ဒါဇင်ပလပ် အဖွဲ့သားများရဲ့ သတ္တမအကြိမ်မြောက် အလှူကို ၃.၂.၂၀၁၃ နေ့မှာ အောင်မြင်စွာ လှူဒါန်းနိုင်ခဲ့ပါတယ်။ ဒီတစ်ခေါက် သွားလှူခဲ့တဲ့ကျောင်းကတော့ (၅)ရပ်ကွက်၊ (၇/၈)လမ်းဆုံအနီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ထဲက တိက္ခာရာမ သီလရှင်စာသင်တိုက်နှင့် သီလရှင်သင်ပညာရေးကျောင်းတစ်ကျောင်းပါ။ မိဘမဲ့ကလေးတွေနဲ့ ဆင်းရဲနွမ်းပါးတဲ့ကလေးတွေကို အခမဲ့ပညာသင်ကြားပေးနေတဲ့ကျောင်းလေးပဲဖြစ်ပါတယ်။ ကျောင်းကို အဓိကအုပ်ချုပ်နေတာကတော့ ဆရာလေးဒေါ်တိက္ခဉာဏီနဲ့ ဆရာလေးဒေါ်ကုသလဉာဏီ တို့နှစ်ပါးပါ။  ဒါဇင်ပလပ်အဖွဲ့သားတွေ သွားလှူတဲ့အချိန်မှာတော့ အုပ်ချုပ်တဲ့ ဆရာလေးနှစ်ပါးလုံးက ခရီးထွက်နေလို့ မတွေ့ခဲ့ရပါဘူး။ ဒါနဲ့ ကျောင်းမှာရှိနေတဲ့ ဆရာလေးတွေကိုပဲ စားစရာ၊ စာရေးကိရိယာပစ္စည်းတွေနဲ့ အလှူငွေ(၁၆၂၅၀၀)ကို လှူဒါန်းခဲ့ပြီး သိချင်တာလေးတွေကို တစ်ယောက်တစ်ပေါက် အင်တာဗျူးခဲ့ရပါတယ်။ ဟိုလူမေး၊ ဒီလူမေးတာတွေကို ဖြေပေးရတာနဲ့ ဆရာလေးတွေလည်း တော်တော့ကို အလုပ်ရှုပ်သွားပါတယ်။

O

၁။ လေးပေါက်ရဲ့ဒါန SEIKO နာရီ၊ ကရဲစည်လှူတဲ့ ခေါက်ဆွဲသုပ် ပွဲတစ်ရာ၊ ဒါဇင်ပလပ်အဖွဲ့သားများရဲ့ ပညာဒါန စာရေးကိရိယာများနဲ့ အလှူငွေ

ဆရာလေးတွေရဲ့ ပြောကြားချက်အရတော့ ဒီကျောင်းလေးကို (၂၀၁၀)ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာပါ။ အခုထိတော့ မူလတန်းအဆင့်ထိပဲ ကျောင်းမှာစာမေးပွဲဖြေဆိုခွင့်ရှိပါသေးတယ်။ အလယ်တန်းနဲ့ အထက်တန်းတွေကတော့ တွဲဖက်ကျောင်းဖြစ်တဲ့ ဇဗ္ဗူဥသျှောင်ကျောင်းမှာ သွားရောက်ဖြေဆိုရပါတယ်တဲ့။ မူလတန်းကနေ အထက်တန်းအထိကို ကျောင်းသားပေါင်း (၂၅၀)လောက်ရှိပါတယ်။ စာသင်ကြားပေးတဲ့ ဆရာ၊ဆရာမတွေကတော့ အားလုံးပေါင်း(၂၁)ယောက်ပါ။ အဲဒီ့ထဲမှာမှ တစ်ယောက်ကို တစ်လ(၄၀၀၀၀)နှုန်းနဲ့ လစာပေးရတဲ့ ဆရာ၊ဆရာမကတော့ (၁၁)ရှိပါတယ်။ ကျန်တဲ့ဆရာ၊ဆရာမတွေကတော့ သူ့ဘာသာရပ်အလိုက် အချိန်ပိုင်းလာပြီး ပညာဒါန သင်ကြားပေးတာပါ။ study guide လာလုပ်ပေးနေတဲ့ လူငယ်လေးတွေကိုလည်း တွေ့ခဲ့ရပါတယ်။

O

၂။ ပို့စ်အမျိုးအမျိုးနှင့် ချစ်စဖွယ်ကလေးများ……………..

နောက်ထပ်တွေ့ခဲ့ရတာကတော့ ကျောင်းမှာရှိနေတဲ့ မိဘမဲ့ကလေးတွေပါပဲ။စုစုပေါင်း အယောက်(၈၀) ရှိတယ်လို့ပြောပေမယ့် အားလုံးကိုတော့ မတွေ့ခဲ့ရပါဘူး။ သိချင်တာတွေကို ဆရာလေးတွေက ပြောပြပြီးတော့ စာသင်ကျောင်းဆောင်ကို လိုက်ပြခဲ့ပါတယ်။  ယခု လက်ရှိကျောင်းဆောင်ကတော့ စာသင်ကြားလို့ သိပ်အဆင်မပြေလောက်ပါဘူး။ အတန်းတစ်ခုနဲ့ တစ်ခုကြားမှာ ထရံတစ်ဝက်လောက်ပဲ ကာထားတာပါ။ စာသင်ချိန်ကလည်း နေ့လည် (၁၂)နာရီကနေ ညနေ(၅)နာရီအထိကို တစ်ချိန်တည်းသင်တာဆိုတော့ အခုလက်ရှိ စာသင်ဆောင်အခြေအနေနဲ့ဆိုရင် ဆရာ၊ဆရာမတွေ အားစိုက်ပြီး သင်ကြားရမယ့်ပုံစံပါ။

O

၃။ လက်ရှိ အသုံးပြုနေသော စာသင်ဆောင်ရှိ စာသင်ခန်းများ……………..

O

၎။ အကာမကောင်းပေမယ့်လည်း အလင်းရောင်တော့ ကောင်းကောင်းရပါတယ်…………

ဆောက်လက်စကျောင်းဆောင်ကြီးကိုတော့ တွေ့ခဲ့ရပါတယ်။ အလှူရှင်တွေလာရောက်လှူဒါန်းသလောက်နဲ့ပဲ အဆောက်အဦးကို စထားတာပဲဖြစ်ပါတယ်။ ပြီးစီးဖို့ကတော့ လိုပါသေးတယ်။ အခုထိတော့ လှူဒါန်းမယ့် အလှူရှင်တွေကို လိုအပ်နေပါသေးတယ်။

O

၅။ ဆောက်လက်စ ကျောင်းဆောင်အတွက် လှူဒါန်းနိုင်ပါတယ်………………

လှူစရာရှိတာတွေကိုလှူ၊ သိချင်တာတွေကို မေးပြီးတဲ့နောက်မှာတော့ အားလုံးပဲ အသီးသီးအိမ်ပြန်တဲ့လူကပြန်၊ သွားစရာရှိတဲ့လူသွားနဲ့ လမ်းခွဲခဲ့ကြပါတယ်။ ဒါဇင်ပလပ်ရဲ့ ပညာရေးအလှူတစ်ခု အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးခဲ့ပါတယ်။ ၀မ်းသာပီတိတွေကတော့ အဖွဲ့သားတိုင်းရဲ့ ရင်ထဲမှာ အပြည့်ဖြစ်နေမှာပါ။

ဒါဇင်ပလပ်ရဲ့သတ္တအကြိမ်မြောက်အလှူအတွက် ပို့စ်ကို နောက်ကျမှ တင်ရတဲ့အတွက် အားလုံးကို တောင်းပန်ပါတယ်။ အခုတလော အလုပ်တွေရှုပ်နေတာနဲ့ အွန်လိုင်းပေါ်ကို လုံးဝမရောက်ဖြစ်လို့ပါ။ အားလုံးပဲ အေးချမ်းပျော်ရွှင်နိုင်ကြပါစေ…………………………………….

လေးစားစွာဖြင့်………..

ဒါဇင်ပလပ်အဖွဲ့သူ၊ အဖွဲ့သားများ

(www.dozenplus.org)

dozenplus-h-logo

About Nyein Nyein

Nyein Nyein has written 5 post in this Website..