ပုဂံဘုရားဖူးထွက်ခြင်း(၁)

Ko chogyiFebruary 7, 20131min1858

ဗေးကလုံရဲ့အမိန့်အရ အိမ်မှာ MG ဖတ်နေရာကနေ နောက်ထပ်ဘုရားဖူးထွက်ဖို့ စီးတော်ဘီးကိုဆွဲလို့(ဒီနားဟိုနားမို့ စက်ဘီးလေးနဲ့ပဲ) သီရိပစ်စရာရွာဘက်ကို လှမ်း ခဲ့ပါတော့တယ်။ ငယ်ငယ်က မြို့ဟောင်းမှာနေစဉ်  အဲဒီရွာကလေးကိုဖြတ်ပြီး ဘုရား ဖူးသွားရင် တောရွာဓလေ့နဲ့ ကြည့်ကောင်းတဲ့ရွာကလေးပေါ့။ အခုတော့ ပေါက်ကံ ရွှေပြည် ပုဂံမြို့သစ်ကြီးက သူ့ရွာဘေးမှာနေရာယူလိုက်တော့ ရွာကလေးက နည်းနည်း ငုပ်သွားတယ်။ အရင်က ဒေါ်ဇီးကွက်စိန် နေခဲ့တဲ့ရွာကလေးပေါ့။ သိတယ်မဟုတ်လား အုပ်အုပ်လိုအရပ်မျိုးလေ။

ပုဂံ-ချောက်ကားလမ်းပေါ်ကနေ မြေနီလမ်းကလေးကို ချိုးကွေ့လိုက်တာနဲ့ ရခိုင် ပြည်နယ်၊ မြောက်ဦးကသျှစ်သောင်းပုထိုးတော်နဲ့ ပုံစံခြင်းခပ်ဆင်ဆင်တူတဲ့ အရှေ့ ဖက်လိပ်နဲ့၊ အနောက်ဖက်လိပ်ဘုရားနှစ်ဆူကို ဖူးမျှော်လိုက်ရပါတယ်။ ဘုရားရှေ့မှာ ခုံလေးခင်းပြီး မကျည်းလိပ်တွေ၊ သနပ်ခါးတုံးတွေနဲ့ ပုန်းရည်ကြီးတွေရောင်းနေတာ တွေ့ရပါတယ်။ ဆိုင်နံမည်ကို ဗီနိုင်းနဲ့ အကျအနလုပ်ထားတာ “ ရွာသူမစစ်တစစ် ဂျူလိုင်မ”တဲ့။

petleik-west-pagoda

အရှေ့ဖက်လိပ်ဘုရားမှာတော့ အိုးပုတ်ဂျိုးရုပ်တွေရှိ အဲလေမှားလို့ မြေမီးဖုတ်အုတ် ချပ်တွေမှာ မင်းညီမင်းသား၊ သိကြား(မန်းကမဟုတ်)၊ နတ်၊ ရုက္ခစိုး၊ နတ်တွေ  သဘာဝရှုခင်းတွေပြုလုပ် ထားတာ တွေ့မြင်နိုင်ပါတယ်။ အနောက်ဖက်လိပ်ဘုရားမှာတော့ ၅၅ဝ ဇာတ်တော်ကို အုတ်ချပ်တွေနဲ့   ပြုလုပ်ထားတာတွေ့မြင်နိုင်ပါတယ်။

ဖက်လိပ်ဘုရားများကနေ ဆက်ထွက်လာခဲ့တော့ ရှေးယခင်က လောကနန္ဒာလှေ ဆိပ်ရယ်လို့ အမည်တွင်ခဲ့တဲ့ ဧရာဝတီမြစ်ကမ်းမှာ  ရေခပ်ဆင်းနေတဲ့ လုံမပျိုတွေ၊ ရေ ချိုးနေတဲ့ ကလေးလူကြီးအရွယ်စုံကို တွေ့မြင်ရပါတယ်။ သောင်ပြင်မှာတော့ ရွာစား ကျော်ကျော်၊ ရင်နာတဲ့သူ၊ အမြဲရှုံးနေသူ၊ သူရငါရဆိုတဲ့သူနဲ့ ကမ်းနီးဆိုတဲ့သူတို့ ခြင်း လုံးခတ်ကစားနေတာတွေ့မြင်ခဲ့ရပါတယ်။

ဘုရားပေါ်တက်မယ်အလုပ်လှေခါးရင်းမှာ ဂျလေဘီရောင်းနေတာတွေ့လို့အဆာပြေ ဝယ်စားခဲ့သေးတယ်။ ဘုရားရင်ပြင်တော်ပေါ်မှာ ဝတ်ပြုပူဇော်ရင်း တစ်ပတ်ပတ်တဲ့အခါ ဧရာဝတီမြစ်ဖက်ကို မျက်နှာလှည့်ထားတဲ့ ထိုင်ခုံလေးတွေ တွေ့လို့ ခဏလေညှင်းခံထိုင် လိုက်မိပါတယ်။ အဲဒီအခါ အနောက်ဘက်တောင်တန်းကို မေးတင်နေတဲ့ နေမင်းကြီးနဲ့ အတူ ရွှေရောင်တောက်ပတဲ့ တန့်ကြည့်တောင်စေတီကို ဖူးမျှော်ခဲ့ရပါတယ်။ သာယာ တဲ့ ညနေခင်းနဲ့ ဧရာဝတီမြစ်ကမ်းအလှကို တဝကြီးခံစားနိုင်တဲ့နေရာလေးပေါ့။ တန့် ကြည့်တောင်အောက်ခြေက မီးခိုးတလူလူတွေ့လိုက်လို့ ခင်ခင်မင်မင်ရှိနိုင်တဲ့ ကျွန်း ချောင်းစက်ရုံဖြစ်မယ်လို့ တွေးမိပါတယ်။

lawkananda2

လောကနန္ဒာစေတီတော်ကြီးကို အနော်ရထာမင်းကြီးတည်ထား ကိုးကွယ်ခဲ့တာ ဖြစ်ပြီးတော့ ရှေးဟောင်းပုဂံဒေသရဲ့ ထင်ရှားတဲ့ စွယ်တော်လေးဆူမှာ ပါဝင်တဲ့ စေတီ တော်ဖြစ်ပါတယ်။ ထိုအတူ လောကနန္ဒာလှေဆိပ်ဟာလည်း ရှေးယခင်အခါက ကုန် သွယ်လှေ များ စည်ကား ဆိုက်ကပ်ရာအရပ်ဖြစ်ပါတယ်။

ဘုရားပေါ်ကပြန်အဆင်းမှာ ရေကန်ဖက်ကိုဆက်သွားပြီး ရေကန်ထဲက Water Fish (ရေထဲမှာနေတဲ့ငါးကိုပြောတာပါ)ကို အစာကျွေးခဲ့သေးတယ်။ ရေကန်အလယ်မှာ ရှင်ဥပဂုတ္တကိုယ်တော် ကျောင်းဆောင်ရှိလို့ Water Polo ဆော့လို့တော့ရမှာမဟုတ်ဘူးလို့ ကြံကြံ ဖန်ဖန်တွေးမိပါသေးတယ်။

ရေကန်ထိပ်မှာတော့ တင်တင်နဲ့ငြိမ်းငြိမ်းညီမနှစ်ယောက်ရောင်းတဲ့ မဉ္ဇူသကနတ်ပန်း ဆိုတာရှိသေးတယ်။ ဪ ဒီပန်းက တစ်ကယ်မဉ္ဇူသကနတ်ပန်းဆို ဦးမာဃ အောက် ဆိုက်ရှာတဲ့အနေနဲ့ ရောင်းခိုင်းတာလားမသိဘူး၊ တစ်ကယ်တမ်းတော့ ဦးမာဃတောင် စားဖူးမှာမဟုတ်ပါဘူး။ သိကြားထက်သာအောင် ဝယ်စားဦးမှဆိုပြီး တစ်ထုတ်လောက် တော့ဝယ်ခဲ့ပါတယ်။

ညနေပိုင်း နေဝင်ရီတရော အချိန်ဖြစ်လာလို့ အိမ်စောစော ပြန် လိုက်တော့မယ်။ နောက်နေ့မှ နောက်ထပ်ဘုရားတွေ ဆက်ဖူးတာပေါ့နော်။

(တိုက်ဆိုင်မှုရှိရင်ခွင့်လွှတ်ပါ မည်သူကိုမျှမရည်ရွယ်ပါ၊ နာမည်တူ၊ အကြောင်းအရာ တူသူများခွင့်လွှတ်ပါ၊ ဖြစ်ရပ်မှန်မဟုတ် စိတ်ကူးယဉ်သက်သက်ဖြစ်ပါသည်။)

8 comments

  • မောင်ပေ

    February 7, 2013 at 7:31 pm

    ဘုရားကို ကြည်ညိုစွာဖူးမြှော်သွားပါတယ်ဗျို ့

  • ဂန္ဓာရီ ဆြာအုပ်

    February 7, 2013 at 9:44 pm

    ဥချိုဂျီးကတော့ လုပ်ပီ
    မင်းသိင်္ခ လားအောက်မေ့ရ
    တော်တော်လေး ဖတ်လိုက်ရတယ်
    အဟုတ်အောက်မေ့လို့..
    ရီရတယ် ဟိ

  • padonmar

    February 7, 2013 at 10:05 pm

    အော်
    ပုဂံဘာရားဖူးကို တစ်ရွာလုံးခေါ်သွားတာပေါ့။

  • လုံမလေးမွန်မွန်

    February 7, 2013 at 10:29 pm

    ဖက်လိပ်ဘုရားတွေကို ခုမှ မြင်ဖူးတာ..ပုဂံကို မသွားဖူးသေးဘူး..မြန်မာမပီသသေးဘူးလို့ ပြောလို့ရမယ်ထင်တယ်…ဒါမယ့်..စာရွက်ပေါ်မှာတော့ တစ်နိုင်ငံလုံးနှံနေပြီ… 🙂

    နောက်နေ့ကျရင် ကလေးတွေကိုပါ ခေါ်လာခဲ့ဦးနော်.. 🙂

  • P chogyi

    February 8, 2013 at 8:06 am

    ဘုရားဖူးတဲ့ဦးပေ၊ ဓာတ်သေဆရာ၊ အစ်မပဒုမ္မာ၊ လုံမလေးမွန်မွန်တို့ကို ကျေးဇူးပါ။
    အစ်မပဒုမ္မာရေ တစ်ရွာလုံးဘုရားဖူးခေါ်မလို့ လူကမစုံသေးတော့ ဆက်ရေးရဦးမယ် ကိုရီးယားကားလို အခန်းဆက်ပေါ့။ မွန်မွန်ရေ လူများရင်အကြောင်းအရာအများကြီးရေးရမှာကြောက်လို့ လူပျိုဘဝက ဘုရားဖူးလို့ မှတ်လိုက်ပါ။

  • Mr. MarGa

    February 8, 2013 at 9:57 pm

    ပုဂံ ဘုရားဖူးဆိုလို့ ကျော်သွားတာ
    အခုမှဝင်ဖတ်မိတယ်
    ဆက်သာဆက်ပါဗျာ
    အဲလို အတွေး အရေးတွေကို သဘောကျမိပါ့

  • နွယ်ပင်

    February 9, 2013 at 10:49 am

    ပုဂံကိုငယ်ငယ်တုန်းကတော့ တစ်နှစ်ခေါက်လောက်နီးနီး ပုံမှန်ဘုရားဖူးထွက်ဖြစ်ပင်မဲ့
    အခုတော့ မရောက်တာ တော်တော်ကိုကြာနေပါပြီ …
    ဒါနဲ့လေ ဘုရားဖူးထွက်တာ တစ်ရွာလုံးခေါ်သွားတာလားဟင် ….

  • နွယ်ပင်

    February 9, 2013 at 10:52 am

    ပုဂံကိုငယ်ငယ်တုန်းကတော့ တစ်နှစ်တစ်ခေါက်လောက်နီးနီး ပုံမှန်ဘုရားဖူးထွက်ဖြစ်ပင်မဲ့
    အခုတော့ မရောက်တာ တော်တော်ကိုကြာနေပါပြီ …
    ဒါနဲ့လေ ဘုရားဖူးထွက်တာ တစ်ရွာလုံးခေါ်သွားတာလားဟင် ….

Leave a Reply