မနေ့က သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်ရှေ့…

ခရီးသည်ရလို့… တောင်ဒဂုံဘက်ကို လိုက်ပို့မယ်ဆိုအသွား… ညနေ (၆)နာရီကျော်ကျော် (၇)နာရီနီးနီး…

သံသုမာလမ်းပေါ်မှာ ကားတွေပိတ်လို့… သင်္ဃန်းကျွန်းဘက်ကို ပြန်ထွက်ရတယ်… ပြီးတော့မှစံပြဈေးဘက်ကနေ တောင်ဒဂုံဘက်ကို ပြန်ဆင်းရတယ်…

ဒီဘက်မရောက်ခင်…

ကျောက်မြောင်းကိုဖြတ်တော့လဲ…  သဌိပဌာန်လမ်းကို ကားတွေသွားမရလို့…

လမ်းကကျဉ်းကျဉ်း… ကားကများများနဲ့ လမ်းကြိုလမ်းကြားထဲက ဖြတ်မောင်းခဲ့ရသေးတယ်…

ရန်ကုန်မှာ ကားတွေများလာလို့ ကားတွေကြပ်လာတာ ယာဉ်ကျောပိတ်ဆို့တာဖြစ်လေ့ဖြစ်ထရှိတဲ့ဖြစ်ရပ်ပေမယ့်…

မနေ့က တွေ့ရတဲ့အကြောင်းကိုတော့ဖြင့် မပြောချင်ပေမယ့် ပြောရမလိုပါ့…

ဒီလိုဗျာ…

သဌိပဌာန်လမ်းကိုပိတ်ပြီး…

သံသုမာလမ်းကို တစ်ဖက်ဆို့ပြီး…

သံသရာရေအလျဉ်ကြောက ရုန်းထွက်ဖို့ မဂ္ဂင်ဖောင်ကြီးတွေဖွဲ့ကြပါတယ်…

တနည်းပြောရရင်… အများပြည်သူသွားလာမယ့်လမ်းတွေကို ပိတ်ပြီးတော့ တရားပွဲတွေကျင်းပကြပါတယ်…

 

သေချာပြန်စဉ်းစားကြည့်ရအောင်…

ကျောက်မြောင်းထဲမှာ လူနေထူထပ်ပေမယ့် တရားပွဲလုပ်နိုင်လောက်အောင်ကျယ်တဲ့ မြေကွက်လပ်တချို့ရှိပါတယ်…

ဒါပေမယ့် ဘယ်သူမှအရေးတယူရှင်းလင်းပြီး လူအများအသုံးပြုဖို့ ကိုယ်ထူကိုယ်ထမဖန်တီးကြသလို…

ရန်ကုန်မြို့တော်စည်ပင်ကလဲ… အခုမှ လမ်းပြင်၊ လမ်းခင်း၊ ပလက်ဖောင်းပြင်နဲ့ အသဲအသန်လုပ်နေကြတော့

ရပ်ကွက်ထဲကမြေကွက်လပ်ကို Public Area တစ်ခုအဖြစ် ဖန်တီးဖို့စိတ်မ၀င်စား…

ရပ်ကွက်နေလူထုကလဲ ဂေါ်ပြား… ပေါက်တူးလေးဆွဲပြီး ဒီမြေကွက်လပ်ကိုရှင်းလင်ဖို့ ငွေအား၊ လူအား မပံ့ပိုးနိုင်….

ဒါက ကျောက်မြောင်းဘက်…

သံသုမာလမ်းဘက်မှာလဲ ထိုနည်းလည်းကောင်း… မြေလွတ်တွေရှိပါရဲ့…

အလွယ်လမ်းကိုလိုက်… လမ်းမပေါ်တက်… လူအများနဲ့သက်ဆိုင်တဲ့လမ်းမှာ… အလှူတွေခံ… အသံချဲ့စက်တွေဖွင့်… တရားတွေဟော…

ရှက်ဖို့ကောင်းလိုက်တဲ့ ဗုဒ္ဓသာသာဝင်တွေရဲ့လုပ်ရပ်…

ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တာ လွတ်လပ်ရေးရပြီဆိုပြီး… လမ်းမပေါ်တက်ဆေးရိုးလှမ်းတယ်ဆိုတာထက်… အခု လမ်းမပေါ်တက်ပြီး ဘာသာရေးတရားပါဟောနေပါပြီ…

တရားပွဲစီစဉ်သူတွေက စီစဉ်ရင်တောင် တရားဟောမယ့်ဆရာတော်ဘုရားများက သင့်၏… မသင့်၏ မစဉ်းစားသင့်ဘူးလား…

ဒါမှမဟုတ်… ငါကကောင်းရာကောင်းကြောင်းတရားဟောတာဆိုပြီး လမ်းပိတ်တာဟာ Power Abuse လုပ်တာပါပဲ…

ဒီလိုမျိုးလုပ်တယ်ဆိုတာကို ဘာသာရေးအကြောင်းပြပြီး လူအများကိုနှောက်ယှက်တာပါပဲ…

တရားပွဲကနေ မဂ္ဂင်ဖောင်ကြီးကို လမ်းလည်ခေါင်တည့်တည့်ပိတ်ဖွဲ့နေလို့… အများပြည်သူတွေ ခရီးလမ်းမဖြောင့်ဖြူးဖြစ်ရတာ…

စိတ်အနှောက်အယှက်တွေဖြစ်ရတာ… ထည့်စဉ်းစားသင့်ပါတယ်…

အဲဒီလို လမ်းပိတ်ထားတဲ့တရားပွဲတွေကို မြင်သွားတဲ့နိုင်ငံခြားသားတစ်ယောက်ယောက်ကရော ဘယ်လိုများမှတ်ချက်ချကြမှာလဲ…

အဲဒီလိုပဲ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြသောအခြားသော ဘာသာဝင်များကရော… ဘယ်လိုတွေများတွေးကြပါလိမ့်မလဲ…

မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံဖြစ်လို့ ဗုဒ္ဓဘာသာဝင်များစည်းမရှိကမ်းမရှိ လမ်းမပေါ်တက်ထင်တိုင်းကျဲလို့ရတယ်ဆိုရင်…

ဘယ်တော့မှ လွတ်လပ်စွာကိုးကွယ်ခွင့်ရှိသော မြန်မာနိုင်ငံ… စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံဖြစ်မလာတော့ပါဘူး…

ဘာသာရေးဟာ… ကိုးကွယ်ရာပါ…

ဒါပေမယ့် ဘာသာရေးအကြောင်းပြချက်နဲ့ အများပြည်သူကို အနှောက်အယှက်မဖြစ်စေတာအကောင်းဆုံးဖြစ်မှာပါ…

 

တရားဟောကြမယ့် ဓမ္မစရိယများ… တရားပွဲကို စတိတ်ရှိုးပွဲလိုတင်သွင်းကြမယ့် တရားပွဲစီစဉ်ကြသူများခင်ဗျား…

ကျွန်တော်ပွင့်ပွင့်လင်းလင်းပြောပါရစေ… ဒီမိုကရေစီဆန်သော ဗုဒ္ဓဘာသာကို… အာဏာရှင်ဆန်သော… အခွင့်အရေးတစ်ဆုံးယူတတ်သော

စိတ်ဓာတ်များနဲ့ မဖျက်ဆီးစေလိုပါဘူး…

သံသရာရေလည်ကျောမှာ မြောနေတဲ့တဲ့သူတွေကယ်တယ်ဖို့ မဂ္ဂင်ဖောင်ကြီးကို လူသွားလမ်းမအလယ်မှာမတည်ဘဲ…

အဘက်ဘက်အကျိုးကို ရှေ့ရှုပြီး နေရာပြောင်းဆောင်ရွက်စေလိုပါကြောင်း….

 

ခင်မင်လျက်-

ဖက်ဖက်ကက်

About ကြောင်ဝတုတ်

ကြောင်ဝတုတ် has written 104 post in this Website..

တစ်ခါတစ်လေ... လောကကြီးအား ပြောင်းပြန်ကြည့်တတ်ပေသည်...