ပြီးခဲ့သော ကဗျာတပုဒ်

kaiFebruary 15, 20101min1022

ဒီနေ့ ဖေဖေါ်ဝါရီ ၁၅ရက် မနက်အီးမေးလ်ဖွင့်တော့ တွေ့ရတဲ့ ကဗျာလေးတပုဒ်ပါ။ အင်တာနက်ထုံးစံအတိုင်း ဖေါ်ဝဒ်တွေလုပ်လာတာမို ့ရေးသူက ဘယ်သူလည်း မသဲကွဲပါဖူး။အင်တာနက်မှာ ဂိုဂယ်ရသလောက်တော့ ရေးသူဟာ “ဟယ်ရီလွင်” ဆိုပါတယ်။ ဘိုဆန်ဆန် ကဗျာနံမယ်လေးပေါ့..။အောက်မှာ ကဗျာ တင်ပေးလိုက်ပါတယ်။ ကဗျာက အနုပညာပါ ..လှလွန်းတယ်ထင်ပါတယ်။ ဒါပေမဲ့..ဒီကဗျာဖတ်မိပြီး အတွေးထဲမှာ စီကာဆင့်ကာ ပေါ်လာတာတွေအများကြီးပါပဲ။

ဖေဖေါ်ဝါရီ ၁၂ ကပြည်ထောင်စုနေ့၊ ၁၃ ကဗိုလ်ချုပ်အောင်ဆန်းမွေးနေ့။ ၁၄ က ချစ်သူများနေ့၊ ဒီနေ့ ၁၅ ရက်နေ့ကတော့(အမေရိကန်ပြည်ထောင်စုမှာ) သမ္မတကြီး ဝါရှင်တန် မွေးနေ့ အထိမ်းအမှတ်နဲ့ သတ်မှတ်ပေးတဲ့ သမ္မတများနေ့ ဆိုပါစို့။ ( ဖေဖေါ်ဝါရီရဲ့ တတိယပါတ် တနလာင်္နေ့)။
ကြားထဲဒီနှစ်က ထူးခြားတာရှိပါသေးတယ်။ ဒီနှစ်ရဲ့ ချစ်သူများနေ့က တရုတ်လုနာ(Lunar) နှစ်ဆန်းတရက်နေ့ ဖြစ်နေပါတယ်။ ချစ်သူများနေ့ကတော့ ကမ္ဘာနဲ့ ဆိုင်တဲ့ နေ့ဖြစ်နေပြီဖြစ်ပေမဲ့ ကျန်တဲ့ရက်နေ့တွေကတော့ ဆိုင်ရာဆိုင်ရာ နိုင်ငံတွေ၊ လူမျိုးတွေနဲ့ဆိုင်ပါတယ်။
ဒီတော့ …
ပြောချင်တာက….ပြီးခဲ့တဲ့ ၃ရက်ဟာ အမေရိကန်ပြည်ထောင်စုနေ ဗမာတွေအတွက်တော်တော်ထူးခြားတယ်ဆိုရမှာပါ။ အခုလိုစီးပွားရေးထိခိုက်နေတဲ့ခေတ်ကာလမှာ (ပြီးခဲ့တဲ့ အောက်တိုဘာကစလိုက်တဲ့)ဈေးဝယ်ရာသီရဲ့ နောက်ဆုံးနေ ့ “ဗယ်လင်တိုင်းနေ့” ဟာ နိုင်ငံရဲ့ ကိန်းဂဏ္ဍန်းညွှန်းတန်းတွေအတွက်လည်း အင်မတန် အရေးပါပါတယ်။
အဲဒီနေ့ထူးတွေကို တခုနဲ့တခု ချေဖျက်ဖို့ကြိုးစားတာထက် ချိပ်ဆက်အင်အားကူဖြည့်ဖို ့ကြိုးစားတာက ပိုမကောင်းပေဘူးလား တွေးမိတာပါ။ သဘောက ချစ်သူများနေ့မှာ ချစ်သူခင်သူမြတ်နိုးသူတွေ အချင်းချင်း …ပျော်ပျော်နေ၊ များများသုံးရင်း များများချစ်ကြပြီး ရှိနေတဲ့၊ လာမဲ့၊ လာလတံ ့သော မျိုးဆက်သစ်တွေကို ဗိုလ်ချုပ်အောင်ဆန်းလို၊ ဝါရှင်တန်လိုခေါင်းဆောင်ကြီးတွေစိတ်ဓါတ်တွေ (နေ့ရက်တွေနဲ့အတူ ပါလာမဲ့ စိတ်ဓါတ်တွေ)မမေ့မလျှော့..ရိုက်သွင်းမောင်းနှင်ဖို ့ပါပဲ..။
အဟမ်း..
စိတ်ကူးယဉ်ဂိတ်ဆုံး..ကျော်ထွက်သွားပြီလားတော့မသိ..။

—-

ချစ်သူများနေ့တဲ့လား

ဒီနေ့ ..
ဖေဖေါ်ဝါရီ ၁၄ရက်
”ချစ်သူများနေ့” တဲ့လား
ညီမလေးရေ …
ရင်ခုန်နေသလား
ကဒ်ကလေးတွေ၊ ပန်းကလေးတွေ ..
ချောကလက်လေးတွေ၊
… တွေ၊ …. တွေ
ဟိုက သည်က
အများကြီး အများကြီး ..
မင်းရနေသလား …
လူငယ်တွေလဲ … အုတ်အုတ်ကျက်ကျက်
လူလည်တွေလဲ … ရှုပ်ရှုပ်ယှက်ယှက်
လူလတ်တွေလဲ ကသုတ်ကရက်
လူတတ်တွေကလဲ ဗရုပ်ဘယက်၊

အော် …
တကယ်တော့ …
ဒီနေ့ဟာ …
ဂရေဂိုရီယံ ကမ္ဘာသုံး နေပြက္ခဒိန်ရဲ့
၄၅ ရက်မြောက်နေ့ …
‘ကလောဒီယပ်စ်’ ဆိုတဲ့
သဘောမကြီးမြတ်တဲ့ ပဒေသရာဇ်
ဧကရာဇ်ဘုရင်ယုတ်ရဲ့အမိန့်ကို လစ်လျူသွေဖည်ပြီး
ချစ်သူတွေကို တိတ်တဆိတ် လက်ထပ်ပေးတဲ့
တာနီမြို့က Saint Valentiuns ဆိုတဲ့
သူတော်စင်ပုဂ္ဂိုလ်ကြီး
ရောမမှာ ..
နှိပ်စက်ပြီးခေါင်းဖြတ်ခံရတဲ့ေ

န့ပါ ….
သူတို့ဟာသူတို့
ဂုဏ်ပြုရင်ပြုပါစေ …
တို့တွေနဲ့ အဝေးကြီးပါကွယ် …

ညီမလေးရယ်
တစ်ခုလောက်
သေသေချာချာ စဉ်းစားပါဦး
မနေ့က …
ဖေဖေါ်ဝါရီလ ၁၃ရက်နေ့လေ
လွန်ခဲ့တဲ့ ၉၄နှစ်ကာလက
နွေအကူး …
လေရူးတွေ ဝေနေတဲ့
အဲဒီနေ့ ….
စနေနေ့ မနက်
အရုဏ်တက်လို့
မိုးသောက်ကျင်းတဲ့အချိန်မှာ ….
‘ထိန်လင်း’ ဆိုတဲ့
ကလေးငယ်ကလေး …
ဟိုး အညာက နတ်မောက်မြို့မှာ ..
မွေးဖွါးခဲ့တယ်

သူက …
စာပေကိုချစ်တယ်
အမှန်တရားကို ချစ်တယ်
ချစ်သူကိုချစ်တယ်
ရင်သွေးတွေကို ချစ်တယ်
အဲဒါတွေ အားလုံးထက်ပိုပြီး …
တို့တိုင်းပြည်ကို ချစ်သတဲ့

ယောက်ျားကောင်းတို့ရဲ့ သတ္တိ၊
ယောက်ျားကောင်းတို့ရဲ့ သမာဓိ၊
ယောက်ျားကောင်းတို့ရဲ့ သီလ၊
ယောက်ျားကောင်းတို့ရဲ့ စာဂ
ယောက်ျားကောင်းတို့ရဲ့ သိက္ခာ၊
ယောက်ျားကောင်းတို့ရဲ့ ပညာ၊
ယောက်ျားကောင်းတို့ရဲ့ သစ္စာ၊
သူ့မှာ အကုန်ရှိသတဲ့ ….

နောက်ဆုံး …
အဲဒါတွေအကုန်လုံး
တိုင်းပြည်ကိုပေးပြီး
ဘာမှ ယူမသွားရှာလေတဲ့ ….

ချစ်သူကောင်းတစ်ယောက်
ယောက်ျားးကောင်းတစ်ယောက်
ဖခင်ကောင်းတစ်ယောက်
အကြွေစောခဲ့ရတဲ့ ကြယ်တစ်ပွင့်
တို့ရဲ့ …
မျိုးချစ်သူရဲကောင်းတစ်ယောက်ကိုတော့
ချစ်ဖို့မေ့နေကြတာ
ရင်နာလိုက်တာကွယ်

‘ဖေဖေါ်ဝါရီဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တထောင့်ကိုးရာတဆယ့်ငါး၊
ရှေ့နေဦးဖာ သား။
ဇာတိနတ်မောက် မကွေးခရိုင်၊
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဖွား၊
မိခင်ဒေါ်စု သား …’

ငယ်ငယ်က
ဆိုခဲ့ရတဲ့ ကဗျာလေး …
အခုတော့ ဘယ်မှာလဲ

ကိုယ်နဲ့ ဘာမှမဆိုင်တဲ့
အီတလီက သူတော်စင်ကို
သူတို့ဟာသူတို့ ဂုဏ်ပြုကြရာက
ဖြစ်လာတဲ့ ‘ဗယ်လင်တိုင်းနေ့’ ဆိုတာထက် ..
အဲဒီနေ့မတိုင်ခင် တစ်နေ့ဟာ
တို့တွေအတွက် ..
ပိုပြီး လေးနက်ပြန့်ကျယ်တဲ့
အဓိပ္ပာယ် ရှိပါတယ်ကွယ် …
ဒီနှစ်တော့ ရှိပါစေတော့
ညီမလေးရယ် ….


လောကမှာ အရေးအကြီးဆုံးက အရေးမကြီးတာတွေကိုအရေးတကြီးမလုပ်မိစေဖို့ပါ………

2 comments

  • susunosuki

    April 17, 2010 at 2:30 pm

    ကောင်းပါတယ်ဗျ
    ဖတ်ရတာ အသိတရား ပွင့်လင်းလာတယ်
    ကျွန်တော် လည်း ၁၄ ရက်နေ့တုန်းက ချောကလက် ကိုပဲစိတ်ထဲ
    ကြီးလှပြီမှတ်တာ
    ၁၃ ရက်နေ့က အကြောင်းအရာတို့ကိုတော့ အရှက်တရားမဲ့စွာ မေ့လျော့ခဲ့မိတယ်

Leave a Reply