ဆောင်းည အလွန်

          ည…တစ်ညလုံး အိပ်မရခဲ့ဘူး။ တိုက်လေယာဉ်တွေလို တဝှီးဝှီးပျံသန်းလာတဲ့ ခြင်တွေ တစ်ကိုယ်လုံးကို အပ်စူးစူးတစ်ချောင်းနဲ့ထိုးသလို အဆက်မပြတ် တရစပ်တိုက်ခိုက်နေတယ်။ မူးနောက်ခေါင်းကိုက်ဝေဒနာနဲ့ လည်ပင်းရိုးတစ်လျှောက် ကိုက်ခဲ့တဲ့ ခံစားချက်က သူ့ကို ထိုးနှက်နေတယ်။ ဆောင်းရယ်လို မပီပြင်တဲ့ မန္တလေးညက သူ့ကို အဆတစ်ရာမက ပူလောင်နေစေပြန်တယ်။ ရင်ထဲမှာ ဖြစ်ပေါ်နေတဲ့ ခံစားချက်တွေ အမျိုးမျိုး အဖုံဖုံ။ မျက်စိထဲ ပြန်မြင်နေတဲ့ မြင်ကွင်းတစ်ခုက အာရုံမှာ ပြတ်ခနဲ ထင်းခနဲ။ နေ့တစ်နေ့ရဲ့ နှစ်ဆယ့်လေးနာရီဆိုတာ ဘယ်အချိန်မှာ စပြီး ဘယ်အချိန်မှာ ဆုံးတာလဲ။ သူမသိလိုက်ဘူး။ ဒီတစ်ရက်နှစ်ရက်အတွင်း အိပ်စက်ခြင်းဆိုတာ သူ့ဆီကနေ သွေဖယ်ပြီး ဘယ်ကိုခရီးနှင်သွားခဲ့သလဲ သူမသိဘူး။ လက်တစ်ကမ်းအကွာက မျက်နှာတစ်ခုမှာ သွေးစိမ်းရှင်ရှင်ထွက်နေတာကို သူ့ကြည့်ရင်း မျက်နှာကို လွှဲလိုက်မိတယ်။ ဘာလဲ…။ ဘာတွေဖြစ်ကုန်တာလဲ။ မေးခွန်းတွေ စီစီရီရီ..။

လူရုပ်မပေါက်တဲ့ သူ့မျက်ဝန်းမှာ ခိုတွဲနေတဲ့ မျက်ရည်တစ်စက်ဟာ မြေပြင်ပေါ်ကို ပေါက်ခနဲ ကျသွားတယ်။ သူ စိတ်ထဲမှာ တစ်စုံတစ်ယောက်ကို တိုင်တည်ပြောဆိုလိုက်တယ်။

“ကျွန်တော် ငိုနေတာ မဟုတ်ဘူး အမေ“

အခန်း(၁)

          လွိုင်ကော်မြို့ရဲ့ ကယားပြည်နယ်နေ့က မနေ့ကမှ ပြီးတယ်။ ပင်ပန်းနွမ်းနယ်ခြင်းတွေနဲ့ ထော်လဂျီပေါ်က ဆင်းလာတဲ့ အမေ့မျက်နှာမှာ မောပန်းဟန်ကို မပြဘူး။ ပအို့ဝ်လွယ်အိတ်လေးကို သွန်ချပြီး ပိုက်ဆံ အကြွေတွေကို ရေတွက်နေ့တဲ ့ အမေ့လက်က တုန်နေသလိုလို။ အမေ့နားကို ကပ်သွားတော့ ချွေးနံ့တွေက ခပ်လှိုင်လှိုင်။ ကွမ်းတံထွေးရည်ကို ပစ်ခနဲထွေးရင်းနဲ့ သူ့ကို ပြုံးပြုံးလေးကြည့်တယ်။ပြီးတော့

“ဒီအတိုင်းဆိုရင် အမေတို့တော့ သားကို မင်္ဂလာဆောင်ပေးနိုင်မယ်ထင်တယ် သား“ တဲ့။ သူ့ရင်မှာ နင့်ခနဲ။ အမေ့ခံစားချက်ကို လစ်လျှူရှုပြီး မသိသလို မျက်နှာလွဲရင်း

“ဒါက အရေးမကြီးပါဘူး အမေ“ လို့ပြန်ပြောလိုက်တဲ့ ခဏမှာ အမေ့မျက်ဝန်းက ဆွေးသွားတယ်လို့ သူထင်မိလိုက်တယ်။ ပြီးတော့

“ဒီလိုပဲ သား ဘဝဆိုတာ ပင်လယ်ပြင်မှာ ရွက်လွှင့်သွားနေတဲ့ သဘောင်္ကြီးလိုပဲ လောကဓံလှိုင်းတွေရဲ့ ရိုက်ပုတ်တာကိုတော့ ခံရတတ်တယ်။ အဲဒီမှာ သားက ကိုယ့်သဘောင်္မမှောက်အောင် ဘယ်လို ထိန်းမရမလဲဆိုတာ ကောင်းကောင်း စဉ်းစားတတ်ဖို့ပဲလိုတာ…“

စကားဆုံးတော့ အမေ ထထွက်သွားတယ်။ အမေ့ကျောပြင်မှာ ချွေးတွေနဲ့ရွှဲနေတာ သူ မြင်နေတာ ထင်းထင်းကြီး။

အခန်း(၂)

          သူ အိမ်ကိုပြန်ရောက်နေတာ လေးလကျော် ငါးလအတွင်းမှာ။ ခုထက်ထိ အလုပ်ရယ်လို လက်ဆုပ်လက်ကိုင်မရှိသေးဘူး။ တစ်နေ့တာကို တောင်တွေး မြှောက်တွေးနဲ့ အချိန်တွေကို ကုန်လွန်နေခဲ့တာ ကြာခဲ့ပြီ။ ဆောင်းနေ့ခင်း နေ့လည်ရဲ့ အေးစက်မှု ၊ ခြောက်သွေ့မှုတွေရဲ့ ကြားမှာ သူ အနေရခက် အထိုင်ရခက်။ ဆောင်းလေ ခပ်တင်းတင်း ဝှေ့တဲ့အခါ သူ့ဘဝကြီး လိုက်ပါသွားတယ်။ အသိနဲ့ ပြန်ဖမ်းဆုပ်လိုက်တဲ့အခါ ခါးသီးမှုတွေ တပွေ့တပိုက်ကြီးပါလာတယ်။

အမေ့ခြံကလေးထဲက စတော်ဘယ်ရီပင် စိမ်းစိမ်းကလေးတွေကိုကြည့်တော့ စိတ်သက်သာသလိုရှိတယ်။ ပြီးတော့ အပွင့်ဖြူဖြူကလေးတွေ။စတော်ဘယ်ရီသီးကင်းလေးတွေ။

“အမေက စတော်ဘယ်ရီ ပင်ကလေးပေါ့ သား။ တစ်ခါပွင့်ပြီးရင် နောက်ထပ် ထက်ပွင့်လို့ရသေးတာပဲ။ နောက်ထပ် အသီးတွေ သီးနေလို့ရသေးတာပဲ။ ဖြစ်ခဲ့သမျှဆိုတာ တရားသဘောနဲ့ကြည့်ရင် မမြဲခြင်းပဲ။ ဒါကို သားဆင်ခြင်ပြီး နောက်ထပ် အားမွေးပါ။ စိတ်ပျက်နေရင် ကမာ္ဘကြီးက နေချင်စရာမကောင်းဘူး သားရဲ့ ။ လာ ထမင်းစားရအောင် ။“

ဘယ်အချိန်ကရောက်နေမှန်းမသိတဲ့ သူ့နောက်ကျောဆီက အမေ့ရဲ့ စကား။ သူ မျက်ရည်ဝဲမိတယ်။ သူ ပြန်လည် ခိုဝင်တဲ့ အမေ့ရင်ခွင်မှာ ဟိုတုန်းကလို နွေးထွေးနေဆဲ။

အခန်း(၃)

          ဖားကန့်မှော်အခြေအနေမကောင်းဘူးဆိုတာ သူငယ်ချင်းတွေ ဖုန်းဆက်တယ်။ လက်ရှိ အမေ့ရဲ့ ခြံကလေးထဲမှာ ရေလောင်းပေါင်းသင်နေရင်း ခရီးဆက်ရမယ့် ဘဝလမ်းကို မှန်းမျှော်မိတာလည်း ခဏခဏ။ အတွေးထဲမှာ သူ လုပ်ချင်တိုင်းလုပ်မရတဲ့ ကိစ္စတွေ ပေါ်ပေါ်လာတယ်။

သူပြန်ရောက်နေတယ်ကြားလို့ လာလာလည်တဲ့ သူငယ်ချင်းတွေရဲ့

“ဟေ့ကောင် ဘယ်တော့စားရမှာလဲ “ဆိုတဲ့ စကားကိုကြားရင် သူ့ဆီမှာ အဖြေမရှိဘူး။ ခေါင်း ငုံ့သွားတဲ့ ချစ်သူရဲ့ မျက်နှာကိုကြည့်ရင်း သူ့မျက်နှာ ထူပူနေတာ အကြာကြီး။ မတွေ့ရတာ ကြာပြီဖြစ်တဲ့ ချစ်သူရဲ့မျက်နှာမှာ မျှော်လင့်ချက်တွေရှိမလားလို့ လိုက်ရှာမိတယ်။ သိုဝှက်မှုအားကောင်းတဲ့ ချစ်သူ့မျက်နှာမှာ သူ့အတွက် ပုစာ္ဆမရှိဘူး။ သူနှစ်ကိုယ်တွေ့စဉ်မှာ သူနဲ့ ချစ်သူပြောဖြစ်တဲ့ အကြောင်းတွေက အလုပ်အကြောင်းတွေ။

“စိတ်ဓါတ်ကျမနေနဲ့ ကို။ အလုပ်ဆိုတာ အချိန်မရွေးပြန်ရှာလို့ရတယ်။ မီးလောင်ဆုံးရှုံးသွားတဲ့ ပစ္စည်းတွေကို တမ်းတမနေနဲ့တော့။ ပြန်ရှာလို့ရတယ်။ “

“ကိုက ဒီနှစ် ထွေးကို လာ တောင်း.. “

သူ့နှုတ်ခမ်းဝမှ လက်ညိုးဖြူဖြူကလေး ရုတ်တရက် ပိတ်လာတယ်။

“ဒါတွေ ပြောမနေနဲ့လေ..။ အခြေအနေဆိုတာ အချိန်မရွေး ပြောင်းလဲသွားနိုင်တယ်ဆိုတာ ထွေး နားလည်ပါတယ်။“

ဟာ ခနဲဖြစ်သွားတဲ့ရင်မှာ တစ်စုံတစ်ခုသော ဝေဒနာက တစ်တစ်ဆို့ဆို့ကြီး။ ကောင်းကင်ကို မရည်ရွယ်ဘဲ မော့ကြည့်မိတယ်။ တိမ်စိုင်တစ်ချို့ လွင့်ပြယ်သွားတယ်။ ကျန်ရစ်ခဲ့တဲ့ အပြာရောင်ကောင်းကင်ကြီးက ဗလာ…။

အခန်း(၄)

          “သားကို မင်္ဂလာဆောင်ပေးတော့မယ်“

သူ့နားထဲမှာ မယုံနိုင်ခြင်းတွေ အလုံးအရင်း။ အမေ့ကိုကြည့်တော့ အပြုံးပါးပါးကလေး ပြေးလို့။

“ဟုတ်တယ် သား။ ခု ဖရဲရောင်းတာရယ်။ ရာသီသိမ်းချိန် စတော်ဘယ်ရီသီးကရတဲ့ ငွေတွေရယ်ပေါင်းရင် မင်္ဂလာဆောင်ဖို့တော့ အသာလေးပဲ“

ပြုံးပြုံးကလေးပြောနေတဲ့ စကားရဲ့နောက်ကွယ်မှာ အမေ မောနေတာ သူသိတာပေါ့။ သူက လက်ဖြန့်တောင်းရင် အမေ မငြင်းတတ်ခဲ့ဖူးဆိုတာ။ ငယ်ငယ်တုန်းက ဘာပဲလိုချင်လိုချင် သူ မျက်နှာတစ်ချက်ညိုးတာနဲ့ လိုတာမှန်သမျှ ပဉ္စလက်အတတ်နဲ့ ဖန်ဆင်းပေးခဲ့တဲ့ အမေဟာ သူ့အတွက် လိုတရအိုးကြီးတစ်လုံးဆိုတာ။

“ခုတခေါက် ဖရဲဝယ်ရင် သားလိုက်ခဲ့။ နောက်ဆို သားကိုယ်တိုင် လုပ်ချင်ရင် လုပ်လို့ရအောင်လို့ သား“

လောကခရီးမှာ သားလျှောက်တတ်အောင်လို့လား အမေလို့တော့ သူ ထုတ်မမေးတော့ဘူး။

ကားပေါ်မှာ အတွေးပေါင်းစုံနဲ့ အမေလွင့်မြောနေသလား။ ခြောက်သွေ့နေတဲ့ ရိတ်သိမ်းပြီးစ လယ်ကွင်းပြင်တွေက ရိုးပြတ်တွေကိုကြည့်ပြီး အမေ တစ်စုံတစ်ရာကို တွေးနေလိမ့်မယ်လို့ သူထင်တယ်။ ဒီနှစ် အေးစက်စက်ဆောင်းက အမေ့ကို ပူလောင်နေစေမယ်ဆိုတာ သူ သိတယ်။ ရပ်ဝေးက သားတစ်ယောက် အနားမှာ ပြန်ရောက်လာလို့ အမေ ဝမ်းသာနေရုံသက်သက်နဲ့ အမေကျေနပ်နေတယ်ဆိုတာလည်း သူသိတယ်။

အမေ့ဇာတိမြေကိုရောက်ရင်

“ဒါ သားလေ ဖားကန့်ကနေ ခွင့်နဲ့ပြန်လာတာ“    လို့ အမေ ပြောဦးမယ်။ ပြီးရင် တခုတ်တရ ချီးမွမ်းခန်းတွေ ဖွင့်ဦးမယ်။

ပအို့ဝ်လွယ်အိတ်လေးထဲက ကွမ်းအစ်ကလေးကိုထုတ်လိုက် ကွမ်းတစ်ရွက်၊ ထုံးတတို့ ဆေးတစ်ဖက်လောက်နဲ့ တစိမ့်စိမ့် ပါးစောင်သွင်းကို ပစ်ထည့် ဝါးနေရင်း ပတ်ဝန်းကျင်နဲ့ လိုက်ပါ စီးမျောနေပုံက အမေ့မှာ ဘာအပူမှမရှိသလို။

မှန်လုံ အမြန်ယာဉ်ကလေးက မြို့စဉ်တလျှောက်ဖြတ်ကျော် မောင်းနှင်ရင်း အမေ့ ဇာတိချက်မြုပ်ရွာကလေးဆီကို ရိပ်ရိပ်ပြေးနေတယ်။ သူ့အတွေးတွေကလည်း ကားနဲ့အတူ ပြေးလွှားနေရင်း မောနေမိပြန်တယ်။

အခန်း(၅)

          နဖူးပြင်ပေါ်က ဆံစတွေ ကားပြတင်းဆီက ဖြတ်တိုက်လာတဲ့ လေကြောင့် ခပ်လွှင့်လွှင့်။ တဘက်တစ်ထည်ကို ခေါင်းပေါင်းပြီး ကားနောက်ခုံတန်းမှာ အမေ အိပ်ပျော်စပြုနေပြီ။ ပင်လောင်းမြို့ရဲ့ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၀၀ဝကျော်ဆိုတာ ဆောင်းဆိုတဲ့ ဥတုတစ်မျိုးကို ပိုမိုပီပြင်နေတယ်ထင်ရဲ့။ အေးစက်စက်နိုင်လိုက်ပုံများ လေလုံပိတ် ကားကလေးထဲမှာတောင် ချမ်းစိမ့်စိမ့်ဖြစ်ရတဲ့အထိ။ အမေ နွေးရဲ့လား။ ခရီးဆောင်အိတ်ထဲက စောင်ပါးတစ်ထည်ကို ထုတ်ယူလိုက်ရင်း အမေ့ကိုယ်ပေါ်ကို လွှားခြူံလိုက်တယ်။

“သိပ်ချမ်းတယ် အမေ“

ည မြင်ကွင်းရဲ့အောက်မှာ လက ခပ်ရေးရေးကလေး သာနေတာကြောင့် ရိုးတိုးရိပ်တိတ် မြင်ကွင်းတွေကို မြင်နေရတယ်။ တစ်ချက်တစ်ချက် ဖြတ်တိုက်လာတဲ့ လေအေးအေးက ပြတင်းပေါက် ချိုချောင် ချိုကြားကနေ ဝင်ဝင်လာတယ်။ ရွာကိုရောက်ရင်ဆိုတဲ့ အတွေးရယ်၊ ချစ်သူနဲ့ ရွှေလက်တွဲရတော့မယ် ကာလတစ်ခုရယ်က ခေါင်းထဲမှာ ဝဲလည်နေလိုက်ပုံများ ပြကွက်တစ်ကွက်ပြီးတစ်ကွက်။ ငိုက်မြည်းစပြုနေတဲ့ မျက်လုံးတွေတောင် ပြန်ပြန်ကျယ်လာသလိုလို။ အိပ်မောကျနေတဲ့ အမေ့ကိုကြည့်မိတော့ အားနာမိရတယ်။ ဖြစ်သင့်ရဲ့လားလို့ သူ့ကို သူ ပြန်တွေးမိတဲ့အခါ သူ့အမေ့ပေါ်မှာ မတရားဘူး။

တစ်ချက်။ သူ ငိုက်မြည်းသွားတယ်။ ပြီးတော့ သူအိပ်ပျော်သွားတယ်။ နောက်တော့…..။

မြှားတစ်ဝင်းပစ်ခွင်းလိုက်သလို မြန်ဆန်နေတဲ့ အသိကို သိလိုက်ရချိန်မှာ……သူတို့ စီးလာတဲ့ကားကလေးဟာ..။

ဝုန်းခနဲ…..။

အခန်း(၆)

          နီနီရဲနေတဲ့ မျက်နှာ။ စီးပိုင်နေတဲ့ သွေးတွေ။ သူ့လက်မှာ..။ ဒါဟာ အမေလား။ ကားအင်ဂျင်သံက နားထဲမှာ ဆူညံလွန်းနေတယ်။ ကယ်ပါ။ ယူပါ ဆိုတဲ့ အသံနောက်မှာ အမေ့အသံ တိုးတိုးကလေး။

“အမေ…အမေ…..အမေ…….သားရှိတယ်……“

“သား…..သား ဘာဖြစ်သွားသေးလဲ…အမေ့ မျက်နှာ.. အမေ့မျက်နှာ………“

“မဖြစ်ဘူး။ မဖြစ်ဘူး အမေ….။ သားတို့ဆေးရုံ သွားကြမယ်နော်…..။ ဘာမှမဖြစ်ဘူး နော်…။ အမေနော်…..“

အဆက်မပြတ်ယိုစီးကျနေတဲ့ သွေးတွေအောက်မှာ အမေ့မျက်နှာပျောက်ကွယ်နေတယ်။ ကြည့်ရက်စရာမရှိတဲ့ အမေ့မျက်နှာက သူ့ရင်ကို  မချိစေဘူး။ မူးနောက်ဝေနေတဲ့ အသိက အမေနဲ့ယှဉ်ရင် နောက်မှာကျန်ခဲ့တယ်။ သူ့လက်တွေက အမေ့ ပခုံးကို တင်းတင်းကျပ်ကျပ်ဖက်ထားတယ်။

အမေက သူ့အတွက် အားမာန်တွေ မွေးပေးခဲ့တယ်။ ဒါဆို ခုချိန်မှာ သူဟာလည်း အမေ့အတွက် အားမာန်တွေ မာန်ဟုန်ပြင်းပြင်းနဲ့

“အမေ မသေစေရဘူး အမေ“ လို့ တီးတိုးလေး ရေရွှတ်လို့ ဆောင်းညက ကျော်လွန်သွားခဲ့တယ်။

××××××××××××××

          မြင့်မိုရ်တောင်ဆိုတာ ဘယ်သူမှ မမြင်ဖူးခဲ့ကြဘူး။ အဲလိုပဲ မိဘတွေရဲ့ ရင်တွင်းက ခံစားချက်တွေဆိုတာ ဘယ်သားသမီးမှ မမြင်ခဲ့ကြဘူး။ မမြင်တတ်ကြဘူး။ သူ့အတွက် အမေ ့ရင်ထဲက ဖြစ်ပေါ်နေတဲ့ ခံစားချက်တွေကို သူ မြင်လိုက်ရတဲ့ အချိန်မှာ နောက်ကျခြင်းတွေဟာ သူ့ရင်ထဲမှာ အလုံးအရင်းသာ…။

 

သော်ဇင်(လွိုင်ကော်)

Date-6th-Feb-2013

Time-03:49PM

 

 

 

9 comments

  • ခိုင်ဇာ

    February 15, 2013 at 12:48 pm

    :byae:

    :byae:

    :byae:

  • ကြည်ဆောင်း

    February 15, 2013 at 1:26 pm

    အားတင်းထားပါ…..

  • kyeemite

    February 15, 2013 at 3:25 pm

    ဘဝ အမောတွေဖတ်ပီး…ကိုပါ အမောဆို့သွားတယ်ဗျာ…
    အားလုံးအဆင်ပြေသွားမှာပါ…

  • moonpoem

    February 15, 2013 at 4:25 pm

    ငိုချင်ရက် လက်တို ့ပဲ။ အဖေနဲ ့အမေကို လွမ်းနေချိန်မှာ ဒီပိုစ့်ကို ဖတ်လိုက်ရတာ စိတ်ထဲမကောင်းဘူး။

  • Mr. MarGa

    February 15, 2013 at 8:16 pm

    ဆောင်းညကတော့ အေးလိုက်တာ စိမ့်လို့
    ဒါပေမယ့် မိခင်မေတ္တာနဲ့ မိခင်အပေါ်ထားတဲ့ သားရဲ့မေတ္တာကြောင့် နွေးထွေးနေမှာပါ။
    ဆောင်းညတွေ အလွန်မှာ အမေ့အတွက် ရှေ့က မားမားမတ်မတ်ရပ်နိုင်တဲ့ သားတစ်ယောက်ဖြစ်ပါစေလို့ ဆုတောင်းရင်း…………..

  • padonmar

    February 16, 2013 at 11:42 pm

    အမေ့တွက် အားကိုးရတဲ့ သားဖြစ်ခဲ့တဲ့ သော်ဇင်ပဲကွယ်။
    ဆောင်းညတွေလွန်ရင် ရောင်နီဦးလာမှာပေါ့။


  • “ခုတခေါက် ဖရဲဝယ်ရင် သားလိုက်ခဲ့။
    နောက်ဆို သားကိုယ်တိုင် လုပ်ချင်ရင် လုပ်လို့ရအောင်လို့ သား“

    အောင်မငီးးး
    ဗြဲဒီး ဘွ .. ဂလောက်တောင် ဖစ်တွားဘီလား …
    အော် .. မာမီဗြဲ .. မာမီဗြဲ …
    ငါ့မှာ ပျောက်လှဘာဘီ အောက်မေ့နေဒါ ..
    သူဂ လုပ်စားနေဒါဂိုး …… :mrgreen:
    မာမီစိန်ပေါက် တစ်ယောက်တည်း ပျောက်ချက် …
    သူလည်း မာမီဗြဲနဲ့ ပေါင်း လုပ်စားနေဒယ် ထင်ဘာရဲ့ …. :mrgreen:
    (ဘော်ဘော်ဂျီးများသို့ အမှတ်တရ)

    ကိုသော်ဇင် ရေ …
    အားပေး ဖတ်ရှုသွားပါတယ် ခင်ဗျာ ……..

  • niki ta

    February 17, 2013 at 10:54 am

    အားပေးသွားပါတယ် ကိုသော်ဇင်ရေ…
    ဒါပေမယ့်.. တွေ့တုန်းဖြတ်လျှောက်သဘောမျိုးမဟုတ်ဘဲ တွေ့တာလေးတွေတော့ ဝေဖန်ခဲ့မယ်နော်…
    ပို့စ်ကတော့ ဖတ်လို့ကောင်းပါတယ်ယယ
    ဒါပေမယ့် တစ်ချို့အသုံးအနှုံးတွေ ကြောင့် စာဖတ်ရတာ ထောက်သွားတာတွေ ရှိနေတယ်..

    ဥပမာ.. ထော်လဂျီ ဆိုတဲ့ အသုံးအနှုံး…ဖတ်လိုက်ရင် တစ်မျိုးဖြစ်သွားတယ်
    နောက်ပြီးတော့ “အမေက စတော်ဘယ်ရီ ပင်ကလေးပေါ့ သား။ တစ်ခါပွင့်ပြီးရင် နောက်ထပ် ထက်ပွင့်လို့ရသေးတာပဲ။ ” ……. ” နောက်ထပ် ထပ်ပွင့် ” တယ် လို့ရေးသင့်တယ်….
    မြန်မာပို့စ်တွေမှာ မြန်မာစာ သတ်ပုံ အရေးအသားက အခြေခံကျမယ်ထင်တယ်…

    နောက်ပြီး အရေးအသားက ကျစ်လစ်မှုမရှိဘဲ တစ်ခုခုလိုနေသလို ခံစားရတယ်..
    သိပ်ပြီး ထိမိမှုမရှိသလိုထင်ရတယ်….

    ( မတောက်တခေါက် ပညာလေးဖြင့် ဝေဖန်သွားပါကြောင်း.. )

    • ဟုတ်ကဲ့။ ဘာပဲဖြစ်ဖြစ် ဒီလိုဝေဖန်ပေးတာကိုကျေးဇူးတင်ပါတယ်။ ကျွန်တော်မမြင်မိတဲ့ အမှားလေးတွေကိုထောက်ပြပေးတဲ့အတွက် သတိထားစရာပေါ့ဗျ။ ထော်လဂျီဆိုတဲ့ အသုံးအနှုန်းကတော့ ကျွန်တော်တို့ တောင်ပေါ်ဒေသသားတွေ သုံးတဲ့ စကားလေးပါ။ ဒါကြောင့် ဒီလိုပဲ ထည့်ရေးဖြစ်လိုက်တာပါ။ နောက်လည်း အမှားလေးတွေ တွေ့ရင် အားမနာတမ်း ဝေဖန်ပေးစေလိုပါတယ်။ ဒါမှလည်း ကျွန်တော်တို့ စာရေးသူတွေဟာ သတိချပ်စရာလေးတွေ တွေ့မှာမို့ပါ။ ကျွန်တော်ကတော့ ဝေဖန်မှုကိုကြိုဆိုပါတယ်။

Leave a Reply