လူစိတ်ပေါက်လို့ တာဝန်ယူတတ်ကြပါစေ

etoneFebruary 18, 20131min24536

အားလုံးပဲ မင်္ဂလာပါနော် …

ဒီရက်ပိုင်း ဘာမှ ရေရေရာရာ position မဟုတ်ပဲ အလုပ်တွေရှုပ်နေတာက တကြောင်း ၊ စာရေးရင်းနဲ့ အဆုံးမသတ်ပဲ ထားခဲ့တာတွေလည်းရှိတာက တကြောင်း၊ ပျင်းနေဖြစ်တာကလည်း တကြောင်းမို့ ပို့စ်မရေးဖြစ်တာ ကြာသွားခဲ့ပါတယ် ။ အခုတော့ ကိုယ်တိုင်လည်း မျက်မြင် ကြုံတွေ့ခဲ့ပြီး ၊ စိတ်ထဲ အတော်လေး ကသိကအောက်ဖြစ်နေ တဲ့ အကြောင်းရာလေးတွေကို မိမိရဲ့ တစ်ဦးတစ်ယောက်တည်း အမြင်ကနေ ဇောင်းပေးရေးသွားမှာ ဖြစ်တာကြောင့် ၊အရေးသား အသုံးနှုန်းတွေပေါ်မှာပဲဖြစ်ဖြစ် ၊ ကြုံခဲ့ရတဲ့ အတွေ့ကြုံပေါ်မှာဖြစ်ဖြစ်  ထိခိုက်နစ်နာမှုများ  ရှိလျှင် ခွင့်လွှတ်ကြပါလို့ ကြိုတောင်းပန်ထားပါရစေ ။

%%%%%%%%%%%%%%%

ပြီးခဲ့တဲ့ တပတ်စနေနေ ့က လှည်းတန်းဘက်ကို အိမ်ကခိုင်းတဲ့ ကိစ္စတစ်ခုကြောင့် ခဏတာ ရောက်ဖြစ်ခဲ့ပါတယ် ။ ယာဉ်လိုင်းအတော်များများ ၊ ကျူရှင်များ ၊ သင်တန်းများ ၊ အဝတ်ထည် ၊အစားသောက်ဆိုင်များနဲ့ အမျိုးမျိုးသော စီးပွားရေးလုပ်ငန်းပေါင်းစုံက ဈေးကြီးကြီးပေးပြီး ၊ ငှားရမ်း/ဝယ်ယူလို့ ဝင်တိုးပြီးစီးပွားရှာနေတဲ့နေရာမျိုးဖြစ်တာကြောင့် ဖြတ်သန်းသွားလာသူ ထူထပ်တဲ့ နေရာမျိုးပါ ။ ကျွန်မရောက်သွားတဲ့နေ့ကလည်း လူစည်ကားရာ လမ်းမပေါ်မှာ ပမ်းဖလက်ချ်တွေဝေနေတာနဲ့ ကြုံခဲ့ပါတယ် ။ လှည်းတန်းရောက်ဖူးသူတိုင်း ဒီလိုမြင်ကွင်းမျိုးမြင်ခဲ့ဖူးကြမှာပါ ။ ပမ်းဖလက်ချ်ဝေပြီးကြော်ငြာတာ အထူးဆန်းတော့ မဟုတ်ပေမယ့် ၊ ရောင်းသူဝယ်တူ အသံတူပြီး တာဝန်မဲ့ကြတဲ့ ကိစ္စကို တူညီစွာ လုပ်ဆောင်နေတာကတော့ အသိဉာဏ်ရှိပြီးတာဝန်ယူစိတ်ရှိတဲ့ လူတွေဆိုလျှင် သာမန်မဟုတ်တဲ့ ကိစ္စလို့တော့ သတိထားမိခဲ့ကြမယ် ထင်ပါတယ် ။   ဝေတဲ့ လူကလည်း ကိုယ့်ရှေ့က ဖြတ်သွားသူတိုင်းကို ၊ ယူချင်ချင် မယူချင်ချင် လက်ထဲ အတင်းထည့်လိုက်တာပါပဲ ။ လက်ထဲ အထည့်ခံရသူ အများစုကလည်း ၊ အားနာတဲ့ စိတ်လေး အခြေခံ ရှိပုံပါပဲ ၊ ချက်ချင်း မငြင်းချင်လို့သာ ယူလာတယ် ၊ လေးငါးဆယ်လှမ်း လမ်းလျှောက်ပြီးတာနဲ့ ၊ ခပ်တည်တည်ပဲ လမ်းမပေါ် ပစ်ချပြီး ကိစ္စရှင်းလိုက်ကြပါတယ် ။ တစ်ဦးလား ၊ နှစ်ဦးလား ဆိုတော့လည်း မဟုတ်ပြန်ဘူးပဲ ။ ခန့်မှန်းခြေအားဖြင့် 80%ထက်မနည်းတဲ့ လူထုက လက်ထဲရောက်လာတဲ့ ကြော်ငြာ စာရွက်ကို ဒီလိုနည်းနဲ့ ဖြေရှင်းသွားခဲ့ကြပါတယ် ။ (ဓါတ်ပုံရိုက်ဖို့စောင့်ဆိုင်းနေချိန်မှာ ရေတွက်ခဲ့တဲ့ ဦးရေကို ယေဘုယျပြောတာပါ ။ ) ပြည်သူပိုင်လမ်းမှာ ဘာခွင့်ပြုချက်မှ ထွေထွေထူးထူးမယူကြပဲ လွတ်လပ်စွာ  စီးပွားရေးကြော်ငြာ ဖြန် ့နေနိုင်တဲ့ အားသာချက်မျိုးလည်းရှိတဲ့အပြင် ၊ နေ့ရက် ၊ အချိန် ၊ စာရွက် အရေတွက် အကန့်သတ်မရှိပါပဲ ဖြန့်ဝေလို့ ရနေတာတောင် ဒီနေရာအပေါ်  responsibility မရှိသလို လုပ်ရပ်မျိုး လုပ်နေတာ ၊ အားနာရကောင်းမှန်း မသိသလိုပါပဲ ။ တကယ်ဆို ဒီလို ကြော်ငြာမျိုး ဝယ်မယ်ဆို မဝေခင်ကတည်းက မီတာ30လောက်အကွာတဖက်တစ်ချက်စီမှာ အမှိုက်ပုံလေးတွေချပေးသင့်ပါတယ် ။ အမှိုက်ပုံးချထားရုံနဲ့လည်း မပြီးသေးပဲ ၊ အမှိုက်ပုံးပြည့်တိုင်း လဲလှယ်ပေးရမယ့် အလုပ်ကိုပါ လုပ်သင့်ပါတယ် ။ အဲ့ဒီလိုမှ တာဝန်မယူနိုင်လျှင် ၊ ကြော်ငြာမဝေသင့်ဘူးလို့ပဲ မြင်မိပါတယ် ။

လက်ထဲ ကြော်ငြာစာရွက်ရောက်လာလို့ အားနာပြီး ယူထားကြတဲ့အဖြစ် အတော်များများ ကြုံခဲ့ဖူးမှာပါ  ။ တဖက်က ကမ်းလာတဲ့ လက်ကို မငြင်းပယ်ရက်တာကြောင့် အားနာလို့ ယူလိုက်ပြီး ပြီးရောဆိုသူတွေလည်း  တာဝန်မဲ့တဲ့ လုပ်ရပ်မျိုး ဆင့်ကဲ ဆင့်ကဲ လုပ်ဆောင်နေကြတာ တွေ ့နေရပြန်ပါတယ် ။ ရှေ့ဆုံးကလူက ၊ လမ်းပေါ်ချသွား ၊ နောက်လူကလည်း ထပ်ချ ၊ နောက်က လိုက်လာသူတွေကလည်း သူများတွေလည်း ဒီလိုပဲ ချသေးတာ ငါတစ်ရွက်ချလိုက်လည်း ဘာမှ မထူးပါဘူးဆိုတဲ့ စိတ်နဲ့ တဖြည်းဖြည်း စာရွက်တွေ လမ်းပေါ်မှာ ပလူပျံလို့ပေါ့ ။ ဒီလို စာရွက်တွေ ပလူပျံနေတဲ့ လမ်းထက်မှာ ၊ ပစ်မချရက်လို့ ကိုင်သွားသူ ဘယ်နှစ်ယောက်များ ရှိပါလိမ့်မလဲ ။ …. လူထူထပ်တဲ့ လမ်းပေါ်မှာ သူလိုကိုယ်လို စာရွက်တွေ ပစ်ချသွားတာ ဘယ်သူမှ သတိမထားမိဘူးထားဦးတော့ ၊ ကိုယ့်ကိုယ်ကို သိလို့ တာဝန်မဲ့ခဲ့တာ ရှက်စရာ ကိစ္စပါ ။ အလွန်ပေါ့ပါး သေးငယ်တဲ့ စာရွက်လေးတွေကို အမှိုက်ပုံးတွေ့တဲ့ အထိတောက်လျှောက် ကိုင်သွားရတာ ၊ လက်ကျိုးသွားလောက်အောင် ဝန်မကြီးပါဘူး ။ တာဝန်ယူမှု မရှိတဲ့ ပြီးစလွယ်စိတ်ဓါတ်ပိုင်ရှင် ဖြစ်သွားရတာကသာ စိတ်ဓါတ်ရေးရာအရ ဆုံးရှုံးမှု တစ်ရပ်ပါ ။ မိမိကိုယ်တိုင်မှစပြီး ပြင်ဖို့သင့်တဲ့ အချက်တစ်ခုလို့ပဲ မြင်မိပါတယ် ။

အဆင်ပြေသလို ပစ်ချသွားတတ်ကြပါတယ် ။
အဆင်ပြေသလို ပစ်ချသွားတတ်ကြပါတယ် ။

 

%%%%%%%%%%%%%%%

လွန်ခဲ့တဲ့ သုံးလလောက်က ကျွန်မ ဓါတ်ပုံရိုက်ပြီး တင်ခဲ့ဖူးတဲ့ အမှိုက်ပုံးကြီးကို မှတ်မိကြဦးမလား မသိဘူး ။ အမှိုက်ပုံးကြီးရောက်လာတုန်းကတော့ သဘောကျလို့ဓါတ်ပုံရိုက်ခဲ့ဖူးတယ် ။ စည်ပင်က လူထုအပေါ် ထားတဲ့ စေတနာဆိုပြီး ကြိတ်ကျေးဇူးတွေတင်လို့ပေါ့ ။ အမှိုက်ပုံးနားကဖြတ်တိုင်းလည်း သတိထားပြီးကြည့်မိခဲ့ပါတယ် ။ အဖုံးဖွင့်လျှက်သား  ပြည့်မောက်နေတဲ့ အမှိုက်ပုံးကြီးကိုမြင်လျှင် အတော်အသုံးတည့်တဲ့ သဘောလို့ နားလည်မိပြီး ၊ သဘောတွေကျလို့ပေါ့လေ ။ အမှိုက်သိမ်းသူတွေကလည်း လာသိမ်းတာ မြင်ခဲ့ပါတယ် ။ အထူးသဖြင့် ညဘက် 9 နာရီနဲ့ 10 နာရီကြား ပုံမှန် လာသိမ်းရှာပါတယ် ။ အမှိုက်ကားနဲ့မဟုတ်ပဲ အမှိုက်တွန်းလှည်းနဲ့  နှစ်ခေါက်သုံးခေါက်တိုက်ပြီး လာသိမ်းတာ မြင်နေကြပါ ။ အမှိုက်ဆိုတဲ့ ဘယ်သူမှ မလိုချင်တဲ့ ညစ်ပတ်နံစော် အပုတ်အပွ တွေကို မရွ ံ့မရှာ လာလာသိမ်းတဲ့ သန့် ရှင်းရေး ဝန်ထမ်း နှစ်ယောက်ကိုကြည့်ပြီး အားကျမိတယ် ။ အမှိုက်ပုံနားက စက္ကန့်အနည်းငယ် ခဏလေး ဖြတ်တာတောင် ဟန်မဆောင်နိုင်အောင ်နှာခေါင်းပိတ်လို့ ခြေလှမ်းသွက်သွက်လျှောက်မိသူ တစ်ယောက်အတွက် ကိုယ်မလုပ်နိုင်တဲ့ အလုပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုနေသူကို လေးစားစိတ် အလိုလိုဖြစ်မိပါတယ် ။

လွန်ခဲ့တဲ့ တစ်လလောက်က စလို့ အမှိုက်ပုံးကြီး အရင်ကလိုအဖုံးဖွင့်လျှက်သား ပြည့်မောက်နေခြင်း မရှိတော့ပါဘူး ။ အမှိုက်ပစ်မယ့်လူဦးရေ လျော့ နည်းသွားလို့ မဟုတ်ပဲ ၊ အမှိုက်ပစ်သူတွေက အမှိုက်ပုံးအဖုံးဖွင့်မထည့်ပဲ အမှိုက်ပုံးဘေးနဲ့ အမှိုက်ပုံးပေါ်(အဖုံးပိတ်လျှက်သားပေါ်)ကို တင်သွားကြလို့ပါပဲ ။ အစကတော့ တစ်ရက်လား နှစ်ရက်လား သတိထားကြည့်မိခဲ့တယ် ဒါပေမယ့် တရက် နှစ်ရက်လည်း မဟုတ်တော့ပဲ ခုဆို လနဲ့ချီတောင် လူတွေ တစ်ယောက်စ နှစ်ယောက်စ အကျင့်ပျက်ပြီး ၊ အခုဆို အမှိုက်ပုံးထားပေးပါလျှက် အမှိုက်ပုံးထဲ အမှိုက်မထည့်ပဲ ၊ ပြီးစလွယ်လုပ်လုပ်သွားလို့ လမ်းသွားလမ်းလာတွေ ယခင်ကထက်ပိုပြီး အမှိုက်နံ ့ပြင်းပြင်းကို ရှူရှိုက်ခွင့် ရကြပါတယ် ။ စည်ပင်ဝန်ထမ်းက အမှိုက်လာသိမ်းချိန် ည 9 နာရီကနေ 10 နာရီကြားမတိုင်ခင်အထိ အမှိုက်ပုံးကြီးဘေး အမှိုက်တစီစီက ရပ်ကွက်နေ ပြည်သူတွေရဲ့ စိတ်ဓါတ်ကို လစ်ဟ ပြနေသလိုပါပဲ ။ အမှိုက်ပုံးမပြောနဲ့ အမှိုက်ကို ကိုင်ပြီး မငြီမငြူ ညတိုင်း အမှိုက်တွန်းသယ်နေသူတွေကတောင် လုပ်နို်င်သေးလျှင် ၊ ဒီအမှိုက်ပုံးအဖုံးလေး ဖွင့်ပြီး အမှိုက်ထည့်ရမယ့် ကိစ္စက လူကို နူသွားစေမယ့် ကိစ္စလည်းမဟုတ် ၊ဝဲစွဲစေမယ့် ကိစ္စလည်းမဟုတ် ၊  ဂုဏ်သိက္ခာကျဆင်းစေမယ့် ကိစ္စလည်း မဟုတ်ပါလျှက် လူတွေ ဘာကြောင့်များ ကြောက်ရွံ ့နေကြပါသလဲ ။ တာဝန်မဲ့မှူများကို တွေးတတ်လျှင် ရှက်ဖို့ကောင်းနေပါပြီ ။ အချိန်မနှောင်းခင် စိတ်ဓါတ်လေးတွေ ပြင်ကြလျှင် သိပ်ကောင်းမှာပါပဲ ။

%%%%%%%%%%%%%%%

နာမည်မရှိပေမယ့် အတော်လေး စည်နေတဲ့ ပျံကျဈေးလေးပါ ။ မနက်ပိုင်းတချိန် ၊ ညနေပိုင်းတချိန် စည်ကားနေပါတယ် ။
နာမည်မရှိပေမယ့် အတော်လေး စည်နေတဲ့ ပျံကျဈေးလေးပါ ။ မနက်ပိုင်းတချိန် ၊ ညနေပိုင်းတချိန် စည်ကားနေပါတယ် ။

ဒီပုံလေးကတော ့နည်းနည်းတောင်ကြာပါပြီး ။  ပြည်ပခဏရောက်နေတဲ့ ရွာသားတစ်ဦးရဲ့ တိုက်တွန်းချက်နဲ့ ဈေးသွားရင်း မှတ်မှတ်ရရ ရိုက်လာတာပါ  ။ ဈေးခြင်းတဖက်နဲ့ မသန်တဲ့ ဘယ်လက်နဲ့ ရိုက်ရတဲ့အပြင် ဖုန်းကင်မရာနဲ့မို့ ကွာလတီ ဘယ်လိုမှ မကောင်းပါဘူး ။ အဲ့ဒီရွာသားဆီကို ပို့ဖြစ်မဖြစ်တောင် သေချာမမှတ်မိပါဘူး … ။ (ရွာသားကြီးရေ အားနာနာနဲ့ပဲ တောင်းပန်ပါတယ်နော် .. အဟီး .. ပို့ဖို ့ပျက်ကွက်မိလျှင် ဆောရီးပါရှင့် … ကျွန်မထက်ပိုစွာတဲ့ ဈေးသည်တွေကြားမို့ .. အသေချာ မရိုက်ခဲ့ရပါဘူး .. ဟီး   :mrgreen:  )

စမ်းချောင်းမြို့နယ်ထဲက မြင့်မိုရ်လမ်း ၊ စမ်းချောင်းလမ်း ၊ နန္ဒဝန်လမ်းဆုံရာ ကျောင်းဘေးပတ်လည်က ပျံကျဈေးပုံပါပဲ ။ စမ်းချောင်းမှာ ငယ်မွေးခြံပေါက်ဖြစ်ခဲ့သူမို့ ၊ ဒီနေရာအရင်က ဈေးမရှိမှန်းသိခဲ့ပါတယ် ။ မှတ်မှတ်ရရ 2005/2006လောက်က ဖြစ်မယ်ထင်ပါတယ် ။ တစ်ယောက်စ ၊ နှစ်ယောက်စ ဈေးဗန်းခင်း ထိုင်ရောင်းရာကနေ နှစ်တွေကြာတော့ အခုလို လမ်းပိတ်တဲ့အထိ အမည်နာမ မရှိတဲ့ ဈေးသည်တွေစုရာ ၊ ဈေးတစ်ခု ဖြစ်သွားပါတော့တယ် ။ ကျွန်မတို့အိမ်တည်ရှိရာ ဗားကရာလမ်းနဲ့ နောက်ကြော ကပ်လျှက်နီးနေတာကြောင့် ၊ အဲ့ဒီဈေးလေးကိုပဲ သွားဖြစ်ခဲ့ပါတယ် ။ သားငါးတန်းကစလို့ ၊ အခြောက်ခြမ်း ၊ ကုန်စိမ်း အစုံရတဲ့ ဈေးပါပဲ ။ အရင်ကတော့ ကျောင်းပတ်လည် ဈေးမရောင်းရ သတ်မှတ်ပြီး ၊ ဖမ်းဆည်းဒဏ်ရိုက်တာမျိုးလုပ်ခဲ့ဖူးပေမယ့် ၊ ခဏတာတွင်း ခုလို ပြောင်ပြောင်တင်းတင်း ပြန်ရောင်းနေကြတာပါပဲ ။ တကယ်တမ်း ထိထိရောက်ရောက် တားမြစ်နိုင်ခြင်းမရှိပဲ … လမ်းပေါ်မှာ ဈေးဗန်းခင်းရောင်းတာတွေကြောင့် လမ်းပိတ်စို့မှုတွေဖြစ်ကြရပါတယ် ။ လမ်းနည်းနည်းပိုလျှောက်ရတဲ့ ကျွန်းတော ဈေးသစ်ထက်စာလျှင် ဒီနာမည်မရှိတဲ့ ပျံကျဈေးလေးက နီးနီးနားနားဝယ်စားလို့ ရလို့ အကျိုးပြုနေတာမှန်ပေမယ့် အများပြည်သူ သွားလာတဲ့ လမ်းပေါ် ၊ ရောင်းချင်သလို ရောင်းနေတာက formal မကျတဲ့ လုပ်ရပ်လို့မြင်မိပါတယ် ။ တချိန်က မရောင်းရလို့ ကြော်ငြာပြီး စည်ပင်ဖမ်းလို့ ပတ်ပြေးခဲ့ရဖူးတဲ့ ဈေးလေးမှာ ၊ ယခုဆို ဈေးကောက်ပေးပြီး ပြောင်ပြောင်တင်းတင်းရောင်းလို့ ရနေတာကတော့ ၊ ဈေးသည်တွေရဲ့ ကုသိုလ်ထူးလို့ပဲလား အတွေးများမိပြန်ပါတယ် ။ ကုသိုလ်ထူးသူ အခွင့်ထူးခံ လူတန်းစားတွေကလည်း ဈေးရောင်းပြီး ၊ အမှိုက်ပြန်သိမ်းစရာမလိုလောက်အောင်ပဲ ကံကောင်းကြလွန်းပါတယ် ။   :kwi:

%%%%%%%%%%%%%%%

ကား ငှားစီးရင်း Taxi သမားတွေနဲ့ ခဏခဏ ပြသနာ တက်ခဲ့ဖူးပါတယ်  ။ ဖွန်ကြောင်လို့ ဘုတောလိုက်တာမျိုး ၊ ကားအမြန်မောင်းလို့ ပြောမိတာမျိုး ၊ ကားငှားပြီး ဟိုမကွေ့ပေးချင် ဒီနားက လမ်းဆင်းလျှောက်ဆိုလို့ ရန်တွေ့ရတာမျိုး  ၊ မိုးရွာတုန်း ကားမှန်တင်မရတာမျိုး၊ ကိုယ်ကားငှားပြီး တခြားလူတွေ ထပ်တင်လို့ စကားများရတာမျိုး စသဖြင့် အမျိုးမျိုး သော ပြသနာတွေ တက်ခဲ့ဖူးပါတယ် ။ ပြီးခဲ့တဲ့ နှစ်ပတ် သုံးပတ်လောက်ကလည်း ထုံးစံအတိုင်း ပြသနာတက်ခဲ့ပြန်ပါသေးတယ် ။ ပြသနာ တက်ရတာခြင်း တူပေမယ့် ဒီတခါ ကြုံရတဲ့ အဖြစ်ပျက်က ပထမဆုံး အကြိမ်မို့ မှတ်မှတ်ရရ ရှိနေခဲ့တာပါ ။

တစ်ရက်တော့ ကိုယ့်ရှေ့ဖြတ်သွားတဲ့ ကားကို တားပြီး ၊ သွားမယ့်နေရာ ပြောလို ့ ဈေးညှိပြီး ကားငှာဖြစ်ခဲ့ပါတယ် ။ နောက်ခန်း တံခါးဆွဲဖွင့် ထိုင်ပြီး ခြေထောက်တင်ရုံပဲ ရှိသေးတယ် ကား ဘီးစလှိမ့်လို့ ၊ တောက် တစ်ချက် ပြင်းပြင်းခေါက်ရင်း တံခါး စောင့်ပိတ်မိတယ်ဆိုလျှင်ပဲ ၊ ခြေထောက်အောက်က  ခိုးလို့ ခုလု အရာတွေကို သတိထားမိကာ ပြသနာကစတင်ပါတော့တယ် ။ နေကြာစေ့ခွံတွေ ၊ ကြွတ်ကြွတ်အိတ်ခွံတွေ အပြင် ၊ ဗူးထဲမှာ လက်ကျန်နည်းနည်း ရှိနေသေးတဲ့ အချိုရည်ဘူးခွံတွေက ပွကြဲလို့ပေါ့ ။ တက်နင်းမိတဲ့ ကျွန်မ ဒေါသအရမ်းထွက်ပြီး ကားသမားကို ကားညစ်ပတ်နေကြောင်း ပြောမိတော့ ၊ ခုနက ခရီးသည်တွေ စားပြီး ချသွားကြောင်း ၊ သူလည်း မသိလိုက်ကြောင်း ပြေရာပြေကြောင်း ပြောပါတော့တယ် ။ သူ့ဘက်က ပြေရာပြေကြောင်းပြောတော့လည်း ၊ ကျွန်မ စိတ်တထစ်လျော့မိပြီး … သွားမယ့်နေရာမရောက်ခင်အထိ ခြေထောက်အောက်မှာ ညစ်ပတ်နေတဲ့ အမှိုက်တွေ ရှိနေပါလားဆိုတဲ့ အသိကြောင့် သက်ပြင်းမှုတ်ထုတ်ရင်း …. အရှိကို အရှိတိုင်းလက်ခံနိုင်ဖို့ ကြိုးစားရင်း ကားဆက်စီးလာခဲ့ပါတယ် ။ တောင်တွေးမြောက်တွေး တွေးတတ်တဲ့ အကျင့် ရှိတာကြောင့် ကျသင့်တဲ့ ကားခကြိုပေးထားမိခဲ့တယ် ။ ….. သိပ်မကြာခင်မှာပဲ ကားမောင်းသူက အမှိုက်ပစ်ဖို့ ကားကို လမ်းဘေးထိုးရပ်ပေးပါမယ်  .. အမှိုက်တွေကို ကန်ချပစ်လိုက်ပါလို့လည်း ပြောလာခဲ့ပါတယ် ။

ဒေါသ တထစ်လျှော့လို့ တည်ငြိမ်နေအောင် ကြိုးစားရင်း ၊ အကောင်းမြင်ဖို့ နည်းနည်း ဆွဲ ဆန့်ထားတဲ့ စိတ်တွေ ဒီစကားလည်းကြားရော အတော်လေး ဒေါသဖြစ်မိပြန်ပါရော ။ ပြောပြောဆိုဆိုနဲ့ ကားမောင်းသူက အမှိုက်ပစ်ဖို့ ကားကို လမ်းဘေးချရပ်ပေးပါတော့တယ် ။ နဂိုကတည်းကမှ ကျွဲမြီးတိုသလို တိုနေတဲ့ စိတ်တွေ ဆူပွက်ပြီး ငယ်ထိပ်တက်စောင့်သလိုပါပဲ ၊ စိတ်အရမ်းတိုပြီး ပါးစပ်ထဲ တွေ့သမျှ ပြောပစ်ခဲ့မိပါတယ် ။ လမ်းဘေးထိုးရပ်ပြီး အမှိုက်ပစ်တာ သူ့ကားပေါ်ကပေပွနေတဲ့ အခြေနေကို ထိန်းသိမ်းတာ မှန်ပေမယ့် ၊ အမှိုက်ပုံမဟုတ်ဘာမဟုတ် လက်လွတ်စပယ် လူသွားလမ်းဘေးက မြောင်းထဲ ပစ်ချမယ်ဆိုတာကတော့ တာဝန်မဲ့တဲ့ လုပ်ရပ်ဖြစ်သွားပါပြီ ။ မျက်နှာလွဲ ဂဲပစ် ပေါ့ပေါ့နေ ပေါ့ပေါ့စား စိတ်ဓါတ်မျိုးလို့ပဲ သတ်မှတ်ပါတယ် ။ ဒီလို လူမျိုးတွေ ခဏခဏမြင်ရဖန်များလို့ အတော်လေး ချဉ်နေတာနဲ့ ဘာတွေဘယ်လို ပြောမိမှန်း မသိတော့ဘူး ။ (ဘာပြောမိမှန်း မသိဘူးဆိုတာ အလွယ်ပြောလိုက်ခြင်းပါ ၊ အသိတရားပျောက်နေသူတစ်ယောက်ကို ထိထိမိမိနဲ့ နာအောင် ပြောခဲ့တာ မှတ်မိပေမယ့် ၊ စာဖတ်သူတွေဖတ်သူတွေနဲ့ မသက်ဆိုင်တဲ့ အသုံးနှုန်းမျိုးဖြစ်တာကြောင့် ချန်လှပ်ခဲ့ပါတယ် ) ကျွန်မလည်း အမှိုက်မပစ်ခဲ့မိသလို ၊ သူလည်း ကားဆက်မောင်းခဲ့ပါတယ် ။ ဒီတချီ ကား ပြန်အမောင်းမှာတော့ စကောထဲ ဇီးဖြူသီးထည့်လှိမ့်သလို အရှိန်ပိုတင်ပြီး ယိုင်ထိုးအောင် မောင်းခဲ့ပြန်ပါတယ် ။ Taxi သမားများနဲ့ ခဏခဏ ပြသနာ တက်ခဲ့ဖူးလေတော့ တခုခု အဆင်မပြေတိုင်း ဒီအချိုး ချိုးတတ်တာ ကျွန်မနောကြေနေပါပြီ ။ ကားစီးသူကို ကြောက်မလားရယ်လို့ လုပ်ပြတတ်ကြပါတယ် ကားမောင်းသူတွေက ဒီနည်းကိုပဲ အများဆုံး သုံးပြီး ပညာပြန်ပြတတ်ကြပါတယ် ။ ကားခလည်းရထားပြီးတာကြောင့် ဆင်းပြေးသွားလျှင်လည်း တန်တာပဲဆိုပြီး လုပ်နေကြပုံပါ ။

အပ်လေး စူးမိလျှင်အောင် ဆတ်ဆတ်ခါအောင် နာတတ်တဲ့ ကျွန်မက ကားအက်စီးဒန့် ဖြစ်လို့ ပွန်းပဲ့ကျိုးကန်းမှာ ပိုလို့တောင် ကြောက်မိပါတယ် ။ ဒါပေမယ့်လည်း ဒေါသထွက်လို့ စိတ်တိုလာချိန် ၊ ဘယ်အရာကိုမှ မျက်လုံးထဲမမြင် ဂရုမစိုက်တော့သလို ၊ ကြောက်စိတ်လည်း ပျောက်သွားတတ်ပြီး မိုက်ရူးရဲ ဆန်တတ်တဲ့ အကျင့်မျိုးလည်းပိုင်ဆိုင်ထားတာကြောင့် ၊ ကားမောင်းသူကို စိတ်တိုအောင် စကားနာ ထိုးလို့ သွားဆွပေးလိုက်မိပြန်ပါတယ် ။ ကားမောင်းတာ ကျွမ်းလှချည်လား … ဒီထက်အရှိန်ပိုတင်မောင်းပါလား ၊ ပျော်စရာအရမ်းကောင်းတာပဲ …. ဒီလိုမောင်းတာမျိုး ဂျိမ်းစဘွန်းကားထဲမှာပဲ ရှိတာမှတ်တာ ၊ တိုက်လို့သေလည်း ဘာမှ မဖြစ်ဘူး ကျွန်မက တစ်ယောက်တည်းသမား ၊ ရှင့်နောက်က ခုံမှာ အေးဆေးထိုင်စီးလိုက်ဦးမယ် .. မောင်းသာမောင်း ဘာမှ အားမနာနဲ့လို့ …. လက်သီးလက်မောင်းတန်းပြီး ရွဲ ့ပြောလိုက်ပြန်ပါတယ် ။ ပြောပြီး ခဏကြာတဲ့ အထိတော့ … သူမောင်းမြဲအတိုင်းအမြန်မောင်းပေမယ့် .. နောက်ပိုင်း ပုံမှန် နှုန်းပြန်ဖြစ်သွားတာ သတိထားမိခဲ့ပါတယ် ။  သူ့မှာ မှီခိုရာရှိသေးတာ သတိရသွားမိတာလား ၊ လူစိတ်ပြန်ပေါက်သွားတာလားတော့ ကျွန်မ မသိဘူး ပုံမှန်နှုန်းနဲ့ ခရီးဆုံးတဲ့အထိ ပို့ပေးပါတော့တယ် ။

%%%%%%%%%%%%%%%

လူနဲ့ တိရိစာ္ဆန် ကွာခြားချက်က ဆင်ခြင်ဉာဏ် အသိတရားပါ ။ လူမှန်ပါသော်လည်း လူလိုတွေး ၊ လူလို မကျင့်ကြံ ၊ တိရိစာ္ဆန်လောက်တောင် အသိဉာဏ်မရှိတော့ပဲ ပါ့ပေါ့နေပေါ့ပေါ့စား တာဝန်မဲ့သူတွေ လူမျိုးတွေ များသည်ထက်များလာလျှင် ကျွန်မတို့ နေထိုင်တဲ့ ဒီပတ်ဝန်ကျင်ကြီးက ဘယ်နေရာသွားသွား စက်ဆုပ်ရွံရှာစရာ ၊ မွမ်းကြပ်စရာကြီးပဲ ဖြစ်နေတော့မှာပါ ။ဒါကြောင့် မိမိနဲ့ မိမိပတ်ဝန်းကျင်မှာ တာဝန်မဲ့သူ မဖြစ်ဖို့အရေး ကိုယ်တိုင်က စလို့ ၊ တစ်ဦးတစ်ယောက်ချင်းစီကနေ အလေ့ကျင့်ကောင်းလုပ်ပြီး လက်ခံကျင့်သုံးကြပါစို့လားနော် ။

36 comments

  • လုံမလေးမွန်မွန်

    February 18, 2013 at 5:19 pm

    အစ်မရေ.. အရင်ဆုံးပြောချင်တာက စိတ်လေးလျှော့ပါလို့.. :mrgreen:

    -လက်ကမ်းစာစောင်တွေကိစ္စကတော့ မျက်စိထဲ အချိုးမပြေတာ အတော်ကြာပါပြီ.. ဒီစာရွက်ကလေးကို အိတ်ထဲထည့်သွားရတာ အပမ်းမကြီးပါဘူး..လွှင့်ပစ်ချင်လည်း အဝေးရောက်မှပစ်ပေါ့.. ဝေတဲ့သူဘက်က တာဝန်ကိုတော့ တွေးမကြည့်ဖူးပါဘူး.. စည်းကမ်းမဲ့လွှင့်ပစ်သူတွေကိုပဲ စိတ်တိုမိတယ်…

    -အမှိုက်ပုံးကိစ္စ… ဟုတ်တယ်အစ်မရေ… တက္ကသိုလ်ရိပ်သာလမ်းနဲ့ အင်းယားမြိုင်လမ်းထောင့်မှာ အမှိုက်ကန်ရှိတယ်… ပိုက်ဆံချမ်းသာပါတယ်ဆိုတဲ့ သူဌေးအိမ်တွေရှိတဲ့လမ်းပေါ့ အစ်မရယ်.. အိမ်ရှင်တွေကြောင့်ပဲလား.. အိမ်ကလူတွေကပဲ အပျင်းထူတာလားမသိဘူး… ပစ်မယ့်ပစ် အမှိုက်ကန်အထိ သွားမပစ်ဘဲ လမ်းထဲက မြောင်းထဲကို အမှိုက်အိတ်တွေ ပစ်ထားကြတယ်… သွားမယ့်သွား ရောက်အောင်မသွားကြဘူး..လှမ်းကြည့်ရင်ပဲမြင်နေရတာကို…

    -ဈေးကိစ္စကတော့ တစ်စတစ်စနဲ့ ဈေးတန်းဖြစ်သွားတာမြင်ဖူးပါရဲ့…

    -ကားကိစ္စကတော့ သိပ်မကြုံဖူးဘူးရယ်…. အစ်မစကားလေးတွေကို မှတ်ထားလိုက်ဦးမယ်… ကိုယ့်အလှည့်ကြုံလာရင် ပြောလို့ရအောင်လို့.. 🙂

    • မိုက်ကယ်ဂျော်နီအောင်ပု

      February 19, 2013 at 12:31 am

      အပေါ်က ဘွားဒေါ်ကို သိပ်တော့ကြည်နေတာမဟုတ်ဘူး 👿
      ဒါပေသိ သူပြောတာ ဟုတ်တုတ်တုတ်ရှိလို့ ထောက်ခံလိုက်ဒါ
      ဝေတဲ့သူဖက်က အလွန်ထက်
      စာရွက်တွေကိုလွှင့်ပြစ်တဲ့သူက မှားတယ်ဆိုနိုင်မလားဘဲ
      ပြောရဦးမယ် :mrgreen:
      ကျုပ်တို့ရွာမှာ အဲ့သည်လိုဘဲ ကုန်တိုက်ကြော်ငြာတွေကို လိုက်ဝေကြတာ
      ( ဘစ်စီတို့ လိုတပ် တို့ ဘာခေါ်သလဲ ကြာပန်းတံဆိပ်နဲ့ ကုန်တိုက် )
      ကြည့်ရတာသူတို့တွေဟာ နေ့စားလား စာရွက်အရည်အတွက်လားမပြောတတ်ဘူး
      ကျုပ်တို့ အလုပ်ရှေ့မှာ အုပ်နံရံနှစ်ထပ်ရှိတယ် အဲ့သည်ကြားထဲကို လာလာပြစ်ကြတာ
      ကျုပ်အတွက်တော့ ဘစ်ဇနစ်ဘဲ
      တစ်ကီလိုကို ကြက်ဥတစ်လုံးရတယ်လေ :mrgreen:

  • nozomi

    February 18, 2013 at 6:07 pm

    အခုချိန် ဒီနိုင်ငံ မှာ ပြောရင် ဒီ စကားတွေက စည်း အပြင်က လူ တွေ ပြောနေသလို ဖြစ်နေတယ်
    တကယ်က အများစုက စည်းအပြင်ရောက်နေကြတယ်
    တတ်နိုင်သလောက် ကိုယ်တိုင်လုပ်ဘို့ ကြိုးစား ပတ်ဝန်းကျင်ကလူကို ဆွဲဆောင် စည်းရုံး
    မဖြစ်လာလဲ စိတ်တို စိတ်ညစ် မဖြစ်နဲ့ ဒါ မှ ပဲ စိတ်ချမ်းချမ်းသာသာ နေနိုင်တော့ မှာပဲ

  • garuda

    February 18, 2013 at 6:45 pm

    အင်း..ပြည်တွင်းမပြောနဲ့ ပြည်ပရောက်နေသူများ(အချို့)တောင်..မြန်မာနိုင်ငံထဲပြန်ရောက်သွားရင်..အဲဒီလို တောက်ကြင့်ဂျိုး လေးတွေလုပ်မိကြတာတွေ့ရတယ်..တူမကြီးရဲ့။အင်း…ခေါင်မလုံသရွေ့တော့ မိုးယိုနေအုံးမှာပဲကွယ်။ ကဲကဲ..အချိန်လေးရတုန်း…
    ဦးရီးတော့ တရားစခန်းသွားလိုက်အုံးမယ်ကွယ်… လိမ္မာရစ်ကြ ပါနော်….။

  • မောင်တင့် တယ်

    February 18, 2013 at 7:04 pm

    အနော်လည်းကြုံဖူးပါတယ်..
    ဒါပေမဲ့..စာရွက်၁ဝ ရွက်မှာဆိုရင် ရ ရွက်လောက်က အနော်အိမ်ထိပါလာပါတယ်..
    ကျန်တဲ့ ၃ ရွက်လောက်ကတော့.. သိတဲ့ အတိုင်းပဲ..ဟီး…
    ဒါပေမဲ့..အခုဆင်ခြင်ပါ့မယ်..နောက်ဆို..လက်ထဲ ရောက်လာတဲ့..
    စာရွက်အားလုံးကို အမှိုက်ပုံးထဲ ထည့်မည်ဟု.. ကတိပေးပါကြောင်း..
    ပုံ
    တင့်တယ်…

  • ကိုရင်စည်သူ

    February 18, 2013 at 7:13 pm

    ဒေါ်တုံစာပြန်ရေးတော့.. ဒီလို စုံဖာနဖာလေးတွေ အကုန်သိရတော့မယ်လို့တော့
    ဝမ်းသာအားရနဲ့ လာဖတ်သွားပါတယ်…။
    အမြစ်မကောင်းခဲ့တော့ ပင်စည်မသန်တဲ့ တို့မြန်မာပြည်သားတွေ
    အဖြစ်က ရေးစရာကုန်မယ်မထင်.. မထင်..။
    ဈေးခြင်းကိုင်ပီး လက်တဖက်နဲ့ ရိုက်ပေလို့သာပဲ..
    မဟုတ်ရင် ရွာက ဈေးသည် ဒါတ်ပုံပြပွဲတောင် ဝင်ပြိုင်ရင်
    ဆုရနိုင်သေးတယ်.. ကွိကွိ.. :kwi:

  • မောင်ပေ

    February 18, 2013 at 7:14 pm

    တစ်ခြားတော့ မပြောတတ်တော့ပါဘူး
    ရန်ကုန်က တက္ကဆီမောင်းသူတွေ ကားမောင်းတာ ပိုကြမ်းလာ ပိုမြန်လာတာကိုတော့ သိသိသာသာ သတိထားမိတယ် ။ နေ ့တစ်နေ ့ရဲ ့ယာဉ်ကြောပိတ်ဆို ့မှုတွေကြားထဲမှာ ၁၅နာရီလောက် ပိတ်နေကြရတာမို ့ ၊ လမ်းရှင်းတဲ့အခါ စိတ်လွှတ်ပြီး အတိုးချ မောင်းသလား မှတ်ရတယ်

    • ရွာစားကျော် မင်းနန္ဓာ

      February 19, 2013 at 8:20 pm

      အဲဒါ.. အဲဒါ
      စနစ်ကြောင့် မဟုတ်.. စနစ်ကြောင့်မဟုတ်……
      ……… ကြိမ်စာာာာ..

  • ဦး ကျောက်ခဲ

    February 18, 2013 at 8:00 pm

    တူမလေး မိတုံ

    စုံစီနဖာ ညည်းမို့ ရေးတတ်ပလေတယ်…
    အမှိုက်ကိစ္စကတော့ ဒို့လူမျိုး အတော်သင်ရဦးမယ်ဟဲ့…
    တက္ကဆီ ဒီရိုင်ဘာကို မကြောက်မရွံ့ ဩဝါဒချွေတာတော့ သဘောကျသဟေ့…
    ဒီလို လူမှုပြုပြင်ရေးစိတ်ရှိတာ ဦးလေးတော့ အားရသဗျာ…
    တစ်ယောက်အားနဲ့ ယူသော်မရ… တစ်သောင်းအားနဲ့ယူမှရမယ်တဲ့လေ…
    အဲ… ကာလံဒေသံဧည့်ခံ ဆိုတော့ သတိလည်းထား တူမရေ…

  • padonmar

    February 18, 2013 at 8:59 pm

    တေးကလုံရေ
    အန်တီလည်း အဲဒီ အမှိုက်တွေ ကိစ္စ ခိုးလိုးခုလုပဲ။ပို့စ်တစ်ပုဒ်ရေးနေတာ အချောသတ်ရင်း ပြင်ရင်းနဲ့ကို မတင်နိုင်သေးဘူး။
    တေးကလုံရဲ့ ပို့စ်က အန်တီရေးနေတာထက် ပိုကောင်းတယ်။
    တေးကလုံရဲ့ လက်ရာ စုံစီနဖာ သွက်သွက်ကလေး ပြန်ဖတ်ရတာ ဝမ်းသာပါတယ်။
    တက်စီ စီးရင်းနဲ့တော့ ရန်မဖြစ်ပါနဲ့ကွယ်။ကိုယ့်တွက် အန္တရာယ်ရှိပါတယ်။
    သူ့ကို မသင့်တော်တာတွေ ပြုပြင်ဖို့ပြောတာကို ချီးကျူးပါတယ်။

  • Mr. MarGa

    February 18, 2013 at 9:00 pm

    ဦးပေါ်ဦး ပြောတာလေးပဲ သတိရမိတယ်။
    မသိတာနဲ့ မရှိတာထက်
    မလုပ်တာက ပိုခက်ပါတယ် တဲ့
    အဲလိုပဲ တွေးမိလိုက်ပါတယ်နော်

  • Silver Twig

    February 18, 2013 at 9:04 pm

    People need to be educated to comply environmental drama.
    I really sad that no media talked about pollution in the Rangoon river after fire blazed on bunker barge last month.
    Above all else, if I see school kids littering on the street, I really want to spank them.

  • mobile(သူကြီးသမက်)

    February 18, 2013 at 11:10 pm

    ကျုပ်ကတော့ လမ်းပေါ်မှာပဲ နေတာများတဲ့လူဆိုတော့
    အမှိုက်ပြစ်တာနဲ့ပတ်သတ်လို့ ကြုံရာမှာပြစ် ကြုံသလိုလုပ်တာပဲ
    စည်းကမ်းရှိဖို့ နိုင်ငံကြီးသားပီသဖို့လုပ်နေရင် ကိုယ်ပဲအလုပ်ပိုရှုပ်ပါတယ်….
    တကစီ ဒရိုင်ဘာဒွေ မြန်မြန်မောင်းတာကိုတော့ သဘောကျလှပါ၏…
    လိုရာခရီးကို အမြန်ဆုံးရောက်အောင် ကြိုးစားပေးလို့… ပြီးဒေါ့ အချိန်ကိုတန်ဖိုးထားတယ်လို့ထင်ပါတယ်…

  • ဂန္ဓာရီ ဆြာအုပ်

    February 19, 2013 at 1:26 am

    အင်း
    အိုးရွဲ့ နိုင်ငံနဲ့ စလောင်းရွဲ့ ပြည်သူများ
    ဘယ်သူမှ တော့ အပြစ်မပြောချင်ပါဘူး

    ကျုုပ်မှာလဲပြောစရာရှိသဗျ
    ဟိုးလွန်ခဲ့တဲ့ ၅ နှစ်လောက်က ဟိုင်းဝေးဘက်စ် တွေက အဲကွန်းက လရီးတဝက်ပဲလွှတ်တယ်
    နောက် ၂၀၀ရ နောက်ပိုင်းကျတော့ အချိန်ပြည့်လွှတ်ပါတယ်
    အဲ.. ညနေစထွက်တုန်းကကျတော့ အဲကွန်းသာလွှတ်တယ် မနိုင်ဘူး
    ညရောက်တော့မှ အေးချက်က တုန်တောင် တုန်တယ်
    ကားစီတိုင်း ညရောက်ရင် ကျုုပ်နဲ့ ပြဿနာတတ်ပြီ
    ချမ်းလွန်းလို့ အော်တဲ့ ကလေးတွေကလဲအော်
    မပိတ်ပေးဘူး သကောင့်သားတွေက ကျုပ်ကလဲ မနေနိုင်တာနဲ့ အော်
    ပြဿနာကတက် အဲဒီတုန်းက ကိုယ်ကသာ ပြဿနာရှာနေတာ
    ကျန်တဲ့သူတွေက တုတ်တုတ်တောင်မလှုပ်
    နောက် ၃/၄ ခေါက်လောက် သွားပြီးတော့မှ သဘောပေါက်သွားတယ်
    ကျုပ်အော်လဲ အော်အော်ပဲ
    ဒီတော့ နွေခေါင်ခေါင်ခရီးထွက်ရင်တောင် အနွေးထည်လေးယူပြီး
    ကိုယ့်ပါးစပ်ကိုယ် ပိတ်နေလိုက်တယ်ပေါ့ဗျာ
    နောက်တော့လဲ နေသားကျ .. ပျိုပျို နေသွားရတော့ ပျော်လာပါတယ် ပေါ့ဗျာ
    ဒီနိုင်ငံမှာ စည်းကမ်းမရှိတာတွေချည်းပဲဆိုတော့ ရိုးသွားပါပြီဗျာ
    အဲတော့ မျက်စိလေးသာ မှိတ်နေလိုက်ပါက အေးချမ်းမယ်လို့ ထင်ပါကြောင်း

    • garuda

      February 19, 2013 at 7:01 pm

      အင်း..သူပြောနေတာ..အစပိုင်းကတော့..ဟုတ်မလိုလိုနဲ့..နောက်ဆုံးတော့..ဒုံရင်းဒုံရင်း..မျက်စိလေးသာမှိတ်နေလိုက်မယ်တဲ့
      ကောင်းရောဟေ့!!

  • Foreign Resident

    February 19, 2013 at 9:05 am

    ၁ ။
    အဘ ကတော့ အဲဒီ စာရွက်လေးတွေ ဝေရင် ၊
    တစ်ချက် လှမ်းဖတ်ပြီး ၊ ကိုယ် မလိုချင်ရင် မယူပါဘူး ။

    စည်းကမ်း မရှိတဲ့သူတွေအကြောင်းကတော့ ပြောမဆုံးပါဘူးကွယ် ။
    ( သူတို့မို့ အရှက်မရှိတောင်းဆိုနေတဲ့ ) ဒီမိုကရေစီ နှင့် ၊
    ကောင်းမွန်တဲ့ နိုင်ငံ နှင့် ၊ မထိုက်တန်တဲ့ သူတွေပါဘဲ ။

    ၂ ။
    Taxi သမားကို ပြောရဲတဲ့ သတ္တိ အတွက် ၊
    သမီးကို လေးစား ချီးကျူး မိပါတယ် ။

    • etone

      February 19, 2013 at 3:51 pm

      ဆိုလိုချင်တာက ဒါပါပဲ အဘဖောရေ … မယူချင်ပဲ လွယ်လွယ်တွေးပြီး ၊ လွယ်လွယ်ယူလာ … လွယ်လွယ်ရှင်းပစ်လိုက်တာ …အဲ့ဒါမျိုးကိုပြောတာပါ … ။ အယုတ်စွဆုံး ခိုင်းနှိုင်းရလျှင် ကြောင်တောင်မှ … အီးအီးပါပြီး မြေပြန်ဖုံးဖို့သတိရလျှင် .. လူတွေ ဘာလို့များ ……… :bar:

      နာအောင် ရေးလိုက်တာ နည်းနည်းပြင်းသွားလျှင် ဆောရီးပါရှင့် ။

      • ဂန္ဓာရီ ဆြာအုပ်

        February 19, 2013 at 9:11 pm

        သများတို့ကတော့ အီအီးပါပြီး ရေဆုန်မှာ မျှောလိုက်တာပဲ

  • weiwei

    February 19, 2013 at 10:08 am

    ကျွန်မတို့နယ်မှာ အမှိုက်ကိစ္စ သိပ်စိတ်ညစ်ရပါတယ် … စည်ပင်က အမှိုက်ပုံ လုံးဝမထားပေးတော့ဘူး …
    အမှိုက်ကားနဲ့ လိုက်သိမ်းတဲ့စနစ်လုပ်ပေးတယ် … တစ်ရပ်ကွက်ကို တစ်ပါတ်မှာတစ်ရက် အမှိုက်လိုက်သိမ်းတယ် … အိမ်တွေကနေ အိမ်ရှေ့ထွက်စောင့်ပြီး အမှိုက်ပစ်တဲ့ … အသားငါး ထမင်းဟင်းအကြွင်းအကျန်ဆိုတာ တစ်ပတ်ထားလို့ရတဲ့အမျိုးမှမဟုတ်တာ … နောက်ပြီး အမှိုက်ကားကလဲ ရပ်မပေးပဲနဲ့ ဒီအတိုင်းခေါင်းလောင်းတီးပြီး မောင်းသွားတာများတယ် … ကားရှေ့ပိတ်ရပ်ပြီး တားထားနိုင်မှ … ကျွန်မတို့အိမ်မှာ အမှိုက်ပုံးမျိုးစုံနဲ့ ကိုယ့်အမှိုက်ကိုယ်ရှင်းရပါတယ် … မီးရှို့လို့ရတဲ့အမှိုက်တွေကို တစ်ပုံးစုပြီး မီးရှို့ပစ်ရတယ် … မီးရှို့လို့မရတာတွေကို တစ်ပုံးစုထားရတယ် … အသားငါးကိုင်ပြီးရင် လွှင့်ပစ်ရမယ့်ဟာတွေကို ဒယ်အိုးတစ်လုံးနဲ့ကြော်လှော်ပြီး လမ်းဘေးကခွေးတွေ ဒါမှမဟုတ် ကျီးကန်းတွေကို ကျွေးပစ်ရတယ် … စားကြွင်းစားကျန်မရှိအောင် သတိထားရပါတယ် … ကျွန်မတို့နေတဲ့ရပ်ကွက်က လူဦးရေနဲလို့ ကိုယ့်တာဝန်ကိုယ်ယူနိုင်ကြပေမယ့် တခြားရပ်ကွက်တွေမှာတော့ မရပါဘူး … လမ်းမပေါ်တင် အမှိုက်ပုံဖြစ်နေကြတယ် … အံ့ဩစရာကောင်းလွန်းလို့ တစ်ခါလောက် ဓါတ်ပုံရိုက်ပြအုန်းမယ် ..

    • etone

      February 19, 2013 at 3:45 pm

      မဝေရေ .. လူနေ ထူထပ်တဲ့ လှိုင်သာယာလို ရပ်ကွက်မျိုးမှာ ၊ အမှိုက်သွန်တဲ့ စနစ်က သူ့အရပ်နဲ့သူ့ဇာတ်တော့ ဟုတ်နေကြတာပါပဲ ။လူမနေတဲ့ မြေကွတ်လပ်လိုမျိုး ၊ အဆောက်အုံ မဆောက်ပဲ မြေဝယ်ခြံခတ်ထားတဲ့ နေရာလိုမျိုးကို သွားသွားပုံထားပစ်ကြတာပဲ ။ ခြံရှင်က အဲ့နေရာမှာ တခုခု ဆောက်တော့မယ်ဆိုမှ .. ရှင်းပေဦးတော့ အမှိုက်တွေ ။ :kwi:

  • kyeemite

    February 19, 2013 at 11:21 am

    ပြုပြင်ရေး ဆောင်းပါးလေးမို့ ကြိုက်ပါတယ်…
    ဒီကိစ္စတွေကလည်း များများပြောမှ နဲနဲပြုပြင်လာကြမှာဆိုတော့
    ပြောနေကြရမှာပါပဲ….
    တစ်ခုလေး…တက္ကစီဒရိုင်ဘာကိုတော့ သတိထားစေချင်ပါတယ်
    လူအမျိုးမျိုးစိတ်အထွေထွေမို့ အန္တရာယ်ရှိနိုင်လို့ပါ….
    ခင်မင်လျှက်..

  • ဦးကြောင်ကြီး

    February 19, 2013 at 11:31 am

    ဝုတ် ဝုတ်….

  • ခင်ခ

    February 19, 2013 at 11:32 am

    ဒီမနက်ဘဲ ရုံးအလာ ၃၅လမ်းဂုံးကျော်ပေါ် ကားဖြတ်မောင်းမလို့ အဲဒီလမ်းဆုံ မိပွိုင့်မိလို့ ကားရပ်နေတုန်း အဲဒီလမ်းဆုံမိပွိုင့်မှာ တရုတ်မလေး ၃ ယောက် မီးပွိုင့်မိ ရပ်ထားတဲ့ ကားတွေကို သူတို့အလှပြင်ဆိုင် ဖွင့်မယ်အကြောင်း လက်ကမ်းကြော်ငြာလေးတွေ လိုက်ဝေနေတာ၊ မဒမ်ကိုတောင် ကြော်ငြာပေးဝေချင်လို့ ကားမှန်လေးချပေးဖို့ တောင်းပန်တဲ့ဟန်လေးနဲ့ ပေးဝေသွားသေးတာ၊ စီးပွားရှာကြတဲ့သူများ မရှက်မကြောက် လုပ်ကြတဲ့ ကျွန်တော်ချီးကျုးမိတဲ့ တရုတ်မလေးတွေဆိုပြီး ပိုစ့်ရေးမလို့စိတ်ကူးခဲ့တာ အခု မအိတုံပိုစ့်လေး ဖတ်ပြီးတော့ ကျွန်တော်မရေးတော့ဘူးလို့ ………..။

  • ဆူး

    February 19, 2013 at 12:55 pm

    တက္ကစီ သမားတော့ အဲ့လို ကြုံဖူးတယ်..
    ညကားနဲ့ နေပြည်တော် က အပြန် အောင်မင်္ဂလာ အဝေးပြေးဂိတ် မှာ ငှားစီးတာ..
    ကားသမား က ၂ကြောင်းရအောင် အမြန်သုတ်ခြေ တင်နေတာပါ။
    ဒုတိယ တခေါက် အောင်မင်္ဂလာ က နေပြီးတော့ ခရီးသည် ပို့နိုင်ဖို့ ရန်ကုန်မြို့ထဲကို သုတ်ခြေတင်ပြီး အသည်းအသန် မောင်းတာ ဆိုတော့ အလောတကြီးနဲ့ ပြိုင်ကားမောင်းသလို မောင်းလာတာ စိတ်ထဲမှာလည်း နည်းနည်း ဒေါကန်လာတာနဲ့.. ကားဆရာ ဖြေးဖြေးမောင်း ဆိုတော့.. ဟဲဟဲ.. နောက်တကြောင်းရှိလို့ပါတဲ့။
    အရှိန်က မလျော့ပဲ ဆက်တိုက်မောင်းနေတော့ စိတ်ထဲက နည်းနည်း ချဉ်လာတာနဲ့..
    ကားဆရာ ရှင် နိုင်ငံမှားပြီး လူဖြစ်နေတာ.. တခြားတိုင်းပြည်မှာသာ လူဖြစ်ရင် ဒီလို မောင်းပုံနဲ့ ဝင်ငွေကောင်းပြီး ဆု တက်ယူချင် ယူရအုန်းမယ်။ အခုတော့ ဘယ်လောက်မှ မရှိတဲ့ ကားခ အတွက် ဒီလို လုပ်နေရလား။ အဲ့ဒါတော့.. နောက်တခါ သေလို့ လူဖြစ်ရင် ကားမောင်းပြိုင်လို့ ရတဲ့ နိုင်ငံမှာ လူဖြစ်ပါစေ ဆု တောင်းလိုက် လို့ ရွဲ့ ပြောလိုက်တော့.. ဟဲဟဲ..
    နည်းနည်း လျော့မောင်းပေးမယ်နော်တဲ့..

  • mamanoyar

    February 19, 2013 at 2:24 pm

    အမှိုက်သေးသေးလေးပဲဆိုပြီး ပစ်ချထားခဲ့တာ
    စည်းကမ်းမရှိတာတွေကြောင့် သန့်ရှင်းသပ်ရပ်မှုတွေ လျှော့နည်းရပါတယ်

  • ခိုင်ဇာ

    February 19, 2013 at 4:56 pm

    မွန်မွန်လိုပဲ ပြောပါရစေ။ အရင် စိတ်လျှော့ပါ ညီမလေး။ :mrgreen:

    စည်းကမ်းမရှိ လူမျိုးတွေ များလို့ပဲ စာတမ်းတွေကပ်ထားရတာပေါ့။
    အဲလို ရေးထားတာမြင်ရတာကို ကိုယ်တွေ စည်းကမ်းမရှိလို့ ရေးထားပါလားလို့ ရှက်ရမှန်းတော့လည်း သိကြသေးဘူးရယ်။
    Etone လေးပြောသလိုပဲ လူတစ်ဦးချင်းစီက အနည်းဆုံး ကိုယ့်တာဝန်ကိုယူနိုင်မယ်၊ ကိုယ့်စည်းကမ်းကို ထိမ်းနိုင်မယ်ဆိုရင် တစ်နိုင်ငံလုံးစာ ဘာမှပြောစရာမလိုအောင်သန့်ရှင်းနေပြီပေါ့လေ။

    ဒီထဲက ကားသမားမျိုးတော့ မကြုံဖူးသေးဘူးတော့။

  • surmi

    February 19, 2013 at 7:50 pm

    နောက်ကျနေမိတာ ခွင် ့လွှတ်ပါ
    မနေ ့ကတည်းက ဖတ်ပြီး မရေးနိုင်ခဲ့ လို ့ ။
    စာရွက်ကတော ့ အားနာပေမဲ ့ငြင်းပါတယ် ။ကိုယ်ယူပြီး လွင့်ပစ်ရင်
    တကယ်လိုတဲ ့သူမှာမရလိုက်ရင်နစ်နာလို ့ပါ ။
    အမှိုက်ကတော ့အိမ်ရှေ ့မှာ အဲ ့လိုအမှိုက်ပုံးကြီး ရှိလို ့ အထူးပြောဖွယ်မရှိအောင်ပဲ
    မှန်လိုက်လေလို ့ထောက်ခံပါတယ် ။ပိုဆိုးတာက အမှိုက်ပစ်သူတွေက
    အိပ်နဲ ့မထည် ့ပဲ ဒီအတိုင်းပုံကြပါတယ် ။ အမှိုကကျုံးတဲ ့သူကို လူသားချင်း ကိုယ်ချင်းစာစိတ်
    မထားကြဘူး ။
    ဒီလိုပြုပြင်ရေးစာလေးတွေ များများရေးစေချင်ပါတယ် ။
    တစ်ကြိမ်မအောင်ရင် အကြိမ် ကြိမ် ကြိုးစားကြတာပေါ ့

  • uncle gyi

    February 19, 2013 at 10:37 pm

    အင်းပြောရမယ်ဆိုရေခွက်ဘေးချပြောမှဖြစ်မယ်နဲ့တူတယ်အိတုန်ရေ
    ဒီအဖြစ်တွေအကုန်လုံးမူလအခြေခံကစပြောမယ်ဆိုပြည်သူတွေရဲ့တကိုယ်ရေစိတ်ကို
    အမြန်ဆုံးမြှင့်သင့်နေပြီလိုု့ပဲပြောချင်တယ်ဗျာ
    နောက်တခုကပြည်သူတွေပဲမြင်နေတာ
    သက်ဆိုင်ရာတာဝန်ရှိသူတွေကမမြင်သလိုမဆိုင်သလိုနေတာတွေကလည်းအရေးကြီးအချက်ထဲမှာ
    အဓိကကျတယ်လို့မြင်တယ်ဗျာ
    အဲတော့ကာ
    သက်ဆိုင်ရာတွေကလည်းမဆိုင်သလိုမနေပဲမြင်ရင်မြင်သလိုချက်ခြင်းဆောင်ရွက်
    ပြည်သူတွေကလည်းစိတ်အခြေကလေးမြှင့်လိုက်ကြရင်ဖြင့်အကုန်အဆင်ပြေသွားမယ်လို့မြင်တယ်ဗျာ

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 20, 2013 at 9:40 am

    မသိတဲ့သူတွေက မသိနားမလည်လို့ လုပ်ကြတယ်
    သိတဲ့သူတွေကလည်း မသိလို့လုပ်မိတဲ့သူတွေကို
    အပြစ်ပြောကြတယ်
    ခင်ဗျားတို့လုပ်တာနဲ့
    ဗုဒ္ဓမြတ်စွာက အောင်ခြင်းရှစ်ပါးကို အာပီဂျီကိုင်ခဲ့သလို ဂျီသရီးကိုင်ခဲ့သလိုလို ဖြစ်နေဘီ
    ကြည့်လဲလုပ်ကြပေါ့ဗျာ
    အပြုသဘောဆောင်ပြီးပြောရရင်တော့
    အဲ့သည်လိုမျိုးတွေဆုံလာတဲ့အခါ
    အဲ့သည်စာရွက်တွေကို လိုက်ကောက်ပြီးသိမ်းပေးကြည့်ပါလား ဘယ်လောက်တန်ဘိုးကြီးမလဲလို့ ????

    • etone

      February 20, 2013 at 9:51 am

      အဘပုရဲ့ 3000 ပြည့်တဲ့ ကော့မန့်လေး အရမ်းသဘောကျလို့ BC ပေးပါတယ် ။
      အဲ့ဒီစာရွက်တွေကို လိုက်ကောက်ပြီး သိမ်းပေးတာ လက်တွေ့ပိုကျတယ်ဆိုတဲ့ အတွေးမျိုး တစ်ခါမှ မဖြစ်မိလို့ ကိုယ့်ဉာဏ်သိမ်မှုကို ပိုပြီးသိလာရပါတယ် ။
      ဟုတ်ပါရဲ့ … တဦးတယောက်ကနေသာ ၊ အစလုပ်ပြီးသိမ်းကြည့် ပစ်ချမယ့်လူတွေလည်း ဒီလောက် လက်လွယ်တော့မယ် မထင်ဘူး ။

      • MaMa

        February 20, 2013 at 9:26 pm

        (အဲ့သည်စာရွက်တွေကို လိုက်ကောက်ပြီးသိမ်းပေးကြည့်ပါလား ဘယ်လောက်တန်ဘိုးကြီးမလဲလို့ ????)
        ဟုတ်ပ့ါ။ ဘပုအစိုကို ထောက်ခံပါတယ်။ (ခရက်ဒစ်တူ ဘပု) :kwi:
        စက္ကူတွေကောက်ပြီး ဘော်တယ်ကုလားဆီ ပိဿာနဲ့ ချိန်ရောင်းရင် တွက်ခြေကိုက်နိုင်တယ်။
        တစ်ချက်ခုတ် နှစ်ချက်ပြတ်
        ကုသိုလ်လည်းရ ဝမ်းလည်းဝပေ့ါ။ :hee:

  • မိုချို

    February 21, 2013 at 2:39 pm

    ခုတလော အလုပ်တွေ ရှုပ်နေလို့ ဒီပိုစ့် လေး ကို စတင်တဲ့ ရက် ထဲက ဖတ် ဖြစ်ပေမယ့် မမန့် ဖြစ်ဘူး။
    အမ တို့ လည်း ရှေ့ လထဲ ရန်ကုန် မှာ ၂ လလောက်ပြန်နေ မယ် ဟာ ကြိုပြီး စိတ်ထဲ ညစ်နေမိတာလေးတွေ နဲ့ ညီမ ရဲ့ ဒီပိုစ့် ထဲပါတဲ့ အချက်တွေနဲ့ တိုက်ဆိုင် နေတယ်။

    ပထမ ဆုံး တတ်စီ ၊ တတ်စီ သမား တော်တော် များများ က ညီမ ပြောခဲ့ တဲ့ အတိုင်း စိတ် အနှောက် ယှက် ဖြစ်ရ တာချည်း ပဲ။ အမ လည်း မကြာမကြာ စကား များ ရတယ်။ ခုတော့ လမ်းတွေကြပ်တဲ့ အကြောင်း တွေ ၊ အက်ဆိဒင့်သတင်းတွေ ကလည်း နေ့ တိုင်းဖတ်နေရတော့ ဘယ်လိုတောင် အပြင် ထွက် ရမှန်း မသိ ဘူး။
    ဒုတိယ က ဈေး ၊ ညစ်ပတ် နေတဲ့ ဈေး တွေ ၊ ဈေး သည် တွေ က အလေး ခိုး ၊အပေါက်ဆိုး ၊ စား ကုန်တွေက ဓာတု ပစ္စည်း မျိုး စုံ ထုံ မွှန်း ထား တော့ဘာတွေ ဘယ်လို ဝယ် စား ရ မလဲ မသိ ဘူး ။

    တတိယ အမှိုက် ၊ မြောက်ဒဂုံ အမ တို့ နေတဲ့ ရပ်ကွက် မှာအမှိုက်ခွန်သာ မှန်မှန် ကောက်တာ ၊ အမှိုက် လှည်း၊ အမှိုက်ကား ဘာမှ မလာတော့ ကြုံ ရာ ကွက်လပ် မှာ အမှိုက် ပုံ ကြတယ်။ ကိုယ့် အိမ် နဲ့ ကလည်း ခဲ တစ်ပစ် လောက်ပဲ ဝေးပြီး နေ့ တိုင်း ဖြတ် သွား ရတဲ့ လမ်း ဘေး မှာ ဆိုတော့အနံ့ အသက် က လေယူ ရာ သင်း ဆို သလိုပဲ။ ခြင်နဲ့ ယင် ကလည်း ပေါချင်း သောချင်း ။

    ဆက်ရေး ရရင် တခါ တုန်း က ကဘုန်းကျော် ရန်ကုန်ပြန်မယ့် အကြောင်း ရေး ခဲ့ တဲ့ ပိုစ့် တစ်ခုတုန်း လို ဝိုင်း ပြီး ကောင်း ချီးပေး ခံ နေရတော့ မယ်။

    စာရွက်လေးတွေ ကမ်း တာ ကတော့ ဒီ က ဘူတာရုံ တွေ မှာလည်း ဝေကြတယ်။ ဒါပေမယ့် အတင်း ထိုး မထည့် ပေး သလို လူ အများစု က မယူ ကြဘူး။ ကိုယ် စိတ်ဝင်စားတဲ့ ကြော်ညာ မှ ယူ ကြတယ်။ ဖတ်ပြီးရင် အမှိုက် ပုံး ထဲ အသာ ထည့် လိုက် ကြ တာ ပဲ။ အမှိုက် ပုံး တွေ ကလည်း ခြေလှမ်း ၁ဝ လှမ်း လောက် မှာ တစ်ပုံးလောက် ရှိနေတာကိုး။
    စီးတီးဟော အမ်အာတီ က အထွက် ၊ ပင်နီ စူလာ နား က စာရွက် ဝေတဲ့ မြန်မာ အဖိုးကြီး တစ်ယောက် ကတော့ ယူယူ မယူယူ လက်ထဲ ကို အတင်း ထိုး ထည့် ပြီး ပါး စပ်ကပါ ယူသွား၊ ယူသွား နဲ့ ပြောသေးတာ။ တချို့ ကလည်းယူပြီး အလွယ် တကူ ပစ်ချ ခဲ့ တယ်။ စနေ ၊ တနင်္ဂနွေ ပင်နီစူ လာ သွားတတ်တဲ့ သူတွေ သတိထား မိ မှာပါ။ တချို့ သော မြန် မာတွေ ရဲ့ အကျင့် က တော့ဘယ်နေရာရောက်ရာက် အတူတူပါ ပဲ။

    • etone

      February 21, 2013 at 2:59 pm

      အစ်မ မိုချိုရေ မင်္ဂလာပါ ။ ပြည်တောပြန်လာလည်မယ်ကြားရတာလည်း ဝမ်းသာပါတယ် ။

      ဈေးတွေ ၊ အလေးခိုးတာ ၊ ဓါတုဆေးသုံးတာဆိုလို .. ဟိုးတလောကတောင် စားသုံးသူ စောင့်ရှောက်ရေး အဖွဲ့ဆိုလား ဘာလားပဲ … (နာမည်တောင် သေချာ မမှတ်မိတော့ဘူး) စားသုံးသူတွေဘက်ကနေ ရပ်တည်ပြီး ၊ ဈေးတွေမှာ ရှောင်တခင်ဝင်စစ်ပေးမယ်ဆိုလားပဲ ။ ဘေးဥပါဒ်ဖြစ်စေတဲ့ ဓါတုဆေးတွေ သုံးမသုံး ကစလို့ …. ဈေးနှုန်းတွေ အထိပါ ထိန်းညှိပေးမယ်ဆိုလားပဲ … သတင်းတွေ ဖတ်တော့ဖတ်လိုက်ရသေးတယ် .. အဲ့တုန်းကတော့ ၊ အစိုးရအဖွဲ့စည်းတစ်ခု မဟုတ်လို့ .. ဘယ်သူတွေရဲ့ အထောက်ပံ့ယူပြီး လုပ်တာလဲ ၊ ဘယ်လောက်ထိပြည်သူတွေပေါ် မှန်မှန်ကန်ကန် ရပ်တည်ပေးမလဲဆိုတဲ့စိတ်မျိုးနဲ့ စိတ်ဝင်စားမိတယ် …. ခုတော့လည်း ကိုယ်ကပဲ လက်လှမ်းမမှီတော့လို့လား မသိဘူး..အ ဲ့အဖွဲ့အကြောင်း … အဆက်သွယ်ပြတ်သွားတယ် ။ ညကျမှ .. အိမ်က အစ်ကိုကို မေးကြည့်ပါဦးမယ် … အဲ့အဖွဲ့ ရှိသေးလား ၊ ဘာထူးသေးလဲ ၊ တကယ်ပဲ စစ်ဆေးမှုတွေ လုပ်ခဲ့သလား ဘာညာပေါ့လေ ။ ဈေးထဲမှာတော့ … ဆိုးဆေးတွေ သုံးထားတဲ့ ပြောင်းဖူးတွေ ၊ မျှစ်တွေ အရောင်းသွက်နေတုန်းပဲ … ။ ဟီး :mrgreen:

  • ကြောက်ကြောက် လန့်လန့်နဲ့ …
    နောက်ဖေးပေါက်က အရင် ချောင်းပါတယ် ….
    ပြီးနောက် …
    လက်ထဲ ပါလာတဲ့ ဖိတ်စာကို ကမန်းကတန်း စားပွဲပေါ် ပြေးတင်ထားလိုက်ပါတယ် …
    ” မန်းဂဇက်ချစ်သူများစာပေဆု နှင့် ရွာ့ဘုရားပွဲ “ အတွက် …
    ဖိတ်စာတွေ လိုက်ဝေနေတာပါ ခည ….

    မှားပီး ရင်ခွင်ဂျား ပြေးဝင်မိလို့ ပါးရိုက်ဒါ ခံခဲ့ရဒူမို့ …
    တားတား ကျောက်ကျောက် မို့ဘာ …. ဟီး …. :mrgreen:

    ဂျီးဒေါ် … ဖိတ်စာ ထားခဲ့ဘီနော် …
    လာဂဲ့အုံးဂျ … လာပီးလည်း ထပ်လာအုံး …
    ဒါဘာဗျဲ …

    ဒု – အတွင်းရေးမှူး
    မဟာအံ

    • etone

      March 15, 2013 at 1:04 pm

      အိုးးးးးးးးးး မန်းဂဇက်ချစ်သူများစာပေဆု နှင့် ရွာ့ဘုရားပွဲက ပြီးတွားဘီ မို့လား … ဖိတ်စာ လာဝေတာနောက်ကျတယ် … ။ နောက်ပါး တစ်ဖက်ကျန်သေးတယ်…… လာထား …. ခိခိ … 😆 သနပ်ခါးလိမ်းပေးမယ်လို့ ပြောမလို့ဘာ … ။

      အလကားနောက်တာပါတော် …… ကိုယ့်ချင်းကိုယ့်ချင်း ..ဂလို မလုပ်ရက်ပါဘူး … ဒီဂျီးတော်က စွာပဲစွာတာပါ မလိုအပ်ပဲ မရိုင်းတတ်ပါဘူး .. အဟီး … :harr:

Leave a Reply