ပေးပို့စေခဲ့သော Valentine’s လက်ဆောင်ပန်းခြင်း

Flower Gift Shop အမည်လေးနဲ့ မန္တလေးမြို့ဈေးချိုတော်နဲ့ မနီးမဝေး ၂၂လမ်းပေါ်မှာ အရင်နှစ်တွေတုန်းက ဖွင့်ထားပြီး အခု လမ်း ၃၀ အောင်တော်မူ ဘက်မှာ ပြောင်းရွေ့ ဖွင့်ထားတဲ့ မွေးနေ့များ၊ ချစ်သူများနေ့အတွက် လက်ဆောင်များ စသည်ဖြင့် ပန်းတွေကို အလှဆင်ထိုးပေးတဲ့ ဆိုင်လေးတဆိုင်ရဲ့ အမည်လေးပါ။ ဆိုင်အနေအထားက ၁၅ ပေ ပတ်လည်လောက်ရှိပေမယ့် အခန်းအတွင်း လှလှပပ ပြင်ထား တဲ့ စင်လေးများ နဲ့ ခုံလေးတွေကို ဒီဇိုင်းဆန်းကျယ်ပြုလုပ်ပြီး ပန်းခြောက်၊ ပန်းအစို မျှသစွာထားခြင်းနဲ့ လေအေးပေးစက်တပ်ဆင် ထားမှု့ကြောင့် ပန်းအစို (သဘာဝပန်း) များလည်း လန်းဆန်းနေသလို လာရောက်ကြသည့် Customer ( စားသုံးသူ၊ဖောက်သည်) များလည်း သက်တောင့်သက်သာ   အေးအေးဆေး ရှိတဲ့ဆိုင်လေးပါ။ အဲဒီဆိုင်ကို ဦးစီးဖွင့်လှစ်လုပ်တဲ့သူက မာမီစံ ဆိုတဲ့ ပန်းအလှဖန်းတီရှင်တစ်ဦးပါ။

မနေ့ကတနင်္ဂနွေနေ့ ရုံးပိတ်အားနေတာနဲ့ နေ့ခင်းဘက် မြို့ထဲထွက်လာရင် လက်ဆောင်ပန်းအလှပြင်ဆိုင်ဖွင့်ထားတဲ့ မာမီစံရဲ့ ဆိုင်ကိုရောက်သွားခဲ့တယ်။ ဆိုင်ရှေ့ကားလေးရပ်ပြီး ဆိုင်ရဲ့ မှန်တံခါးကို ဖွင့်ပြီးဝင်လိုက်တယ် ဆိုရင်ဘဲ လက်ဆောင်ပန်းအလှပြင်ဆင်နေတဲ့ မာမီစံက ခေါင်းလေးမော့ကာ လှမ်းကြည့် လိုက်တယ် ဆိုရင်ဘဲ

“ဟယ် ခင်ခ ပျောက်ချက်သားကောင်းနေပြီး အခုမှဘဲပေါ်လာတယ်တော့´´

“ပျောက်ချက်သားကောင်းဆို၊ အလုပ်မအားတာရော၊ မာမီ ဆိုင်က ဒီ အောင်တော်မူဘက်ကို ပြောင်းလာ တော့ ဟိုတလောက လမ်း ၃၀ လမ်းကြီးပြန်ခင်းလို့ ဟိုကပိတ် ဒီကပိတ်နဲ့မို့ ဒီ ဘက်မရောက်ဖြစ်ဘူးလေ´´

“အခု အချိန်ရတယ်မလား ထိုင်လေ၊ ဒီဟာလေးလက်စ သပ်လိုက်အုံးမယ် ကော်ဖီသောက်ရင်းစောင့်လေ သမီးရေ ကော်ဖီတစ်ခွက်ဖျော်ပြီး ချပေးပါအုံး´´

အဲလိုပြောပြီး မာမီစံက ပြင်လက်စ လက်ဆောင်ပန်းကို ဆက်ပြင်နေတုန်း ခင်ခ လည်း မာမီစံရဲ့ ဆိုင်သစ်ရဲ့ အပြင်အဆင်အနေအထားကို လိုက်လံငေးမောကြည့်ရှု့နေလိုက်တာပေါ့။

ခဏနေတော့ မာမီစံဆိုင်က ကလေးမလေးတစ်ယောက် ကော်ဖီတစ်ခွက်နဲ့ ရေနွေးကြမ်းတစ်ခွက်ကို ခင်ခ ထိုင်နေတဲ့ရှေ့က စာပွဲလေးပေါ်လာချပေးရင်း

“လေးလေး ကော်ဖီသောက်ပါအုံးနော်´´ လို့ ဧည့်ဝတ်ပြုပြောလာလို့

“ဟုတ် ကျေးဇူးပါ သမီး´´ လို့ အသိအမှတ်ပြု ပြန်ကာပြောမိပေါ့။

အတော်လေးကြာတော့ မာမီစံ ပြင်ပေးတဲ့လက်ဆောင်ပြီးပြီမို့ ထိုင်စောင့်နေတဲ့ ငယ်ရွယ်သောအရွယ် မိန်းခလေးနှစ်ဦးက ကျသင့်ငွေပေးပြီး ခုန လက်ဆောင်ပန်းအလှလေးကိုယူက ဆိုင်လေးကနေထွက်သွားပြီး မာမီစံလည်း ခင်ခ ဘေးက ခုံမှာလာထိုင်ရင်း…

“ခင်ခ နင် နည်းနည်းဝလာတယ်နော်´´

“ဟုတ်တယ် ဆောင်းတွင်းအေးအေး အကွေးကောင်းပြီး မနက်လမ်းလျှောက်ပျက်နေတာလေ´´

“အသက်အရွယ်ကြီးရင် ၀ တာမကောင်းဘူး၊ လေ့ကျင့်ခန်းတော့ပြန်လုပ်ပါဟ၊ ဒါမှမဟုတ်လဲ ကြိုးစားပြီး လမ်းလျှောက်ဖြစ်အောင်လျှောက်လေ´´

“လမ်းလျှောက်တာတော့ ပြန်လုပ်နိုင်အောင်လုပ်ပါ့မယ်၊ ဒါနဲ့ ၂၂ လမ်း ဆိုင်နေရာလေးက လူသိများပြီး အရောင်းအ၀ယ်လဲကောင်းရဲ့သားနဲ့ ဘာလို့ပြောင်းတာလဲ မာမီကလည်း´´

“တစ်ခါတလေတော့လည်း ဆိုင်ဌားပြီး လုပ်ရတဲ့အလုပ်ကို စိတ်ပျက်မိတယ် ခင်ခ ရယ်´´

“ဆိုစမ်းပါအုံး ဘာတွေစိတ်ပျက်တာလဲ´´

“သူများဆီက ဆိုင်လေးဌားဖွင့်လို့ နည်းနည်း စီးပွားလေး အလုပ်လေးကောင်းလာမယ်ဆို ဌားထားတဲ့ စာချုပ် နှစ်ပြည့်ရင် ဌားခကို ပိုတိုးတောင်းလာတယ်လေ၊ အဲဒီလိုတိုးတောင်းတာ အဆင်ပြေတဲ့ဈေးနှုန်းဆို ကိစ္စမရှိ ပေမယ့် အရင်နှစ် ဌားခရဲ့ နှစ်စနီးပါးလောက်ဆိုတော့ ရတဲ့ဝင်ငွေက သူ့များအတွက်က ရတာလောက်ဖြစ်နေတော့ ဘယ်ဆက်ဌားနိုင်တော့မလဲ ပြောင်းရတာပေါ့´´

“ပြောင်းလဲ အဲဒီအနီးအနားလောက်ရှာပေါ့ အခု ဒီအောင်တော်မူဘက်ကျတော့ အရင်နေရာနဲ့ အဝေးကြီး တခြားစီလေ ဟုတ်ဘူးလား´´

“ခင်ခ ရယ် မီဒီယာတို့ ကြော်ငြာတွေတို့က အလကားရှိနေတာဟုတ်ဘူးလေ´´

“အဲဒီတော့…´´

“အဲဒီတော့ သတင်းစာထဲဆိုင်ပြောင်းတဲ့အကြောင်း ၃ လလောက် ဆက်တိုက်ထဲ့လိုက်တယ်၊ ပြီးတော့ ဘွဲ့ဓာတ်ပုံရိုက်တဲ့ဆိုင်တွေနဲ့ ခန်းမတွေကို လက်ကမ်းကြော်ငြာလေးတွေ လိုက်ပေးပြီး သူတို့ကတစ်ဆင့် မားကတ်တင်းပေါ့ ဝေခိုင်းတယ်လေ၊ အရင်မိတ်တွေကလည်း ရှာပြီးတော့လာကြပါတယ်´´

မာမီပြောနေတာနားထောင်ရင်း ကော်ဖီလေးနည်းနည်းယူမော့လိုက်တယ်။ အဲဒီမှာ မာမီကဘဲ ဆက်လို့

“ဒါနဲ့နေပါအုံး အခု ဘာအတွက်ရှိလို့ လာတာလဲ၊ ဒီအတိုင်းတော့ ပေါ်မလာလောက်ဘူးနော်´´

“ဒီနှစ် Valentine’s လက်ဆောင်ကို မန်းမြို့ထဲဆို ပို့ပေးတယ်မလား မာမီ´´

“မြို့တွင်းဆို ပို့ပေးတယ်လေ ဘာလို့လဲ´´

“ဒါဆို လာမယ့် Valentine’s နေ့ မနက်စောစော လိပ်စာတစ်ခုပေးမယ်၊ အဲဒီကို နှင်းဆီလက်ဆောင်ပန်းခြင်းလှလှ လေးတစ်ခု လုပ်ပြီး မနက်ပိုင်းလေးပို့ပေးစေချင်လို့ အဲဒါ အော်ဒါလာမှာတာ´´

“ဘုရားရေ ခင်ခ နောက်နေတာတော့ ဟုတ်ပါဘူးနော်´´

“မဟုတ်ပါဘူး တကယ်လာမှာတာပါ´´

“ဘယ်လိပ်စာကိုပို့ပေးရမှာလဲ ဘယ်သူ့ဆီပို့ပေးရမှာလဲကဲပြော´´

ဒါနဲ့ဘဲ ပို့ပေးရမယ့် လိပ်စာနဲ့ ပို့ပေးရမယ့် အမည်ကို အနီးနားက Note စာရွက်လေးမှာရေးပေးလိုက်တယ် ဆိုရင်ဘဲ မာမီစံက

“ဟား ဟား ဟား…………………………´´

ဆိုပြီး မရပ်မနား ရီပါလေရော၊ ဒါနဲ့

“မာမီ ဘာဖြစ်လို့ဒီလောက်သဘောကျနေတာလဲ´´ ဆိုမှ

“ဟဲ့ ခင်ခ ဒါကရုံးလိပ်စာဘဲ ပြီးတော့ ဒီမိန်းကလေးက……………………………….. မဟုတ်ဘူးလား´´

“ဟုတ်တယ်လေ၊ ဘာဖြစ်လို့လဲ´´

“ဖြစ်ပါ့မလား ခင်ခ ရယ်၊ သွားပို့တဲ့ ငါ့ခလေးတွေ ပြေးပေါက်မှားနေအုံးမယ်´´

“မပြေးရပါဘူး မာမီရယ်၊ မိန်းကလေးတိုင်း သူချစ်တဲ့သူက ချစ်သူများနေ့လက်ဆောင်ပို့ပေးတာကို စိတ်ဆိုး မှာမို့လို့လား´´

“ဒါတော့ ဒါပေါ့ ခင်ခရယ်၊ ဒါပေမယ့် ကလေးကလား အလုပ်တွေလုပ်ရလားဆိုပြီး ပွားရင်ကော ဘယ်နဲ့လုပ် မလဲ၊ မာမီဆီဖုန်းဆက်ပွားရင်တော့ မာမီကပြောလိုက်မှာဘဲ customer ရဲ့သဘောဆန္ဒအရ ဆောင်ရွက်ပေး တာပါလို့ ကိုယ့်ဟာကိုယ်ရှင်းနော်´´

“စိတ်ချပါ ရှင်းပါမယ် မာမီသာ လှလှပပလေး နှင်းဆီနဲ့ ပန်းအလှခြင်းလေးပြုလုပ်ထိုးပြီးတော့တာ ပို့ပေး´´

“ရှယ်တကာရှယ် ပြုလုပ်ပေးမယ်´´

အဲဒီအချိန်မှာဘဲ ကောင်ကလေးနှစ်ယောက် Valentine’s လက်ဆောင်ပန်းခြင်းမှာချင်လို့ဆိုပြီး ဆိုင်ထဲဝင် လာတာမို့ မာမီစံက ထပြီးခရီးဦးကြိုပြုမယ့်အလုပ် ခင်ခ လည်း ထိုင်နေရာကထရင်း

“မာမီစိတ်ချမယ်နော် ဆက်ဆက်ပို့ပေး မေ့မနေနဲ့အုံး ပြန်လိုက်အုံးမယ်´´ ဆိုတော့

“ခင်ခ အေးဆေးလာလည်အုံးလေနော်၊ ပြီးတော့ လက်ဆောင်ပို့ပေးတာ ကိုယ်ဖာသာတာဝန်ယူနော်´´

“ပန်းခြင်းဖိုးလာပေးရင်း လာခဲ့အုံးမယ်လေ၊ မာမီရယ် အချစ်ငတ်သူတွေမဟုတ်ဘူး ချစ်တတ်သူတွေလုပ်တာဘဲ အဆင်ပြေမှာပါ´´ လို့ ပြောရင်း မာမီစံ ဆိုင်ကထွက်ခဲ့ပါတော့တယ်လေ။

( ခင်ခ ဘယ်သူ့ဆီများ Valentine’s လက်ဆောင်ပန်းခြင်းလေး လက်ဆောင်ပန်းအလှပြင်သူ မာမီစံကို သွားမှာပြီး ပို့ခိုင်းခဲ့တယ်ဆိုတာတော့ စာဖတ် ပရိတ်သတ်ကြီး သိမှာပါနော်လို့ ……………………..။)

 

ဖတ်ရှု့သူများကျေးဇူးပါ။

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..