPARKO

    February 5, 2013 at 2:06 pm

    သွေးထွက်အောင်မှန်ပါ့ ပြောချင်နေတဲ့စကားလုံးတွေကို စိတ်ချင်းတူ ကျွန်တော့ကိုယ်စားပြောပေးသွားလို ့

  • kai

    February 5, 2013 at 2:35 pm

    တိုင်းရင်းသားအချင်းချင်း.. သတ်ကြတဲ့ပြည်တွင်းစစ်တွေထဲက.. စစ်သားတွေဘဝ…
    အင်း..
    ဘယ်လိုရုပ်ရှင်ရိုက်ရိုက်.. .ရုပ်သေရိုက်ရိုက်..(ကျုပ်အတွက်ကတော့). ကြည့်ကောင်းမယ်မထင်မိဘူး..။
    တပ်မတော်က.. နိုင်ငံရေးထဲဝင်ရှုပ်နေတာကလည်း.. ရည်ရွယ်ချက်လမ်းမှားနေတာမို့.. သူတို့ဘဝခံစားနားလည်ပေးလို့မရဘူး..
    ဆိုတော့…
    မြန်မာ့တပ်မတော်သားတွေ.. ယူအန်င်ငြိမ်းချမ်းရေးတပ်မှာတာဝန်ထမ်း.. ကမ္ဘာ့/မြန်မာ့ငြိမ်းချမ်းရေးထိမ်းသိမ်းသူဖြစ်တဲ့နေ့ရောက်မှ… :harr:

  • Mobile

    February 5, 2013 at 8:31 pm

    အားပေးသွားပါတယ် ကိုရင်ရှုံးကြီးရေ
    မြန်မာစစ်ကားမှချာတူးလန်တာဟုက်ပါဘူးဗျာ
    ဘာကားပဲဖြစ်ဖြစ် ချာတူးလန်တာကများပါတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 5, 2013 at 8:45 pm

    လူအထင်ကြီးအောင်ပြောနေကြတာပါ
    ခုနေများကမ္ဘာကြီး ငြိမ်းချမ်းခြင်သလား
    မမေခြင်းမှတ်ထားဂျ 👿
    သေနတ်ကိုင်ထားတဲ့အကောင်တွေအကုန်သေကြစမ်း
    အဲ့သည်ကောင်တွေအကုန်သေလို့မှ ကမ္ဘာကြီးမငြိမ်းချမ်းရင်
    ကျုပ် အလယ်ဗင်းကို ကျုုပ်ကိုယ်ဒိုင်ဖြတ်ပျစ်မယ်
    သေနတ်ဆိုတာကို ကိုင်ခြင်မှတော့
    ဘယ့်နှယ် ငြိမ်းချမ်းရေးအလိုရှိရမဒုံး
    ဟဲဟဲဟဲ
    နည်းနည်းထောင်ပေးလိုက်တာ

    • kai

      February 6, 2013 at 6:46 am

      Obama’s “WAR IS PEACE” speech (edited to 9 minutes) – YouTube
      ► 8:55► 8:55
      http://www.youtube.com/watch?v=0puOEHzguSg
      Dec 12, 2009 – Uploaded by islandonlinenews
      President Barack Obama delivers his Nobel Lecture after accepting the Nobel Peace Prize at Oslo City Hall …

  • ဂန္ဓာရီ ဆြာအုပ်

    February 5, 2013 at 11:12 pm

    ပိုက်ဆံကုန်
    အချိန်ကုန်
    မျက်စိညောင်း
    အဓိပါယ်မရှိ
    အကုသိုလ်ဖြစ် သော ကြောင့်
    မြန်မာ သောက်ပေါကားများ
    လုံးဝမကြည့်ပါ

Leave a Reply