ဒီလောင်းကစားကို ငါတသက်လုံးလုပ်ခဲ့တာပါ ကွ…ဘယ်တော့မှ မကြီးပွားခဲ့ဘူး…မင်း ရှေ့ဆက်ပြီး ဒါကို မစွန့်ပဲ ပေကပ်ပြီးဆက်လုပ်နေမယ်ဆိုရင် မင်းတနေ့ ခွေးဖြစ်မယ်…..

(အဖေ)

ယောက်ကျားက ဒီလောင်းကစားကို နေ့ကော..ညကော အိမ်ပြန်မလာစတမ်း လုပ်နေလို့ ဘယ်နားမှာ သေနေပြီလဲ…အဖမ်းခံနေရပြီလားဆိုပြီး တသက်လုံး  မျှော်ခဲ့ရတယ်…စိတ်ဆင်းရဲခဲ့ရတယ်…သူ့ကိုတော့မနိုင်လို့ထားလိုက်တော့…ငါ့သားတွေအလှည့်ကျရင် လုံးဝမလုပ်စေရဘူး…ငါနိုင်အောင် ဆုံးမမယ်လို့ ဆုံးဖြတ်ထားတာ နင်တို့က နင့်အဖေထက်တောင် အပုံကြီး ပိုဆိုးနေပါလား…ငါ နင်တို့ကို ဘာဆိုဘာမှကို မပြောချင်တော့ဘူး….

(အမေ)

ငါလဲ လောင်းကစားလုပ်ပါတယ်…ဒါပေမယ့် မင့်ဟာကြီးက လွန်လွန်းတယ်…နိုင်ရင်တော်တော့လေ…မင်းက နိုင်ချင်တာ မဟုတ်တော့ဘူး…လောင်းကစားလုပ်ရတာကို ပျော်နေတာ…

(အကို)

အရက်သမားကို ချစ်ရတာကမှ သူ့လစ်မစ်နဲ့ သူရှိသေးတယ်…တစ်လုံးသောက်ရင် မူးတဲ့သူက တစ်လုံးပဲဖိုးပဲကုန်တယ်…လောင်းကစားသမားကို ချစ်ရတာ များ စိတ်ဆင်းရဲလိုက်တာ…ဘာလစ်မစ်မှမရှိဘူး….

(ပထမချစ်သူ)

အကိုသာ လောင်းကစားမလုပ်ပါနဲ့…ရှိတာအကုန်ရောင်းပြီး အကြွေးတွေ အကုန်ဆပ်ပြီး စိတ်အေးအေးချမ်းချမ်း နေချင်လှပါပြီ…

(မိန်းမ)

မင်းက တစ်သိန်းရှိရင် တစ်သိန်းလုံး လောင်းပစ်လိုက်တယ်…နှစ်သိန်းဖြစ်လာတယ်…အကုန်လုံး ထပ်လောင်းတယ်…လေးသိန်းဖြစ်လာတယ်…အကုန်လုံး ထပ်လောင်းတယ်…မင်း တချိန်မဟုတ် တချိန် သေချာပေါက်ရှုံးမှာပဲ…ဘယ်သူမှ အမြဲ နိုင်မနေဘူး…

(သူငယ်ချင်း)

လောင်းကစားလုပ်ရင် မွဲမှာပဲ…ဘယ်သူကဖြင့် လောင်းကစားလုပ်လို့ မွဲသွားပြီ…တိုက်တွေ…ကားတွေ…အိမ်တွေ ဘာမှ မရှိတော့ဘူး…ဒီလို အားလုံးက ပြောကြတယ်….ဒီမွဲသွား…ဆုံးရှုံးသွားတဲ့ ငွေတွေ ဘယ်ရောက်သွားတာလဲ…အငွေ့ပျံသွားတာတော့ မဟုတ်ဘူး…တနေရာရာမှာ သေချာပေါက်စုပုံနေမယ့် ဆုံချက်တစ်ခု ရှိကို ရှိရမယ်…ဒီဆုံချက်ကိုကျွန်တော်ရအောင်ရှာမယ်…ဒါ ကျွန်တော့် ရည်မှန်းချက်…

(ကျွန်တော်)

 

ကျွန်တော် သူများတွေနဲ့ တွေ့ရင်ဒီစကားကို အမြဲ ပြောတတ်တယ်…  အရက်မသောက်ဖူး…ကွမ်းမစားဖူး…ဆေးလိပ်မသောက်ဖူး…မိန်းမမလိုက်စားဖူးလို့…ဗြုန်းကနဲ ကြားတဲ့သူကတော့ ဒီလူ ဟုတ်မှ ဟုတ်ပါ့မလားလို့ ထင်ချင်ထင်ကြလိမ့်မယ်…တကယ်ဟုတ်ပါတယ်…အဲ့ဒါတွေ ကျွန်တော် ဘာမှ မလုပ်ပါဘူး…ဒါပေမယ့် ကျွန်တော်တစ်ခုကို ချန်ပြောခဲ့ပါတယ်…အကျင့်ဆိုးကြီးတစ်ခုကိုပေါ့….အဲ့ဒါကတော့….

ဒီလောင်းကစားဆိုတာကြီးဟာ ကျွန်တော်ကိုယ်ထဲ…သွေးထဲ…အရိုးထဲ…နောက်ဆုံး ရိုးတွင်းချဉ်ဆီထိတောင် ထိုးဖောက်ပြီးအမြစ်တွယ်နေပြီထင်ပါတယ်…လူမှန်းသိတတ်စ အချိန်ထဲက ရတဲ့မုန့်ဖိုးလေးကို ဘုရားပွဲဈေးသွားပြီး ဖန်ပေသီးလေးတွေကို သံချောင်းလေးတွေကြားထဲ ပစ်ချရတဲ့ ကစားနည်းတို့…ဒလက်ကြီးလည်ပြီး နောက်ဆုံးရပ်သွားတဲ့ ကစားနည်းတို့…မြားပေါက်တဲ့ ကစားနည်းတို့ သွားဆော့နေရရင် စိတ်ထဲ တအားပျော်နေတတ်တယ်….အဲ့ဒီနောက် စကားပြောရင်တောင် ဘာကြေးလောင်းမလဲ ဆိုတဲ့  စကားကို အကျင့်တခုလို ခဏခဏ ရွတ်နေတတ်တယ်…ဒီလိုနဲ့ လူပျိုပေါက် ဘ၀ရောက်လာရော…ဖဲတော့မရိုက်တတ်သေးဘူး…ဒါပေမယ့် ဖဲဝိုင်းတွေတွေ့ရင် ဘေးကနေ မပျင်းမရိ ထိုင်ကြည့်တတ်လာတယ်…

ဒိုးဆက် ဆက်ရင်လဲ လောင်းကြေးလေးနဲ့…လက်တောက်ခုံ တောက်ရင်လဲ…လောင်းကြေးလေးနဲ့..နောက်ဆုံးဘော့လုံးချိန်းကိုင်ရင်တောင် လောင်းကြေးလေးနဲ့မှ ဖြစ်လာတယ်…ဒီလိုနဲ့ ဆယ်တန်းတွေအောင် တက္ကသိုလ်တက်တော့လဲ တခန်းထဲ ကျတဲ့ အခန်းဖော်က လောင်းကစားသမား….သူငယ်ချင်းနှစ်ယောက် ရိုက်လိုက်ကြတဲ့ ဖဲ…အိမ်ကပို့တဲ့ ပိုက်ဆံ…အကုန်ဖဲရိုက်ပစ်တယ်…၀တ်စရာမရှိ…စားစရာမရှိ…တခါက ခုနှစ်ရက်ဆက်တိုက် ညလုံးပေါက် ရိုက်လိုက်ကြတာ…ကွေးထိုင်ထားတဲ့ ခြေထောက်တွေတောင်သူငယ်ချင်း အကူအညီနဲ့ မနည်းပြန်ဆန့်ယူရတယ်…အဲဒီလောက်အထိ…

အဲ့ဒီနောက် ကျောင်းတွေ ပိတ်သွားတယ်…ကားသမားဖြစ်သွားတယ်…ကားမထွက်ရတဲ့အချိန်ကားသမားသုံးလေးယောက်စုမိရင် ပိုက်ဆံလေးတွေမှောက် နောက်ဆုံးနံပတ်လေးတွေကို ကိုးမီး..ဘူကြီး ရိုက်…အစုံပါပဲ…အဲ့ဒီနောက်  ပိတ်ထားတဲ့ ကျောင်းပြန်ဖွင့်တော့ ကျောင်းပြန်တက်…ဒီတခေါက်ကျတော့ အဆောင်တွေ မပေးတော့ တမြို့ထဲနေသူငယ်ချင်း ငါးယောက် တိုက်ခန်းလေး ဌားနေကြတယ်…ဒီလောင်းကစားကို တက်ညီလက်ညီစိတ်တူ ကိုယ်တူ ချကြပြန်ရော…ဖဲ…အံစာတုံး…ရွှေဘော့လုံး…ဂျင်…ဘာတစ်ခုမှ အလွတ်မပေးခဲ့ဘူး…လူနဲ့ ပိုက်ဆံနဲ့ ကပ်တယ်ဆိုတာလဲ ဘယ်တော့မှကို မရှိခဲ့ဘူး…အပေါင်ဆိုင်ဆိုတာ ရောက်လိုက်တာမှ ခဏခဏ…ထမင်းဆိုတာ နှစ်နပ် ၀ယ်မစားနိုင်လို့  နေ့လည်စာနဲ့ ညစာ ကြားချပြီး နေ့လည် နှစ်နာရီခွဲ သုံးနာရီလောက် အ၀စားဆိုင် အပြည့် သွပ်ခဲ့ရတာတောင် ရှိခဲ့ပါတယ်….ကျောင်းသားဘ၀ဆိုတော့ ရှိတဲ့ပိုက်ဆံလေးနဲ့ပေါ့ဗျာ…ဂျင်ဝိုင်းအကြီးကြီးတွေသွားပြီး ပိုက်ဆံလေး ၅၀၀တန်လေးကို ကြိုးထိုးလိုက်…ဗြောင်ရံထိုးလိုက်…ဟိုခေါက် ဒီခေါက် ရံကြိုးထိုးလိုက် …ရံအောထိုးလိုက်နဲ့ တအုပ်စုလုံး လုပ်ချင်တာလုပ် နေချင်သလို နေခဲ့ကြတယ်…ဟန်းချိန်းအတုတ်ကြီး ပတ်ထားပြီး ဂျင်လှည့်နေတဲ့ ဂျင်ဒိုင်ကြီးတွေကြည့်ပြီး စိတ်ကူးခဲ့တာ ရည်မှန်းခဲ့တာက ငါ အသက်လေးဆယ်မတိုင်ခင်မှာ ဒီလို ဒိုင်ကြီးဖြစ်ရမယ်ဆိုပြီး…ကောင်းလိုက်တဲ့ ရည်မှန်းချက်…

ဒီလိုနဲ့ ကျောင်းတွေပြီးသွားပါတယ်…မနက်မိုးလင်းထဲကနေ ညမိုးချုပ် နောက်တနေ့ကူးတဲ့အချိန်ထိ ဒီသံသရာကြောထဲမှာပဲ မျောနေခဲ့တယ်…တဖြည်းဖြည်းနဲ့ လက်ကြီးလာတယ်…လက်ထဲရှိတဲ့ ငွေရဲ့ အဆ နှစ်ဆယ်လောက်ကို ဒီလောင်းကစားလုပ်တယ်…ရှုံးတယ်…တင်တယ်…အကြွေးတွေ…လူကသာ ဘာတန်ဖိုးမှမရှိတာ…အကြွေးစုစုပေါင်းက သိန်းရာပေါင်းမြောက်များစွာ တင်ခဲ့တယ်…ကိုယ့်နောက်က လူတွေက ကိုယ့်ကို အများကြီးဖြတ်ကျော်သွားခဲ့ကြတယ်…စိတ်ဓာတ်ကျတာတွေ…စိတ်နှလုံးပူပန်တာတွေ…အလိုမကျတာတွေ…ဘယ်လောက်တောင်နှိပ်စက်လိုက်သလဲ…ပတ်ဝန်းကျင်ကလူတွေနဲ့ ဘယ်သူနဲ့မှလဲ အဆင်မပြေတော့ဘူး…ယူနိုး…ချီးနိုးနဲ့ အထင်သေးတာတွေလဲ ခံခဲ့ရတယ်…စိတ်ဓာတ်တွေ ဘယ်လောက်တောင်ကျလိုက်သလဲ…ကိုယ့်ကိုကိုယ် သတ်တောင်သေမိတော့မလား ဆိုတဲ့အထိဖြစ်သွားခဲ့ဖူးတာလဲ အကြိမ်ကြိမ်အခါခါပဲ…အဲ့ဒီတော့မှ ကိုယ်ကိုကိုယ် သတ်သေသွားတဲ့ သူတွေရဲ့ စိတ်ခံစားချက် ကိုယ်ချင်းစာပေးမိတော့တယ်…သူတို့ ဘယ်လောက်တောင် စိတ်ဓာတ်ကျသွားကြပါလိမ့်ဆိုပြီး….နောင်တဆိုတာလဲ ရလိုက်တာ အကြိမ်ကြိမ်အခါခါ..ဒီလောင်းကစားကို .ဖြတ်လိုက်တာလဲ အကြိမ်ကြိမ်အခါခါ…ပြီးတော့လဲစိတ်မခိုင်ပဲ ပြန်လုပ်ဖြစ်တာလဲအကြိမ်ကြိမ်အခါခါ…တမှေးမှ မအိပ်ရပဲ မိုးစင်စင်လင်းသွားတဲ့ ရက်တွေလဲ ရီတောင်မရီနိုင်ခဲ့ဘူး…

နောက်ဆုံး ကောက်ချက်ချလိုက်တော့ ကိုယ့်မှာ ဘာအကျိုးရှိလဲ…စီးပွားရေး…အိမ်ထောင်ရေး…လူမှုရေး…ကျန်းမာရေး…ပညာရေး အကုန်ချွတ်ချုံကျသွားတယ်…ကိုယ့်ရဲ့မကောင်းတဲ့ အကျင့်…၀ါသနာဆိုးဟာ နောက်ဆုံး ကိုယ့်ဆီမှာ အကြွေးတွေနဲ့…စိတ်ထဲမှာ စိတ်ဒဏ်ရာတွေနဲ့…စိတ်ဆင်းရဲခြင်းတွေနဲ့ နောင်တတွေနဲ့ ဒါတွေပဲ ကျန်နေခဲ့တာပါပဲ….ဘာမှ ကောင်းကျိုးမပေးတဲ့ ကိုယ့်ဝါသနာကို သတ်နိုင်ဖို့ ကျွန်တော်တော့ တော်တော် ကြိုးစားရဦးမယ်ထင်တယ်…..ဆုတောင်းပေးလိုက်ပါတယ်…အားလုံးလဲ ကိုယ့်ရဲ့ ၀ါသနာ…အကျင့်ဆိုးကို ကျော်လွှားအနိုင်ယူနိုင်သော သူများဖြစ်ကြပါစေ…အမှန်တော့ ဒီလောင်းကစားဆိုတာကြီးဟာ ဘယ်သူ့ကိုမှ ကောင်းကျိုးမပေးပါဘူး…ဒါပေမယ့် ၀ါသနာကို မစွန့်နိုင်သေးဖူးဆိုရင်တော့ အကြံပေးလိုက်ပါရစေ…တကယ်လို့များ  ဒါကို မစွန့်နိုင်ခဲ့ဘူး ဆိုရင်တော့ ကိုယ့်ရှိတဲ့ ငွေရဲ့ ဆယ်ပုံ့ပုံ တစ်ပုံလောက်ပဲဖြစ်ဖြစ်…စိတ်နှလုံး ပူပန်စရာမရှိတဲ့ ငွေ amount လောက်ပဲ စိတ်လက်ပေါ့ပါးစွာ အပျော်လောက်ပဲလုပ်ကြပါလို့…

(ကျွန်တော် စာရေးရင် သူများမကောင်း ကိုယ်ကောင်းကြောင်း ကိုယ်ရည်သွေး စာတွေ ရေးတတ်တာ ၀န်ခံပါတယ်…ဒီတစ်ခေါက်ကတော့ ကျွန်တော့် မကောင်းတဲ့ အကျင့်အကြောင်း ရေးထားတာပါ…သင်ခန်းစာ ယူချင်သူတွေအတွက်လဲ ယူနိုင်အောင်လို့ပါ)

About johnnydeer

johnny deer has written 76 post in this Website..

၇၇မွေး...၉၄ ဆယ်တန်းအောင်..၂၀၀၂ မန်းလေးစက်မှုတက္ကသိုလ်က ဘွဲ့ဆိုတဲ့ စာရွက်ကလေးတရွက်ရ...ဘာပညာမှမတတ်..အခုလောလောဆယ်တော့ပေါက်တတ်ကရပြော.. .ပေါက်တတ်ကရရေးနေပါတယ်...ရေးသမျှ အားလုံးကိုတော့ ကိုယ်တိုင်ရေးစစ်စစ်ဖြစ်ကြောင်း ရဲရဲကြီး အာမခံပါတယ်...များသောအားဖြင့်တော့ သူများမကောင်း ကိုယ်ကောင်းကြောင်း ကိုယ်ရည်သွေးစာတွေ ရေးတတ်ပါတယ်...ဒါပေမယ့် အထင်ကြီးစရာတော့ တကွက်မှမရှိပါဘူး...