နင် ရှိနေသေးတယ်….

Thit San KhantFebruary 7, 20133min1364

(၁)
လက်ချိုးတွက်ရေလို့ ရတဲ့ ငါ့နေ့စွဲ တွေထဲ
မသိမသာ နင် တိုးဝင်လာခဲ့တယ်…
နင့် ရယ်သံတွေကို စွဲလမ်းတက်ခဲ့ပြီး
ငါ့ ခြေလှမ်းတွေတိုင်း အမြဲလိုလို
နင်ရှိရာ အရပ်သို့ ဦးတည်ပြန်တယ်…
(၂)
သံယောဇဉ် ခိုင်မြဲတယ်လို့
ငါပြောလိုက်တိုင်း နင်ရယ်တယ်..
နိုးတဝက် အိပ်တဝက် ည မနက်တွေကို
နင်ဖန်ဆင်းတဲ့ ကကွက်တွေထဲ
ငါ ခြေစုန်ပစ်ခဲ့တယ်..
ပြန်ရခဲ့တာက နင့် ရဲ့ မာန တစ်ချို့နဲ့
အကျွင်းအကျန် ကြင်နာမှု တစ်စုံ…
(၃)
ငါ စိတ်တွေလေတိုင်း နင် အပြုံးတစ်ခုနဲ့
ဘေးနားက ဖေးမတယ်…
“ငါရှိနေသေးတယ်လေ ဘာလိုသေးလဲ” တဲ့
ဒီ စကား ဒီ အသံတွေ ကြားတိုင်း
အိပ်မက်ဆိုးက နိုးထ ရဲခဲ့ပြီ….
ရှေ့တိုးမရ နောက်ဆုတ်မရ အလွမ်းဇတ်တွေကိုလဲ
ငါ မေ့လျော့ နိုင်ခဲ့ပြီ…
ဘာတွေပဲ ဖြစ်ဖြစ် ငါ့ဘေးနား
နင် ရှိနေသေးတယ်….
(၄)
နောက်ဆုံး အခေါက် ဖြေလျော့တဲ့ လက်တစ်စုံ
သူမ အဝေးကို ထွက်ခွာပြေးတော့မယ်..
ငါကိုယ်တိုင် တားပိုင်ခွင့်က ဆွံ့အ နေစဲ…
ဝေးသလို နီးသလို နဲ့ ခရီး အဝေး တစ်ခု
မမြင်နိုင် မကြားနိုင်မယ့် နေရာ တစ်ခု
သူမ ထွက်ခွာ သွားရတော့မယ်…
(၅)
ခပ်ယဲ့ယဲ့ အပြုံးနဲ့ မျက်ရည်စ တစ်ခု ကို
ငါ မမြင်အောင် သူမ လှစ်ဝှတ်ကွယ်ခဲ့တယ်…
တစ်ချိန်က ပြောခဲ့တဲ့ စကား
ငါရှိနေသေးတယ်…. တဲ့
ခု မရှိတော့ တဲ့ အခါမှာများ…
နှုတ်ဆက်ခဲ့ပါတယ် ဆိုတဲ့ စကားကို မသိကျိုးကျွန်ပြု၍
နောက်သို့ လှည့်အထွက်
ညှင်သာစွာ တိုးတိတ်တဲ့ အသံ ယဲ့ယဲ့လေး တစ်ခွန်း…
ဘယ် အချိန်ဖြစ်ဖြစ် ငါ့အနား…
 –
နင် ရှိနေသေးတယ်…..
သစ်ဆန်းခန့်

4 comments

  • Myo Thant

    February 7, 2013 at 2:55 pm

    သစ်ဆန်းခန့် အတွက် နင် ရှိနေသေးတယ်…..

    ခံစားဖတ်ရှုသွားပါတယ်ဗျာ

    ကျနော့်အတွက်ကတော့ ရွာရှိရင် ရပါပြီ

    🙂

  • မောင်ပေ

    February 7, 2013 at 7:38 pm

    ဘာဖြစ်ဖြစ်ပေါ့ကွယ်…
    အနဲဆုံးတော့….
    နင်ရှိနေသေးတယ်…..
    (ဝိုင်ဝိုင်း သီချင်းမှ)

    • လုံမလေးမွန်မွန်

      February 7, 2013 at 10:21 pm

      အွန်..တူများက အဲ့သီချင်းကို ဆိုမို့.. ကပေက ဦးတွားဒယ်…
      အရမ်းကြိုက်တဲ့သီချင်း.. 🙂

      ကိုသစ်ဆန်းခန့်ရေ…. ကဗျာလေးကို ခံစားသွားပါတယ်…
      အချိန်က ကုစားပေးမယ်ဆိုပေမယ့် နေတတ်အောင် နေဖို့တော့ အတော်ကြိုးစားရမယ်ထင်တယ်နော်… နင် ပြန်လာပါစေလို့.. … …

  • ရွှေ ကြည်

    February 9, 2013 at 12:42 pm

    ခွဲခွာခြင်းဟာ ချိုမြိန်ခြင်းမဲ့လေတော့
    ပါးပြင်ကမျက်ရည်တော့ သက်သေမပြုလိုတော့ပါဘူး
    နင်ခက်ခဲချိန်မှာ ငါ့စိတ်နဲ့ခွန်အားကိုတော့
    အဝေးကပို့ပေးမှာပေါ့
    ဘယ်လောက်ဝေးပါစေတော့
    ငါ့မေတ္တာတော့ နင့်အနားရောက်လာမှာပေါ့ကွယ်။

    ……………………………………..

    ကိုသစ်ဆန်းခန့်ကောင်မလေးကိုယ်စားပြောပေးတာ :mrgreen:
    ကဗျာလေးကောင်းတယ်ဗျို့။

Leave a Reply