ဇွန်လ ၁ ရက် မိုးရေစက်တွေကြားမှာ
လူဖြစ်လာခဲ့တဲ့သားလေ
ဒေါ်စံမေရဲ့ မြေး
မျိုးသန့်လေးအတွက် ရတနာ
လောကအလယ်မှာ
အသန့်အကောင်းတွေနဲ့ စံရဖို့
အဖေတို့ကြိုးစား
၁ နှစ်သားကတည်းက
အပေါ်ထပ်မှာ အဖွားနဲ့အိပ်
တိတ်ဆိတ်ခြင်း မဲ့ခဲ့တဲ့ အဖေတို့အိမ်ထောင်ရေးကြားမှာ
သားဟာ လူကြီးလေးပမာ နေတတ်ခဲ့တယ်နော်
အရွယ်အတော်ရောက်လာပြီးတဲ့နောက်
ကျောင်းအပ်ရတဲ့အခါ Smart School  မှာထား
သားကို သူများထက်သာစေချင်ခဲ့တယ်
သား စာရေးနေတဲ့အခါ
အဖေ့ခမျာ အမောတွေပျောက်
လူလားမြောက်တဲ့အထိ
အဖေ အားတွေရှိနေအောင်ဆုတောင်းမိတယ်
မင်းအမေ ဒူဘိုင်းမြေကပြန်လာတဲ့အခါ
ပါလာတဲ့လက်ဆောင်ပုံတွေကြား
ငါ့သားပျော်နေတာမြင်တော့လည်း
သြော် သူ့အမေပဲ လို့ ဖြည့်တွေး
အမေတည်းတဲ့ဟိုတယ်ဟာ
သိပ်မိုက်တာပဲအဖေရာ တဲ့
ဟိုတယ်နဲ့အိမ် ကွာခြားမှု
မိသားစုရဲ့ အဓိပ္ပါယ်
သား တစ်နေ့ နားလည်လာလိမ့်မယ်
၎ တန်းဆိုတဲ့အရွယ်ကျော်လာတော့
ICEC  မှာထား
ကျောင်းလခ ငါးသောင်း ကျောင်းကားခ တစ်သောင်းခွဲ
ဘာအကြောင်းလည်း သားရယ် သားအတွက်ပဲကွယ်
အဖွားရယ် အဖေရယ်က အမေမဲ့သားအတွက်
အစစ အဆင်ပြေရေး ကြိုးစားပေးနေတယ်လေ
ညနေကို ဈေးဝင် သားစားချင်မှာလေးတွေဝယ်
အိမ်မရောက်ခင် တစ်ထောက်နား
၂ ပက်ထက် ပိုမများပါဘူးကွာ
ညစာဆိုတာစားအပြီး အဖွားကြီးနဲ့မင်းက တီဗီရှေ့
အဖေကတော့ မီးဖိုချောင်ဝင်
နောက်တစ်နေ့အတွက် ချက်ပြုတ်ထား
ကျောင်းကားလာတဲ့ ၆ နာရီ
ကဗျာကသီ နှိုးစရာမလိုတဲ့သား
မင်း ကျောင်းသွားပြီးမှ အဖေရေချိုး
သဝေထိုးစရာမရှိ ပျင်းအိအိ
၈ နာရီမှာ အိမ်ကထွက်
လှည်းတန်းဘက်မှ သံလမ်းဆီ
ရုံးမရောက်မီ လဘက်ရည်သောက်
ဒီလိုနဲ့ ညနေပြန်ရောက်ပြန်
စက်ရုပ်ဆန်တဲ့ ထူးမခြားနားနေ့တွေကြား
တောင်တောင်အီအီလည်း မစဉ်းစား
အမိမဲ့သား ရေနည်းငါး ဆိုတဲ့စကား
ငါ့သားအတွက် မဖြစ်စေရ
အချစ်တွေက သားအပေါ်
အများမော်သလို မော်စေရမှာမို့
အဖေ့သား ဘယ်တော့မှ ရေနည်းငါး ဖြစ်မလာ
အဖေ့ကိုသာ  ယုံလိုက်ပါ ။

 

1 (2)

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..