ခံစားမှုတွေနဲ့ အဲဒီလူ

(၁)

            အဲဒီလူရဲ့ မျက်လုံးတွေကို သူသတိထားမိနေတာကြာပြီ။ တစ်စုံတစ်ယောက်ကိုကြည့်ပြီး တစ်ခုခုပြောချင်နေတဲ့ပုံမျိုး။ ဘာကြောင့် သူ အဲဒီလူကို သတိထားမိသလဲဆိုရင် သူ့ရဲ့အိမ်နဘေးကပ်ရက်မှာနေလို့ပဲ။ မနက်ခြောက်နာရီလောက်ဆိုရင် စတီးထမင်းချိုင့်လေးဆွဲပြီး ထွက်သွားတတ်တယ်။ ဘယ်အချိန်မှာ ပြန်ရောက်သလဲတော့ မသိဘူး။ သေချာတာကတော့ ညတော်တော်လေး မှောင်မှ ပြန်ရောက်တတ်တာပဲ။ လမ်းလျှောက်ရင် ခေါင်းကလေး ငိုက်စိုက် ငိုက်စိုက်နဲ့ လောကကြီးကို စိတ်ကုန်နေသလိုမျိုး။ လေးတိလေးကန် လမ်းလျှောက်ဟန်က စိတ်မပါလက်မပါ။ နေ့စဉ်အသက်ဆက်နေရတာတောင် စိတ်မှပါရဲ့လားလို့ သူတွေးနေမိတယ်။ တစ်ခါတစ်ခါ အိမ်ဘေးကပ်လျှက် လမ်းသွယ်လေးအတိုင်း လမ်းလျှောက်ရင်း သူ့ကို ကြည့်သွားတတ်တယ်။ အဲဒီလို ကြည့်သွားတဲ့အကြည့်တွေက သူ့ကို တစ်စုံတစ်ခုပြောချင်နေတယ်လို့ ထင်တယ်။ ဒါလည်း ဟုတ်ချင်မှ ဟုတ်မှာပါ။ သူ့ဘာသာသူ တွေးမိတာလည်း ဖြစ်နိုင်တယ်လေ။ အစကတော့ အမှုမဲ့ အမှတ်မဲ့ပါပဲ။ နောက်တော့ အဲဒီလူ သူ့ကို တစ်စိုက်မတ်မတ် ကြည့်ကြည့်နေတာ သတိထားမိလာတယ်။ ဘာပါလိမ့်လို့ မတင်မကျစိတ်တွေနဲ့ သူတောင် ခိုးလု ခုလု ခံစားလာရတဲ့အထိ အဲဒီလူ သူ့ကို ကြည့်ကြည့်နေတယ်။

အမှန်မှာတော့ အဲဒီလူနဲ့ သူ သိပ်ပြီး စိမ်းတာ မဟုတ်ဘူး။နာမည်က ကိုကိုကျော်စိုးတဲ့။ အဲဒီလူရဲ့ မိန်းမနဲ့ သူ့အမေက အရင်တုန်းက နှစ်အိမ်တစ်အိမ် ကူးလူးဆက်ဆံလာခဲ့ကြတာ။ သူ့အိမ်မှာ ဘာပဲလုပ်လုပ် အဲဒီကိုကိုကျော်စိုးရဲ့ မိန်းမက အစစအရာရာ အားကိုးရတယ်။ ကူဖော်လောင်ဖက်ဆိုလည်း ဟုတ်။ အိမ်နီးချင်းကောင်းဆိုလည်း ဟုတ်။ အမေကတော့ ဘာလေးပဲဖြစ်ဖြစ် ကိုကိုကျော်စိုးမိန်းမလေး သိပ်ကိုတော်တယ် တော်တယ်နဲ့ ချီးကျူးရင်း ပေးသင့်တာပေး ကမ်းသင့်တာ ကမ်းခဲ့တာ။

နောက်တော့ သူကျောင်းပြီးပြီး လုပ်ငန်းခွင်ဝင်သွားတော့ အိမ်နဲ့ ဖုန်းအဆက်အသွယ်ရတိုင်း အမေက ဖုန်းထဲမှာ ကျော်စိုးတို့လင်မယားအကြောင်းကို ပြောပြတတ်တယ်။ သူက တစ်နှစ်တစ်ခေါက် အိမ်ကိုပြန်ရောက်တိုင်း ရယ်ရယ်မောမောရှိနေတဲ့ အဲဒီ လင်မယားကို တွေ့တွေ့ရတော့လည်း ပီတိဖြစ်ရတာပါပဲ။ အပြေလည်ကြီးမဟုတ်ပေမယ့် နှစ်လိုဖွယ် အပြုံးတွေနဲ့ သာယာချမ်းမြေ့တဲ့ မိသားစု ဘဝလေးလို့ သူ အားကျနေမိတာတော့ အမှန်ပါပဲ။

ဒီလိုနဲ့ သူ မြို့ကလေးနဲ့ နောက်ပိုင်း တော်တော်လေးကို ဝေးကွာသွားခဲ့တယ်။ တစ်မြို့တစ်ရွာမှာ အိမ်ထောင်ရက်သားကျ ဇနီးသည်ရှိတဲ့ မြို့ကလေးမှာပဲ အခြေချဖြစ်တော့ အမေ့အိမ်ကို ဇာတိမြေကလေးကို အရောက်အပေါက်နည်းလာတယ်။ နှစ်နှစ်လောက်နေမှာ တစ်ခါ။ ဒါတောင် ဖုတ်ပူမီးတိုက် ပြေးရင်းလွှားရင်းနဲ့ပါ။ အဲဒီအခါတွေမှာ ကိုကိုကျော်စိုးတို့လင်မယားကို မတွေ့မိဘူး။ သူကလည်း စကားစပ်မိလို့တောင် အမေ့ကို မမေးမိဘူး။

ခုတစ်ခေါက် အမေ့အိမ်ကလေးကို သူ့သားရှင်ပြုဖို့အတွက် ပြန်ရောက်တော့မှာ အဲဒီလူ ကိုကျော်စိုးကို သတိထားမိလာတာ။ ဒီကနေ့မနက်မှာတော့ အဲဒီလူရဲ့မျက်လုံးတွေက သိသိသာသာကို နီရဲလို့နေတော့တာ။ ဘာပါလိမ့်။ သူ့မှာလည်း သိချင်စိတ်က ပြင်းပျလာတယ်။ သူ ပြုံးပြလိုက်ရင်ကောင်းမလား။ သူ တွေဝေနေတုန်းမှာပဲ ခေါင်းငိုက်စိုက်နဲ့ လမ်းလျှောက်သွားလိုက်တာ အတော်ဝေးဝေးကို ရောက်သွားခဲ့ပြီ။

သူ့ရင်ထဲမှာ တစ်စုံတစ်ခုကြောင့် ရင်မောနေခဲ့တယ်ဆိုရင် ခုလောလောဆယ် အဲဒီလူ ကိုကျော်စိုးကြောင့်ပဲဆိုတာ သေချာပါတယ်..။ ဒါကြောင့် သူဆုံးဖြတ်လိုက်တယ်။ တစ်နေ့နေ့တော့ အဲဒီလူနဲ့ စကားပြောကြည့်မှ ရတော့မယ်လို့ပေါ့။ သူ့စိတ်ထဲမှာ တေးတေးမှတ်မှတ်နဲ့ကို မှတ်ထားလိုက်တယ်။ တစ်နေ့နေ့မှာပေါ့…..။

(၂)

            သူ လက်ဖက်ရည်ဆိုင်ကလေးမှာထိုင်နေတယ်။ မတွေ့တာကြာပြီဖြစ်တဲ့ အပေါင်းအသင်းတွေနဲ့ စကားတွေဖောင်ဖွဲ့ပြီး စီးပွားရေးအကြောင်းတွေ၊ လူမှုရေးအကြောင်းတွေ၊ ကမာ္ဘ့သတင်း၊ မြန်မာ့သတင်းတွေကို အာဘောင် အာရင်း သန်သန်နဲ့ပြောဆိုနေကြတယ်။ ရယ်လိုက်ကြ မောလိုက်ကြနဲ့ လက်ရှိ ဘဝကို ကျေနပ်တဲ့အကြောင်း ပြုံးဖြီးဖြီးကြီးတွေနဲ့ပြောနေကြတာ။ အဲဒီမှာ ဆိုင်ထဲကို ဝင်လာတာ ကိုကျော်စိုး။ သူ့ဆီကို တန်းတန်းမတ်မတ်ကြီး။

ဘယ်သူ့ကိုမှ ခွင့်မတောင်းပဲ ခုန်လွှတ်တစ်ခုံကို ဆွဲထိုင်လိုက်တယ်။ သူ့သူငယ်ချင်းတွေက ဘာလဲဆိုတဲ့ အကြည့်နဲ့ သူ့ကိုကြည့်တယ်။ သူလည်း မသိဘူးပေါ့။ အဲဒီမှာ

“သူရ မလား“

“ဟုတ်ပါတယ် ခင်ဗျားက ကိုကျော်စိုးမလား“

ကျော်စိုးရဲ့မျက်လုံးတွေ ဝင်းလက်သွားတယ်လို့ သူထင်တယ်။ ညိုးရော်နေတဲ့ မျက်ဝန်းတွေကနေ ချက်ချင်းကြီး အရောင်တွေ တောက်လာတာ။

“မင်းတော်တော်လေးကို ဝလာ တာပဲ။ ကျွန်တော်ကတော့ မြင်တဲ့အတိုင်းပဲ ဗျာ“

အဲဒီအချိန်မှာ သူ့သူငယ်ချင်း တစ်ယောက်ဖြစ်တဲ့ မြင့်ကျော်ဦးက စကားဖြတ်ပြောတယ်။

“သူရ ဟိုဘက်ဝိုင်းမှာ ငါရှိမယ် စကားသွားပြောလိုက်ဦးမယ်။ ပြီးရင်းလိုက်ခဲ့ကွာ ဟုတ်ပြီလား“

သူ့ကို အဓိပ္ပါယ်တစ်စုံတစ်ခုရှိတဲ့ အကြည့်တွေနဲ့ မြင့်ကျော်ဦးက ကြည့်သွားသလို ခံစားလိုက်ရတယ်။ ရှေ့ဆင့်နောက်ဆက်ပဲ ကျော်ဦးကလည်း လက်ဘက်ရည်ခွက်ကလေးမ ပြီး

“ငါလည်း ဟိုဝိုင်းကိုလိုက်သွားလိုက်ဦးမယ်။“ ဆိုပြီး အသံတိတ်ဘာသာစကားဖြစ်တဲ့ မျက်လုံးမျက်ရိပ်တွေ ပြပြပြီး ထထွက်သွားလိုက်ကြတာ။ နောက်တစ်ယောက် နောက်တစ်ယောက်နဲ့ လူ ငါးဦးရှိခဲ့တဲ့ ဝိုင်းမှာ သူတစ်ယောက်တည်းသာ အဲဒီလူနဲ့ကျန်ရစ်ခဲ့တယ်။ သူက ဘာကြောင့်မှန်းမသိ အားနာတယ်ဆိုတဲ့အကြည့်နဲ့ ကိုကျော်စိုးကို ပြုံးပြလိုက်တယ်။

“တစ်ခုခုသောက်ပါလား.. “

သူက လောကဝတ်ပြုတော့ မငြင်းဘူး ချိုဆိမ့်တစ်ခွက်လို့ လှမ်းမှာလိုက်တယ်။

“ကိုကိုကျော်စိုး အဆင်ပြေရဲ့လား“

ချက်ချင်းကြီး အရောင်ပြောင်းသွားတဲ့ အတွက် သူ့စကားမှားသွားတာကိုသိလိုက်တယ်။ ရှေ့နောက်မကြည့်ပဲ ပြောတတ်တဲ့ သူ့အကျင့်က ခုတစ်ခါလည်း တစ်ဘက်လူကို အားတုံ့ အားနာဖြစ်စေပြန်တယ်။

“ပြေတယ်လို့လည်း မဟုတ်ဘူးပေါ့။ ငါ့ညီ သူရ ကတော့ အဆင်ပြေတယ်လို့ အန်တီခင်နားကနေ ကြားကြားရတယ်။ ဒါလည်း ဟိုတုန်းက အိအိရှိတုန်းကပါ။ ခုတော့လည်း မင်းအကြောင်းတွေတောင် မကြာရတာ ကြာခဲ့ပါပြီ“

ဘာလဲ ဟိုတုန်းက အိအိရှိတုန်းကဆိုတော့ ခု အဲဒီလူမိန်းမက မရှိလို့လား။ ဘယ်သွားနေလို့လဲ။ သူ့စိတ်ထဲ ဇဝေဇဝါဖြစ်သွားတယ်။

“မအိ ဘယ်သွားလို့လဲ ဗျ“

ညို့မှိုင်းပြီး ရွာတော့မယ့် မိုးလို ကိုကျော်စိုးရဲ့ မျက်လုံးတွေမှာ အရည်ကြည်တွေ လဲ့လဲ့ ပြေးလာတယ်။ ကိုကျော်စိုးပြောလာတဲ့ စကားကိုကြားပြန်တော့ ဒုတိယမ္ပိ အားနာသွားရပြန်ရော။

“ဆုံးသွားတာ နှစ်နှစ်ရှိပြီ ငါ့ညီ“

“ဗျာ စိတ်မကောင်းလိုက်တာ.. “

မလှမ်းမကမ်းမှာရှိတဲ့ မြင့်ကျော်ဦးက လက်ယက်ပြီး လှမ်းခေါ်နေတယ်။ သူ ထထွက်ဖို့အဆင်မပြေဘူးဖြစ်နေတယ်။ တစ်ဘက်သားကို အားနာတဲ့စိတ်နဲ့ ပြောလက်စ စကားကို လက်စသတ် ထွက်မသွားရက်သေးဘူး။ သူက လက်ကာပြလိုက်ပြီး ခဏလေးလို့ အော်ပြောလိုက်တယ်။ သူက စိတ်ဝင်တစားရှိတဲ့ ဟန်မျိုးနဲ့ ကိုကျော်စိုးပြောချင်တာကို ပြောစေဖို့ လမ်းဖွင့်ပေးလိုက်တယ်။

“ဘယ်လိုဖြစ်တာလဲ ဗျာ“

“လေးဘက်နာလို့ပြောတာပဲ။ တချောင်ချောင်ဖြစ်နေတာ ကြာပြီ။ သတိမထားမိတာလဲ ပါတာပေါ့။ အိအိလောက် သဘောမနှောကောင်းတဲ့။ စိတ်ထားဖြူစင်တဲ့ မိန်းမမျိုး တကယ်ရှားတယ်။ အစ်ကိုကတော့ ခုထက်ထိ အိအိကို တစ်နေ့မှာ မေ့လို့မရသေးဘူး“

ဟုတ်မှာပေါ့။ သိပ်ကို ချစ်ခင်မြတ်နိုးခဲ့ကြတဲ့ စုံတွဲတစ်တွဲပဲ။ သူ့ရင်ထဲတောင် ဆွေးသွားသလိုလို။ ရွှတ် ရွှတ်အသံကြားလို့ လှမ်းကြည့်တော့ ကျော်ဦးက ခေါင်းငြိမ့်ပြီး လှမ်းခေါ်တယ်။ သူက ခဏလေးလို့ပြန်ပြောပြီ ကိုကျော်စိုးဘက် ပြန်လှည့်လိုက်တယ်။

“အိအိ ဆေးရုံစတက်တော့ အစ်ကိုမှာလေ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူး။ လက်ထဲမှာလည်း ငွေကမရှိ။ ဆွေမျိုးတွေဆီသွားတော့လည်း နဂိုကတည်းက အိအိနဲ့ယူလို့ မကြည်တော့ တစ်ပြားတစ်ချပ်မှ ကျမလာဘူး။ အဲဒီအချိန် အိအိက ဆေးရုံပေါ်မှာ အစ်ကိုအလာကို ကုတင်ပေါ်ကနေ ပလက်လေး မျှော်နေရှာတာပေါ့။“

မြတ်စွာဘုရား။ ကိုကျော်စိုး ငိုတော့မှာလား။လက်ဘက်ရည်ဆိုင်ကြီးမှာ။ ဘေးဘီကိုဝေ့ကြည့်ပြီးတော့

“စိတ်ကိုထိန်းပါဗျာ။ တစ်ချိန်ချိန်မှာ ဘယ်သူမဆို ကိုယ်ချစ်တဲ့သူနဲ့ ခွဲကြရမှာပဲလေ။ အဲဒီ သဘောတရားလေးကို နှလုံးသွင်းကြည့်ပေါ့ ကိုကိုကျော်စိုးရာ“

နောက် သူငယ်ချင်းတွေက ထပြန်ဖို့ တာစူနေကြပြီ။ ကိုကျော်စိုးကတော့ ကျောပေးထားတော့ ဘာမှမသိ။ သူကတော့ စကားဖြတ်ရင်လည်း အားနာစရာ။ ကိုကျော်စိုးကြည့်ရတာ ပြောစရာတွေ ကျန်သေးတဲ့ပုံ။ တကယ်တော့ သူငယ်ချင်းတွေနဲ့ သွားစရာ သူ့မှာ ကိစ္စရှိနေသေးတယ်။ စကားဖြတ်ရမှာ အားနာနေလို့သာ။ မြင့်ကျော်ဦး ထထွက်တယ်။ပြီးတော့ ကျော်ဦး။ နောက် သူ့သူငယ်ချင်း နှစ်ယောက်။ ဖုန်းထုတ်ပြီး လက်ဟန်နဲ့ ဖုန်းဆက်ဖို့ ပြောသွားတယ်။ လက်ဘက်ရည်ဆိုင်မှာ သူတစ်ယောက်တည်း ကျန်ခဲ့တယ်။

“ဟုတ်ပါတယ်။ တရားနဲ့ဖြေရမယ်ဆိုတာ။ အစ်ကိုလည်း သိတာပေါ့။ ဒါပေမယ့် ဘယ်လိုမှ ဖြေလို့မရဘူး။ ဆေးရုံကို အိအိ စတက်ပြီးနှစ်ရက်မြှောက်နေ့မှာ ဆရာဝန်တွေက အစ်ကို့ကိုပြောတယ်။ သူ စားချင်တာတွေ ကျွေးလိုက်တော့တဲ့။ အစ်ကိုလေ နားထဲမှာ မင်းမိန်းမ မရတော့ဘူးလို့ကြားလိုက်ရသလိုပဲ။ “

ငိုတော့မယ်။ ကိုကျော်စိုးငိုတော့မယ်။ လူတွေအများကြီးကြားထဲမှာ။ သူက ကပျာကယာနဲ့ တစ်ရှူးတစ်စကိုဆွဲထုတ်ပြီး လက်ကမ်းပေးရင်း

“စိတ်ကိုထိန်းပါဗျာ။ ရော့ရော့ “

ဘေးဘီဝိုင်းတွေကိုကြည့်ပြီး တစ်ရှူးကို အတင်းတို့ပေးလိုက်ရတယ်။ သူတောင် စိတ်အိုက်သလိုလိုရှိလာရတယ်။

“အဲဒါနဲ့ ချောင်တစ်ချောင်မှာ အစ်ကို ဝအောင်ငိုလိုက်တယ်။ ပြီးတော့ အိအိဆီကိုသွားတယ်။ အစ်ကိုက မိန်းမ ဘာစားချင်လဲပြော ဆိုတော့ ကြက်ကင်တဲ့လေ။ အိအိက ကြက်ကင်ကို သိပ်စားချင်တာ။ ကြက်ကင်ဆိုင်ရှေ့က ဖြတ်ဖြတ်လျှောက်တိုင်း တစ်ကောင်ငါးထောင် တစ်ခြမ်း နှစ်ထောင့်ငါးရာ တစ်ကင် ခြောက်ရာဆိုတဲ့ ဆိုင်းဘုတ်ကိုဖတ်ပြီး ဝယ်မစားဖြစ်ခဲ့ဘူး။ အစ်ကိုက ဈေးကြီးတယ်ပေါ့။ အိအိက တစ်ကင်ရရ နှစ်ကင်ရရ စားချင်တာ။ အဲဒီအချိန်တုန်းက အလုပ်သိပ်မဖြစ်တော့ တစ်နေ့ရတာ တစ်နေ့ ဆန်ဝယ်ဆီဝယ်နေရတာနဲ့ ကလေးနှစ်ယောက်အတွက် ကျောင်းစရိတ်နဲ့ လုံးဝမလောက်ဘူးဆိုတော့ ဘယ်မှာလာ ကြက်ကင်ဝယ်ကျွေးနိုင်ခဲ့မလဲ မင်း စဉ်းစားကြည့် ငါ့ ညီ“

“ဟုတ်တာပေါ့ဗျာ“

လက်ကနာရီကိုကြည့်တော့ သူ လက်ဘက်ရည်ဆိုင်မှာ ထိုင်နေတာ တစ်နာရီရှိပြီ။ ထထွက်ရမှာလည်း မဟုတ်။ စားပွဲထိုးလေးတွေက သူတို့ စားပွဲကိုကြည့်နေတယ်။ တစ်မျိုးတော့ တစ်မျိုးပါပဲ။ ဘာပဲဖြစ်ဖြစ် ပြောချင်တာပြောပါစေ။ နားထောင်လိုက်တော့မယ့်လို့ သူ ဆုံးဖြတ်လိုက်တယ်။

(၃)

            “ဒါနဲ့ ဆေးရုံမှာ အိအိကိုတစ်ယောက်တည်းထားခဲ့ရတယ်။ လူနာစောင့်မရှိဘူးလားလို့ ငါ့ညီမေးဦးမလား။ မရှိဘူး။ အိအိဘက်ကလည်း မလာကြသလို အစ်ကိုဘက်ကဆိုတာ ဝေလားဝေးပါ။ သိပ်ကို သိမ်ငယ်ပြီး ဝမ်းနည်းခဲ့ရတဲ့ နေ့တွေပေါ့။ တစ်ပြားတစ်ချပ်မှမရှိတဲ့ အစ်ကိုဟာ အစ်ကို့အလုပ်ရှင်ဆီကို ပြေးရတော့တာပေါ့။ လူ့အောက်ကျို့လို့ မသေနိုင်ဘူးဆိုတဲ့စိတ်နဲ့ ခြေသလုံးဖက်မတတ် တောင်းပန်ခယရင်း ငွေလေး တစ်သိန်းကို ဖျစ်ဖျစ်မြည်အောင် မနည်းပြောဆိုခဲ့ရတယ်။ အလုပ်ရှင်နဲ့အလုပ်သမားဆိုတာ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီဆိုပေမယ့် တကယ်တမ်းမှာတော့ အလုပ်ရှင်တွေကသူတို့ကသာ မှီခဲ့ကြတာ။ အလုပ်သမားတွေ သူ့တို့ကို ပြန်လာပြီး မှီမှာကိုတော့ မကြိုက်ကြဘူး။ သုံးလအတွင်း ပြန်ဆပ်ပါ့မယ်လို့အကြိမ်ကြိမ်အခါခါပြောမှ ပိုက်ဆံတစ်သိန်းဆိုတာ မထွက်ချင်ထွက်ချင်နဲ့ ထွက်လာတာ။ “

အတိတ်က အဖြစ်ကို အဲဒီလူက ဆွေးဆွေးမြေ့မြေ့လေး ပြောပြနေတယ်။ ဒီအတိုင်းဆို စကားက ပြတ်ဦးမှာ မဟုတ်ဘူး။ စောစောတုန်းက ဆုံးဖြတ်ချက်ကိုတောင် ပြန်ပြင်ရတော့မလို။ ဒါပေမယ့် အားနာတာနဲ့ပဲ..။

“ လက်ထဲကို ငွေရပြီဆိုတာနဲ့ ပျော်လိုက်တာလေ။ ကြက်ကင်ဆိုင်ကိုပြေးပြီး တစ်ကောင်လုံးဝယ်လိုက်တယ်။ နောက် အိအိကြိုက်တတ်တဲ့ အစားအစာတွေကို တစ်ပုံကြီးဝယ်သွားတယ်။ ဆေးရုံကိုရောက်တော့ အိအိက ကုတင်ပေါ်မှာ အိပ်ပျော်နေရှာတယ်။ အိအိကိုနိုးပြီး မိန်းမရေ ကို ကြက်ကင် ဝယ်လာပြီလေဆိုတော့ အိအိ မျက်ရည်ကျတယ်။ “

သူ့ မြင်ယောင်ကြည့်နေမိတဲ့ ဇာတ်ဝင်ခန်းတစ်ခု။ သိပ်ချစ်တတ်တဲ့ ယောကျာ်းတစ်ယောက်ရဲ့ နောက်ဆုံးအချိန်ရောက်နေပြီးဖြစ်တဲ့ မိန်းမအပေါ် ချစ်စိတ်ယိုဖိတ်မှု မြင်ကွင်း။ မလှဘူး။ ဘဝက မလှနေဘူး။ လက်ကနာရီကိုကြည့်မိပြန်တယ်။ တစ်နာရီ မိနစ် နှစ်ဆယ်။

“ ဘယ်က ပိုက်ဆံရသလဲဆိုတာကိုအရင်မေးတယ် ငါ့ညီ။ အစ်ကိုပြောတယ်။ အဲဒါအရေးမကြီးဘူး မိန်းမ။ ကြက်ကင် နွှင်ပေးမယ်။ စားချင်တာစားရအောင် မိန်းမကြိုက်တာတွေ အကုန်ဝယ်ခဲ့တယ်ဆိုတော့။ မျက်ရည်က ကျပြန်ရော။ အစ်ကိုစိတ်ကို မနည်းထိန်းနေခဲ့ရတာပေါ့။ မင်းအစ်မ အိအိက ဘာပြောတယ်မှတ်လဲ။

`          အစ်ကိုတဲ့ အဝတ်အစားအရင်လဲပေးတဲ့။ ပြီးရင် သနပ်ခါးလိမ်းပေးတဲ့။ အစ်ကိုတောင်ကြောင်သွားတယ်။

တစ်ခါမှ ဝယ်မစားခဲ့ရတဲ့ ကြက်ကင်ကို စားသောက်ဆိုင်မှာ စားသလိုမျိုး လှလှပပလေး စားချင်သတဲ့လေ။“

ဘာဖြစ်ဖြစ်ဆိုတဲ့  စိတ်နဲ့ ထထွက်လိုက်ရင်ကောင်းမလားလို့ မိုက်မိုက်ကန်းကန်းတွေးမိလိုက်သေးတယ်။ သိပ်များရိုင်းရာကျသွားမလား။ လူမှုရေးဆိုတာရှိသေးပါတယ်လေ။ သူ သက်ပြင်းကလေး ခိုးချပြီး ပြန်ငြိမ်နေလိုက်တယ်။ အဲဒီလူအတွက်မှာထားတဲ့ လက်ဘက်ရည်ခွက်က အေးစက်နေလောက်ပြီ။

“ကြက်ကင်ကို စားနေတာများ တကယ့်ကို နေကောင်းကျန်းမာနေတဲ့ လူတစ်ယောက်က စားနေတဲ့အတိုင်း။ အစ်ကိုလေ အဲဒီအခါမှ မျက်ရည်ကျတယ်။ ဒါဟာ အိအိအတွက် အစ်ကိုမိန်းမအတွက် အစ်ကိုရဲ့နောက်ဆုံးဖြည့်ဆည်းခြင်း။ အိအိအတွက်ကလည်း နောက်ဆုံး စားသောက်ခြင်းဖြစ်နေနိုင်လို့ပဲလေ။ စားသောက်ပြီးတော့ မင်းအစ်မ အိအိ ဘာပြောတယ်မှတ်လဲ….။“

သူ့စိတ်တွေ ပြန့်လွှင့်နေတယ်။ သူ့သူငယ်ချင်းတွေဆီကို စိတ်ကရောက်နေတော့  မကြားလိုက်မိဘူး။

“ဗျာ…..အစ်ကို“

“အစ်ကိုရေတဲ့ အိ မရှိတဲ့နောက်မှ သားနဲ့ သမီးကု ိဂရုစိုက်ပါတဲ့။ အိ မကြာခင်ပဲ လူ့လောကကို စွန့်ခွာရတော့မယ.်ဆိုတာ သိပါတယ်တဲ့။ နောက်ဆုံးနမ်းခြင်းမျိုးနဲ့ နမ်းပေးပါ အစ်ကိုတဲ့။ အဲဒီအချိန်မှာလေ အိအိကို ဆတ်ခနဲ့ပွေ့ဖက်ပြီး အစ်ကိုရင်ခွင်ထဲ ဆွဲသွင်းလိုက်တယ်။ မျက်ရည်တွေက အတားအဆီးမရှိတော့ဘူး။ ပြီးတော့ ဖျော့တော့ ပိန်လီနေတဲ့ ပါးပြင်လေးကိုနမ်းလိုက်တယ်။ အိအိက ဆက်ပြောပြန်တယ်။ အိမရှိတော့တဲ့နောက်မှာ နောက်ထပ်အစ်ကို့အတွက် လိုအပ်ခဲ့ရင် အိမ်ထောင်ထပ်ပြုပါ အစ်ကိုတဲ့…။“

သူ့လက်ကိုင်ဖုန်းလေးထဲက နံပါတ်တစ်ချို့ကို သူနှိပ်နေခဲ့တယ်။ ဖုန်းဝင်သွားတာနဲ့ အဲဒီလူကိုလက်ကာပြပြီး

“အေး သူငယ်ချင်း ဘယ်ရောက်နေလဲ….။ အေး အေး ထွန်းဇော်လက်ဘက်ရည်ဆိုင်မှာ ဝင်ခေါ်လေကွာ။ အေး ငါစောင့်နေမယ်“

သူ ရိုင်းလိုက်မိပြီထင်တယ်။

“အစ်ကိုရေ ကိစ္စလေးပေါ်လာလို့ဗျာနော်။ ဟော ဟိုမှာ ကျွန်တော့် သူငယ်ချင်း လာနေပြီး သွားတော့မယ်ဗျာ။ ဒီမှာ ရှင်းခဲ့ပြီနော်။ ဘယ်လိုမှတော့ သဘောမထားပါနဲ့ဗျာ။ ဒါက အစ်ကို သားနဲ့သမီးအတွက် မုန့်ဝယ်သွားဖို့ပါ။ သွားပြီ အစ်ကို“

အဲဒီလူ ဘယ်လိုကျန်နေရစ်ခဲ့မလဲ။ သူလှည့်မကြည့်ဖြစ်တော့ဘူး။ သူ့ဆီမှာပါလာတာ ဝမ်းနည်းခြင်းလား။ အားနာခြင်းလား ။ မသေချာဘူး။

သူငယ်ချင်းတွေနဲ့တွေ့တော့ သူငယ်ချင်းတွေ ပြောတဲ့ စကားတစ်ခွန်းကြောင့်သူတောင် ငိုင်ကျသွားရတယ်။

“မင်း အဲဒီလူနဲ့သိလား။ အဲဒီလူ ယဉ်ယဉ်လေးရူးနေတာကွ။ အဲဒီ လက်ဘက်ရည်တစ်ဆိုင်လုံး သူဝင်လာပြီဆိုရင် ဘယ်သူ့မှ စကားပြောတာမဟုတ်ဘူး။ စကားပြောမိတာနဲ့ သူ့မိန်းမ နေမကောင်းဖြစ်တာကနေ ဆေးရုံတက်ရတဲ့အကြောင်း ကြက်ကင်ဝယ်ကျွေးပြီး သူ့ကို ဘာတွေမှာခဲ့တဲ့အကြောင်း၊ သူ့မိန်းမကို ဘယ်လောက်ထိ ချစ်တဲ့ဆိုတဲ့အကြောင်း တရစပ်ပြောတော့တာ။ ငါတို့လည်း ကြုံခဲ့ရပြီးပြီ။ ကြာတော့ သူ့ကို ဘယ်သူမှ ဆေးဖော်ကျောဖက်မလုပ်ကြတော့ဘူး။ အဲဒီလူက အမြဲတမ်း သူ့အကြောင်းတွေပြောပြဖို့ လူတစ်ယောက်ယောက်ကိုကြည့်နေတတ်တယ်ကွ။ သနားတော့ သနားပါတယ်။ သူ့မိန်းမကို အတော်လေးချစ်ရှာတယ်ဆိုတာတော့ သူ့အပြောနဲ့တင်  တစ်ရပ်ကွက်လုံး သိကြတယ်။ နောက်ဆိုရင် စတီးချိုင့်လေးကိုင်ပြီး သူနဲ့ သူ့မိန်းမအကြောင်းကိုပြောဖို့ တစ်စုံတစ်ယောက်ကို နေဝင်မိုးချုပ်အထိ လိုက်ရှာနေတဲ့ အဲဒီလူကို လမ်းကြို လမ်းကြားမကျန် မင်းတွေ့နေရမှာပါ“

သူ့ရင်ထဲမှာ ချစ်ခြင်းတွေ မိုးအဖြစ်ရွာနေသလိုပါပဲ။

(၄)

            ဒီနေ့မြို့နာမ်စေတီတော်ပေါ်ကို သူရောက်တယ်။ စေတီပရဝဏ်အတွင်းက အနောက်ဘက်မုခ်မှာ လူတစ်ယောက်နဲ့ စကားရပ်ပြောနေတဲ့ ကိုကျော်စိုးကို  သူတွေ့လိုက်ရတယ်။ အဲဒီလူက စကားတွေ တတွတ်တွတ်ပြောနေပေမယ့် တစ်ဘက်လူခမျာမှာတော့ ခေါင်းကုတ်လိုက် ဖင်ကုတ်လိုက်နဲ့ သိပ်ကို စိတ်အိုက်နေတဲ့ပုံ။ သူ့ဘက်ကို ကိုကျော်စိုးရဲ့အကြည့်တွေ ရောက်မလာခင်မှာပဲ ခြေလှမ်းသွက်သွက်နဲ့ ချက်ချင်းပဲ အရှေ့ဘက်မုခ်ဘက်သို့ မျက်နှာမူရင်း စေတီတော်ရင်ပြင်ကနေ ဆင်းလာခဲ့မိတယ်။

ဘာကြောင့်မှန်းမသိပေမယ့် ကိုကျော်စိုးနဲ့ သူ မတွေ့ချင်တော့ဘူး။ အဲဒီလူအကြောင်းကို သူ မသိချင်တော့ဘူး။ အဲဒီလူနဲ့ စကားမပြောချင်တော့လောက်အောင် ဘယ်သို့သော အကြောင်းအရာတွေက တားဆီးခဲ့သလဲဆိုတာတော့ သူလည်း သေချာမသိလိုက်ဘူးလေ..။

 

သော်ဇင်(လွိုင်ကော်)

Date-14th-Feb-2013

Time-10;40Am

6 comments

  • Myo Thant

    February 14, 2013 at 2:12 pm

    ခံစားဖတ်ရှုသွားပါသည်
    ကိုကျော်စိုးနဲ့ခပ်ဆင်ဆင်လူမျိုးတွေ အများကြီးတွေ့ဖူးပါသည်
    တစ်ဘက်လူ မကြားချင်မှန်း နားမထောင်ချင်မှန်း မသိပဲ ဇွတ်ပြောတတ်သူတွေပေါ့

  • ရွှေ ကြည်

    February 14, 2013 at 4:50 pm

    ဟိ ဘယ်လိုပြောရမလဲ သနားပေမယ့် စိတ်ညစ်တယ် ပေါ့။ ဖတ်ရင်းနဲ့ပြုံးရပါရဲ့ဗျာ။

  • MaMa

    February 14, 2013 at 5:48 pm

    တချို့လူတွေက ကိုယ်ပြောချင်တာကို ပြောတယ်။
    တချို့လူတွေက သူများပြောချင်တာကို ဂရုစိုက်ပြီး နားထောင်ပေးတယ်။
    ပထမလူစားမျိုးက အတွေ့များတတ်ပြီး
    ဒုတိယလူစားမျိုးကို လူချစ်လူခင်များတတ်တယ်။

    ပိုစ့်ထဲမှာ မြင်လိုက်တာလေးတစ်ခု ပြောချင်တယ်။
    လူတိုင်းဟာ ကိုယ့်နေရာကိုယ်ဖန်တီးကြတယ်။
    ကိုယ့်အပြောအဆို အပြုအမူတွေဟာ ကိုယ့်အတွက် နေရာကိုဖန်တီးပါတယ်။

    အလုပ်ရှင်နဲ့ အလုပ်သမား ဆက်ဆံရေးမှာ …
    အလုပ်သမားတစ်ယောက်အနေနဲ့ ကိုယ်အလိုရှိတဲ့အချိန်မှာ အလုပ်ရှင်ဆီက လူမှုရေးအကူအညီ အထောက်အပံ့ရဖို့အတွက် ကိုယ်တိုင်ကလည်း အလုပ်ရှင်ရဲ့အလုပ်ကို တာဝန်ကျေပွန်စွာ စိတ်ရောကိုယ်ပါ ထမ်းရွက်ခဲ့သလားဆိုတာ အရေးကြီးပါတယ်။
    နောက်ပြီး ငွေချေးပေးတာဟာ အလကားပေးတာ မဟုတ်လို့ ပြန်လည်ပေးဆပ်ရမယ်ဆိုတဲ့ တာဝန်ကို ကျေပွန်ဖို့ အလေးအနက်ထားရမှာ ဖြစ်ပါတယ်။

    အလုပ်သမားတွေအနေနဲ့ နည်းအမျိုးမျိုးနဲ့ အကြောင်းပြ လိမ်ညာငွေချေး၊ လွယ်လွယ်ယူ၊ လွယ်လွယ်သုံး ပြန်မဆပ်ခဲ့ဖူးရင်…
    တကယ့်တကယ် အခက်အခဲ အကြပ်အတည်းနဲ့တွေ့တဲ့အခါမှာ အလုပ်ရှင်ဘက်ကလည်း အလုပ်သမားရဲ့ အခက်အခဲကို ညှာတာဖို့ စာနာဖို့ထက် …..
    လိမ်ညာနေတာပဲလို့ အတွေးရောက်ပြီး ကူညီချင်စိတ်ရှိမှာ မဟုတ်ပါဘူး။

    အလုပ်သမားဘက်က တာဝန်ကျေပွန်ခဲ့တယ်၊ မှန်မှန်ကန်ကန် ကြိုးစားခဲ့ပေမယ့် မကူညီတဲ့ အလုပ်ရှင်မျိုးလည်း ရှိနိုင်ပါတယ်။
    အဲလိုအလုပ်ရှင်မျိုးကျတော့လည်း သူနဲ့ထိုက်တန်တဲ့ တုန့်ပြန်မှုမျိုးပဲ ပေးလိုက်ပေ့ါ။

    • ဟုတ်ပါတယ်ဗျာ..။ တစ်ခါတစ်ခါမှာတော့ အလုပ်ရှင်ဘက် တာဝန်ကျေပွန်နေရက်နဲ့ ပြန်ဇောင်းမကြည့်တတ်တဲ့ အလုပ်ရှင်တွေရဲ့အဖြစ်ကို ရေးပြမိတာပါ။ မပြည့်မစုံဖြစ်သွားတာတော့ ကျွန်တော့်အားနည်းချက်ပါ။
      ခုလိုလေး ဝင်မန့်ပေးလိုက်တော့နောက်ဖတ်တဲ့သူတွေအတွက် ပိုကောင်းတာပေါ့။ ကျေးကျေးပါ…. Ma Ma..။

  • Mr. MarGa

    February 14, 2013 at 8:21 pm

    ဖတ် ……………………ပြီးတော့
    ဘယ်လိုပြောရမလဲ မသိတော့ဘူး
    ဟိုဘက်ကိုပဲ မှားတယ်ပြောရမလား
    စကားဖြတ်ပြီး ထ ထွက်သွားတဲ့သူကိုပဲ မှားတယ်ပြောရမလား
    အခုထိ တွေးနေဆဲ………………………………………………..

  • kyeemite

    February 15, 2013 at 2:21 pm

    ကိုကျော်စိုးသာ အဲဒီလိုယဉ်ယဉ်လေးနဲ့ရူးနေရင်
    သူ့ကလေးတွေတော့ဒုက္ခပဲပေါ့…
    အချစ်အပူပြင်းလွန်းလို့ ဦနှောက်ကမခံနိုင်ဖြစ်သွားတဲ့ပုံပဲ..

Leave a Reply