လှော်ကားတွင် အကြီးစားပြင်ဆင်မှုများ ပြုလုပ်နေသဖြင့် ရုံးပိတ်ရက်များတွင်သာဖွင့်လှစ်

klnJuly 21, 20101min550

လှော်ကားဥယျာဉ်အတွင်းပိုင်းတွင် အကြီးစားပြင်ဆင်မှုများပြုလုပ်နေသဖြင့် ဥယျာဉ်ဖွင့်ရက်ကို အစိုးရရုံးပိတ်ရက်များတွင်သာ ဖွင့်လှစ်ထားကြောင်း လှော်ကားဥယျာဉ်အုပ်ချုပ်ရေးရုံးမှ သိရသည်။ လှော်ကားဥယျာဉ်ကို ထူးကုမ္ပဏီက ၂၀၁ဝ ဧပြီလ ၁ရက်နေ့မှ စတင်လွှဲပြောင်းလုပ်ကိုင်ခဲ့ပြီးနောက် ကုမ္ပဏီမှ ဥယျာဉ်အတွင်း အကြီးစားပြင်ဆင်မှုများကို ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။ ယခုအခါ ဥယျာဉ်ပတ်လမ်းကို ကွန်ကရစ်လမ်းများခင်းကျင်းခြင်းများ၊ ဥယျာဉ်အတွင်းရှင်းလင်းခြင်းများကို လုပ်ဆောင်နေကြောင်း ဥယျာဉ်တာဝန်ရှိသူများထံမှ သိရသည်။ “ အခု ကွန်ကရစ်လမ်းတွေ ခင်းနေတယ်။ နောက်ပိုင်းမှာ ဥယျာဉ်ကို အပျော်စီးကား (Buggy) တွေနဲ့ ပတ်နိုင်အောင်လို့ပါ။ အခုကြားရက်တွေမှာ ဥယျာဉ်ပြင်ဆင်မှုတွေ လုပ်နေရတယ် ” ဟု ထူးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အကြီးစားပြင်ဆင်မှုများ ပြုလုပ်ပြီးပါက ဥယျာဉ်ကို ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။