ဂျာနယ်တစ်စောင် ထုတ်ဝေခြင်း

 

စီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်ကြည့်မယ် လို့ စပြီး စိတ်ကူးမိတော့ ၊ ကိုယ်ဘာလုပ်ရမလဲ အရင်တွေးကြည့်တယ်။ လုပ်စရာတွေကတော့ တပုံတပင်ပါပဲ။ လုပ်ချင်စရာလုပ်ငန်းတွေက အများကြီးရယ်။ ဒါပေမယ့်လည်း ကိုယ်ဝါသနာပါတဲ့ ဟာတွေနဲ့လည်း မကိုက်ညီလေတော့ အချိန်ကြာကြာလုပ်လေ စိတ်ညစ်လေဖြစ်မှာလည်းစိုးရသေးတယ်လေ။ ဒါကြောင့် ကိုယ်ကိုယ်တိုင်စီးပွားရေး လုပ်ငန်းတစ်ခု ထူထောင်တဲ့ အချိန်မှာသေချာစဉ်းစားရတာပေါ့။ ကိုယ်ကိုယ်တိုင် ၀ါသနာဘာလဲ လို့ စဉ်းစားမိတော့။ အနုပညာနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေနဲ့ မီဒီယာလုပ်ငန်းတွေကို သိပ်စိတ်ဝင်စားတာကလား။ ဒီခေတ်ကလည်း မီဒီယာတွေ အလွန်ကို ခေတ်စားပြီး၊ အတော်လေး အလုပ်ဖြစ်ကြတာက မျက်မြင်ကိုယ်တွေ့ပဲမဟုတ်လား။ အွန်လိုင်းမီဒီယာဖြစ်ဖြစ် ၊ တယ်လီဗေးရှင်းန်ပဲ ဖြစ်ဖြစ် ၊ Printed Media ပဲဖြစ်ဖြစ် လူတွေက စိတ်ဝင်တစားရှိကြတာ လေ။ ဒါကြောင့် မီဒီယာ အလုပ်ကို တော့ စိတ်ဝင်တစားရှိလှသားရယ်။ မီဒီယာအလုပ်ကို စိတ်ဝင်စားတယ်ဆိုတော့ စီးပွားရေးအရ အလုပ်လုပ်မယ်ဆိုရင်တော့ သေချာ သပ်သပ်ရပ်ရပ်လေး လုပ်ရမှာပေါ့။ ကဲ..မီဒီယာထဲမှာ ဘယ်လိုမီဒီယာအမျိုးအစားကို စီးပွားရေးအရလုပ်မယ်ဆိုတာကိုစဉ်းစားကြည့်တော့။ လူတွေနဲ့အနီးစပ်ဆုံးက ပရင့်တက် မီဒီယာပဲ။ ဟုတ်တယ်။

 

ခေတ်ကိုကဂျာနယ်တွေ ခေတ်စားတဲ့ ခေတ်ဆိုတော့က ဂျာနယ်တစ်စောင်ကို ထုတ်ပစ်လိုက်မယ်လို့ စိတ်ကူးမိတယ် အခြေအနေတွေလည်း ပြောင်းသွားပြီမဟုတ်လား ဂျာနယ် တစ်စောင်ထုတ်တာ ဘာခက်တာလိုက်လို့ ၊ လွယ်သမှ သိပ်လွယ်ပဲလေ။ ဟိုတုန်းကလို မဟုတ်တော့ဘူး ကွန်ပြူတာ တစ်လုံးရှိရုံနဲ့ သီချင်းခွေ ထုတ်လို့ရသလို ၊ အွန်လိုင်းစီးပွားရေးလည်း လုပ်လို့ရတယ်။ ဒါတောင် အွန်လိုင်းသုံးဖို့အတွက် အင်တာနက်လိုင်း ရှိစရာမလိုဘူး။ Wi-Fi ရတဲ့ အင်တာနက်ဆိုင်ထဲဝင်သွားပြီး ကော်ဖီတစ်ခွက်မှာ သောက်ပြီး ကိုယ့်အလုပ်ကိုယ်လုပ်ရုံပဲ။ ရေလည် လန်းတယ်နော်။

 

အခုလည်း ကြည့်လေ ဂျာနယ် တစ်စောင် ထုတ်မယ် ဆိုတော့ ဘယ်လိုအမျိုးအစား ဂျာနယ်ကို ထုတ်ရမယ် ဆိုတာ စဉ်းစားစရာက ဖြစ်လာပြီ။ သတင်းဂျာနယ် ထုတ်ရင် ကောင်းမလား ပထမဆုံး စဉ်းစားကြည့်တယ်။ မဖြစ်ဘူး။ ဘာလို့လဲဆိုတော့ ဒီမှာက သတင်းဂျာနယ်တွေ က ပွစိတက်လို့ ၊ ဒါမှမဟုတ်ရင် အနုပညာ နဲ့ ပတ်သက်တဲ့ ဂျာနယ်ကိုထုတ်ရင် ကောင်းမလား ၊ ဒါလည်း မဖြစ်သေးဘူး။ ဘာလို့လဲဆိုတော့ သတင်းဂျာနယ်ပဲဖြစ်ဖြစ် ၊ ပေါ့ပ်ဂျာနယ်ပဲဖြစ်ဖြစ် ၊ အနုပညာသီးသန့်ပဲ ဖြစ်ဖြစ် အနုပညာ နဲ့ပတ်သက်တာတွေ ဖောဖောသီသီ သုံးကြတာမဟုတ်လား ၊ အခုမှထလုပ်မယ်ဆိုရင်တော့ ဘယ်လိုမှ တိုးပေါက်မှာမဟုတ်ဘူး။ မောသွားနိုင်တယ်လေ။  ဒါဆို ဘောလုံးဂျာနယ် ထုတ်ရင်ကောင်းမလား။

 

ဒါတော့ နည်းနည်း စဉ်းစားစရာ ဖြစ်လာပြီ ၊ လောင်းလိုက်ကြတဲ့ ဘောလုံးပွဲတွေ ၊ ဟုတ်သော်ရှိမဟုတ်သော်ရှိ ထင်မြင်ချက် ဆောင်းပါးလေးငါး ခြောက်ခုနဲ့ အင်တာနက်က ဟိုက်လိုက် အားကစားသတင်းတွေ ကို ရိပ်ဖမ်းသံဖမ်း ဘာသာပြန်ပြီး သတင်းတွေထည့် ပြီးရင် ဘောလုံးသမားတွေရဲ့ ပရိုဖိုင်တွေကို တပတ်တမျိုးစီ မရိုးရအောင် ထည့်ပေး နောက်ပြီးကံစမ်းမဲလေး ဘာလေးနဲ့ ဆွဲဆောင်လိုက်ရင် မဆိုးဘူး။ ပြီးတော့လည်း အားကစားဝါသနာပါတဲ့ ဆယ်လီဗရစ်တီ တွေနဲ့ စကားစမြည်တွေ ဘာတွေကို ထည့်ပေးလိုက်ရင် အိုခေပြီ။ အင်း ဒါပေမယ့်လည်း ဘောလုံးဂျာနယ်တွေကို လက်ချိုးရေလိုက်တော့ ဘောလုံးအသင်းမှာ ရှိတဲ့ လူက ဆယ့်တစ်ယောက် ။ ထွက်တဲ့ အားကစား/ဘောလုံးဂျာနယ်က ဆယ်တစ်မျိုးမကဘူး။ ဘောလုံးဂျာနယ်တွေက ရှိတဲ့ အယ်ဒီတာတွေကို တစ်ယောက်ချင်းစီခေါ်ရင်တောင် အရံလူတောင့်တောင့်တင်းတင်းနဲ့ ဘောလုံးအသင်းတစ်သင်းလောက် ဖွဲ့လို့ ရလောက်တယ်။

 

အင်း…ဒီတော့စဉ်းစားရခက်ချေပြီ။ ဘာကျန်သေးလဲကြည့်တော့ နည်းပညာ။ ဟုတ်တယ်…ဒီနည်းပညာပဲ… နည်းပညာကို အသုံးချရမယ်။ ဒီမှာက နည်းပညာက အခုမှ ခေတ်စားတာဆိုတော့က နည်းပညာနဲ့ ပတ်သက်တာတွေကလည်း လူတွေက စိတ်ဝင်စားကြတယ်ပေါ့လေ..။ ခေတ်ကိုက နည်းပညာခေတ် မဟုတ်လား ။ နည်းပညာအကြောင်းတွေ ပါတဲ့ ဂျာနယ်ဆိုရင်လူတွေက စိတ်ဝင်စားကြမှာပဲ။ ဒါတော့သေချာတယ်။ နည်းပညာဆိုရင် ပြီးတာပဲ။ ဘထ္ထရီအိုးလုပ်ငန်း အကြောင်းကနေ အင်တာနက် နည်းပညာအထိ အကုန်ထည့်ရေးလိုက်ရင် အစုံပါတဲ့ နည်းပညာ ဂျာနယ်ဆိုပြီး လူတွေ စိတ်ဝင်စားနိုင်တာပေါ့။

 

အရင်ဆုံးစဉ်းစားရမှာက ကိုယ့်ဂျာနယ်မှာ ၀န်ထမ်းခန့်ဖို့ကိစ္စ ၊ ကိုယ်ကိုယ်တိုင်က ထုတ်ဝေသူဆိုတော့ ကိုယ်ကိုယ်တိုင်ပဲ အယ်ဒီတာချုပ်ရမယ်လေ။ ဒါဖြစ်သင့်တာပေါ့ ၊ အယ်ဒီတာတွေဘာတွေ သီးသန့်ခန့်နေစရာမှမလိုတာ။ ကိုယ်ပဲ ထုတ်ဝေ ၊ ကိုယ်ပဲ အယ်ဒီတာလုပ် ၊ ကိုယ့်စိတ်ကြိုက် အိုင်ဒီယာနဲ့ ကိုယ့်စိတ်ကြိုက်လုပ်မှ စိတ်တိုင်းကျ ဖြစ်မှာပေါ့လေ။

 

အယ်ဒီတာက ကိုယ်ကိုယ်တိုင်ပဲဆိုတော့ ဟုတ်ပြီ ၊ ဒီဇိုင်နာကရော…ဒါကလည်း ဘာခက်လို့လဲ ကိုယ့်ဘာသာ ဒီဇိုင်းဆွဲမယ် ၊ ကိုယ်ဘာသာ စာရိုက်မယ်၊ ကိုယ့်ဘာသာ Layout ခင်းမယ် ၊ သိပ်ပြီး သေသပ်စရာလည်းမလိုပါဘူးလေ။ ဂျာနယ်ဖတ်တာ က ၀ထ္ထုစာအုပ်ဖတ်တာမှမလိုတာ။ ပြီးတော့ကိုယ်က ဖိုတိုရှော့ပ်လေး ဘာလေး နည်းနည်းပါးပါး ။ မတောက်တခေါက်လည်း လုပ်ဖူးတယ်မဟုတ်လား ။ ဒီလောက်တော့ အေးဆေးပါ။ စာပြင်စာစစ်နဲ့ ၊ မားကက်တင်းအတွက်ကတော့ လူခန့်ရမှာပေါ့၊ ဒါတောင် စာပြင်တာတွေ စာစစ်တာတွေ ကိုယ့်ဘာသာ လုပ်လို့ရတယ်။ ကိုယ်ကိုယ်တိုင်စာရိုက်တာဆိုတော့က ကိုယ်ကိုယ်တိုင် စစ်လို့ရတယ်လေ။

 

မားကက်တင်းကတော့ လိုကိုလိုအပ်တယ် ။ နှစ်ယောက်လောက်ကတော့ လုပ်ရမယ်လေ။ ပြီးတော့ သတင်းထောက် ၊ ဟိုဟိုဒီဒီသတင်းလေးတွေ ယူဖို့အတွက် သတင်းထောက်လေး နှစ်ယောက်လောက်ကတော့ ခန့်မှပဲ။ ဒါတောင် သတင်းထောက်တွေကို လိုအပ်ရင်လိုအပ်သလို မားကက်တင်း ပိုင်းကို လုပ်ခိုင်းရမယ်။ သတင်းယူတာပဲမဟုတ်ဘူး မာကတ်ရှာဖွေရေးကိုပါ တွဲပြီးလုပ်ခိုင်းရမယ်။ ဒါဆိုရင်အိုခေပြီ။ တော်ပြီ ၀န်ထမ်းငါးယောက်လောက်ဆိုရင် ဂျာနယ် တစ်စောင် ကောင်းကောင်းလုပ်လို့ရပြီလေ။ ကိုယ်က နည်းပညာဂျာနယ်ဆိုတော့ နည်းပညာ ပစ္စည်းတွေကို ဂျာနယ်မှာ များများပါအောင်လုပ်ရမယ်။ အဓိကက စာတွေ များများပါဖို့မလိုဘူး။ ပုံတွေများများပါဖို့လိုတယ်။ အဓိကက ပုံတွေကြည့်ကြတာ စာကို နောက်မှဖတ်တာ စာသိပ်မပါလို့ သိပ်ကိစ္စမရှိဘူး။ ခေါင်းမစားဘူးပေါ့။ လိုအပ်တဲ့ အခါမှ နည်းနည်းပါးပါးလေး ထည့်ရေးလိုက်ဘာမှ ပြဿနာမရှိဘူး။

 

အဓိကအရေးကြီးတာက ဂျာနယ်မျက်နှာဖုံးကြည့်လိုက်တာနဲ့ လူတွေ မျက်လုံးထဲ ရောက်သွားဖို့လိုတယ်။ တချို့ဂျာနယ်တွေကလည်း မော်ဒယ်တွေကို အပြူးလိုက် အပြဲလိုက် မျက်နှာဖုံးတင်ကြတာပဲ။ ဒါပေမယ့် ပိုက်ဆံသိပ်သုံးလို့မဖြစ်ဘူးလေ။ ဂျာနယ်ထုတ်တာ အလှူပေးနေတာမှမဟုတ်တာ။ ဒါကြောင့် မော်ဒယ်မသုံးဘူး။ လူစိတ်ဝင်စားအောင် တခြားနည်းလမ်းတွေ အများကြီးရှိတာပဲ။ အဲဒီအထဲက တစ်ခုက များများဖွတဲ့ နည်းပေါ့။ ဂျာနယ်တစ်စောင်မထုတ်ခင်မှာ ကိုယ့်ဂျာနယ် နာမည်ကို လူတွေကြားထဲ မှာ မျက်မှန်းတန်းမိအောင် လုပ်ထားရမယ်။ ဒါမှ ဂျာနယ်ထွက်လည်းထွက်ရော ကိုယ့်ဂျာနယ်က လူကြားထဲရောက်တာနဲ့ ဈေးကွက်နည်းနည်းရှိသွားမှာပေါ့လေ။

 

အဲဒီအတွက်ကတော့ မပူနဲ့ အွန်လိုင်းက ခေတ်စားနေတာဆိုတော့ အွန်လိုင်းကနေ Gmail လိပ်စာတွေများများ ရှာ အကုန်လုံးကို စီစီ တွဲပြီးတော့ ကိုယ့်ဂျာနယ် ထုတ်မယ့် အကြောင်းကို မေးလ်တွေပို့ပစ်တာမျိုးပေါ့။ တခြားလုပ်စရာတွေကလည်း အများကြီးရှိသေးတယ်။ ဂျာနယ်ကို စိတ်ဝင်စားဖို့ဆိုရင် ဂျာနယ်မျက်နှာဖုံးက အဓိက အရေးကြီးတယ်ဆိုတော့က ဂျာနယ်မျက်နှာဖုံးမှာ သတင်း Topic တွေကို စာလုံး ကြီးကြီးနဲ့ မြင်သာအောင်ရေး ပြီးတော့လည်း အဲဒီ Topic တွေက မြင်တာနဲ့ ဂျာနယ်ကို လှန်ဖတ်ချင်စိတ်ပေါက်သွားစေမယ့် Topic တွေကိုပေးရမယ်။ တစ်ပတ် တစ်ပတ် ဂျာနယ် တစ်စောင်ထုတ်တိုင်း သတင်းကို များများမရေးနဲ့ ရေးစရာတွေ ကုန်သွားလိမ့်မယ်လေ။ ဒါကြောင့် တစ်ပတ်ကို သတင်း လေးငါးပုဒ်လောက်နဲ့ တခြား ကြည့်စရာ ရှုစရာတွေ များများ ထည့် ဒါဆိုရင် ဂျာနယ်တစ်စောင်ဖြစ်ပြီ။

 

ပထမဆုံး Issue ကိုစထုတ်တော့မှာ ဆိုတော့ လူတွေ စိတ်ဝင်စားအောင် ခုနက ပြောထားတဲ့ ဟာတွေ တော်တော်များများလေး တော့ လုပ်ထားပြီးပြီ သတင်းတွေကိုလည်း စိတ်ဝင်စားစရာ Topic ကောင်းကောင်းတွေ တပ်ပြီး ရေးထားတယ်။

 

ပြီးတော့က ဂျာနယ်ထဲမှာ “ဘယ်လို လုပ်မလဲ” ဆိုတဲ့ ကဏ္ဍတစ်ခုကိုလည်း ထည့်ထားတယ်လေ။ ဒီတစ်ပတ်တော့ စစချင်းမှာ “အိမ်တွင်းရုပ်ရှင်ရုံ ဘယ်လို တည်ဆောက်မလဲ” ဆိုတဲ့ ကဏ္ဍနဲ့ စဖွင့်လိုက်ပြီ။ ဘာမှမခက်ဘူး။ ဆောင်းပါတွေဘာတွေ မလိုဘူး။ အဓိကလိုတာက အီလက်ထရွန်းနစ် Showroom တစ်ခုကိုသွားပြီး HomeTheater System တစ်ခုကို ဓါတ်ပုံရိုက်ပြီး ပါဝင်တဲ့ ပစ္စည်းတစ်ခုချင်းရဲ့ ဈေးနှုန်းတွေနဲ့ Feature တွေကို ဘေးကနေ ချရေးပြီး မျှားထိုးပေးလိုက်တာပဲ။ ပြီးတော့ ဓါတ်ပုံကို ကာလာကောင်းကောင်းနဲ့ စာမျက်နှာပြည့် ပြလိုက်တယ်။ ဘယ်လောက်ပိုင်သလဲ။ မျက်နှာဖုံးမှာတော့ “အိမ်တွင်းရုပ်ရှင်ရုံ ဘယ်လိုတည်ဆောက်မလဲ ” ဆိုတဲ့ ခေါင်းစဉ်ကို အကြီးကြီးတပ်ပစ်လိုက်တယ်။ အိုခေသွားပြီ။

 

နောက်ထပ် စိတ် ၀င်စားအောင် လုပ်စရာတွေကလည်း အများကြီး  ရှိသေးတယ်။ ဂျာနယ်ထဲမှာ ဟာသ ကဏ္ဍလည်းထည့်မယ်။ ပြီးရင် သတင်းတွေလည်း နည်းနည်းပါးပါး ထည့်မယ်။ သတင်းဖြစ်ရုံသာ ထည့်မှာပါ။ သိပ်ပြီးထူးခြားစရာမလိုဘူး။ ထူးခြားစရာလိုတာက ခေါင်းစဉ်ပဲ ။ ဂျာနယ် မျက်နှာဖုံးမှာ အထဲမှာပါတဲ့ ကဏ္ဍတွေရဲ့ ခေါင်းစဉ်တွေကို ပဲ ထူးထူးခြားခြား နဲ့ လူစိတ်ဝင်စားအောင် ပေးရမှာ….

 

မျက်နှာဖုံးမှာ ပထမဆုံး တပ်ရမှာက အခုလောလောဆယ်မှာ လူတွေ စိတ်ဝင်အစားဆုံးဖြစ်နေတဲ့ ဖုန်းသတင်းတစ်ခုကို ခေါင်းစဉ်အကြီးကြီးနဲ့ ပြူးပြဲနေအောင် လုပ်ထည့်လိုက်မယ်…ဒီလို….

 

 

“ဖုန်းလိုင်းအသစ် တစ်မျိုးထွက်ပေါ် ၊ စီးပွားရေးလုပ်ငန်းလုပ်သူများ ကြားတွင် ရေပန်းစားလျှက်ရှိ”

 

ရန်ကုန် ၊ ဇွန် 01

 

CZT Co., Ltd နှင့် PLO Group Of Company တို့ပူးပေါင်းပြီး မိတ်ဆက်တင်သွင်းသော ဖုန်းလိုင်းအသစ်တစ်မျိုးကို

မေလ နောက်ဆုံးပတ်တွင် ဈေးကွက်သို့တင်သွင်း ခဲ့ပြီး အဆိုပါဖုန်းလိုင်း အသစ်သည် ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်း

တစ်ဝိုက်ရှိ လုပ်ငန်းရှင်များမှ အထူးစိတ်ဝင်စားလျှက်ရှိကြောင်းနှင့် အဆိုပါဖုန်းကို ရန်ကုန် ဖုန်းသုံးစွဲသူများ အကြားတွင်

ပန်းဆိုးတန်းဖုန်းဟု ခေါ်ဆိုကြောင်းသိရှိရသည်။ ၄င်းဖုန်းလိုင်း အတွက် နံပါတ်များမှာ 460 ဖြင့်စပြီး ၊ မေလ 30 ရက်နေ့တွင်

လျှောက်ထားသူများအား ဖုန်းလိုင်းများ ချထားပေးနေကြောင်းသိရှိရသည်။ အဆိုပါဖုန်းလိုင်းများ အတွက် ဟန်းဆက်များကို

ပြည်ပမှတင်သွင်းခြင်းမရှိပဲ ၊ ပြည်တွင်းရှိ KNT Company မှ ထုတ်လုပ်သော ဟန်းဆက်များဖြင့်သာ ကဒ်ထည့်ကာ အသုံးပြုနိုင်ပြီး

၎င်း ဟန်းဆက်ဧ။် ထူးခြားချက်မှာ ဟန်းဆက် ကိုယ်ထည် ကို နို့ဆီဗူးခွံဖြင့် ပြုလုပ်ထား ကြောင်း နှင့် ပန်းဆိုးတန်း ဖုန်းဟု ခေါ်ဆိုကြသလိုပင်

ပန်းဆိုးတန်း နှင့် အနီးတ၀ိုက်ရှိ မြို့နယ်များတွင်သာ ကိုင်ဆောင် အသုံးပြုနိုင်ကြောင်း သိရှိရသည်။

KNT

 

ဒါက အမှန်တော့ လုပ်သတင်းပေါ့ ။ ဒါလေးကို စာမျက်နှာမှာ ခေါင်းစဉ်အကြီးကြီးတပ်ပြီး လုပ်ထည့်လိုက်ရင် လူတွေ သိပ်ပြီး စိတ်ဝင်စားသွားမယ်။ ဒါက အကွက်ပေါ့။ ဒီလို မတိကျတဲ့ သတင်းတွေ ကိုလည်း ထင်ရင် ထင်သလို ထည့်မယ်။ နောက် တစ်ပတ်ကျမှ သတင်းက မှားနေပါတယ် ဆိုတာ ကို နောက်ထပ်သတင်း တစ်ပုဒ် လုပ်ပြီး ပြန်ထည့်။ အိုကေ မှာ စိုပြည်ပဲ။ နောက်ပြီးတော့လည်း သိပ်ပြီးမထူးဆန်းတဲ့ အကြောင်းအရာလေးတွေကို သတင်းလုပ်ပြီး ခေါင်းစဉ်ကိုလည်း မြင်လိုက်တာနဲ့ လှည့်မကြည့်ရ မနေနိုင်တဲ့ ပုံစံနဲ့ ပေးလိုက်ရင် ဂျာနယ်မျက်နှာဖုံးမှာ ဒီလို ထူးခြားတဲ့ Topic တွေနဲ့ ဆိုတော့က ဘယ်သူက ဂျာနယ်ကို မ၀ယ်ချင်ပဲနေတော့မတုန်းလေ…ကြည့်လိုက်ဦး…သတင်းတစ်ပုဒ်…

 

“ဆယ်ထပ်တိုက်ပေါ်မှ ဟန်းဖုန်းပြုတ်ကျ ၊ အဲဒီဖုန်း ဘာမှ မဖြစ်”

ရန်ကုန် ၊ ဇွန် 4

 

ရန်ကုန်တိုင်း ဒေသကြီး ၊ တာမွေမြို့နယ် တွင် တိုက်ခန်း အပေါ်ထပ်မှ ဟန်းဖုန်း တစ်လုံး တိုက် အောက်သို့ ပြုတ်ကျခြင်း ဖြစ်ပွားခဲ့ပြီး ၊ ၄င်း ဖုန်းမှာ ဆယ်ထပ် အမြင့်မှ ပြုတ်ကျခဲ့သော်လည်း ဘာမှ မဖြစ်ခဲ့ ကြောင်း သိရှိရသည်။

ဖြစ်ပွားပုံမှာ 29 ရက်နေ့ ဒီဇင်ဘာလ အတွင်းက မောင်မိုးဇော် ဆိုသူသည် မိတ်ဆွေ တစ်ယောက်ဧ။် အိမ်သို့ ရောက်ရှိခိုက် ၀ရန်တာမှ နေ၍ တိုက်ပြင် ရှုခင်းများ ကို လက်ကိုင်ဖုန်း ရှိ ကင်မရာဖြင့် မှတ်တမ်းတင် ရိုက်ကူး နေရာမှ လက်ချော်၍ မတော်တဆ ဖုန်း ပြုတ်ကျခဲ့ခြင်း ဖြစ်သော်လည်း ကံကောင်း ထောက်မစွာဖြင့် တိုက်အောက် တွင် လှည့်လည် ရောင်းချနေ သော ခေါင်းရွက် အိုးတိုက်ဖွဲပြာသည် ဧ။် အိုးတိုက် ဖွဲပြာ အိတ်ထဲသို့ ကျရောက်ခဲ့ပြီး ဖုန်းမှာ ထိခိုက်မှု့မရှိခြင်းဖြစ်သည်ဟု သိရှိရသည်။

“ကင်မရာသုံးပြီး ဓါတ်ပုံရိုက်နေတုန်း ရုတ်တရက်လက်ချော်ပြီး ဖုန်းပြုတ်ကျသွား တာ ဆိုတော့ ကျွန်တော်လည်း ရင်ထိတ် သွားတာပဲ…။  ဖုန်းက ပထမ အောက်ထပ်က အင်တင်နာတိုင်နဲ့ ထိပြီး ထပ်ပြီး လွင့်ကျသွားတော့ ကျွန်တော်က ဖုန်းတော့ တစ်စစီ ဖြစ်ပြီပဲ မှတ်တာ” ဟု ဖုန်းပြုတ်ကျသူ မောင်မိုးဇော် မှ သူ့ အတွေ့အကြုံကို ပြောပြခဲ့သည်။

” အဲဒီနေ့ကမှ ကျွန်တော် အဲဒီရပ်ကွက်ထဲကို လှည့်ရောင်းဖူးတာပါ။ အရင်ကတော့ ကျွန်တော် တခြားရပ်ကွက်တွေကိုပဲသွားတာပါ။ ကျွန်တော် အဲဒီရှေ့ကနေ ဖြတ်သွားတုန်း အိုးတိုက်ဖွဲပြာ အိတ်ထဲကို တစ်ခုခု ပြုတ်ကျ လာတာကို သိလိုက်တာနဲ့ အောက်ချပြီး ကြည့်တော့မှ အိတ်ထဲမှာ ဟန်းဖုန်း တစ်လုံး ရောက်နေတာ တွေ့ရတာပါ” ဟု ထိုရပ်ကွက် အတွင်း လှည့်လည် ရောင်းချသော အိုးတိုက်ဖွဲပြာ သည်မှ လည်း အတွေ့အကြုံကို ရှင်းပြခဲ့သည်။

 

NT

 

ကဲ….ဘယ်လောက် လန်းသလဲ… ဒါဆိုပြီးပြီပေါ့ ကိုယ့်ဂျာနယ် အောင်မြင်မှာ သေချာသွား ပြီ။

 

 

ကျော်ညိုသွေး

About Kyaw Nyo Thway

Kyaw Nyo Thway has written 6 post in this Website..