လမ်းခွဲပြီး (၁ဝ)နှစ်

etoneJuly 21, 20101min640

ကိုယ့်ကို သိပ်ချစ်တဲ့ ကိုယ့်နားက ချစ်သူကို လမ်းခွဲဖို့ မစဉ်းစား
မဆုံးဖြတ်ခင် ဒီပိုစ့်လေးကို ဖတ်ကြည့်သင့်လှပါတယ် …
တကယ်တော့ ချစ်သူဆိုတာ ကိုယ့်ဘဝရဲ့ နောက်ဆုံး နေဝင်ချိန်တွေအထိ
အတူရှိနေပေးမယ့် သူ ဖြစ်တယ်ဆိုတာ နားလည် သဘောပေါက်ခဲ့တယ်ဆိုရင် …………

%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%

ယဉ်ယဉ်နဲ့ကျွန်တော် လမ်းခွဲဖို့ကို ကံတရားက ကြိုတင်ဖန်တီးထားပုံရတယ်။
ယဉ်ယဉ်က မိန်းမကောင်းတစ်ဦးပါ။ သူရဲ့အပြောအဆို၊ အနေအထိုင်တွေက
ပြောစရာမရှိခဲ့ဘူး။ ယဉ်ယဉ်နဲ့ လမ်းခွဲခဲ့လို့
ကျွန်တော့်ကိုတုံးအတယ်ဆိုပြီး လူတွေရယ်ကြမှာ ကျွန်တော်သိတယ်။ ယဉ်ယဉ်ကို
မခွဲရက်ပေမယ့် လမ်းခွဲဖို့ ကျွန်တော်ကပဲစပြီး ရွေးချယ်ခဲ့ပါတယ်။

လမ်းခွဲပြီး ပထမရက်
ယဉ်ယဉ်အိပ်ရထ နောက်ကျခဲ့တယ်။ အိပ်ခန်းထဲ အဆောင်မှူးဝင်ကြည့်တိုင်း
ယဉ်ယဉ်ခေါင်းမြီးခြုံ အိပ်နေတာကိုတွေ့တယ်။ ကုတင်ပေါ်မှာ မလှုပ်မယှက်
ယဉ်ယဉ်လဲလျောင်းနေခဲ့တယ်။ ယဉ်ယဉ်ကိုကြည့်ပြီး အဆောင်မှူး သက်ပြင်းတစ်ချက်
ချလိုက်တယ်။ ပြီးတော့ အခန်းတံခါးကို အသာလေးပိတ်ပြီး လှည့်ထွက်သွားခဲ့တယ်။
နေ့ခင်း (၁၁)နာရီထိုးမှ ယဉ်ယဉ်အိပ်ရာထခဲ့တယ်။ ဒီနေ့ သူအတန်းတက်ဖြစ်မှာ
မဟုတ်ဘူး။ သန့်စင်ခန်းထဲက မှန်ပေါ်မှာ ယဉ်ယဉ်ရဲ့ ညှိုးနွမ်းတဲ့မျက်နှာကို
အတိုင်းသားမြင်နေရတယ်။ သူ့မျက်ထောင့်မှာ မျက်ရည်ဥတွေ တွဲခိုနေတုန်းပဲ။
အဲဒီနေ့က ယဉ်ယဉ် ထမင်းတစ်စေ့မှာ စားမဝင်ခဲ့ဘူး။

လမ်းခွဲပြီး ဒုတိယရက်
မျက်နှာကို မှုန်နေအောင် လိမ်းခြယ်ပြီး အရက်ဘားတစ်ခုဆီ ယဉ်ယဉ်ထွက်ခဲ့တယ်။
ဘားတစ်နေရာမှာ ထိုင်ပြီး အမည်မသိတဲ့ အပြင်းစားအရက်တွေကို
ယဉ်ယဉ်သောက်နေခဲ့တယ်။ တစ်ခွက်ပြီးတစ်ခွက်….. ခဏလေးအတွင်း ယဉ်ယဉ်ရှေ့မှာ
ဖန်ခွက်လွတ်တွေ ပြည့်နေခဲ့တယ်။ ကောင်းတဲ့အကြံအစည်ရှိပုံ မရတဲ့
ယောက်ျားသားတစ်ဦးက ယဉ်ယဉ်ဘေးနားကပ်ပြီး “အရမ်းလှတယ်” လို့ပြောတယ်။
အဖေအရွယ်ရှိတဲ့ လူကြီးကို ရီဝေဝေမျက်လုံးနဲ့ ယဉ်ယဉ်ပြန်ကြည့်လိုက်တယ်။

“ကောင်မလေး… မူးနေပြီလား.. အစ်ကိုအိမ်ပြန်ပို့ပေးမယ်လေ”

“ကောင်းပြီလေ”

လူကြီးရဲ့အပြောကို ယဉ်ယဉ်ခပ်မဲ့မဲ့ပြန်ဖြေရင်း သောက်လက်စ
အရက်နဲ့မျက်နှာကို ပက်ထည့်လိုက်တယ်။

ထင်မှတ်မထားတဲ့ အပြုအမှုမို့ လူကြီးရှက်ရမ်းရမ်းပြီး ယဉ်ယဉ်ကို
ရိုက်ဖို့လက်ရွယ်လိုက်ချိန် ယဉ်ယဥ့်သူငယ်ချင်းတွေ ရောက်လာပြီး
ဝိုင်းဆွဲလိုက်ကြတယ်။ သူငယ်ချင်းတွေက ယဉ်ယဉ်ပျောက်လို့
လိုက်ရှာသူတွေဖြစ်တယ်။

“ယဉ်ယဉ်… မလုပ်နဲ့ နင်ဒီလိုကြေကွဲနေတာကိုတွေ့ရင် ငါတို့လည်း ခံစားရတယ်”

သူငယ်ချင်းတွေရဲ့ ပြောစကားကို ယဉ်ယဉ်ဂရုမစိုက်ခဲ့ဘူး။ နောက်ဆုံး
သူငယ်ချင်းတွေက ယဉ်ယဉ်ကို ဘားကနေဆွဲထုတ်ပြီး ကားပေါ်ခေါ်တင်ခဲ့ကြတယ်။

အရက်ဘားက ဖြစ်ပျက်ခဲ့တာတွေ ကျွန်တော်သိနေခဲ့တယ်။ အဲဒီအချိန်တုန်းက
ဘားရဲ့မှိန်ဖျော့ဖျော့ ထောင့်တစ်နေရာမှာ ကျွန်တော်ရှိနေခဲ့တယ်။ ယဉ်ယဉ်ကို
အစအဆုံး ကျွန်တော်ကြည့်နေခဲ့တယ်။

လမ်းခွဲပြီး (၄)ရက်မြောက်နေ့
ဆေးရုံကုတင်ပေါ်မှာ ယဉ်ယဉ်လဲနေတာ (၂)ရက်ရှိပြီ။ အရက်မူးတဲ့ညကစ ဒီနေ့အထိ
ယဉ်ယဉ်မနိုးခဲ့သေးဘူး။ နှုတ်ကလည်း ကယောင်ကတမ်း ကျွန်တော့်နာမည်ကို
အော်နေတယ်။

လမ်းခွဲပြီး (၆)ရက်မြောက်နေ့
ဆေးရုံကို ကျွန်တော်တိတ်တိတ်လေး ရောက်လာခဲ့တယ်။ ကုတင်ရှေ့မှာရပ်ပြီး
ဖြူဖွေးနေတဲ့ အိပ်ရာခင်းနဲ့အပြိုင် ဖြူရော်နေတဲ့ ယဉ်ယဥ့်မျက်နှာကို
ငေးကြည့်နေခဲ့တယ်။ ငြိမ်ငြိမ်သက်သက်နဲ့ တစ်ညလုံး
သူ့ကိုထိုင်ကြည့်နေခဲ့တယ်။ သူသတိရလုလုဖြစ်မှာ ကျွန်တော်တိတ်တိတ်လေး
ပြန်ထွက်လာခဲ့တယ်။

လမ်းခွဲပြီး (၇)ရက်မြောက်နေ့
ယဉ်ယဉ် ဆေးရုံကဆင်းတယ်။ ဆေးရုံဆင်းပြီးနောက် ယဉ်ယဉ်ရဲ့ပထမဆုံးလုပ်ရပ်က
သန့်စင်ခန်းထဲမှာ ကိုယ့်ကိုယ်ကို ပိတ်လှောင်ထားတာဖြစ်တယ်။
အချိန်အကြာကြီးနေမှ သန့်စင်ခန်းထဲက ယဉ်ယဉ်ထွက်လာတယ်။
ယဉ်ယဥ့်အပေါင်းဖော်တွေ သန့်စင်ခန်းထဲဝင်ကြည့်တော့ အခန်းတစ်ခုလုံး
ပြောင်လက်နေတာတွေ့ရတယ်။ စိတ်ပေါက်ပေါက်နဲ့ အခန်းထောင့်စွန်းတွေပါမကျန်
ယဉ်ယဉ်တိုက်ခဲ့ပုံရတယ်။

အမြဲတပြုံးပြုံးနဲ့ ဖော်ဖော်ရွေရွေနေတတ်တဲ့ ယဉ်ယဉ်တစ်ယောက် အခုတော့
စကားနည်းပြီး တငေးတငိုင်ဖြစ်နေခဲ့တယ်။ ကျွန်တော့်ကိုရော
ကျွန်တော်နဲ့ပတ်သက်ခဲ့သမျှ အတိတ်တွေကို သူမမေ့ဘူးဆိုတာ သူမျက်လုံးက
ဖော်ပြနေခဲ့တယ်။ ဒါကို သူ့ သူငယ်ချင်းတွေလည်း သိတယ်။

ကျွန်တော့်ကိုလွမ်းဆွတ်တဲ့စိတ်

ကို စာထဲမှာပဲ ယဉ်ယဉ်ထည့်မြှုပ်ခဲ့တယ်။
အားလပ်ချိန်တွေကို စာကြည့်တိုက်မှာပဲ သူဖြုန်းခဲ့တယ်။

လမ်းခွဲပြီး (၂)နှစ်
ပထမနှစ်ရဲ့ ကျောင်းသားခေါင်းဆောင်အဖြစ် ယဉ်ယဉ်ရွေးချယ်ခံခဲ့ရတယ်။
ဒီလိုအရွေးခံရဖို့ သိပ်မလွယ်မှန်း ကျွန်တော်သိတယ်။
ခေါင်းဆောင်တစ်ယောက်မှာ ကြီးလေးတဲ့တာဝန်ရှိတယ် ဆိုတာကို ယဉ်ယဉ်လည်းသိတယ်။
ဒါကြောင့် သူကြိုးစားသင်ယူခဲ့တယ်။

တတိယနှစ်အရောက်မှာ ဂုဏ်ထူးတန်းဝင်ဖို့ ယဉ်ယဉ်ပိုကြိုးစားခဲ့တယ်။
အဲဒီကြိုးစားမှုကြောင့် မေဂျာတစ်ခုလုံးရဲ့ စံပြကျောင်းသူဖြစ်ခဲ့တယ်။
ကျောင်းပြီးတာနဲ့ အလုပ်ဝင်ဖို့ ကုမ္ပဏီတစ်ချို့က သူကျောင်းမပြီးခင်ကတည်းက
စာချုပ်လာချုပ်ထားပြီးဖြစ်တယ်။

လမ်းခွဲပြီး (၃)နှစ်
နာမည်ကြီး တက္ကသိုလ်တစ်ခုမှာ ယဉ်ယဉ် လျောလျောရှူရှူဝင်ခွင့်ရပြီး
ဂုဏ်ထူးတန်းကို ဆက်လက်သင်ကြားခွင့်ရခဲ့တယ်။ ယဉ်ယဥ့်ဘေးမှာ
ကျွန်တော်ထက်သာတဲ့ ပိုးပန်းသူတွေ မနည်းခဲ့ဘူး။ ဒါပေမယ့် “မိုးသောက်တိမ်”
တစ်ယောက်ကလွဲရင် ဘယ်သူ့ကိုမှ ယဉ်ယဉ်ဂရုမစိုက်ခဲ့ဘူး။
မိုးသောက်တိမ်ကိုလည်း အစ်ကိုရင်းသဖွယ် သူခင်မင်ခဲ့ပါတယ်။

လမ်းခွဲပြီး (၉)နှစ်
ယဉ်ယဉ်စေ့စပ်လိုက်ပြီ ဆိုတဲ့သတင်းကို ကျွန်တော်ကြားလိုက်တယ်။ သတိုးသားက
မိုးသောက်တိမ်ပဲဖြစ်တယ်။

လမ်းခွဲပြီး (၁ဝ)နှစ်
ယဉ်ယဉ် မင်္ဂလာဆောင်တော့မယ်။ မင်္ဂလာမဆောင်ခင် လဝက်အလိုမှာ
အိမ်သစ်ရဲ့ဆိုဖာပေါ်မှာထိုင်ပြီး လူတွေဖိတ်ဖို့ ယဉ်ယဉ်ဖိတ်စာတွေ
ရေးနေခဲ့တယ်။ သူ့မျက်နှာပေါ်မှာ ဝမ်းသာပျော်ရွှင်တဲ့ အပြုံးတွေ
ယှက်သန်းနေခဲ့တယ်။ ကျွန်တော်ကလွဲရင် လူတော်တော်များများ ယဉ်ယဥ့်ဖိတ်စာကို
ရကြမယ်ဆိုတာ ကျွန်တော်သိနေတယ်။

ဖိတ်စာတွေက လှပဖောင်းကြွလို့နေတယ်။ ဖိတ်စာပေါ်က သတိုးသား၊
သတိုးသမီးနေရာမှာ ယဉ်ယဉ်နာမည်တွေ လိုက်ဖြည့်နေခဲ့တယ်။ ဖိတ်စာ
(၁၂)မြောက်မှာ နာမည်ရေးနေရက ယဉ်ယဉ် ရုတ်တရက်ရပ်လိုက်တယ်။ ပြီးတော့
ရေးလက်စစာကိုကြည့်ပြီး သူငေးကြောင်နေခဲ့တယ်။ တအောင့်ကြာတော့ သတိဝင်လာပြီး
သူငိုလိုက်တယ်။ ကြေကြေကွဲကွဲ၊ လွမ်းလွမ်းဆွေးဆွေး အသံထွက်အောင်
သူအော်ငိုခဲ့မိတယ်။

ကျွန်တော်ရှေ့တိုးပြီးကြည့်လိုက်တော့ ဖိတ်စာပေါ်က သတိုးသားနေရာမှာ
ကျွန်တော်နာမည်ဖြစ်နေတာကို တွေ့လိုက်တယ်။

ယဉ်ယဉ်လက်က အမှားရေးမိတာလား! စိတ်ထဲက သတိရစိတ်ကို ဖော်ပြနေတာလား!
ကျွန်တော်မသိခဲ့ပေမယ့် ကျွန်တော်ပါးပြင်ပေါ်မှာလည်း မျက်ရည်တွေ
ပြည့်လျံနေခဲ့တယ်။ လမ်းခွဲပြီး (၁ဝ)နှစ်အကြာမှာ ကျွန်တော်ပထမဆုံးအကြိမ်
ငိုခဲ့မိတယ်။ ဒါကို ယဉ်ယဉ်တွေ့မှာမဟုတ်သလို ဘယ်သူမှလည်း
တွေ့ကြမှာမဟုတ်ပါဘူး။ ဝိညာဉ်တွေမှာ မျက်ရည်မှမရှိခဲ့တာ…..

တကယ်လို့ အချိန်တွေကို နောက်ပြန်ဆွဲလို့ရရင် အချိန်လုပြီး
လူကူးမျဉ်းကျားကို အလျင်စလို ကျွန်တော်မဖြတ်ခဲ့ပါဘူး။ လွန်ခဲ့တဲ့
(၁ဝ)နှစ်က ယဉ်ယဥ့်မွေးနေ့မှာ ကိတ်မုန့်ယူပြီး ယဉ်ယဉ်အဆောင်ကို
ကျွန်တော်သွားခဲ့တယ်။ လူကူးမျဉ်ကျားကိုအဖြတ်
လမ်းဆုံမျက်နှာချင်းဆိုင်ကလာတဲ့ ကားတစ်စီးနဲ့ ကျွန်တော်…..

မူရင်း… 分手十年 (လမ်းခွဲပြီး (၁ဝ)နှစ်) by နိုင်းနိုင်းစနေ