ပြောင်းလဲမှုများ

(၁)

“ဟေ့ကောင်၊ အဲဒီထောင့်ကို သွားမကပ်နဲ့၊ ငါမနေ့ညက ချန်ထားတဲ့ ဝိုင်တစ်ပက်နဲ့ ကြက်ကင်တစ်လုတ်စာ ရှိသေးတယ်။မင်းသွားရင် ဖုန်တွေ ကျကုန်မယ်။ ပြန်လာခဲ့။ ”

 

ပြောသာ ပြောရသည်။ သူ့ အစားအသောက်တွေက ဖုန်မကျလည်း ပုရွက်ဆိတ်တွေ တက်နေပြီး သား။ကြွက်ကိုက် ဒဏ်ရာများဖြင့် ပြည့်နေသည့် အုပ်ဆောင်းက သူ့အစားအသောက်တွေကို မကာကွယ် နိုင် သူ့စကားကို ပင့်ကူက အရေးမထားသည်လား၊ နားပဲမလည်တာလားတော့မသိ။ ပင့်ကူကြီး အာရုံစိုက် နေသည်က သူယက်ထားသည့် ပင့်ကူအိမ် အနီးတွင် တဝဲလည်လည် လုပ်နေသည့် အင်းဆက် တစ်ကောင် ကို ဖမ်းရန် ပင့်ကူမျှင်များပေါ်မှ တရွေ့ရွေ့ချီတက်လျက်။ သို့သော် ယခု အခြေအနေမှ အမြတ်ထုတ်ရန် ချောင်းနေသော အန္တရာယ်ကောင် အိမ်မြှောင် ရှိသေးသည်ကို ပင့်ကူခမျာ သတိမထားမိရှာ။ အိမ်မြှောင် ကလည်း ပါးနပ်၏။ ပင့်ကူကိုရော အင်းဆက်ကိုပါ တစ်ချီတည်း စားနိုင်ရန် ချက်ကောင်းကို စောင့်နေသည်။ ပင့်ကူက အင်းဆက်ကို ထဟပ်သည့်အချိန် သူက နှစ်ကောင်စလုံးကို အလိုက်သင့် ဝင်စားလိုက်ရုံ။ ပင့်ကူက စလှုပ်ရှားချေပြီ။ လွတ်လပ်စွာ ဝဲနေသော အင်းဆက်မှာ ဘာမှမသိရှာ။ အခိုက်အတန့်တစ်ခု အတွင်း ပင့်ကူမျှင်ကြားသို့ ဝင်မိသည့် အချိန်၊ ပင့်ကူက စောင့်ဖမ်းသည့်အချိန်နှင့် အိမ်မြှောင်က ထအုပ် သည့်အချိန်တို့ ထပ်တူကျပြီးသည့်နောက်တွင် ပင့်ကူအိမ် ပျက်စီးသည်။ တိုက်ဆိုင်လွန်းလှစွာ အိမ်မြှောင် ဟန်ချက်မထိန်းနိုင်ဘဲ အုပ်ဆောင်း၏ ပေါက်နေသည့် နေရာမှတဆင့် ဝိုင်ဖန်ခွက်ထဲ ပြုတ်ကျသည်။

နောက် ဆုံး ကုတင်ပေါ်မှ ကိုယ်တော်မြတ် ရွှေစိတ်တော်ညို အလိုမကျ ဒေါပွတော့သည်။ ဒေါသ အရှိန်မပြေသေးသည့် အချိန်မှာပင် ပါးက အေးခနဲ ဖြစ်သွားပြန်သည်။ “ဘာဖြစ်တာတုံး” သူ့ခေါင်းပေါ်တည့်တည့် ကြည့်လိုက်မှ တရားခံကိုတွေ့သည်။ မဖာရသေးသည့် သွပ်၏ အပေါက် က တဆင့် နှင်းရည်တွေ ကျလာခြင်းပင်။ ဒီတော့မှ သူကြိုးစားပမ်းစား အိမ်ရာက ထသည်။ ဒီနေ့အတွက် လုပ်စရာက အများကြီး။ သူ့ အိမ်တော်ထိန်းတွေကို အရင်လစာနှင့် ဒီလစာ ပေါင်းပေးရမည်။ ဘဏ်မှ ရသလောက် ငွေသွားချေးရဦးမည်။ ပြီးတော့ သူ့ကို ထောက်ပံ့နေသည့် သူဌေးလောင်းများအတွက် တတ် နိုင်သမျှ အခွင့်အရေးတွေ ဖန်တီးပေးရဦးမည်။ သူ့ စက်တော်ဆောင်ကိုလည်း သန့်ရှင်းရေးလုပ်ရမည်။ အဲ ခေါင်မိုးလည်း ပြင်ရဦးမည်လေ . . . ။ ဒါကြောင့် ဖန်ခွက်ထဲက အိမ်မြှောင်ကို လက်နှင့် ကော်ထုတ်ပြီး လက် ကျန်ဝိုင်ကို မော့ချလိုက်လေသည်။ ကိုယ်တော်မြတ် ခံတွင်းရှင်းသွား၏။ ကိုယ်တော်မြတ်ဆိုသည်က ဘုရားစူး အမှန်တကယ် ကိုယ်တော်မြတ်၏ တိတိကျကျပြောလျှင် ရေ မြေ သယံဇာတနှင့် တိုင်းသူပြည်သားတို့ကို အုပ်ချုပ်မင်းလုပ်နေသော ပြည့်ရှင်းမင်းတြားကိုယ်တော်မြတ်။

(၂)

သက္ကရာဇ် ၂၂၁၂ ခုနှစ်။ နှစ်ပေါင်း ၁ဝဝ ကျော်သက်တမ်းရှိ Nargis Constitutionဟု အမည်ရသည့် နိုင်ငံ့ပင်မဥပဒေ ကို အမျိုးမျိုး အဖုံဖုံ စိတ်ကြိုက်ပြောင်းလဲပြင်ဆင်ပြီး “ပြည်ထောင်စု ဘုရင် အင်ပါယာ နိုင်ငံတော်” စနစ်ကို ကျင့်သုံးချိန်။ ထို နိုင်ငံသားတို့၏ ဝင်ငွေမှာ တစ်ရက် M$ ၁၈၉၂.၅ (၁ M$ = ၁၄၈ US$) ဖြစ်သောကြောင့် ကမ္ဘာ့ အချမ်းသာဆုံး နိုင်ငံ အဖြစ် အသိအမှတ်ပြုထားကြသည်။ထိုနိုင်ငံတွင် ကမ္ဘာ့ ထိပ်တန်း တက္ကသိုလ် ရှိသည်။ စွမ်းအင်အတွက် ပူစရာမလို။ မြေကြီးမှ လျှပ်စစ်ထုတ်ယူပြီး တစ်ကမ္ဘာလုံးသို့ အခမဲ့ ဖြန့်ဝေပေးထားသည်။

ထို နိုင်ငံ၌ နှစ်စဉ် ပြုလုပ်သည့် အစဉ်အလာ တစ်ရပ်ရှိ၏။ နှစ်တစ်နှစ်ကုန်တိုင်း တိုင်းသူပြည်သား အားလုံးပါဝင်သော ပြည်သူ့ညီလာခံကြီး ကျင်းပကာ တစ်နှစ်အတွင်း ရခဲ့သည့် ကောင်းကျိုး၊ ဆိုးကျိုး အားလုံးကို ဝေဖန်သုံးသပ်ပြီး နောက်တစ်နှစ်အတွက် ပြင်ဆင်ကြသည်။ တစ်နှစ်အတွင်း အကောင်းဆုံး ကိုယ်ကျင့်တရားကို ပြသနိုင်သူ၊ ပညာရေး၊ ကျန်းမာရေးတို့အတွက် ထူးခြားစွာ အကျိုးဆောင်နိုင်သူ စသဖြင့် ရွေးချယ်ကာ ရွှေတံဆိပ် ၊ ငွေတံဆိပ်၊ ကြေးတံဆိပ် အသီးသီးချီးမြှင့်ကြသည်။ ထိုသို့ ဆုတံဆိပ် အဆင့်ဆင့် ပေးသည်မှာလည်း ၎င်းတို့၏ ဘိုးဘေး၊ ဘီဘင် အစဉ်အလာကို ဂုဏ်ပြုခြင်းပင်။ ကမ္ဘာကို သမိုင်းအမြင်ဖြင့်မဟုတ်ပဲ လူနေမှုဆိုင်ရာ အတွေးအခေါ်ဘက်မှ ကြည့်လျှင် ရွှေခေတ်၊ ငွေခေတ်၊ ကြေးခေတ်၊ သူရဲကောင်းခေတ်၊ စက်မှုခေတ်ဟူ၍ ၅ ခတ်ခွဲကြရာ ၎င်းကို အမှတ်ရစေသောအားဖြင့် အဓိပ္ပါယ်ရှိရှိ ကျင်းပခြင်းဖြစ်သည်။ ဒုစရိုက်မှုမရှိ။ လာဘ်စားသည့် တရားသူကြီးများလည်း မရှိ။ တမျိုးသားလုုံး၏ စာရိတ္တ၊ ပညာ အစစအရာရာ အတိုုး တက်ဆုံး ရွှေခေတ်တစ်ခေတ်ပါပေ။ ယုတ်မာ ရိုင်းစိုင်းမှုများ၊ အဓမ္မမှုများ၊ ဂုတ်သွေး စုပ် ဖိနှိပ်ခံမှုများ ဆိုသည်မှာ ကြားပင် မကြားစဖူး။

လွန်ခဲ့သော ဆယ်စုနှစ်စုအလွန်က သမ္မတစနစ်ကျင့်သုံးခဲ့သည်။ တစ်တိုင်းပြည်လုံး၏ လွတ်လပ်စွာ လုပ်ကိုင်ခွင့်၊ လွတ်လပ်စွာ ချုပ်ခြယ်ခွင့်၊ လွတ်လပ်စွာ စီမံခွင့်သည် သမ္မတထံတွင် ရှိသည်။ သမ္မတက တိုင်းပြည်အန္တရာယ်ကို အမြော်အမြင်ရှိရှိ ကာကွယ်သည့်အနေဖြင့် တနိုင်ငံလုံး၏ ဝင်ငွေရာနှုန်းပြည့်နီးပါးကို ကာကွယ်ရေးအသုံးစရိတ်တွင် သုံးသည်ဟု စာရင်းရှိလေသည်။ သို့သော် ကံဆိုးသည့်ကိစ္စက အလိုလိုပေါ် လာခဲ့သည်။ ဘယ်နေရာ၊ ဘယ်ဒေသက လာမှန်းမသိသည့် အဖွဲ့တစ်ဖွဲ့က နိုင်ငံအတွင်း ဝင်မွှေသားခြင်း ပင်။ ထိုကိစ္စအတွက် လွှတ်တော်တွင် မေးခွန်းထုတ်လာ၏။ “စာရင်းအရ နိုင်ငံ့ဝင်ငွေများကို ကာကွယ်ရေးအတွက် သုံးသည်ဆိုသော်လည်း ယခုဖြစ်ပွားခဲ့သော ဖြစ်ရပ်က အထက်ပါ စာရင်းကိုများစွာ သံသယ ရှိစေသဖြင့် တစ်စုံတရာ ဖြေကြားပေးရန် ဆန္ဒပြုပါ ကြောင်း” ထိုမေးခွန်းအတွက် ပြောရေးဆိုခွင့်ရှိသူမှတဆင့် အကောင်းဆုံးဖြေလိုက်သည်ကား “တစ်စုံတရာ ဖြေကြားရန် ဆန္ဒမရှိပါကြောင်း” ဟူ၍ . . . ။

ထိုအဖြေကို မကျေနပ်သဖြင့် တစ်တိုင်းပြည်လုံးက ဆန္ဒပြုကြသည်။ “ပြည်သူ့အာဏာ ပြည်သူ့ကို ပြန်ပေးပါ။” ဟု တောင်းဆိုကြသည်။ ထူးဆန်းသည်မှာ ထိုသို့သော ရုတ်ရုတ်သဲသဲ ဖြစ်စဉ်များကို အကြမ်း ဖက်နှိမ်နင်းခြင်း မရှိခဲ့။ အခွင့်အရေးလှုပ်ရှားသူ တစ်ယောက်တစ်လေကိုမျှ မဖမ်းဆီးခဲ့။ အရေးမယူခဲ့ခြင်း ပင်။ အမှန်တကယ်ပင် အရေးမယူခဲ့ပါ (သို့) အရေးမစိုက်ခဲ့ပါ။ သူ့အကြောင်းပြချက်က ခိုင်လုံသည်။ နိုင်ငံ သားတို့တောင်းဆိုသည့်အထဲတွင် “အာဏာ” ဆိုတာကြီးပါနေသည်ဟု သူက ထောက်ပြ၏။ ခက်ချေပြီ။ နှစ်ဖက်ညှိမရသည့် အခြေအနေတွင် မည်သို့ဖြေရှင်းရမည်မသိ။ တစ်ရက်ပြီးတစ်ရက် အခြေအနေပိုဆိုးလာခဲ့၏။ သို့သော် လုံးဝ “အရေးမယူ” နောက်ဆုံးတွင် ထိပ်သီး ပညာရှင်များ ပါဝင်သော အထူးအစည်းအဝေးကို ကျင်းပကြသည်။ ပြဿနာအတွက် အကောင်းဆုံးအဖြေကို စဉ်းစားကြသည်။ အစည်းအဝေးက ၃ ပတ် ကြာသည်အထိ ဘာမျှထူးမလာ။ အချိန်မီ မဖြေရှင်းလျှင် ဖြစ်လာမည့် အကျိုးဆက်က မတွေးဝံ့စရာ။ အစည်းအဝေး ၂၄ ရက်မြောက်နေ့တွင်မူ အဖြေတစ်ခုထွက်လာချေပြီ။ ထိုတိုင်းပြည်၏ အနာဂတ် ပြောင်းလဲစေမည့်အဖြေ။ ထိုအဖြေကို ချပြတော့ တစ်နိုင်ငံလုံးက ဝမ်းသာကြ၏။ နှစ်ဘက်စလုံးကလည်း ကျေနပ်၏။ နောက်ဆုံးတွင် ထိုသဘောတူညီချက်ကို Nargis Consitution အတွင်း ထည့်လိုက်လေသည်။

အုပ်ချုပ်သူ လိုချင်သည်က အာဏာနှင့် နေရာ၊ ပြည်သူတို့ လိုချင်သည်က လွတ်လပ်အေးချမ်းစွာ လုပ်ကိုင်စားသောက်ခွင့်ဖြစ်ပေရာ အာဏာလိုချင်သော အုပ်ချုပ်သူအတွက် အာဏာပေးမည်။ ပြည်သူတို့ ကို အနှောက်အယှက် မပြုပါနှင့်။ နိုင်ငံသားတို့ အတွက် လွတ်လပ်စွာ လုပ်ကိုင်ခွင့်၊ စီမံခွင့်၊ ပြောဆိုခွင့် စသဖြင့် “အာဏာ” မှလွှဲ၍ ကျန်သမျှ “ခွင့်” ပေးမည်။ အုပ်ချုပ်သူ၏ “အာဏာ” ကို မထိပါ။ လုပ်သမျှ အလုပ်တိုင်း အတွက် အရည်အချင်းနှင့် ထိုက်တန်သော အခွင့်အရေး၊ လစာ ရရှိစေရမည်။

ထို သဘောတူညီချက်ရပြီးသည်နှင့် တပြိုင်နက် ဝမ်းသာလုံးဆို့နေရှာသော အိမ်တော်သို့ပြန်၊ သမ္မတဝတ်စုံချွတ်၊ ခေတ်သစ် ဘုရင်ဝတ်စုံကို ချက်ချင်းပြင်ဆင်စေကာ အမိန့်တော်တစ်ခု ထုတ်ပြန်လိုက် သည်။ “ယိုယွင်း ပျက်စီးနေသော အခြေအနေကို ထိန်းသိမ်းရန် သမ္မတကြီး ဦးနာရာမှ ဘုရင်မင်းတြားကြီး ဦးနာရာသို့ အာဏာလွှဲလိုက်ကြောင်း” သတင်းကို ထိုနေ့ တစ်နေ့လုံး နိုင်ငံပိုင် မီဒီယာများမှ တဆင့် 5D စနစ် ဖြင့် ထုတ်လွှင့်ခဲ့လေသည်။

သို့သော် တိုင်းသူပြည်သားများမှာမူ သဘောတူညီချက်ရပြီးချိန်မှစကာ အလုပ်ကို ကြိုးစားသည်မှာ မနားရရှာကြ။ ကိုယ့်အရည်အချင်းကိုယ် ယုံကြသည့်အလျောက် ပိုက်ကွန်မှ လွတ်လာသည့် ငှက်များပမာ နိုင်ငံတိုးတက်ဖို့အရေး စိတ်အားထက်သန်လျက် ရှိကြပေသည်။ ၎င်းတို့ လိုချင်သော ရွှေပြည်သစ်အတွက် ရှိသမျှအားကို အဆဆထပ်ကာ ကြိုးစားကြသည်။ ရုပ်မြင်သံကြားမှ ထုတ်လွှင့်သော သတင်းကိုပင် စိတ်မဝင်စားအား။ ဘုရင်မင်းတြားကြီးက သူသည်နိုင်ငံတွင် အကြီးဆုံး အမှုထမ်းဖြစ်သောကြောင့် လစာအမြင့်ဆုံးရရှိသင့်သည်ဟုဆို၏။ ထိုအဆိုကို ကန် ့ကွက်သူမရှိ။၎င်းလစာဖြင့် သူ “စစ်ပွဲ”လောင်းသည်။ စစ်ဖြစ်နေသည့် နိုင်ငံနှစ်ခုအနက် တစ်နိုင်ငံဘက်မှ လောင်းကြေးထပ်ပြီးလောင်းသည်။ကြေးကသူ ့လစာ၏ အဆ၈၀။ သူရှုံးသည်။. သူ ့လစာအပါအဝင်အိမ်တော်စရိတ်၊ အိမ်တော်ထိန်းတို ့စရိတ် အားလုံးပေါင်းကာ ပုံအောလိုက်ရသော်လည်း လောင်းကြေးတစ်ဝက်ပင် မပြည့်။ ငွေမျော ငွေနဲ ့လိုက်ဟူသောစကားအတိုင်း တစ်မျိုးပြီးတစ်မျိုး အကြံအဖန်လုပ်ကာ နိုင်ငံ့ဘဏ္ဍာမှယူပြီး ထပ်လောင်းရာ ထပ်ရှုံးပြန်သည်။ သူ ့အတွက် ကံဆိုးမိုးမှောင်ကျခြင်းပင်။

ယခု ရလာသည့်နောက်ဆုံး အကျိုးဆက်က အာဏာမှလွှဲ၍ အရည်အချင်းနှင့် အသိဉာဏ်ကို ပိုင်ဆိုင်ထားသည့် နိုင်ငံသားတိုင်း ချမ်းသာသွားခြင်းပင်။ ဘာမျှ မလုပ်တတ် မကိုင်တတ်ပဲ “အာဏာ” တစ် ခုကိုသာ ဝမ်းမြောက်စွာ ဖက်တွယ်ထားသော မင်းတြားကြီး စားထားသမျှကုန်လာတော့ အိမ်ခေါင်မိုးပင် မဖာနိုင်သည့် အခြေအနေသို့ ရောက်သွားရှာလေသည်။ ယခုမူ သူယုံကြည်သည့် “အာဏာ” က လူမပြော နှင့် ပင့်ကူတစ်ကောင်ကိုပင် မစေခိုင်းနို်င်မှန်း သိလာသောအခါ တဖြည်းဖြည်း အတွေးအခေါ်ပြောင်းချင် သလိုလို။ ဘာပဲဖြစ်ဖြစ် ဘဏ်ကိုတော့ သွားရဦးမည်။

(၃)

တွေးလက်စ အတွေးကို သူလက်စသတ်လိုက်၏။ သူ့အသက်အရွယ်နှင့် ဘဏ်ကိုလမ်းလျှောက်လာရသည်မှာ မောပန်းလှသည်။ သို့သော် ဘဏ်ကို ရောက်တော့ သူအားတက်သွား၏။ ဘဏ်ထဲသို့ ဝင်ဝင်ချင်းဘဏ်သူဌေးဆိုသူနှင့် အကြောင်းတိုက်ဆိုင်စွာ တွေ့သည်။ ၎င်း ဘဏ်သူဌေးမှာ သူသမ္မတဖြစ်စဉ်က သူလိုသမျှ ဘဏ္ဍာငွေကို မရရအောင် လွှတ်တော် တွင် ယူပေးနေကျ အမတ်ဖြစ်ဖူးသည်။ အဆက်အသွယ်ပြတ်သွားသည်က အတော်ကြာပြီ။ ဘဏ်သူဌေးက သူ့ဘက်လာပြီး နှုတ်ဆက်လေသည်။

“ဪ .. မင်းတြားကြီး . . . ကြွပါ ။ ကိစ္စ အထူးတလည်များ ရှိလို့လား ခဗျ။” ဒီခေတ်မှာ ဘယ်သူမှ “ဘုရား” တပ်မခေါ်တော့။ ဘာပဲဖြစ်ဖြစ် ယခုကဲ့သို့ လာရောက် နှုတ်ဆက် ခြင်းသည်ပင် သူ့အတွက် ပိုးအားတက်စရာဖြစ်သည်။ စိတ်ထဲမှာလည်း “အတော် အားကိုးရတဲ့ ကောင်ကြီး” ဟု ကြိတ်ချီးကျူးလိုက်သည်။

“အင်းကွ . . အခု ငွေလိုနေလို့ မောင်မင်း ဘဏ်ကနေ ချေးမလို့ပါ။ မောင်မင်းက ကိုယ့်လူဆို တော့ ကိုယ်တော် အားရှိတာပေါ့။ အဲဒါ . . . ”

“ရပါတယ် မင်းတြားကြီး ။ ကျွန်တော် အတတ်နိုင်ဆုံး ကူညီပေးပါ့မယ်”

“ဟ . . ဟ . . ။ အားရှိသကွ ။ အချင်းချင်းဆိုတော့ မရှက်တော့ပါဘူး။ အိမ်ပြင်ဖို့ရယ်၊ အိမ်တော်က အခိုင်းအစေတွေ လစာရယ်၊ နောက် လိုချင်တာလေးတွေ ဝယ်ဖို့ အလုံအလောက် လိုချင်တယ်။”

“ငွေက ဘယ်လောက်ထုတ်ထုတ် ကိစ္စမရှိပါဘူး။ တစ်ခုခု အာမခံထားဖို့ မင်းတြားကြီးအိမ်တော်ကို ပိုင်ဆိုင်ကြောင်း စာရွက်စာတမ်း လိုပါတယ်”

“ကိုယ်တော်မြတ်က တလောကပဲ ငွေလိုလို့ အိမ်တော်ကို အပေါင်ထားခဲ့တာ၊ ပြန်မရွေးရသေးလို့ စာရွက်စာတမ်း မရှိဘူးကွယ့်။”

“ဒါဆို မင်းတြားကြီး အခု ချေးမယ့်ပိုက်ဆံကို ဘယ်လိုလုပ်ငန်းမျိုးမှာ သုံးမယ်၊ လုပ်ငန်းဘယ်လို လည်ပတ်မယ်ဆိုတာလေး လိုပါတယ် ခဗျ။ ”

“တယ်ခက်ပါလားကွယ်ရို့ . . . ကိုယ်တော့်မှာ အိမ်ပြင်ဖု့ိတောင် မရှိလို့ ချေးတယ်လို့ ပြောထား တယ်လေ။ ကိုယ်တော့် အသက်အရွယ်နဲ့ ဘယ်လို လုပ်ငန်းလုပ်ရမတုံး ”

“ဒါဖြင့် မင်းတြားကြီးမှာ လက်ဆုတ်လက်ကိုင် ပြစရာ မရှိဘူးပေါ့ ”

“ကိုယ်တော့်မှာ အာဏာရှိတယ်လေ။ အဲ့ဒါကို အာမခံ အနေနဲ့ ယူထားလိုက်” နောက်ဆုံး မထူးဇတ်ခင်းရတော့သည်။ သူပိုင်ဆိုင်တာလေးကို အာမခံသဘောပြောကြည့်သည်။ သူတွေးထားသည်က အဆင်ပြေလောက်ပြီ ဟူ၍သာ . . . ။ သို့သော်

“ဒီနေ့ခေတ်မှာ ဘာမှ အသုံးမဝင်တဲ့ အာဏာကို အာမခံထားရအောင် ကျွန်တော်တို့က ကလေး ကစားတာမှ မဟုတ်တာ မင်းတြားကြီးရာ။ ကျွန်တော့်အသက်လည်း မင်းတြားကြီးလို ၇ဝ နားနီးလာပါပြီ။ အရည်အချင်း ခေတ်ကြီးမှာ ကိုယ့်အတွက်တောင်မှ သုံးစားမရတဲ့ အာဏာကို မယူထားချင်ပါဘူး။ ဝမ်းနည်း ပါတယ် မင်းတြားကြီးခဗျ ။ လုပ်ငန်းကိုမပြနိုင်ရင် ငွေလုံးဝချေးလို့ မရပါဘူး။”

 

လုံးဝမျှော်လင့်မထားသော စကားကိုကြားလိုက်ရပြီးသည့်နောက် သူ အားပြတ်သွားသလို ခံစားရ၏။ ဘာ . . . “အရည်အချင်းခေတ်မှာ ဘာမှသုံးစားမရတဲ့ အာဏာ” ဟုတ်လား။မောင်မင်းလိုလူက အာဏာရဲ ့အရသာ ဘယ်သိမတုံး။ မောင်မင်းတို့လို အချမ်းသာဆုံး နိုင်ငံသားတွေရဲ့ ဘုရင်တစ်ပါး ဖြစ်ရတာ ဘယ်လောက်ကြီးကျယ်လိုက်သတုံး . . . ။ အဲဒီလို နေရာကို လိုချင်တဲ့သူတွေမှ ငမ်း ငမ်း တက် …… လို…. ချင် … နေ… လို .. ချင်.. သူစဉ်းစားရင်း အားငယ်လာသည်။ တကယ်ဆို သူတစ်ယောက်တည်းသာ လိုချင်နေတာ။ သူသည်သာ ဖက်တွယ်နေတာ . . .။ အချမ်းသာဆုံး တိုင်းပြည်မှာ ဘုရင်လုပ်ရလည်း အဆင်းရဲဆုံး ဖြစ်နေတာမစဉ်းစားမိ။ ဒီလိုဆိုလို့ သူ့အာဏာနဲ့ သူလိုသောငွေကို ယူလို့မရ။ Nargis Constitution ထဲမှာ သူရတဲ့အာဏာက အာဏာဆိုရုံမျှသာ။တစ်လ တစ်လ ရသည့်လစာက သူ ့အကြွေးဆပ်ရင်း ကုန်နေသည်။အရည်အချင်းခေတ်မှာ သူ့လို အာဏာသမားအတွက် လူရာမဝင်၊ ဟန်ပြဘုရင်သာ ဖြစ်နေရသည့်ဘဝ။ ဆိုးလိုက်လေခြင်း . . . ။ သူဖက်တွယ်နေသော အရာသည် “အမည်နာမ” တစ်ခုထက်မပို … ။ သူ့ အိမ်ပြင်ရမည်။ နိုင်ငံခြားသား အိမ်တော်ထိန်းတွေကိုလည်း လစာမပေးနိုင်လျှင် ထွက်သွားမည်အမှန် ။ သူ့အာဏာဖြင့် တား၍မရ . . .။ ဘဏ်ကထွက်လာတော့ ကောင်းကင်မှာ နေက ပူလောင်လွန်းသည်။ လင်းလိုက်တာက လွန်လို့ ။ အား. . . ခေါင်းမူးတယ် . . . မူးတယ် .. . . မူး . . . မူး . . . .. . .။

(၄)

သူမျက်လုံးဖွင့်တော့ ခေါင်မိုးအပေါက်၊ ပင့်ကူအိမ်အပျက်နှင့် မဆေးရသေးသည့် ဖန်ခွက်တစ် ကို တွေ့သည်။ ခေါင်းမူးသည့် အရှိန် ပြေသွားရန် အပန်းဖြေစရာအဖြစ် ကုတင်အောက်က တီဗီကို ဆွဲထုတ်လိုက်၏။ သူပိုင်ဆိုင် သမျှတွင် မပေါင်ဘဲ ကျန်သည့် တစ်ခုတည်းသော တန်ဖိုးကြီးပစ္စည်း။ မဖွင့်တာပင် နှစ်ပေါင်းများစွာ ကြာချေပြီ။အားယူပြီး ဖွင့်ကြည့်လိုက်တော့ စကြဝဠာသုံး ဘာသာစကားဖြင့် ဟောပြောပွဲတစ်ခု ထုတ်လွှင့်နေသည်။

“ကမ္ဘာဂြိုဟ်မှာ ကျွန်တော်တို့ အခြေချစဉ်က ကုလသမ္မဂ္ဂ စာအုပ်စင်ရဲ့ ထိပ်ဆုံး ၁ဝ အုပ်မှာ နာမည်ကြီးခဲ့တာက “Democracy Starts at Home” ဖြစ်ပါတယ်။ အဲ့ဒီထက် ပိုစောတဲ့ အထောက်အထား ကိုတော့ ရှေးခေတ်ပါဠိစကား အင်္ကေနိပါဏဒါရကံ ဝိယဆိုပြီး တွေ့ရပါတယ်။ ယနေ့ စကြဝဠာ စကားနဲ့ ပြောရင် ်ရင်ခွင်ထဲက သားကို ချစ်တဲ့ မိခင်ရဲ့မေတ္တာမျိုးနဲ့ အုပ်ချုပ်သူက နိုင်ငံသားတွေ ကို ပေးအပ်ရမယ့် အခွင့်အရေးလို့ ဆိုနိုင်ပါတယ်။ ကလေးအနေနဲ့ နို့်ဆာရင် ငိုခွင့်ရှိပါတယ်။ အဲ့လို ငိုနေတဲ့ ကလေးမှာ လုံးဝ အပြစ်မရှိပါဘူး။ အဲ့ဒီသဘောကို ဒီမိုကရေစီလို့ ဆိုကြပါတယ်။ ရှေးဟောင်း သုတေ သနအဖွဲ့ရဲ့ မှတ်တမ်းအရ ယခု ကျန်ခဲ့တဲ့ ၅ နိုင်ငံမှာ ၄ နိုင်ငံက ဒီစနစ်ကို အမည်ခံ ကျင့်သုံးနေပါတယ်။ ကမာ္ဘဂြိုဟ်ရဲ့ အမျိုးမျိုး ပြောင်းလဲခဲ့တဲ့ ခေတ်စနစ်တွေထဲမှာ အကောင်းဆုံးနဲ့ ရေပန်းအစားခဲ့ဆုံးစနစ်ပါ။”

ဘာ . . . . ။ “ဒီမိုကရေစီ” . . . ။ ဒီစကားကို သူကြားဖူးသည်။ သို့သော် ဘာ အဓိပ္ပါယ်မှန်း မသိ၊ သိဖို့လည်းမကြိုးစားခဲ့း။ သူ့ရှေ့က အဆက်ဆက် အုပ်ချုပ်သူ အပေါင်းကလည်း သူ့ကို ဒါတွေ မသင်ပေးဖူး။ လက်ဘယ်လို ဆုပ်ထားရမလဲသာ သင်ပေးကြသည်။ လက်ဖြန့်ခြင်း၏ အကျိုးတွေကို မသင်ပေးခဲ့ကြ။ ယခုလို အရာရာဆုံးရှုံးနေချိန်မှ ဒီစကားတွေကြားရသဖြင့် သူ့စိတ်အစဉ် ရောက်ယက်ခက်နေသည်။ သူ့ရှေ့က သူ့လို ပိုက်ထွေးရင်း ငမ်းငမ်းတက်လမ်းကို ပြသွားသည့် နောင်တော်တို့ကို အပြစ်တင်မိသည်။ ရှက်လည်း ရှက်မိသည်။ သူ အမှန်တကယ်ပြောင်းလဲလိုပြီ။ လေထုညစ်ညမ်းမှု၊ တွင်းထွက်ကုန်ခမ်းမှု တို့ကြောင့် နိုင်ငံ အားလုံးနီးပါးက အခြားဂြိုဟ်သစ်များသို ့ အခြေချကုန်ကြပြီ။ ဆင်းရဲသား ၄ နိုင်ငံနှင့် သူတို့နိုင်ငံသာ ကျန်သည်။ နိုင်ငံသားတို့၏ ကြွယ်ဝမှုမျိုးနှင့်ဆိုလျှင် ကမ္ဘာသစ်သို ့ပြောင်းလိုပါက ပြောင်းပြီးဖြစ်ပေ မည်။ ဘာကို စောင့်နေကြသနည်း။

အဖြေကတော့ ရှင်းသည်။ ဘုရင်ကြီး “ဦးနာရာ” ဟူသော သူ့ကို စောင့်နေကြခြင်း။နိုင်ငံသားတို့သည် အမိမြေနှင့် ခေါင်းဆောင်ကို ဘယ်တော့မှ သစ္စာမဖောက်။ သူဘာ ဆက်လုပ်ရမည်ဆိုသည်ကိုဝိုင်သောက်စရာမလိုပဲ ရှင်းလင်းစွာသိချေပြီ။

ကောင်းကင်သစ်ဖွင့်လှစ်ပြီးသည့်နောက် သူနှင့် နိုင်ငံသားများ စုပေါင်းကာ အဘက်ဘက်ယိုယွင်းနေသော ကမ္ဘာကြီးကို ခေတ်မီနည်းပညာများ တီထွင်ကာ ကယ်တင်မလား၊ သို့မဟုတ် ဂြိုဟ်အသစ်မှာ အခြေချဖို့ ဆုံးဖြတ်မလား ဆိုသည်ကိုတော့ . . .. . ။

ခမ့် ညား မှော်    

6 comments

  • ခမ့် ညား မှော်

    February 15, 2013 at 9:32 pm

    အသစ်လေးပါခဗျ— ဝေဖန် အကြံပေးကြပါလို ့———————။

  • niki ta

    February 16, 2013 at 1:37 pm

    ဖတ်ရင်း…ဖတ်ရင်း…အင်း…….ဘယ်လို်ပြောရမယ်မှန်းတောင် သိတော့ဘူး…. 😉

  • ခမ့် ညား မှော်

    February 16, 2013 at 6:09 pm

    အဟီး—- ရပါဒယ်— ပြောပါ——–

  • ခမ့် ညား မှော်

    February 16, 2013 at 6:12 pm

    ဘူမှ ဘာမှ မပျောကျလို ့—- ဘူတယောက်ယောက်လောက် ဘာများပျောမဲလို ့ချောင့်နေတာ–

  • padonmar

    February 16, 2013 at 11:23 pm

    ခမ့်ညားမှော်ရေ
    နောက်အနှစ် ၂၀ဝ နီးပါးကျမှ အာဏာနဲ့ လုပ်ပိုင်ခွင့်တွေ ကွဲပြားမယ်တဲ့လား။
    ခုတော့ ဘုရင်မင်းတြားကြီးက အာဏာလည်းယူထားတယ်၊လုပ်ပိုင်ခွင့်လည်းယူထားတယ်။
    သယံဇာတလည်းယူထားတယ်။
    ဘာကျန်သေးလဲ။
    ကြိုးစားမှုကို အသိအမှတ်ပြုကြပါတယ်။
    ဝေဖန်ပေးပါဆိုတော့ ဝေဖန်ဖို့ အားနာကြတာနေမှာပါ။

Leave a Reply