ကျနော့်အမေက ဒေါက်တာအောင်ထွန်းသက်နဲ့ ယုံကြည်မှု တည်ဆောက်ခြင်း ဆိုပြီး စာအုပ်တစ်အုပ်လုပ်ဖူးတယ် ။

ကျနော်ဟာ နေရာတကာမှာ ဆန့်ကျင်ဘက်ကချည်း စဉ်းစားတာမဟုတ်ပေမယ့် ယုံကြည်မှု ပျက်ပြားတာမျိုးကကော လို့ တွေးမိတယ် ။

တွေးမိတာကလည်း ကျနော့်သားရဲ့ စကားတစ်ခွန်းကြောင့်ပါ ၊

ဖြစ်ပုံက ဒီလို သူ ကျနော့်ကို သေနတ်တစ်လက် ပူဆာနေတာကြာပြီ အဲဒီ ကလေးကစားတဲ့ သေနတ်ကလည်း ၈၀၀၀ တဲ့ ၊

ဆွေမျိုးပေါက်ဖေါ် နိုင်ငံကြီးက ထင်ပါရဲ့ ကလေးတွေ အမြင်မှာ အတော့်ကို လိုချင်စရာ ပုံစံမျိုးပေါ့ ကျနော်ကလည်း သူလိုချင်လှတာကို သိလို့ အေးပါ လခရရင် ဝယ်ပေးမှာပေါ့ကွာ လို့ ပြောခဲ့ဖူးတယ် ၊

ဖြစ်ချင်တော့ ပြီးခဲ့တဲ့ လစာထုတ်ရက်မှာ တခြားအရေးပေါ်ကိစ္စအတွက် အိမ်အတွက် လဝက်စာ ဝယ်ရတာအတွက်တွေကြောင့် မန်းနီးကနည်းတော့ မဝယ်ပေးဖြစ်တော့ဘူးဆိုပါတော့

အဲဒီမှာ သကောင့်သားက ပြဿနာ ရှာတော့တာပဲ ဘယ်လိုမှ မဝယ်ပေးနိုင်သေးဘူးဆိုတော့ မဝယ်ပေးနိုင်သေးတာမဟုတ်ဘူး မဝယ်ပေးချင်တာ မဟုတ်လားတဲ့ စာရေးဆရာမျိုးရိုးပီသစွာ စကားကလည်း တတ်ပါ့ ၊

ဒါတောင် ၄တန်းနော် နောက်တော့ သားအဖ ၂ ယောက် ရန်ဖြစ်ကြရောဆိုပါတော့ ကျနော့်သားက ကျနော့်ကို ဘာပြောလည်း သိလား ကတိမတည်တဲ့ အဖေ့ကို တစ်သက်လုံးမယုံတော့ဘူးတဲ့ အဲဒီအချိန်မှာ ကျနော်က ကျနော့်အတ္တကို ရှေ့တန်းတင် reason တွေ အပြည့်နဲ့ပေါ့

နောက် အမေရောက်လာတော့ အမေက ကလေးဘက်က စကားထပ်များရပြန်ရောပေါ့ မသေချာပဲနဲ့ ကလေးကို ဘာလို့ ကတိပေးလဲ တဲ့ ကျနော်က အမေ တကယ်ဝယ်ပေးချင်တယ် ဒါပေမယ့် ဒီလို ဒီအကြောင်းတွေကြောင့်ပါ ဆိုတော့ reason ဆိုတာ လူတိုင်းပြလို့ရပေမယ့် နင်ပေးမှ ရမယ့်ကိစ္စကို သူမျှော်နေမှာ နင် ကိုယ်ချင်းမစာကြည့်ဘူးလား နင့်တုန်းက ငါဘာတွေ လုပ်ပေးခဲ့ဖူးလဲ ဗိုလ်အုန်းသီးစက်ဘီး လိုချင်လှချင်ရဲ့ဆိုလို့ ကမန်းကတန်း ဆွဲကြိုးပေါင်ပြီး ဝယ်ပေးခဲ့တာ အခု နင့်သားက ချက်ချင်းဝယ်ခိုင်းတာ မဟုတ်ဘူး ၁၀ ရက်လောက်ကတည်းက ကြိုမှာထားတာ နင်ဘာလို့ ကတိကို လွယ်လွယ် ပေးခဲ့လဲ တဲ့

သားရဲ့ လှံသွားနဲ့တူတဲ့ စကားတွေ မီးတောက်လို အကြည့်တွေ ငလျင်နဲ့တူတဲ့ အမူအရာတွေကြားမှာ တော်တော့ကို အခံရခက်ခဲ့ရပါတယ်

ငါ့သား ငါ့ကို မယုံတော့ဘူးတဲ့လား ယုံကြည်မှူ ဆိုတာ ဘာလဲ ခင်တာ မင်တာ မေတ္တာ ချစ်တာတွေကို အသာထား လူတိုင်းရဲ့ ကြားထဲမှာ ရှိဖို့ရာ မလွယ်တဲ့ အကြောင်းတရားပါ လူတစ်ယောက်ကို ခင်ရတာ လွယ်ပါတယ် ဒါပေမယ့် ယုံကြည်ဖို့ဆိုတာကတော့ ခက်တာ အမှန်ပါ လူယုံသတ်လို့ သေရတယ် ဆိုတဲ့စကားတောင် ရှိသေးတာပဲ အခု ကျနော့်သားက ကျနော့်ကို မယုံတော့ဘူးတဲ့ ကလေးစကားပဲလို့ မပြောနဲ့ဦး ကလေးဆိုတာ လူကြီးလို မဟုတ်ပဲ သူခံစားရသလို ပြောကြတာကိုး

photo0635_001

 

သူ့အဖွား ဝယ်ပေးလိုက်တဲ့ သေနတ်ကလေးနဲ့ ဆော့နေတာ မြင်တိုင်း ကျနော့်ရင်ထဲမှာ လှိုင်းတွေက ထန်လို့ပေါ့ တစ်ပတ်မှ ၃ – ၄ ရက်ပဲ အိမ်မှာ သားလေးနဲ့ အိပ်ရတဲ့ ကျနော့်ခမျာ အခုနေ ပြန်သွားတော့လည်း သားက အိပ်ရာဆီမလာတော့ပါဘူး အဖွားရင်ခွင်ကြားမှာပါ ၊

အဖေ့ကိုများ သူစိမ်းထင်သွားပြီလား သားရေ

 

( လွန်ခဲ့သော ၃ နှစ်ခန့်က ရေးခဲ့ဖူးသော ခံစားမှု ဖြစ်ပါသည် )

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..

   Send article as PDF