တ  ခ်ိ ဳ  ့ က စ ပ် စ် သီး ဖြ စ် တ ယ်  ၊ တ ချို့ က စ န်း စ န်း တ င့် ဖြ စ် တ ယ်

(အောင်ဝေး)
တချို့ က စပျစ်သီးဖြစ်တယ်
တချို့ က စန်းစန်းတင့်ဖြစ်တယ်။
ခေတ်ကြီးကိုက
ကိုလိုမနီ၊ ခရိုနီခေတ်။
တချို့ က လက်ဝေခံဒီမိုကရေစီ
တချို့ က လက်ကျန်ဒီမိုကရေစီ။
ရန်ကုန်က ရထားမဖြစ်ဘူး
ရန်ကုန်က တယောဖြစ်နေတယ်။
တချို့ က နောက်ပြန်လှည့်မှာစိုး
တချို့ က နောက်ပြန်မလှည့်မှာစိုး။
မြစ်ကြီးက ဘယ်ကိုစီးရမှန်းမသိ
ထောင်(ထောင်)နဲ့ ငြိလို့ ။
တချို့ က စွယ်စုံကျော်ထင်
တချို့ က သေတ္တာမှောက်။
ဒီတစ်ခါ ဇာတ်ခေါင်းကွဲရင်
ရွာပြင်ထုတ်ခံရတော့မယ်။
တချို့ က ရွှေဝါရောင်ကိုမျက်ကွယ်ပြု
တချို့ က လက်ပံတောင်းတောင်ကိုလျစ်လျူရှု။
ဗမာပြည်မှာ နာရီတွေကရှား
ဗမာပြည်မှာ နာဇီတွေကများ။
တချို့ က စစ်ဘေးဒုက္ခသည်
တချို့ က ရဲဘေးဒုက္ခသည်။
တောမီးကို တောမီးနဲ့ မှ ငြှိမ်းလို့ ရမယ်
ရေသန့် ဘူးနဲ့ မရဘူး။
တချို့ က ရွာလွန်ရွက်တိုက်
တချို့ က ရွာပြင်ကြက်တိုက်။
ကြည့်စမ်း- အချောင်သမားတွေ
ဓားကို အရင်းကမကိုင်၊ အဖျားကကိုင်လို့ ။
တချို့ က တရားအားထုတ်
တချို့ က မျက်ကန်းမျိုးချစ်။
“ငါတို့ လည်း အိုဘားမားကြီးပြန်သွားမှ၊ ပိုအဖမ်းခံနေရပေါ့ “ တဲ့
လမ်းဘေးကစကား၊ လမ်းပေါ်ကကြား။
တချို့ က အမျိုးသားပြန်လည်သင့်မြတ်ရေး
တချို့ က အမျိုးသားပြန်လည်တိုက်ခိုက်ရေး။
“ကျားကိုသတ်ရင်သတ်၊ မသတ်ရင် ကျားက ကိုယ့်ကိုသတ်မှာပဲ“
ရိုးမက မုဆိုးကြီးကိုဖိုးဇုံ၊ ခင်ဗျားအခုရှိသေးလား။
တချို့ က အတိတ်မှာပဲ အသက်ရှင်နေ
တချို့ က အနာဂတ်အတွက် ကြိုတင်သေဆုံးနေ။
ဟစ်တလာက သက်သတ်လွတ်စားတယ်
ဂျူးလူမျိုး(၆)သန်းက ဟင်းရွက်ကန်စွန်းတွေလား။
တချို့ က ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်တယ်
တချို့ ကငြိမ်းချမ်းရေးအတွက် ဖိလစ်ပိုင်သွားတယ်။
နိုင်ငံရေးလုပ်တယ်ဆိုတာ၊ အစိုးရ မကောင်းကြောင်းပြောတာပဲ
ကြောင်ကိုဘယ်သူ ချူဆွဲပေးမလဲ။
တချို့ က နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးအော်တယ်
တချို့ က အော်တဲ့လက်ကိုပြန်ကိုက်တယ်။
(ကချင်) စစ်ရပ်ဖို့ လူထုမှာတာဝန်မရှိ
အစိုးရမှာပဲ ရှိတယ်။ (ဒေါ်အောင်ဆန်းစုကြည်မှာလည်းရှိတယ်)
တချို့ က ငြင်းပယ်ခြင်းကိုငြင်းပယ်
တချို့ က သဘောမတူကြောင်းသဘောတူ။
ခေတ်က ပြောင်းပြေးသွားပြီ
ကျန်ရစ်သူ လေထဲမှာ အိုက်တင်တန်းလန်းကြီး။
တချို့ က လေလံသမား
တချို့ က ဖျံဖမ်းသမား။
ကဗျာဆရာသမဂ္ဂဖွဲ့ တာ၊ ဒေါက်တာဇီဗားဂိုး ဘာ့ကြောင့်မပါတာလဲ
ငမူးတစ်ကောင် ထအော်တယ်။
တချို့ က လစ်ဘရယ်
တချို့ က ညစ်ပုပ်ကပ်ကျယ်။
ဘယ်ညောင်ပင်မှာ
ဘယ်ရာဇ၀င်ကို လမ်းခွဲရမှာလဲ။
တချို့ က ရထားမမီ၊ ဘူတာမီးနဲ့ ရှို့ 
တချို့ က ခွေးကတက်မှာ ကော်ကျို ပိုစတာကပ်။
ဘယ်တော့ အာဏာရမှာလဲ
မမေးတော့ပါဘူး။
ဒီကဗျာ
လေဒီကြီး မဖတ်မိစေနဲ့ ။
သူက စပျစ်သီးဖြစ်တယ်
သူက စန်းစန်းတင့်ဖြစ်တယ်။       ။

အောင်ဝေး

 

==========================

တုံးမောင်းခေါက်သံ 

 ———————————————
(မိုးသီးဇွန်)
တစ်။
ကုန်သည်လေ တိုက်ချိန် ကြ မှာ
ငါဒို့ ဟာ လက်ဗလာနဲ့ 
အိမ်ကိုပြန်လာကြ။
လယ်တွေကို ဒို့ မပိုင်ကြတော့ဘူးလေ ။
ဒါမြေကိုသိမ်းတာမဟုတ်၊
ဘ၀တွေကိုဖျက်သိမ်းလိုက်တာလေ။
မြေတွေကိုယူသွားတာမဟုတ်
ရွှေတွေကိုယူသွားတာ။
တောင်တွေကိုယူသွားတာမဟုတ်
အပြုံးတွေကိုယူသွားတာ။
ထန်းတော ကိုယူသွားတာမဟုတ်
ယဉ်ကျေးမှုကို ယူသွားကြတာလေ။
သူတို့ တံခါးတွေ ဖွင့်၊
ဒို့  တခါးတွေကို ပိတ်လိုက်တာ။
နှစ်ပေါင်း ၅၀ ကျော်အတွင်း၊
သူတို့  ရဲ့  ခနခန ပြောင်းလဲခြင်းတွေထဲမှာ
ပြောင်းလဲခွင့်မရသူတွေသာများလာရဲ့  ။
လမ်းကောင်းကောင်းပေါ်မှာ မလျောက်ခဲ့ရပေဘူး။
ကျောင်းကောင်းကောင်းမနေခဲ့ရဘူး။
ဆေးရုံကောင်းကောင်း ပေါ်မပြခဲ့ရဘူး။
ဈေးကောင်းကောင်း မ၀ယ်ဖြစ်ခဲ့ဘူး။
ဒီတော့
လူကောင်းကောင်းမဖြစ်ခဲ့ဘူးဆိုပါတော့။
လူတွေကျုံလှီလာတာနဲ့အမျှ
တယောက်ကိုတယောက်
အမုန်းပွားဖို့ လွယ်လာကြတာပဲရှိတယ်။
ဒါကိုသူတို လိုခြင်နေတာလေ။
နှစ်။
သူတို့ တခါးမဖွင့်ခင်အချိန် အထိ
ရွာပတ်လည်မှာတောင်တွေရှိနေသေးတယ်။
တောတွေရှိနေသေးတယ်။
ရေတွင်းထဲကရေကိုသောက်လို့ ရသေးတယ်။
ဖွင့်ထားတဲ့တံခါးက
ယင်ကောင်တွေတ၀ီးဝီးဝင်လာကြတယ်။
သုံး။
ပျား၊ပိတုန်း၊လိပ်ပြာတွေ
ရေကန်မှာ ကြာရိုးကြာစွယ် တွေနဲ့  လှနေတဲ့ ရွာဟာ ၊
မနက်မှာ နေ
ည မှာ လ။
လယ်တောနဲ့ တောင် ပဏာရ
သွယ်လျှလျှ မြစ်ကြောင်း
နှစ်ပေါင်းများလှပေါ့။
ဘူတိုဇာတွေ ၀င်လာကထဲက  ကတည်းက
ဖုန်တထောင်းထောင်းထ၊
အကျည်းတန်သွားခဲ့ရပြီ။
အဖိုးတွေ လက်ထက်ကတည်းက
တောလိုက်ခဲ့တဲ့ တောင်။
ခွေးလျှက်ထားတဲ့ပုဂံလို ပြောင်သလင်းခါလို့ ၊
ကျွဲနာအိုင်လို ဟောက်ပက်
(ယောက်ဖရေ)
တကယ့်ရုပ်ပျက်ဆင်းပျက်ပါပဲ
လေး။
ဒီတောင်ပေါ်မှာ
ပဒပ်ဆာခူးရင်း ၊
မမင်း ရယ်လေ၊
မြှစ်စို့  ပေါက် အသွင်
မစွမ်းအင် ရှိခဲ့ကြ။
‘’ စပယ်နှစ်ပွင့်ကိုထရံကာမိကြတယ်။’’
ချစ်သူတို့ ပေါ့…။
တရွာလုံးကို
လျောက်ပြုံးပြခဲ့တဲ့နေရက်တို့ ပေါ့။
မိုးရွာလို့ နမ်း၊
လေတိုက်လို့ နမ်း။
ချစ်လို့ နမ်းနဲ့ 
ဘ၀မှာအနမ်းဟာအရေးကြီးဆုံးပဲ။
ဒါကိုသိသည့်နောက်
ခြေလှမ်းတိုင်းဟာယုံကြည်မှုရှိလာတယ်။
မိုးနဲ့ သက်တန် လို
ဇရက်နဲ့လက်ပန်လို တပူး တွဲတွဲ … ။
တောင်ပေါ်မှာတခါ၊
တောင်အောက်မှာတခါ။
ရှိုထဲမှာတခါ။
မခွဲနိင်မခွာရက်၊
ရက်ဆက် ကြိုထောက်။
ချစ်သူနှစ်ယောက်အကြောင်း၊
လက်ပဒေါင်း တောင် သက်သေတည်ခဲ့ပြီ။
အို .. ကိုးမြို့ ရှင် ..
အရင်လိုပဲ
လာ ပါ။
 စားပါ။
သောက်ပါ။
 ပျော်ပါးပါ။
ပုဆိုးတန်းတင်ပွဲမှာ။
အချစ်တခုရဲ့  မြစ်ဖျားခံရာ ဟာလဲ
နီညိုရောင်  သန်း
ဟော့ဒီ … တွန့် ခေါက်တောင်တန်း ပါပဲ။
ငါး။
ဒီနယ်တရိုးမှာ
ဒို့ ရွာပေါ်က
မိုးကောင်းကင်ဟာ
အပြာ ဆုံး။
ငါဒို့မြေပဲဟာဆီအထွက်ဆုံး။
ထန်းမြစ်ဟာအချိုဆုံး။
သားတွေဟာ အသန်မာဆုံး
သမီးတွေဟာအချောဆုံး။
စံနှုန်းတွေကို ဂုဏ်ယူခဲ့ကြ။
လူဟာ အောင်မြင်မှုထက် တန်ဖိုးရှိဖို့  ကိုလိုလား
ဒါဟာဒို့ရွာရဲ့  ထုံးထားပါပဲ။
တရွာလုံးက အပျိုမ တွေ ၊
ဆင်းကူးနေကြ၊
လှတဲ့ မြစ်။
ချစ်တဲ့လှိုင်း၊
နွားရိုင်းမောင်းသံ
မြစ်ရိုးမှာကျွတ်ကျွတ်ညံခဲ့။
မြစ်ဆိုတာ လူနဲ့ သတ္တ၀ါတွေကြား၊
သစ္စာတရား တခုပါပဲ။
ငါဒို့ ရွာသားများ ဟာ
ကျွဲနွားတအုပ်ကစ
ငါးသန်သေးနုပ်အဆုံး
အားလုံး အပေးယူ မျှ မျှ နေခဲ့ကြတယ် ။
 တပုံကိုယူ၊
တပုံကိုလျူ ခဲ့ကြရဲ့ ။
ခုတော့ ..
အက်ဆစ်တွေက
မြစ်ပြင်ကိုမီးတင်လိုက်ကြပြီ။
တောင်ကြီး တွေ ပြို သွားရင်
ထန်းပင်တွေလဲ ရင်ကွဲ၊
မိုးတိမ်မဲကြီး တွေလည်းလွှင့်ပါးပျောက်
ဗျိုင်းအောက် တွေလဲ၊
မပျံဝဲ နိင်တော့ပေဘူး။
ခြောက်။
ဒီမြေမှ နေ
ဒီရေကိုသောက်။
ငါနဲ့ ငါယောက်ဖ
လည်ပင်းဖက်ကြီးလာကြရဲ့  ။
မြေပဲနှုတ်အပြီးအပြန်၊
ကျူးကျော်သူတွေ လို့ သတ်မှတ်ခံလိုက်ရတယ်။
ဒို လယ်တွေပြန်မရတော့ပေဘူး။
ပါးစပ်က ထန်းရေ နံ ထ  တာကလွဲလို့ 
ငါဒို့ ဟာ ဥပဒေကိုမချိုးဖေါက်ခဲ့ကြပါဘူး။
တိုင်းပြည် အပေါ်မှာသစ္စာမဖေါက်ခဲ့ကြပါဘူး။
အဖမြင်းဖြူရှင်ကို ပူဇော်မပျက်ခဲ့ပါဘူး။
ငါယောက်ဖ က တအံတသြနဲ့ 
‘’ ဒို့ မြေပဲခင်းတွေအားလုံး ကို နိင်ငံတော်က ပို်င်သတဲ့ကွ’’
လို့ ဆိုလိုက်တဲ့အခါ
ရွာတော့ အပမှီ ပြီဆိုတာသိလိုက်ကြတယ်။
ကုန်သည်လေ တိုက်ချိန် ကြ မှာ
ငါဒို့ ဟာလက်ဗလာနဲ့ 
အိမ်ကိုပြန်လာကြ၊
လယ်တွေကို ဒို့ မပိုင်ကြတော့ဘူး။
ဒို့ ရွာပတ်ပတ်လည်မှာ
ကျန်ခဲ့တဲ့ အရာတွေက
ခေါစာပြစ်လို့ မရတဲ့ ခရိုနီတွေရယ်
မကျူးးကျော်ရဆိုတဲ့ဆိုင်းပုဒ်တွေရယ်၊
ရောဂါဆိုးတွေရယ်၊
ကျွတ်ကျွတ် အိပ်တွေ ရယ်ပါပဲ။
ခုနစ်။
သူငယ်ချင်းကောင်းယောင်းမတို့ ရေ ၊
ငိုမနေကြနဲ့ 
မိုးမချုပ်မှီ
စောစောလာခဲ့ကြ။
ကောက်စွတွေယူခဲ့ကြ။
ယာတွေကိုမီးရှို့ ကြမယ်။
လယ်ကွင်းတွေထဲက တေးသံ လွင့်ပျံ  ။
နာနာဘာဝမှန်သမျှ မောင်းထုတ်ကြတဲ့ပွဲ မှာ၊
တုံးမောင်းခေါက်သံတွေ၊
ဘ၀င်္ဂ်ညံနေရခြိမ့် မယ်။
(မိုးသီးဇွန် )
ဒီဇင်ဘာ ၄၊၂၀၁၂ ။
လက်ပဒေါင်းတောင်ရွာ သူရွာသားများနှင့်
ကိုဟန်ဝင်းအောင်၊ ကိုအောင်စိုး တို့ အတွက်။
kai

About kai

Kai has written 930 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.