ပေါက်ပန်းပွင့်ပြီ

1 ဝေဖြာဖြာ အဆုပ်ဆုပ် အခဲခဲ
1 ဝေဖြာဖြာ အဆုပ်ဆုပ် အခဲခဲ

 

“ပေါက်ပန်းပွင့်ပြီ”

 

 

ပြီးခဲ့တဲ့ သုံးလေးရက်လောက်က ၈၄လမ်းအတိုင်း ဆိုင်ကယ်စီးလာလိုက်တာ ဘုရားကြီးစာတိုက်ကွေ့နားလေးလဲ

လွန်ရော လမ်းပေါ်မှာ ပေါက်ပန်းပွင့်တွေကြွေနေတာမြင်ရပါတယ်။

အပေါ်မော့်ကြည့်လိုက်တော့ပေါက်ပန်းပွင့်တွေပွင့်နေလိုက်တာများအရွက်မမြင်ရသလောက်။

လှတော့လဲအတော်လေးလှပါတယ်။

မန္တလေးမြို့ထဲမှာကျနော်အမြဲသွားလာနေတဲ့နေရာလေးမှာ ပေါက်ပန်းပင်ရှိတဲ့နေရာက ၈၄လမ်းပေါ်က စာတိုက်ကွေ့နားမှာတစ်ပင်နဲ့ လမ်း၃ဝ ၈၄-၈၅ကြားမှာနှစ်ပင်ဘဲရှိပါတယ်။

ဒီပေါက်ပန်းက တပို့တွဲလမှာပွင့်တဲ့ပန်းပါ။

ဆောင်းအနှောင်းမှာ နွေအစမှာပွင့်တဲ့ပန်းပါ။

သူ့အပွင့်လေးတွေရဲ့အရောင်က သုံးဘီးကားရောင် ဒါမှမဟုတ်ပုစွန်ဆီရောင်ဖျော့ဖျော့။

ကြက်တူရွှေးနုတ်သီးနဲ့သူ့အပွင့်ပုံသဏ္ဍန်ကခပ်ဆင်ဆင်။

အရွက်က အစိမ်းရောင်၊

ပေါက်ပင်ပေါ်များ ကြက်တူရွေးနားနေရင်ခွဲခြားဘို့မလွယ်ပါဘူး။

ဒါကြောင့်မို့လို့လဲ

“ပြည်နဲ့အရေးပေါက်နဲ့ ကျေး

မင်းရေးသဖွယ်တိမ်တောင်ကျယ်”ရှေးကစာဆိုုရှိခဲ့တာပါ။

 

 

 

 

 

2ဟိုမှာလဲပွင့် ဒီမှာလဲပွင့်
2ဟိုမှာလဲပွင့် ဒီမှာလဲပွင့်

 

 

3ပွင့်နေပုံက အားရပါးရ
3ပွင့်နေပုံက အားရပါးရ
4 အရွက်မဲ့
4 အပွင့်လန်းလန်း

 

ပေါက်ပန်းတွေလှိုင်လှိုင်ပွင့်တဲ့ဒီလိုအချိန်အခါရောက်ရင် ရန်ကုန်မန္တလေးလမ်းဟောင်း

ပေါ်မှာ မြစ်ငယ်တံတားကိုလွန်ပြီဆိုတာနဲ့ပေါက်ပန်းပင်တွေကိုတွေ့ရတော့တာပါဘဲ။

လမ်းဘေးဝဲယာမှာ ပင်လုံးကျွတ်ရဲနေအောင်ပွင့်ကြတော့တာပေါ့။

ရာသီက မှုန်ရီရီ လမ်းဘေးက လက်ပံပင်တွေပေါက်ပင်တွေက အရွက်မဲ့

အောင်ပွင့်နေလိုက်ကြတာ နီနီ စီစီရီရီ။

မြင်ရတာအင်မတန်မှလွမ်းစရာကောင်းလှပါတယ်။

 

ဥပုဒ်နေ့အလုပ်ပိတ်တော့ ပေါက်ပန်းပင်တွေကိုဓါတ်ပုံရိုက်ချင်စိတ်ပေါ်လာပါတယ်။

ဒါနဲ့ဘဲ ဆိုင်ကယ်နဲ့မြစ်ငယ်ကိုသွားတဲ့လမ်းဘက်ထွက်ခဲ့ပါတယ်။

တံတားလွန်ပြီဆိုတာနဲ့လမ်းဘေးမှာတင်ပေါက်ပန်းပင်တွေကို မြင်ရပါတော့တယ်။

လမ်းအနောက်ဘက်ခြမ်း သံလမ်းဘက်မှာတော့ ရိုးတံကျဲကျဲ လက်ပံပင်ကြီးတွေမှာ

အပွင့်တွေရဲရဲတောက်နေတာလှမ်းမြင်ရပါတယ်။

ဒါပေမယ့်အနောက်နေကျချိန်ဖြစ်နေတာရယ် အဲဒီဘက်ကို ကူးဘို့ကချောင်းလေးတစ်ခုခြားနေတော့

အဝေးကဘဲလှမ်းငေးလို့ပြန်လာခဲ့ရပါတယ်။

လမ်းတလျောက်မှာတွေ့တဲ့အပင်တွေကိုလက်ဆော့လာလိုက်တာ ပုလိပ်မြို့အဝင်ထိရောက်သွားပါတယ်။

ပေါက်ပန်းပွင့်ပင်လေးတွေက နိမ့်နိမ့်လေးတွေဖြစ်နေပြန်တော့ ဒီတစ်ခါ အနီးကပ်ပါရိုက်လာနိုင်ခဲ့ပါတယ်။

အိမ်ပြန်ရောက်တော့ရိုက်လာခဲ့တဲ့ပုံတွေကို ပြန်ပြီး ဖွင့်ကြည့်နေရင်း ရှေးစာဆိုများပေါက်ပန်းပွင့်ကိုဘယ်လိုများ

ဖွဲ့ဆိုခဲ့ကြလဲဆိုတာသိချင်တော့ ဆယ်နှစ်ရာသီဘွဲ့ ကဗျာစာအုပ်ကိုလှန်ပြီးရှာလိုက်တော့

 

5လမ်းနံဘေးနားကပန်း
5လမ်းနံဘေးနားကပန်း

 

6အပွင့်နီနီ တိမ်ပြာပြာ
6အပွင့်နီနီ တိမ်ပြာပြာ

 

နွေလသန်တောင်း ဆောင်းလည်းနောက်ကြွင်း၊

နှင်းလည်းခပ်ပြေ စုံတောခြေ၌

ညှာကြွေညွတ်ညောင်း ရွက်ရင့်ဟောင်းသည်၊

မောင်းမြဝါနီ ကြွချီပချည် လွှမ်းဘိသည်။

(အလွမ်းဝေဝေ စစ်ချီရတုမှ -ထောင်သင်းမှူး နဝဒေးကြီး)

 

ညံလို့သာလဲတော့တယ်၊

ပေါက်လဲငယ်ပွင့်ရံ၊

ထိန်ထိန်ငယ်လှျံသည်၊

ဆက်ရက်သံစာစာနှင့်

ငှက်ညီလာကျင်းတဲ့လကိုလေး။

(တပို့တွဲလဖွဲ့-မဟာအတုလမင်းကြီး)

 

တပို့တွဲလ ကုံမ် သို့ကျ မာဃထွန်းစမြဲ

ပေါက်လင့်ပွင့်တုံ ဆူးပန်းငုံ မီးပုံယာဂုပွဲ

(ရာသီဖွဲ့သံပေါက် ကင်းဝန်မင်းကြီး)

 

နှင်းကစိုရွှဲ ပေါက်လဲနီတွေး

ငှက်ကျေးပျော်မြူးရင့်ကျူးလေ။

မြိုင်ခြေရိပ်ခွင် ရွက်ဟောင်းစင်၍၊

ညှာပင်ကြွေလု ရတုစင်စင်

သန့်ရှင်းစင်လျက် ဝါလွင်နီမြန်း

ပေါက်ဆူးပန်းတို့ ထူးဆန်းလှတင့်

ရိုးတံမြင့်နှင့်ပွင့်ကြစီစီ

ကုံမ်ရာသီ။

(ဆယ်နှစ်ရာသီဘွဲ့- ဦးယာ)

 

သို့သည်ခါဝယ်

သန္တာရိုးရဲ ဂီဝါရောင်စွဲ

ပေါက်လဲငယ်ရွှေသည်

သင်းခွေထုံပန်းက ဖူးငုံဆင့်။

(ဆယ့်နှစ်ရာသီဖွဲ့လေးချုးိ-လူဦးမင်း)

 

ထုံသရစ်မှာလ စုံမြစ်ကယ်သာဟန်ကို

ရှာကြံလေကုန်ဘဲပါဘိ၊

ငုံလဲလျှံစီနှင့်ရာသီပိုင်မြိုင်ပေါက်က

လှိုင်တောက်သော်

(ဆယ်နှစ်ရာသီဖွဲ့ -လူဦးမင်း)

 

ရာရာသီငယ်သာစွ ခါသည်လမှာ

နဂါးရင်ငွေ့ ဂဠုန်ပွေ့လို့

သပြေ့လက်ပံ ငှက်ကျံကျံနှင့်၊

ငုံလျှံပေါက်ဝါ ပင်လုံးဖြာသောလို့

လူးလာသောက်ချို ပျားကွန်းထောက်ခိုတော့ပ။

(ဆယ်နှစ်ရာသီဖွဲ့  -ဦးဖြေ)

ပေါက်လဲရယ်တဲ့ပွင့်စီစီ

ဝတ်ပန်းသူရာရေကြောင့်

ဆက်ရက်တွေသံစုံကြူးကြတယ်

မြူးတဲ့ရာသီ။

(ဆယ့်နှစ်ရာသီဘွဲ့ သဖြန်ဦးပြုံးချို)

 

 

7 ပင်လုံးပွင့်ဝေ
7 ပင်လုံးပွင့်ဝေ

ပေါက်လဲပွင့် ထိန်လျှံ

ဖူးရက်ရည်ကြွေဝတ်ကို

ခြွေဆွတ်ကြ ငှက်ညီလာညံ။

(တိုင်တားမြို့သူကြီးဦးဖက်)

 

 

 

ပေါက်လဲနီနီ ဆူးပန်းပွင့်ဝတ်ဆံချီသည်

စီရရီရွက်နှု မီးဖုံးက ဝင်းရံရွှေသည်

မြတ်ပုညေ ဆွမ်းတဲ့ယာဂု။

(အမည်မသိရှေးစာဆို)

 

8 နီနီထွေးထွေး
8 နီနီထွေးထွေး

 

9 အနုစိတ်
9 အနုစိတ်

 

ခွေရင်းကလို့ ကြေမွစဖွယ်။

ပေါက်လဲငုံဖူး ထန်းရေမူးလို့ ပျော်မြူးစရာ

(အမည်မသိရှေးစာဆို)

 

ထန်းယဉ်နင်း ပေါက်ကင်းတဲ့လဲငုံ။

ဆက်ရက်ကယ်သာကာနှင့်၊

ရော်ရွက်ဝါတမာနု လွမ်းသူ့ပူပုံ။

(အမည်မသိရှေးစာဆို)

လို့ဖွဲ့ထားတာတွေကိုဖတ်ရပြန်ပါတယ်။

 

တပို့တွဲလ၊

ကုမ်ရာသီ၊

ပေါက်ပွင့် လဲပွင့်တွေ့ပွင့်တဲ့လ.။

ရွက်ဟောင်းကြွေရွက်သစ်ပြောင်းတဲ့လ၊

ထန်းရည်ထွက်တဲ့လ လို့အကြမ်းဖျဥ်းသိလိုက်ပါတယ်။

ဘာပြောပြော ပေါက်ပန်းပွင့်တွေနဲ့ဒီရာသီလိုက်ဖက်ညီလို့ လွမ်းမောစရာကောင်းသောလ လ လို့

သတ်မှတ်မိပါတယ်။

 

 

ကိုပေါက်လမ်းသလားနေသည်

20-2-2013

18 comments

  • ဗုံဗုံ

    February 22, 2013 at 10:23 am

    သူရိန်နေမင်း ပူပြင်းခြင်းနှင့်
    ရိုးပြတ်ရွှေဝါ တောလယ်ယာတွင်
    ဖုန်များဖွေးဖွေး မီးခိုးငွေ့ကြား
    အပွင့်လှလှ ပေါက်ပန်းများက
    ရဲရဲတောက်တောက် ဘာမထီ ပွင့်ကြလေပြီ။
    (အမည်မသိရှေးစာဆို မိဗုံ :mrgreen: )

  • ခိုင်ဇာ

    February 22, 2013 at 10:24 am

    အဆင်းသာရှိပြီး အချင်းမရှိတဲ့ လူ့ပေါက်ပန်းလို့ပြောတာ ဒီ ပေါက်ပန်းလား လေးပေါက်။
    ခုမှ မြင်ဖူးတယ်။
    ပေါက်ပင်ဘာကြောင့် ကိုင်းရတယ်ဆိုတာရော ဒီပေါက်ပင်လား။

    ကျနော်က ပေါက်ပန်းဖြူလဲ မြင်ဖူးထားတယ်။
    ပေါက်ပန်းဖြူက စားလို့ရတယ်ဆိုလားပဲ။

    • မယ်ခိုင်ဇာ ကျုပ်လဲကြားသာ ကြားဘူးတာ အသေအချာမသိ။
      လူ့ပေါက်ပန်းဈေး တွေလို့တော့ ကြားဘူးတယ်။
      “မောင့်ဘဝပေါက်ပင် ဘာလို့ကိုင်းတယ ်ငွေဗျိုင်းနားလို့ကိုင်းရပါတယ်”လို့ ဟင်္သာတ ထွန်းရင်ဆိုတဲ့သီချင်းလဲ
      ကြားဘူးပါတယ်။
      တူမယ်ထင်ပါ၏။
      သိသူများ ဖြေလိုက်ကြပါနော်။

  • မဟာရာဇာ အံစာတုံး

    February 22, 2013 at 11:02 am

    အဖိုးတန် ရှေးရှေးက …
    ကဗျာလေးတွေနဲ့ အတူ …
    ပေါက်ပန်း ပုံတွေကို ခံစားသွားပါတယ်ဗျို့ …

    ဒါ့ထက် ..
    တစ်ခုလောက်များ မေးပါရစေဦးတော့ဗျာ ..
    ဒီလို ပေါက်ပန်းတွေ ပန်းတဲ့အခါ
    လူ့လောကကြီးထဲ မွေးဖွာလာခဲ့တဲ့ လူတွေထဲ
    ဘာတွေများ ထူးခြားသလဲ ….. လို့ …….

  • ဒီလိုပေါက်ပန်းတွေ မပန်းပါဘူးအေ၊
    ပေါက်ပန်းတွေပွင့်တာပါ
    ဒီအချိန်မွေးတဲ့သူတွေက ခပ်ပေါက်ပေါက်(ထူးချွန်တာကိုဆိုလိုတာပါ)
    မန်းလေးလာအေ့ ညည်းအတွက် ငါတွေ့ထားပြီး ပြီ။
    တိတိကျကျ လွမ်းစရာလူမရှိတဲ့သူလေးနဲ့တွေ့ပေးမယ်အေ့။

  • Ma Ei

    February 22, 2013 at 1:14 pm

    အရွက်စိမ်းစိမ်း အပွင့်နီနီ တွေကြားမှာ
    ကျေး(ကြက်တူရွေး) နားနေရင် မခွဲခြား နိုင်တာမို့
    ရှေးအခါက တိုင်းရေးပြည်ရာတွေ ရှုပ်ထွေးနေရင်
    ပြည်ထဲအရေး ပေါက်နှင့်ကျေး လို့လဲပြောဆိုခဲ့ကြပါသတဲ့….

  • မောင် ပေ

    February 22, 2013 at 1:14 pm

    အမြည်းသိ ခေတ်စာဆို ဖိုးဖိုးပေ က လဲ ဒီလိုလေးဆိုချင်လာလို ့
    ပေါက်ပေါက်
    ပေါက်ပေါက် ဆိုလို ့
    ပြောင်းဖူးပေါက်ပေါက်တော့
    အများကြီး သွားမစားနဲ ့ဦး
    ရေငတ်လိမ့်မယ်မေ ။
    ဟီဟိ

  • တပို့တွဲလ၊

    ကုမ်ရာသီ၊

    ပေါက်ပွင့် လဲပွင့်တွေ့ပွင့်တဲ့လ.။

    ရွက်ဟောင်းကြွေရွက်သစ်ပြောင်းတဲ့လ၊

    ထန်းရည်ထွက်တဲ့လ လို့အကြမ်းဖျဥ်းသိလိုက်ပါတယ်။………ဒါဆိုထန်းရည် ဖြိုင်ဖြိုင်ပေါ်ပြီးလား လေးပေါက်ရေ…။ နာလိုက်တာဗျာ မန်းလေးရောက်တာ ထန်းရည်မသောက်လိုက်ရဘူး။ အင်းလေ ကိုယ့်အပူနဲကိုယ်ကိုး..။

    • ကျနော်တို့တောင်အိမ်ရှေ့မင်းထန်းတောနားကဖြတ်သွားပြီး ထန်းတောမဝင်ခဲ့ရဘူးဗျာ။

  • kyeemite

    February 22, 2013 at 4:16 pm

    ပေါက်ပန်းဖြူရွက်ကတော့ရေနွေးဖျောပီးတို့စားဖူးပါရဲ့…
    ကိုပေါက် လမ်းသလားရင်းလက်ဆော့ထားတဲ့ ပေါက်ပန်း(ကိုပေါက်ပန်းနေခြင်းမဟုတ်)
    ပုံလေးတွေအားပေးသွားပါတယ်… :hee:

  • Mr. MarGa

    February 22, 2013 at 9:04 pm

    လေးပေါက်ရေ
    ပေါက်ပန်းဆိုတာ ဒါပေါ့နော်
    ပေါက်ပင်ကို အပင်ငယ်မျိုးမှတ်နေတာ
    သူက အပင်ကြီးထဲ နည်းနည်း ဝင်သားပဲ
    (အဟိ လေးပေါက်ပို့စ်မို့လို့နေမှာ ပေါက်တွေများနေပြီ)
    မေးစရာလေး တစ်ခု မေးပါရဇီ

    တပို့တွဲလ ကုံမ် သို့ကျ မာဃထွန်းစမြဲ
    ပေါက်လင့်ပွင့်တုံ ဆူးပန်းငုံ မီးပုံယာဂုပွဲ
    (ရာသီဖွဲ့သံပေါက် ကင်းဝန်မင်းကြီး)

    အဲဒါလေး ရှင်းပြပေးပါ
    မာဃ ထွန်းတယ်ဆိုတော့ ဦးမာဃ ဘာထွန်းသလဲဆိုတာ မေ့သွားလို့ဗျ :mrgreen:

    • ဂန္ဓာရီ ဆြာအုပ်

      February 22, 2013 at 9:23 pm

      တပို့တွဲလ လောက်ကျရင် မီးပျက်နေကျမို့လို့
      ဦးမာဃ ဖယောင်းတိုင်ထွန်းစမြဲ လို့ပြောတာနေမျာ ပေါ့ဗျ

  • ဂန္ဓာရီ ဆြာအုပ်

    February 22, 2013 at 9:27 pm

    ဥပေါက်
    ပေါက်ပန်းလေးဆယ် ဆိုတာကရောဟင်
    ကျီးနှုတ်သီးလိုပဲနော် ပွင့်ဖတ်က
    တခါမှ မတွေ့ဖူးဘူး

  • ဟုတ်တယ်ဗျ ဒီပေါက်ပန်းပွင့်ကအဲလိုထူးခြားတာ။
    မှီသေးတယ် မန်းလေးကို ဆင်းလာခဲ့ပါလား။

  • aye.kk

    February 22, 2013 at 11:31 pm

    ကိုပေါက်ရေ
    ပေါက်ပန်းတွေကလှလိုက်တာ ။ ကဗျာလေးပါတွဲသိရလို ့ကျေးဇူးပါ ။
    ဗဟုသုတပေါ့နော်။သိထားဘူးတာ၊ကြားဘူးနားဝရှိတာလေးကိုပြောပြချင်မိပါတယ်။
    အနံ ့မရှိတဲ့ပန်းကပေါက်ပန်းပါ။
    ပေါက်ပန်းပွင့်တဲ့လမှာမွေးတဲ့သူတွေက လိုချင်ခူးဆွတ်မဲ့သူနည်းတယ်ပေါ့နော်။
    အများအားဖြင့်အချစ်ရေးအချစ်ရာကိစ္စတွေမှာအားနည်းချက်ရှိတဲ့သူတွေလို ့ဆိုပါတယ်။
    ( ချစ်ကံခေတတ်တယ်လို ့သိရပါတယ်)
    ဇရက်တွေမြူးသံသာတဲ့လမို ့။ပွဲလမ်းသဘင်၊ပျော်ပွဲရွှင်ပွဲတွေကိုကြိုက်နှစ်သက်တတ်တယ်
    လို ့လည်းဆိုပါတယ်။
    အဲဒီလမှာမွေးတဲ့သူတွေကအများအားဖြင့်အဆိုအကတွေကိုနှစ်သက်ခုံမင်တဲ့သဘော။
    ပွဲလမ်းသဘင်တွေကြိုက်နှစ်သက်တဲ့သဘောရှိတယ်ဆိုတာပြောပြချင်မိပါတယ်။။

Leave a Reply