အလယ်တန်း စတက်တဲ့ နှစ်မှာ မိဘတွေ ပြောင်းရွှေ့ရတဲ့ ဧရာဝတီမြစ်ဘေးက ရွာလေးတစ်ရွာကို စရောက်သွားတယ် ဒုတိယမွေးရပ်မြေလို့ ပြောလို့ ရတဲ့ နေရာလေးမို့ ရွာလေးနဲ့ ပတ်သက်ပြီး အခုထိ မှတ်မိနေတုန်းပဲ……

ရွာလေးက ဧရာဝတီမြစ်ဘေးကမို့ အဓိက သွားလာရေးက သင်္ဘောနဲ့ ပဲ့ထောင်လို့ ခေါ်တဲ့ စက်လှေလေးတွေပဲ ပထမဆုံး စရောက်တဲ့ နေ့ကတဲက ရွာလေးကို သဘောကျသွားတယ် သင်္ဘောပေါ်က ဆင်းလိုက်တာနဲ့ တပြန့်တပြော နဲ့ ကမ်းနားပြင်ကြီးရယ် တဖြည်းဖြည်းမြင့်တက်သွားတဲ့ လမ်းကလေး ရယ် ခရီးသည်တွေ နားတဲ့ အဆောင်လေးရယ် အခုထိ စိတ်ထဲမှာ ပန်းချီဆွဲထားသလို မှတ်မိနေတုန်းပဲ သင်္ဘောဆိုက်ချိန်ဆို ခရီးသည်တွေ ဈေးသည်တွေနဲ့ ပျာပန်းခပ်မျှပေါ့ …သဘောင်္ကလဲ ရန်ကုန်- ဓနုဖြူ ရယ် ဖျာပုံ- ဟင်္သာတ သင်္ဘောရယ် နှစ်စီးပဲကပ်တယ် ဓနုဖြူကောင်က နေ့တိုင်းကပ်ပေမဲ့ ဖျာပုံကောင်ကတော့ ရက်ပတ်နဲ့ပဲ ပန်းတနော်-မအူပင် သွားတဲ့ မော်တော်တို့ ရန်ကုန်ကိုသွားတဲ့ မော်တော်တို့တော့ ရှိတာပေါ့ ….ကမ်းနားကနေ ရွာထဲဝင်သွားရင် လမ်းဘေး ဘယ်ညာ တစ်ဖက်ဆီမှာ ဈေးဆိုင် အပ်ချုပ်ဆိုင် ထမင်းဆိုင် လူနေအိမ်လေးတွေနဲ့ အစီအရီပဲ ဒီနေရာလေးကို ဈေးကုန်းလို့လဲ ခေါ်ကြတယ် ရွာလေးရဲ့ အစည်ကားဆုံး နေရာလေးပေါ့ ….ရွာလေးဆီကို ဆယ်စုနှစ် သုံးခုနီးပါ ဝေးနေပြီး ပြန်ရောက်သွားတော့ လုံးဝ မမှတ်မိတော့ဘူး အရင်နေခဲ့တဲ့ နေရာအားလုံးက ကမ်းပြိုလို့ ကုန်သွားပြီ ကျောင်း ဆေးရုံ ဘုန်းကြီးကျောင်း ရွာ တစ်ခုလုံးက အတွင်းပိုင်းကို ရောက်နေပြီ အရင်က သာယာစည်ကားခဲ့တဲ့ နေရာလေးတွေက ဘယ်မှာ ပြန်ရှာရမှန်း မသိအောင် ပျောက်ဆုံးသွားပြီ တော်တော်လေး စိတ်မကောင်းဖြစ်မိတယ်…………..

ကျွန်တော်ရဲ့ ဒုတိယဘ၀လို့ တောင်ပြောလို့ရတဲ့ ရွာလေး တစ်ရွာရှိသေးတယ် အဲဒါကတော့ ကျွန်တော်တို့ အားလုံးရဲ့ ဒီရွာလေးပေါ့ …ရွာသားတွေ ဆုံတဲ့ ပွဲတစ်ခုမှာ ဦးဖက်တီးနဲ့တွေ့တော့ မေးတာလေး တစ်ခုရှိတယ် မန်းလေးဂဇက်ကို ဘယ်လိုသိတာလဲ ဘယ်လိုရောက်လာတာလဲ တဲ့ သူကတော့ ဗွီအိုအေ ကအသံလွှင့်တာကနေ စကြားဖူးရင်း ရောက်လာတာတဲ့ ကျွန်တော်ကတော့

လင့်တစ်ခုကနေ လိုက်ဖတ်ရင်း ရွာထဲ ရောက်လာတာပဲ  အစကတော့ ဟိုဝင်ဖတ် ဒီဝင်ဖတ် အားရင် သတိရရင် ရောက်လာတတ်ပေမဲ့ ပုံမှန် မရှိဘူး သူများရေးတာတွေ ဖတ်ရင်း စိတ်ပါလာတာနဲ့ သန်းခေါင်စာရင်းလဲ လုပ် ကိုယ်တွေ့ ဟာသလေး တစ်ခုကို စရေးရင်းကနေ ဒီ ရွာသားဖြစ်လာတာပဲ ဘယ်ကတဲက ၀င်ဖတ်တယ် ဆိုတာ မမှတ်မိတော့ပေမဲ့  ပို့စ် စ တင်ဖြစ်တဲ့ နေ့ကတော့ မှတ်မှတ်ရရ ၁၆-၂- ၂၀၁၁ ပဲ  ပို့စ် ခေါင်းစဉ်က “ ဘာသွေးလဲ “ တဲ့ …..

ဘာသွေးလဲ

ညီလေးတစ်ယောက်  အိမ်ကိုရောက်လာတယ်…..

သူ မဂ်လာဆောင်တော့မှာမို့ ဖိတ်စာလာပေးတာတဲ့

သူ့ အသက်ကငယ်သေးတာနဲ့   အချိန်ယူစေချင်‌လို့ 

မင်းအသက် ငယ်သေးတာဘဲကွာ ပညာ၊စီးပွားရှာ

အေးအေးဆေးဆေးမှ အိမ်ထောင် ပြုပေါ့ဆိုတော့

ကျွန်တော်ကတော့ နေချင်သေးတာပေါ့

ဒါပေမဲ့ ကျွန်တော့မိန်းကလေးက Z သွေးမို့ လို့  မြန်မြန်ယူရမှာတဲ့

ဘယ်လို  ငါသိတာက  A,B,AB,O သွေးလို့ ဘဲရှိပါတယ် မင်းကျမှ Z သွေးရယ်လို့ 

ဟုတ်တယ်အကိုရေ ကျွန်တော်ယူမဲ့သူက သွေးဆုံးတော့မယ် (အသက်နဲနဲ ကြီးနေပြီ)

ဒါ‌ကြောင့်မြန်မြန်ယြူဖစ်တာတဲ့ဗျာ

ကျွန်တော့်မှာ အဲဒီပို့စ် တင်ပြီးကတဲက ဘယ်သူများ ဘာပြောမလဲ ဆိုပြီး စောင့်ကြည့်နေရတာ ကိုယ့်ရင်သွေးလေးကို တစိမ့်စိမ့် ကြည့်နေရသလိုပဲ အမှတ်တရအနေနဲ့ ရွာထဲမှာ ကျွန်တော့်ကို ပထမဆုံး ကွန်မန့်ပေးခဲ့တာ အဘနီ ကြီးပဲ ကွန်မန့်က စုစုပေါင်း ၉ ခု ရတယ် အဲဒီထဲက အခုထိ ရွာထဲ တွေ့နေသူတွေက မနော ချာတူး နဲ့ မမ တို့ ပဲ ကျန်တဲ့သူတွေကတော့ မတွေ့မိတော့ဘူး ….

ပထမဆုံး ပို့စ် မှာတင် ရွာသူားဟောင်းတွေရဲ့ နွေးထွေးစွာ ကြိုဆိုမှုကိုရလိုက်တာမို့ အားတက်ပြီး ရက်ခြားနဲ့ ပို့စ် တွေ ဆက်တိုက် တင်ဖြစ်တယ်  မြန်မာပြည်မှာ ချဲတွေ စပေါ်ခါစက မြင် ကြား သိ ထိ သမျှ အတိတ်ကောက် နေကြသလို ကျွန်တော်လဲ  ပတ်ဝန်းကျင်မှာ မြင်တွေ့  နေတာတွေထဲ က ဘာများ ရွာထဲ တင်ရမလဲ လို့ စဉ်းစားမိ ရေးမိနေတော့တာပဲ ကွန်းမန့်တွေကတော့ ရတာလဲ ရှိ မရတာလဲ ရှိ အများဆုံး ရမှ ၂၀ ထက် မကျော်ဘူး …….

အဲဒီတုန်းက ရွာ့ အပြင်အဆင်လေးက ရှေ့ဆုံး စာမျက်နှာမှာ ပို့စ် ခေါင်းစဉ်ပါတယ် ပို့စ် ထဲက စာကြောင်းလေး သုံးလေးကြောင်းပါတယ် ဖတ်တဲ့သူက စိတ်ဝင်စားမှ ဖတ်မှာမို့ ခေါင်းစဉ်တင် လူစိတ်ဝင်စားတာမျိုး မဟုတ်ပဲ စာကြောင်းလေးတွေကလဲ စိတ်ဝင်စားမှ ကိုယ့်ပို့စ် ကို ဖတ်မှာ ဆိုတော့ ဖတ်ရတဲ့ တစ်ကြောင်း နှစ်ကြောင်း စိတ်ဝင်စားစရာ မကောင်းလို့ကတော့ ပို့စ် ကို ဖွင့်ကို မဖတ်ဖြစ်တော့ဘူး ၊ အဲဒါကြောင့် ပို့စ် အရေအတွက်က ရှေ့စာမျက်နှာမှာ အခုလောက်တော့ များများ မရှိဘူးပေါ့ နောက် စိတ်လှုပ်ရှားဘို့ ကောင်းတာက ဖတ်တဲ့သူ အရေအတွက်ကိုပါ သိနိုင်တာမို့ ကွန်မန့် ရမှ မဟုတ်ဘူး ရွာလည်နေရင်း ကိုယ့်ပို့စ် ကို ပြန်ဝင်လို့ ဖတ်တဲ့သူ အရေအတွက်တိုးလာတာကိုက ပျော်စရာပဲ အခု တော့ အဲဒါလေး မရှိတော့ဘူး ၊ သူကြီး ဘာကြောင့် ဖြုတ်လိုက်တာမှန်း မသိပေမဲ့ အဲဒါလေး ပြန်ထားလို့ ရရင် ကောင်းမယ် ကွန်မန့်ဆိုတာကတော့ စိတ်ပါမှ စိတ်ဝင်စားတဲ့ ကျွမ်းကျင်တဲ့ အကြောင်းအရာဖြစ်မှ စိတ်လက်ပေါ့ပါးစွာနဲ့ နောက်ပြောင်ချင်မှ ရေးဖြစ်တာပဲ တစ်ခါတစ်လေ ကျ ဘာမှ ရေးချင်စိတ်မရှိလို့ ပို့စ် တွေသာ ဖတ်သွားတယ် ဘာကွန်မန့် မှ မရေးဖြစ်တာလဲ ရှိသေးတာပဲ ဖတ်ကောင့် လေး ရှိတော့ ငါ့ပို့စ်တော့ ဘယ်နှစ်ယောက်ဖတ်သွားပြီ ဆိုတာမျိုး သိနိုင်တာမို့ စာရေးသူအတွက် အားရှိစရာပေါ့ ၊ အခု ရွာထဲမှာ ကွန်မန့်တွေ ကို အစိမ်း တွေ အနီတွေ ပေးကြရင် နောက်ဆုံး ပိုတဲ့ တစ်ခုပဲ ပြတယ် အစိမ်း ၅ အနီ ၃ ဆို အဲဒီ ကွန်မန့်ဘေးမှာ အစိမ်း ၂ ခုပဲ ရှိတယ်၊ အရင်တုန်းကတော့ အစိမ်း ၅ ခုလဲ ပြ အနီ ၃ ခုလဲ ပြ ၊ အဲဒါလဲ အမှတ်ရစရာပဲ ……

အစားကောင်း စားရရင် အချစ်ဆုံး သူတွေကို သတိရတတ်သလို ထူးထူးဆန်းဆန်းလေးတွေ ဖတ်ရရင် ရွာထဲကို ပြောပြချင်စိတ်လေးတွေ ဖြစ်လာတာမို့ ကိုယ်တိုင်ရေး တင်ဖြစ်သလို ဖော်ဝါ့ မေးက ရတာလေးတွေလဲ ကူး တင်ဖြစ်ခဲ့တယ် ၂၀၁၁ ခုနှစ်အတွင်း ၄၇ ပုဒ် တင်ဖြစ်တာမှာ ကူးတင်တာက ၁၁ ပုဒ် ပါတယ် အဲဒီတုန်းကတော့ ထူးဆန်းတယ် သိသင့်တယ် ထင်လို့ တင်တာတွေပေါ့ တချို့ဟာတွေက ကိုယ်တင်လိုက်မှ ရွာထဲ သိရတာမှန်ပေမဲ့ အတော်များများကတော့ ကိုယ်က အခုမှ သိရပေမဲ့ ရွာထဲမှာ သိပြီးသားဖြစ်နေတယ် ဆိုတာမျိုး ရွာသက်ကလေး ရလာတဲ့ အချိန်မှာ သတိထားမိလာတယ် အဲဒီနောက်ပိုင်းတော့ ကူးတင်တာမျိုး လုံးဝ မလုပ်တော့ပဲ ( အရမ်းထူးခြားတယ် သိသင့်တယ် ဆိုရင်တော့ တမျိုးပေါ့) ကိုယ်တိုင်ရေးတာမျိုး ပဲ တင်ဖြစ်တော့တယ် ရွာထဲ ၀င်ကာစ တချို့တစ်လေ အဲဒါမျိုး တွေ့ရရင် ကိုယ်ချင်းစာစိတ်နဲ့ နားလည်ပါတယ် ဒါပေမဲ့ ဖြစ်နိုင်ရင်တော့ တိုတို ရှည်ရှည် ကိုယ်တိုင်ရေးတာကတော့ အကောင်းဆုံးပဲ  ( ဟို ရက်ကတော့ ကိုရင်ရှုံး ကူးတင်တဲ့ သရဲမ ခြောက်တာမျိုး ကျတော့လဲ ဖတ်လို့ အလွန်ကောင်းပြီး တစ်ခါမှ မဖတ်ဖူးတာမို့ ကူးတင်တာက ကောင်းသွားပြန်ရော အဲဒီရက် အချိန်မရတာမို့ ဖတ်ရုံပဲ ဖတ်မိပြီး ကွန်မန့်တောင် မပေးဖြစ်လိုက်ရဘူး ဆောရီးပါ ကိုနိုင်ရေ )….

ကျွန်တော့် ပို့စ်တွေ စရေးတော့ white ဆိုတဲ့ အမည်နဲ့ ရေးတယ် အဲဒီတုန်းက ရွာထဲမှာ ဘယ်သူတွေ ၀င်ကြည့်နေတယ် ဘယ်အချိန်ကတဲက ၀င်နေတယ် ဆိုတာ ကြည့်လို့ရတဲ့ စာမျက်နှာ တစ်ခုရှိတယ် ၀င်ဝင်ကြည့်နေရင်း နဲ့ တစ်ရက်မှာ သတိထားမိတာက white ဆိုတဲ့ နာမည်နဲ့ လူက ရွာထဲ အရင်ရှိနေတယ် ဘာမှ တော့ ရေးထားတာ မတွေ့မိဘူး သူက ဘယ်ကတဲက ရွာသားဖြစ်မှန်း မသိပေမဲ့ ကိုယ့်ထက် စောမယ်ထင်တာမို့ သူကြီးကို ပြောပြ အမည်ပြန်ပြောင်းရသေးတယ် ငါးပုဒ်လောက်တင်ပြီးတော့မှ အခုနာမည်ဖြစ်သွားတာ ဂီဂီ တို့ကို အားကျလို့ အမည် ထပ် ပြောင်းဘို့တွေ စဉ်းစားမိပေမဲ့ အခုထိတော့ ပြောင်းတဲ့ ဘ၀ မရောက်သေးဘူး ဖြစ်နေတယ်….သူကြီး ဆီ အကူအညီတောင်းရတာ နောက်တစ်ခု ရှိသေးတယ် ရွာထဲမှာ စာတွေ ဖတ်တာများလာတော့ လူတွေကို မမြင်ဘူးပေမဲ့  အမည်နဲ့ စာတွေကတော့ ရင်းနှီးနေတယ် အဲဒီတုန်းက အယ်ဒီတာဆီပေးစာမျိုး ပို့စ်တစ်ခု က အမြဲရှေ့မှာ ရှိတယ် အခု သူကြီး ထိတ်ကပ်ထားသလို နေမှာပေါ့ အဲဒီပို့စ် ထဲမှာ ကိုယ့် အခက်အခဲ ရှိတာ သူကြီးကို မေးချင်းတာ သိချင်တာ ရှိရင် ကွန်မန့်ပေးလို့ရတယ် ပုံမှန် ပို့စ်တွေ ကွန်မန့်၁၀/၁၅ လောက်ပဲ ရှိတဲ့ အချိန် အဲဒီ ပို့စ် က ကွန်မန့် ရာကျော်ပဲ အားလုံး အားရပါးရ ၀ိုင်းရေးကြတာကိုး ၊ အဲဒီမှာ ရွာသူ တစ်ယောက်က သူမသိ တာ တစ်ခုကို ရွာတော်ရှင်ကို မေးတယ် ကျွန်တော်ကလဲ နောက်ပြောင်တာ ၀ါသနာပါသမို့ နောက်ပြောင်ပြီး ကွန်မန့်တစ်ခု နဲ့ ၀င်ဖြေလိုက်တယ် အဲဒါက ရွာတော်ရှင်ကို စော်ကားသလို ဖြစ်သွားတယ် သူက ဘာမှ မပြောဘူး ကိုယ်ကလဲ  နောက်တယ် ဆိုပေမဲ့ မရေးသင့်တာမျိုး မို့ သူကြီးဆီ pm ပို့ အကျိုးအကြောင်းပြော ကျွန်တော့်ကွန်မန့်ကိုလဲ ပြန်ဖျက်ခိုင်းရတယ် ရွာတော်ရှင်ဆီလဲ pm ပို့ တောင်းပန်ဖြစ်တယ် ၊ ရွာတော်ရှင်ကလဲ နားလည်မှု ရှိ သူကြီးကလဲ ပြန်ဖျက်ပေးလို့ တော်သေးရဲ့ အဲဒီတုန်းက ရွာတော်ရှင်ဆိုတာ အသက်ကြီးကြီး ရုပ်တည်ကြီး နဲ့ အဒေါ်ကြီး တစ်ယောက်လို့ ထင်နေတာ အပြင်မှာ တွေ့ဖူးမှ ငယ်ငယ်ချောချောနဲ့ တရုတ်မင်းသမီး လေးနဲ့ တူတဲ့သူ ဆိုတာ သိရတော့တယ် ၊ တစ်ယောက်နဲ့ တစ်ယောက် အပြင်မှာ အဆက်အသွယ် မရှိသူချင်း ရွာထဲမှာ ကိစ္စရှိလို့ ဆက်သွယ်ချင်ရင် အဲဒီ personal message ပို့လို့ရတာလေးကလဲ အဲဒီတုန်းကတော့ အဆင်ပြေတာပဲ အခုတော့ ဦးကျောက်စကားနဲ့ ဆို အနိတ်စ သွားရှာပြီပေါ့ ………….

၂၀၁၁ မှာ ၄၇ ပုဒ် တင်ဖြစ်ပေမဲ့ အလုပ်တွေ များလာတာရော တပိုင်းတစ နဲ့ ဆက်မရေးဖြစ်တာတွေ ရောမို့ ၂၀၁၂ ကျတော့ ၆ ပုဒ်ပဲ တင်ဖြစ်တော့တယ် ၂၀၁၃ ကတော့ တပုဒ်ပဲ ရှိသေးတာမို့ ၂၀၁၁ ကို မမီတောင် ၂၀၁၂ ကို ကျော်အောင်တော့ ရေးဘို့ ကြိုးစားရမယ် ၊ အခုဆို ရွာထဲ တင်တာ ၅၄ ပုဒ် ရှိသွားပြီ ခေါင်းစဉ်လေးတွေ ပြန်ဖတ်လိုက်မိရင် အဲဒီတုန်းက ရေးဖြစ်တဲ့ ခံစားချက်လေးတွေကို ပြန်ဖမ်းမိတယ် အခုချိန်မှာတော့ ကြိုက်နေသေးတာလဲ ရှိ အားမရတာတွေလဲ အများကြီးပေါ့ ဟာသတွေ ၀ါသနာပါလို့ ဟာသလေးတွေ ထေ့လုံးလေးတွေ ရေးဖြစ်သလို ခရီးတွေ သွားဖြစ်နေတာမို့ ခရီးသွားဆောင်းပါးလေးတွေလဲ ရေးဖြစ်တယ် ၊ ကျွန်တော့် ပို့စ် တွေထဲ မှတ်မှတ်ရရ ရှိတာတွေတော့ သူကြီး ရွာအ၀င်မှာ ကပ်ထားပေးတာ နှစ်ပုဒ် ရှိတယ် ရုပ်ရှင်ရုံထဲမှအတွေးများ  နဲ့  မလိမ်ချင်လို့ပါ ဆိုတဲ့ နှစ်ပုဒ် ပထမ တစ်ပုဒ် က ရုပ်ရှင်သွားကြည့်ဖြစ်ရင် မြင်မိတွေးမိတာလေး ရေးထားတာ အဲဒီခံစားချက်မျိုးနဲ့ပဲ မနှစ်က ဘန်ကောက်မှာ  ရုပ်ရှင်တွေ သွားကြည့်ဖြစ်တယ် ပထမဦးဆုံးကြည့်ဖြစ်တာ က ဂျိမ်းစ်ဘွန်း ရဲ့ Sky Fall ၊ အဲဒီ တုန်းကလဲ သူတို့ဆီက ရုပ်ရှင်ရုံ အခြေအနေ လက်မှတ်ဝယ်တဲ့ စနစ် ခုံ အနေအထား ရုံ အရည်အသွေး လူတွေရဲ့ စည်းကမ်း လေးတွေ ရေးနေတာ တ၀က်လောက် ရှိမှ ဆက်လဲ မရေးဖြစ် တင်လဲ မတင်ဖြစ်တော့ဘူး ကြာသွားတော့ ဈာန်လဲ ၀င်လို့ မရတော့ဘူး ၊ နောက် သူကြီး သဘောကျပါတယ် လို့ ထုတ်ပြောဘူးတာ ရပိုင်ခွင့်နှင့်တာဝန် ဆိုတဲ့ ပို့စ် လေး ၊ ကျန်တာတွေထဲ မှတ်မှတ်ရရ ရှိတာတော့ နော်ဝေဆီသို့ ဆိုတဲ့ နော်ဝေ ကို စ သွားတာကနေ ပြန်ရောက်သည်အထိ ရေးထားတဲ့ အပိုင်း ၇ ပိုင်းပဲ၊ တကယ်ကို စိတ်ဝင်တစားနဲ့ တာဝန်တစ်ခုလိုရေးခဲ့ တာမို့ တစ်ပတ် အတွင်း အပိုင်း ၇ ပိုင်း လုံး ရေးတင်ဖြစ်သွားတယ်  တကယ်က ၁၀ ပိုင်းစာလောက်ရှိတာ တချို့ ရက်တွေ မနက် ၄ နာရီလောက်ထိ ရေးဖြစ်ခဲ့တာတောင် ပါသေး ( အခုချိန်ဆို အဲဒီလို ရေးနိုင်ဘို့ မလွယ်တော့ဘူး ) ၊ အဲဒီလို ရေးဖြစ်ခဲ့ လို့လဲ ရွာထဲမှာ ပြန်ပြောပြခွင့် ရခဲ့ သလို ကျွန်တော့်အတွက် လဲ ခရီးသွားမှတ်တမ်း တစ်ခု ရသွားတယ် ၊နောက် အမှတ်တရ ရှိနေတာက မင်းကြောင့် မဟုတ်ပါ ဆိုတဲ့ ဘ၀ကိုအဖျက်ဆီး ခံလိုက်ရတဲ့ မိန်းကလေးတွေ အတွက် ရေးထားတဲ့ ပို့စ် လေးပဲ အဲဒီ ပို့စ် ကွန်မန့် ၀င်ပေးခဲ့ တဲ့ မန်းလေးက ဆရာဝန် shadowless  ကတော့ နောက်ပိုင်း လုံးဝ မတွေ့မိတော့ဘူး ၊  အရမ်းအရမ်းကိုလွမ်းဆွတ် သတိရနေပါသည် ဆိုတဲ့ ပို့စ် ကိုတော့ အသုဘပို့တိုင်း လွမ်းသူ့ပန်းခွေတွေ တွေ့တိုင်း သတိရမိတယ် ၊  နော်ဝေ ကို သေချာအားထည့် ရေးခဲ့ပေမဲ့ နောက်ပိုင်း လူချင်းတွေ့လို့ အမေးခံရတာကျ ဘူတန်ကို သွားခဲ့တဲ့ နဂါးလေးတို့ပြည်သို့ ပို့စ် ဖြစ်နေတယ် ရေးတာကလဲ သုံးပိုင်းထဲ ပေါ့ပေါ့ပါးပါး ပဲ ရေးထားတာ ….

တချို့ ရွာထဲ ၀င်ကာစ သူတွေ ပြောကြတယ် သူတို့ ကို အသစ်တွေမို့ ဂရုမစိုက်ဘူး ခွဲခြားတယ် တဲ့ အဲဒါမျိုး ကျွန်တော်ရောက်ပြီးမှ နှစ်ခါလောက် ကြုံဘူးတယ် ဆူညံသွားဘူးတယ် တကယ်က ဒီ ရွာထဲမှာ ဒါမျိုး မရှိဘူး ( ပိုစ် ကောင်း မကောင်း ဆိုတာထက် ) ရေးသူ နဲ့ ဖတ်သူကြား နှလုံးသားနှစ်ခု ဆက်မိသွားရင် အဲဒီပို့စ် လူတွေ သဘောကျသွားတာပဲ ကျွန်တော်လဲ ရွာထဲ ပထမဆုံး တင်တဲ့ ပို့စ် က မှ ကွန်မန့် ၉ ခု ရပေမဲ့ အဲင်္ဒီနောက်ပိုင်း ကွန်မန့် လုံးဝ မရတဲ့ ပို့စ် တွေ ရှိသလို ၁/၂ ခု ပဲ ရတဲ့ ပို့စ် တွေလဲ အများကြီးပါ၊   ဒီ မှာကတော့ လူသစ် လူဟောင်း မခွဲပဲ နှလုံးသားချင်း ကူးလူးနိုင်ဘို့က အဓိကပဲ တချို့ ဆို အခုမှ စ တင် စ ၀င် ပေမဲ့ ကွန်မန့်တွေ အများကြီး ရ ၊ လူတွေက ၀ိုင်း မေတ္တာထားကြတာ အများကြီးပဲ ဂျီးတော်ဆွိ ဆို ပထမ တစ်ပုဒ်နဲ့ တင် ဘယ်လောက်တောင် လူချစ်လိုက်ကြသလဲ ၊ ဒီရက်ထဲ ဂျာနယ်ထုတ်ဘို့ ရေးတဲ့ပို့စ် ဆို ထိတ်တောင် ကပ်နေသေး ၊ ပထမဆုံး ပို့စ် ကနေ စ ပြီး လူတိုင်းသတိထားမိတဲ့ မမှီ တစ်ယောက်လဲ ပျောက်နေတာ ကြာလှပြီ လူပျောက်တိုင်ရမဲ့သူတွေကတော့ အများကြီး ပဲ ဦးဖက်တီး ၊ ငှက်ကြီး၊ ကိုငြိမ်းချမ်း ၊ noob ၊ အာဖျံကွီး ၊ eros …အများကြီး ရှိသေးတယ် သူတို့လဲ အခြေအနေ အကြောင်းအမျိုး မျိုး ကြောင့်သာ ရွာထဲ မ၀င်နိုင်ကြတာ နေမှာပါ ရွာလေးကိုတော့ သတိရနေမှာ သေချာတယ်….

တကယ်တော့ ဒီ ပို့်စ် လေးကို မနှစ်က ရွာသက် တနှစ်ရှိတဲ့ အချိန် အမှတ်တရ အနေနဲ့ ရေးချင်ခဲ့တာ ရေးဘို့ အခြေအနေမပေးတာနဲ့ အခုမှ ၂ နှစ်ပြည့်အနေနဲ့ ရေးလိုက်ရတာ ၊ အရင်တုန်းက ပို့စ် အဟောင်းလေးတွေ ဖတ်မိ အရင်တုန်းက ရွာအကြောင်းလေးတွေ စဉ်းစားမိသွားတာလဲ မဖြစ်မနေရေးဘို့ တွန်းအားတစ်ခု ဖြစ်သွားတာပေါ့ ၊ ကျွန်တော့် ရဲ့ ဒုတိယမွေးရပ်မြေရွာလေးက အရင်ကလောက် စည်စည်ကားကား မရှိတော့ ၊ သာသာယာယာ မရှိတော့ပေမဲ့ ကျွန်တော့်ရဲ့ ဒုတိယဘ၀ ဒီ ရွာလေး က တစ်နေ့ထက် တစ်နေ့ စည်စည်ကားကား သာသာယာယာ ရှိလာတာကတော့ ၀မ်းသာ ဂုဏ်ယူ စရာပါ ၊ ၉ တန်းတုန်းက သင်ရတဲ့ စမ်းချောင်းလေး ကဗျာထဲက လူတွေက လာလိုက်ကြ ထွက်သွားလိုက်ကြနဲ့ပဲ ဒါပေမဲ့ စမ်းချောင်းလေးကတော့ စီးမြဲ စီးလျှက်ပဲ ဆိုတာလို ကျွန်တော်တို့ ချစ်တဲ့ ရွာလေးလဲ ရွာသူားတွေ ရောက်လာလိုက် ကြ ထွက်သွားလိုက်ကြ ရှိနေပေမဲ့ အားလုံးအတွက် ရွာလေးကတော့ ရှိနေဆဲ ရှိနေမြဲ အားလုံး အတွက် အကျိုးပြုနေမြဲ သူနိုင်တဲ့ ၀န်တာ လေးတွေ ထမ်းနေဆဲပါပဲ…..

မောင်ဆန်း

About မောင်ဆန်း

has written 64 post in this Website..

မကောင်းတာ မတွေးနဲ့ မကြံနဲ့ မလုပ်နဲ့ ၊ ကုသိုလ်ရမဲ့ဟာလုပ် ၊ စိတ်ချမ်းသာအောင် ငြိမ်းချမ်းအောင်နေပါ