“ဦးနှောက်အကြောင်း တစေ့တစောင်း´´

 

စိတ် ဟာ ဦးနှောက်ဖွဲ့စည်းပုံအရ တည်ရှိဖြစ်ပေါ်လာသလို စေတသိက်ဆိုတဲ့ စိတ်နဲ့ယှဉ်ပြီး ဖြစ်လာတဲ့သဘော ဟာ လူဘဝမှာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှာရှိပါတယ်။ စေတသိက်ရဲ့ အဓိပ္ပာယ်ကို ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့ထုတ် မြန်မာအဘိဓာန်မှာတော့ စေတသိက်ဟာ(လိုချင်ခြင်း၊ အမျက်ထွက်ခြင်း၊ မသိခြင်း စသည် ကဲ့သို့သော) စိတ်၌ယှဉ်သော သဘောလို့ ဖွင့်ဆိုထားပါတယ်၊ ဒီ စေတသိက်ကို တက္ကသိုလ်များ စာအုပ်ပြုစု ထုတ်ဝေရေး ကော်မတီက ထုတ်ဝေတဲ့ ပါဠိသက်ဝေါဟာရ အဘိဓာန်မှာ ပေးထားတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက် ကတော့ စိတ်နဲ့အတူဖြစ်ပြီး စိတ်ကို ခြယ်လှယ်ဖန်တီးတတ်သော တရားလို့ဖြစ်ပါတယ်။

ဆေးပညာသဘောအရ ဦးနှောက်ဖွဲ့စည်းပုံမှာ ဦးနှောက်ကြီး၊ ဦးနှောက်သေး နဲ့  စသည်တို့ရဲ့လုပ်ဆောင်မှု့ကို ဒီ (myanmargazette.net/166746/health-fitness ) နဲ့ ရေးသားမျှဝေခဲ့ဖူးပါတယ်။ အခု ဆက်လက်ပြီး ဦးနှောက်ကြီးမှာ Lobe လုတ်(ဘ)ဆိုတဲ့ ထိုးထွက်နေတဲ့ ရစ်ခွေလိမ်ထု ဦးနှောက်သား အကန့် ၄ ခု ရှိပြီး ခွေလိမ်ပျော့ပျောင်းပြီး အမြှောင်ဖြစ်နေတဲ့ gyrus ဂျိုင်းရပ်(စ) ၂ ခုရှိတာပါတယ်၊ လုတ်(ဘ) ဟာ သာမန် အဓိပ္ပါယ်အရဆိုရင် roundish and flattish projecting or pendulous part လုံးဝန်းပြီး ပြားထွက်နေတဲ့ ဒါမှမဟုတ် တွဲကျနေတဲ့ အပိုင်းဖြစ်လို့ နားသန်ကို ear lobe လို့ ခေါ်ခြင်း ဖြစ်ပါတယ်၊ ဒီလုတ်(ဘ) ၄ ခု ရှိပါတယ် သူတို့ဟာ –

(စကားပြော၊ စာရေး၊ တွေးတော၊ တီထွင်၊ အသိဉာဏ် စတဲ့ အလုပ်တွေကို လုပ်ပေးတဲ့) ရှေ့ဦးခွံအောက်မှာရှိတဲ့ frontal lobe

( ကြည့်မြင်၊ ကြားသိ၊ အနံ အရသာ ခံနိုင်အောင် လုပ်ပေးတဲ့) နောက်ဘက် ဦးခွံအောက်ရှိမှာရှိတဲ့ occipital lobe

( နားထင်၊ နားသယ်နဲ့ဆိုင်တဲ့) ဦးခွံဘေးတစ်ဖက်တစ်ချက်မှာရှိတဲ့ temporal lobe

ပြီးတော့ ဦးခွံရှေ့၊ ဘေးနောက်တို့ကို အများအားဖြင့် ဆက်သွယ်ဖုံးအုပ်ထားတဲ့ parietal bones နှစ်ခု အောက်မှာ ရှိတဲ့ Parietal lobe တို့ဖြစ်ကြပါတယ်။

ဂျိုင်းရပ်(စ) ၂ ခုကတော့ ကြွက်သားလှုပ်ရှားဖို့ ထိန်းကျောင်းပေးတဲ့ precentral gyrus နဲ့ ထိတွေ့မှု၊ ဖိအား စတဲ့ ခံစားချက်တွေကို သိရှိလုပ်ဆောင်ပေးတဲ့ Postcentral gyrus တို့ ဖြစ်ကြပါတယ်။

စိတ် သဘော စတဲ့ အဓိပ္ပာယ်ဆောင် ဝေါဟာရစကားလုံးဟာ အင်္ဂလိပ်စာမှာ mind ရယ်လို့ သုံးနှုန်းသော် လည်း ဆေးဝေါဟာရအနေနဲ့တော့ psyche(ဆိုက်ကီ) လို့ သုံးတာတွေ့ရပါတယ်၊ သူက a term meaning that was derived from the ancient Greek for soul or spirit စိတ်လို့ အဓိပ္ပာယ်ရတဲ့ နာမ် သို့မဟုတ် ဝိညာဉ်အတွက် သုံးတဲ့ ရှေးဂရိ စကားလုံးက ဆင်းသက်လာတဲ့ ဝေါဟာရတစ်လုံး ဖြစ်ပါတယ်။

ဩစတြီးယားနိုင်ငံသား အာရုံကြောဆေးပညာရှင် ဖရွိုက်(Freud) က စိတ်ပညာဆိုင်ရာ သီဝရီ အရ ဆိုက်ကီ ဆိုတဲ့စိတ်ဟာ ခန္ဓာကိုယ်မှာ အင်္ဂါရပ်တစ်ခုအနေနဲ့ရှိတယ်၊ ဒီစိတ်ကို သိစိတ် (conscious) နဲ့ မသိစိတ် (unconscious) ဆိုပြီး ခွဲခြားနိုင်တယ်လို့ သီအိုရီထုတ်ခဲ့ပါတယ်။ သိစိတ်ကတော့ အဓိပ္ပါယ်ရှင်းစရာမလိုပေမဲ့ မသိစိတ်ကိုတော့ ဆေးပညာအမြင်သဘောမှာ စိတ်ကူး idea အမှတ်တရရှိမှု memory သိမြင်မှု့ preception ခံစားချက် feeling စတာတွေ လောလောဆယ်မှာ ဦးနှောက်ထဲပေါ်မလာတဲ့ စိတ်အနေအထားကို မသိစိတ်လို့ ဆိုပါတယ်။ ဒီမသိစိတ်ဖြစ်နေတဲံ အနေအထားကို အိပ်ပျော်နေချိန်မှာ တွေ့ရတတ်ပါတယ်။ သိစိတ်မြုံနေတဲ့ အချိန်ကာလဖြစ်တယ်လို့ ဆိုပါတယ်။ နှိုးလိုက်တဲ့အခါ နိုးလာတဲ့အခါမှာ သိစိတ်ပြန်ဝင်လာပါတယ်။ သတိ လစ်ချိန် မေ့ဆေးပေးထားချိန် စတာတွေမှာတော့ သိစိတ်ဟာ ယာယီကင်းမဲ့နေတဲ့ သဘောရှိပါတယ်။

ဦးနှောက်ကြီးကို လုံးဝန်းခြမ်းနှစ်ခုနဲ့ ပိုင်းထားပါတယ်၊ အရွယ်အစားပုံပန်းဟာ တစ်ခုနှင့်တစ်ခု အညီအမျှအနေ အထားမှာ ရှိတယ်လို့ ဆိုပါတယ်၊ လူအများစုဟာ ညာသန်ဖြစ်ကြတာများပါတယ်၊ အဲဒီမှာ ဘယ်ဘက်ခြမ်းက ဦးနှောက်ဟာ အာရုံပိုထက်မြက်တယ် ပိုအရေးပါတာတွေ့ရတယ်၊ သို့သော်လည်း ဘယ်သန်တွေအတွက် လည်း ဘယ်ခြမ်းကပဲ ပိုထက်မြက်တာကိုတွေ့ရပြန်ပါတယ်၊ ဆိုလိုတာက ဦးနှောက်ရဲ့ ဘယ်အခြမ်းက စေစား တာကို ခံယူရတဲ့သဘောပါ။ ဒါဆို ညာခြမ်းကအရေးမပါဘူးလားလို့ မေးစရာဖြစ်ပါတယ်။ ညာခြမ်းလည်း အရေးပါပါတယ်၊ ညာခြမ်းက ပုံက အမြင်အာရုံ အကွာအဝေး မှန်းဆမှု့ စတဲ့အာရုံလုပ်ငန်းတွေကို သူက စွမ်းဆောင်ပေးပါတယ်၊ အနုပညာခံစားနိုင်မှု တီထွင်ဖန်တီးစိတ်ရှိနိုင်မှု တွေမှာ အရေးပါပါတယ်၊ ဒါကြောင့် ဘယ်ဘက်ခြမ်းဦးနှောက်ကို ဆေးပညာသဘောမှာ လွှမ်းမိုးဘက်ခြမ်း( dominant side) ညာဘက်ခြမ်းကို မလွှမ်းမိုးဘက်ခြမ်း (non-dominant side) လို့ သုံးနှုန်းပါတယ်။

ဒီလိုဦးနှောက်ဖွဲ့စည်းပုံဟာ မိခင်ဗိုက်ကထဲက ရှိလာတာပါ၊ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ဦးနှောက်ချို့တဲ့ ကလေးတွေလည်း ရှိတတ်ပါတယ်၊ မွေးလာပြီနောက် ခေတ်ပေါ်အားဆေးတွေ မတန်မဆတိုက်ကျွေးမိလို့ ပုံမှန်ဦးနှောက်မဖြစ်တော့တဲ့ ကလေးတွေလည်းရှိတတ်ပါတယ်၊ ယာဉ်တိုက်မှု လဲပြိုကျ မတော်တဆမှုတွေ ကြောင့် ဦးနှောက်ထိခိုက်တာမျိုးလည်း ကြားဖူး တွေ့ဖူးကြမှာပါ။ အဲဒီအပြင် ဦးနှောက်ကင်ဆာဖြစ်လို့ ဘဝပျက် ရတာတွေ၊ အသက်ဆုံးရှုံးရတာတွေလည်းရှိတတ်ကြပါတယ်။ အခုထိတော့ ဦးနှောက်ကိုခွဲစိတ်မှု့ဟာ အခြား ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကို ခွဲစိတ်ကုသ သလိုတော့ အောင်မြင်မှုမရသေးပါဘူး၊ ဒါကလည်း ဦးနှောက် ဖွဲ့စည်းပုံရဲ့ ခက်ခဲရှုပ်ထွေးမှုကြောင့်ဖြစ်တယ်လို သိရှိရပါတယ်၊ ဒါကြောင့် ဦးနှောက်ကို မထိခိုက်အောင် ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

ခေတ်မီနည်းပညာတွေအရ ဦးနှောက်ရဲ့ ဘယ်အပိုင်းမှာ ဘာဖြစ်နေပြီ ဆိုတာမျိုးတော့ ဆန်းစစ်လာနိုင်နေပါပြီ။ နောက်ဆုံးပေါ်နည်းစနစ် သုံးမျိုးရှိပါတယ်။

၁။ Angi0graphy လို့ခေါ်တဲ့ ဦးနှောက်သွေးကြောထဲကို ဆေးသွင်းပြီး အကြောတွေမြင်အောင် ဖြစ်စေ၊ ချဲ့ပေးလို့ဖြစ်စေ လုပ်ပေးတဲ့ ဆေးသွင်းဓာတ်မှန်ရိုက်ကြည့်နည်း။

၂။ MRI လို့ အတိုသုံးတဲံ Magnetic resonance imaging လျှပ်စစ် သံလိုက်ဓာတ်လှိုင်း စွမ်းအင်သုံးပြီး ကွန်ပျူတာ စက်ပေါ်တင်ယူလိုက်တဲ့ ရောဂါ အခြေပြစက် သုံးနည်း။

၃။ CT Scanning လို့ အတိုသုံးတဲ့ computerized tomography scanning ဦးနှောက် တစ်ရှုး(ဇီဝ ကလာပ်စည်း) တွေကို ကွန်ပျူတာစက်ပေါ် ဖြန့်ကြက်ရိုက်ကူးကြည့်တဲ့နည်း တို့ဖြစ်ပါတယ်။ သာမန် ဓာတ်မှန် ရိုက်ကြည့်နည်းထက် ပိုပြီး စေ့စေ့စပ်စပ် တွေ့ရှိနိုင်လို့ အောင်အောင်မြင်မြင် သုံးနေကြပါပြီ။

ကာယကံရှင်က ဖန်တီးတဲ့ ဦးနှောက်ရောဂါမျိုးကိုတော့ ကုစားလို့ရနိုင်ကြတာလည်းရှိပါတယ်။ ရုတ်တရက် ပတ်ဝန်းကျင် အပြောင်းအလဲကြောင့်ဖြစ်ဖြစ် ရာထူး ဂုဏ်တွေ ချမ်းသာပြည့်စုံစွာနေရမှု့တွေကနေ ရုတ်ချည် လျော့ပါး ပျောက်သွားမှု့တွေမှာ စိတ်ထောင်တော့ ကိုယ်ကြေဆိုသလို မသိစိတ်ဝေဒနာ ရလာတတ်ပါတယ်။ အဒီအခါ ရောဂါ အခြေခံမဟုတ်တဲ့ စိတ်ရောဂါရလာတတ်ပါတယ်။ ခုကမ္ဘာမှာ ဒီရောဂါအသွင်ကို ဆေးလောက မှာ အပြောများတာက Depression လို့ သုံးတဲ့ စိတ်ကျရောဂါပါဘဲ။

အဲဒီရောဂါအတွက် အမေရိကန်နိုင်ငံ ကျန်းမာရေးအာမခံ ကုမ္ပဏီတစ်ခုက အချက် ၁ဝ ချက်ပါ ပေတံတစ်ခုဖြင့် တိုင်းတာတယ်လို့ ဆိုပါတယ်။ အဲဒါတွေကတော့

၁။ တစ်ချိန်က သူ စိတ်ဝင်စားခဲ့တဲ့ လုပ်ရပ်တွေကို စိတ်ဝင်စားမှု မရှိတော့ဘူးလား။

၂။ အားငယ်စိတ်၊ ဝမ်းနည်းစိတ်၊ စိတ်ပျက်မှုမျိုး ရှိလာသလား။

၃။ ပင်ပန်းနွမ်းနယ်မှု ရှိလာသလား။

၄။ အအိပ်အနေ ပြဿနာ ရှိလာသလား။

၅။ အစားအသောက်ပုံ အလေ့အကျင့် ပြောင်းလာပြီး ကိုယ်အလေးချိန် များလာ နည်းလာသလား။

၆။ စိတ်ပူပန် တတ်လာသလား။

၇။ မလုံမလဲစိတ်၊ အားပျက်စိတ်မျိုး ရှိလာသလား။

၈။ အာရုံမစူးစိုက်နိုင်မှု ရှိလာသလား။

၉။ သေချင်စိတ်၊ သတ်သေချင်စိတ် ဖြစ်လာသလား။

၁၀။ ခေါင်းကိုက် ခေါင်းခဲ အစာမကြေ ဝေဒနာ တစ်ခုခု ရှိနေပြီလို့ စိတ်ထဲမှာ ဖြစ်လို့ မဆုံးအောင် ရှိလာသလား။

ဒီအချက်တွေတွေ့လာရင် အာရုံကြော သို့မဟုတ် ဦးနှောက်ပိုင်းမှာ တစ်ခုခုဖောက်ပြန်လာတာ ဖြစ်နိုင်လို့ စိတ်ကျန်းမာရေးဆေးရုံကို သွားဖြို့ သင့်ပြီလိုဆိုထားပါတယ်။ စိတ်ဖောက်ပြန်မှုရှိတဲ့သူ စိတ်မမှန်လေ့ရှိသူကို ဆေးပညာမှာတော့ ဦးနှောက်အားနည်းသူ ဦးနှောက်ပိုင်းဆိုင်ရာ ထိခိုက်မှု့ရှိသူလို့ သတ်မှတ်ကြပါတယ်။

တကယ်တော့ စိတ်အင်အားကြီးမားထက်မြက်အောင် နေတတ်ထိုင်တတ်သူမျိုး ဖြစ်နေဖို့လိုပါတယ်၊ စိတ် ဝေဒနာ စိတ်ရောဂါဆိုတာ မိမိဘာသာ လုပ်ပေးလိုက်တဲ့ ရောဂါဝေဒနာဖြစ်တာများပါတယ်၊ မတော်တဆ ထိခိုက်လို့ ဦးနှောက်ပိုင်း ထိခိုက်သွားတာကလွဲရင်ပေါ့။ ပျံလွင့်စိတ်ကို ဖမ်းမိအောင် ချုပ်ကိုင်ရင်း ပျောစရာ ဖြေဖျောက်စရာ နည်းလမ်းများနဲ့ နေသွားသင့်ပါတယ်၊ ကိုးကွယ်ရာ ဘာသာတိုင်းမှာ ပုတီးစိပ်များရှိတတ် ပါတယ် ထို ပုတီးစိပ်နည်းများကလည်း ပျံလွင့်စိတ်များကို ဖမ်းမိအောင် ချုပ်ကိုင်တဲ့ နည်းများလို့လည်း ယူဆလို့ရပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်အတွက် အရေးပါလှတဲ့ ဦးနှောက်ကို ကျန်းမာကောင်းမွန်အောင် စောင့်ရှောက်ရင်းနေနိုင်ကြဖို့ ဖတ်ဖူးတဲ့စာပေထဲက မျှဝေလိုက်ပါ၏။(မူရင်း – မြန်မာ့အသံကျော်မင်း)

 

ဖတ်ရှု့သူများကျေးဇူးနော်။

ခင်ခ။

About ခင္ခ

ခင္ ခ has written 458 post in this Website..