“ငြမ်းဆင်ပေးရမည့် အတွေးနုလေးများ”(အနာဂတ်ကောင်းကင် ၂နှစ်ပြည့်-ဒုတိယဆုရ)

“ငြမ်းဆင်ပေးရမည့် အတွေးနုလေးများ”(အနာဂတ်ကောင်းကင် ၂နှစ်ပြည့်-ဒုတိယဆုရ)

 

(အချိန်နှင့်တပြေးညီ Reply မလုပ်နိုင်ပါက ခွင့်လွှတ်ပေးကြဖို့ လေးစားစွာကြိုတင်တောင်ပန်အပ်ပါသည်။)

 

“မေမေ..ပီတာပန်ကဘာလို့ပျံနိုင်တာလဲ”

“အရိပ်ရှိလို့ပေါ့…”

“စူပါမင်းနဲ့စပိုက်တာမင်းကကောဟင်”

“ဝတ်စုံတွေရှိလို့ပေါ့သားရာ..မင်းလည်းကြည့်နေရတာပဲ..ဒီမှာ မေမေကျောက်တွေကြည့်နေတယ် ခဏခဏလျှောက်မမေးစမ်းနဲ့”

စိုးလေးရဲ့မသိနားမလည်တဲ့အမေးကို ကြည်ဝေဖြေနေပုံအားကြည့်လျက် ရီရီစိတ်ပျက်သွားမိသည်။

မိမိအလုပ်မအားတာနဲ့ပဲ ကလေးအမှတ်မှားစရာတွေဖြစ်အောင် စိတ်ကူးယဉ်ဇာတ်လမ်းထဲက အတိုင်း အလိုက်သင့်ဖြေနေသော ကြည်ဝေကို အားမလိုအားမရဖြစ်နေပေမယ့် သူတို့သားအမိ ကြားထဲ ဆရာမကြီးဝင်ဝင်လုပ်တယ် ဆိုပြီး မောင်လေးကိုတိုင်မှာစိုးတာကြောင့် ရီရီဘာမှဝင်မပြော တော့။

ယောင်းမတော်ကြည်ဝေက နေရာတကာ အစိုးရိမ်ကြီးစွာ ဝင်ပြောတတ်၊သတိပေးတတ်သော ရီရီ့ကိုလုံးဝအမြင်မကြည်တတ်။

 

“အကို့အစ်မက နေရာတကာ ဆရာမကြီး ဝင်ဝင်လုပ်တယ် သစ်ထုတ်ရုံးမှာလုပ်လို့သာပဲ ကျောင်းဆရာမသာ ဆိုရင် ကြည်တို့နေစရာတောင်ရှိမှာမဟုတ်ဘူး”

ဆိုပြီးမောင်လေးထံပြောနေသံတွေကို ရီရီ အတိုင်းသားကြားခဲ့ပြီးကတည်းက စိုးလေးဘာလုပ်လုပ် တစ်ချက်နှစ်ချက် ဟန့်ရုံ၊သူ့အဖေနဲ့အမေကို လှမ်းအသိပေးတတ်ရုံကလွဲပြီး ဘာမှဝင်မပြောဖြစ် တော့။မောင်လေးကော ကြည်ဝေပါ ကျောက်မျက်ရတနာဝယ်ရောင်းအလုပ် လုပ်နေကြတာမို့ ဝင်ငွေကောင်းသလို အရမ်းလည်းအလုပ်များကြသဖြင့် စိုးလေးလိုသမျှကို အကြိုက်ဖြည့်ဆည်းပေး နိုင်လင့်ကစား ကြပ်မတ်ဂရုစိုက်နိုင်မှုမှာတော့ ဝန်ထမ်းလင်မယားဖြစ်တဲ့ရီရီတို့လောက်အချိန်မပေး နိုင်ပါ။ဒါ့ကြောင့် ညီအစ်ကိုတစ်ဝမ်းကွဲနှစ်ယောက်ဖြစ်တဲ့ ရီရီတို့သားလင်းလင်းနဲ့စိုးလေးတို့ရဲ့အထာ ကို ရီရီတို့ကပိုသိပါသည်။

ထို့ကြောင့် တူအရင်းကို သားအရင်းနဲ့မခြား သွန်သင်ဆုံးမ ကြပ်မတ်ပေးပေမယ့် ယောင်းမလုပ်သူ က လုံးဝသဘောမကျတာမို့ ရီရီ့အနေနဲ့ ရင်မောစွာပဲ ခပ်လှမ်းလှမ်းက ကြည့်နေပေးရသည်။

အခုလည်းပဲအောက်ထပ်ဧည့်ခန်းတွင် ထိုင်နေသောသူတို့သားအမိကို အသံမပြုပဲ ရုံးကပြန်လာ တဲံ့ဝတ်စုံတွေလဲရန် မိမိတို့အခန်းရှိရာအပေါ်ထပ်သို့သာ တက်ခဲ့လိုက်တော့သည်။

။။။။။။။။။။။။။။။။။။။။။။။။။။။

“ဒီဝေါ့ကင်းရှူးကြီးချွတ်မယ်…ဝတ်ချင်ဘူး ပူတယ်”

အိမ်ရှေ့ဖိနပ်ချွတ်တွင်ထိုင်ကာ အိမ်ဖော်အထွေးအား တဂျီဂျီလုပ်နေသော စိုးလေးအသံကြောင့် ကြည်ဝေ သားအနီးသို့ချဉ်းကပ်လာပြီး

“အဲ့ဒါကဘာဖြစ်နေတာလဲသား အရင်လည်းစီးနေတာပဲဟာ ဒီဝေါ့ကင်းရှူးက သားဦးလေးနိုင်ငံခြားကပို့လိုက်တာလေ ကျောင်းကသူငယ်ချင်းတွေမြင်ရင် အရမ်းလှတာပဲလို့ပြောကြမှာ…”

စိုးလေးက ကြည်ဝေ့စကားကြောင့် စီးချင်သလိုလို၊မစီးချင်သလိုလိုတွေဝေသွားပြီး

“ကြီးကြီးကပြောတယ် သားတို့ဆီမှာကရာသီဥတုပူတယ်တဲ့ ကျောင်းမှာဒီဖိနပ်ကြီးစီးထားရင် နေ့လည်ကျ ခြေဖဝါးကပူလာရင် သားစိတ်ညစ်ရလိမ့်မယ်တဲ့..ဆောင်းတွင်းမှစီးလို့ပြောတယ်”

ယောင်းမတော်မမရီလက်ချက်ဆိုတာ သိလိုက်တာနဲ့တပြိုင်နက် ကြည်ဝေဒေါသထောင်းခနဲထ သွားတော့သည်။ကြည်ဝေ့ဘက်က ဘယ်နေရာမှဝင်ပါတာမကြိုက်ကြောင်း အတိအလင်းနီးပါး ပြောထားတာတောင်မှ မနေနိုင်မထိုင်နိုင် ဝင်ပါချင်နေသေးသည်။

ကြည်ဝေတို့အတွက်ကတော့ သားကိုကျောင်းသွားတဲ့အခါ သူများကလေးတွေထက် တောက်တောက်ပပ ထူးထူးခြားခြားဖြစ်စေချင်သည်။

ကိုယ်ကအသိုင်းအဝိုင်းနဲ့အပြိုင်အဆိုင်နေရတာလေ။မမရီတို့လို လခစားလူစုကြားမှာတော့ သူမသာ၊ကိုယ်မထူးတွေမို့ ဘယ်လောက်ပြိုင်နိုင်မှာမို့လဲ။

ကျောင်းမှာက ကြည်ဝေ့သူငယ်ချင်းတွေရဲ့ကလေးတွေ၊စီးပွားပြိုင်ဖက်တွေရဲ့သားသမီးတွေနဲ့ဖြစ် တာကြောင့် ကြည်ဝေ့သားကို အားလုံးအလယ်မှာ အတင့်တယ်ဆုံးဖြစ်စေချင်တဲ့စိတ်တွေက ထိန်းမရနိုင်ပါ။

ဒါကြောင့်လည်း နိုင်ငံခြားမှာအလုပ်လုပ်နေတဲ့ ကြည်ဝေ့မောင်လေးထံ ကြည်ဝေတို့လိုအပ်သမျှ အသုံးအဆောင်အဆန်းအပြားတွေ မှာလေ့ရှိတတ်ပြီး သုံးစွဲဝတ်ဆင်ကာ နေလာခဲ့သည်။

အခုတော့ မအေရဲ့ဆင်ယင်မှုကိုတောင် ကလန်ကဆန်လုပ်လာအောင် သားတော်မောင်အား ဆရာကြီးလုပ်သွားသော ယောင်းမတော်ကို တော်တော်လေးအချဉ်ပေါက်မိတာကြောင့်

“ဒီမှာစိုးလေး အမေပြောတာသေသေချာချာမှတ်ထား..နောက်ကို ကိုယ့်အဖေအမေ ပြောတာမဟုတ်ရင် ကြီးကြီးမကလို့ဘာပဲဖြစ်ဖြစ် မယုံနဲ့သိလား…သူတို့ပြောတာတွေက အမှားတွေချည့်ပဲ..အမေပြောတာမှအမှန်နော်…သိလား”

သားတော်မောင်စိုးလေးက မျက်လုံးအပြူးသားနဲ့ ခေါင်းငြိမ့်ပြပေမယ့် ကြည်ဝေ့ စိတ်ထဲဝယ် လုံးဝမကျေနပ်နိုင်။လင်တော်မောင်လာရင် ပြောပြပြီး အမွေကိစ္စကိုပြတ်ပြတ်သားသားလုပ်ကာ ကြည်ဝေတို့ဆောက် နေသော တိုက်သစ်သို့ အပြီးသတ်တာနဲ့ပြောင်းရန် တိုင်ပင်ရချေ တော ့မည်ဟုဆုံးဖြတ်လိုက်မိတော့သည်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

“ဘယ်လိုဖြစ်တာလဲမောင်လေးရယ်…မမရီလည်း ဘာမှဝင်မပြောဖြစ်တာကြာပါပြီ… အခုလိုချက်ချင်းကြီးဆိုတော့”

“အခုကိစ္စတစ်ခုတည်းရယ်လို့မဟုတ်ဘူးမမရေ…မမတို့သမီးယောင်းမနှစ်ယောက်က ဘယ်လိုမှ နီးနီးစပ်စပ်နေလို့ဖြစ်မှာမဟုတ်တာကျွန်တော်သိတယ်…ကျွန်တော့်မှာလည်း စီးပွားရေးကတစ်ဖက် နဲ့အလုပ်ရှုပ်ရတဲ့အထဲ မိန်းမနဲ့အစ်မကြား ဗျာများပြီးသောကရောက်ရောက်နေရတာ နားချင်လှပြီ”

တစ်ဦးတည်းသော မောင်လေးက အခုလိုကြီးပြတ်ပြတ်သားသားဆိုလာတော့ ရီရီ့အနေနဲ့ဝမ်းနည်း လွန်းလှသည်။

“ငသက်ပြောတာလဲဟုတ်ပါတယ်အရီရယ်…အခုရှုပ်မှနောင်ရှင်း ပြတ်ပြတ်သားသားဖြစ်သွားတာပဲ ကောင်းပါတယ်…မင်းတို့အမွေဆိုင်ကိစ္စကို လက်မဲ့ဖြစ်တဲ့ ကိုအောင်ကဘာမှဝင်မပြောလိုပေမယ့် ကြည်ဝေကမှ အတူမနေချင်တော့ဘူးဆိုမှတော့ အမွေခွဲလိုက်ကြပါတော့ကွာ…တစ်ခုတော့ရှိတယ် ငသက်ရာ ငါတို့မိသားစုအတွက် တစ်နေရာရာလောက် အရင်ရှာပါရစေဦး… မင်းတို့က အမ်းမယ့် လူတွေဆိုတော့…ငါတို့နဲ့သင့်တော်မယ့်နေရာလေးတွေ့မှ ပြောင်းပါရစေ”

“ဒါကပြောနေစရာလားကိုအောင်ရာ..ကျွန်တော့်အစ်မအရင်းကြီးပါဗျ…အခုဟာက ပြတ်ပြတ်သားသားဖြစ်အောင်သာ ဆွေးနွေးလိုက်တာ ဗြုန်းစားကြီးတော့ မလုပ်ကြသေးပါဘူး”

“ဘာပဲဖြစ်ဖြစ် မိဘအမွေလေးကို မမနှမြောလိုက်တာမောင်လေးရယ် ဖြစ်နိုင်ရင် ပြန်မရောင်းပါနဲ့နော်”

“ဒါတွေတွေးမနေပါနဲ့ဗျာ…ကျွန်တော်တို့လည်း တိုက်သစ်ထဲငွေတွေဝင်နေတာဆိုတော့ မမတို့ကို အမ်းပြီးရင် နည်းနည်းပြင်ဆင်ပြီး ပြန်ထုတ်မှအဆင်ပြေမှာဗျ”

မောင်လေးကိုသက်က ပြောဆိုပြီးတာနဲ့ ဆင်းချသွားနိုင်ပေမယ့် ရီရီအတွက်ကတော့ မျက်ရည် တလည်လည်နဲ့ကျန်ခဲ့ရပြီ။

ဪ…ရီရီကိုက လျှာရှည်လိုက်မိပြန်တာကိုး..ဘယ်တတ်နိုင်မလဲလေ…မောင်လေးဆိုတာလည်း တစိမ်းဖက်လာပြီဆိုတော့ အစ်မကိုတောင် သံယောဇဉ်မထားနိုင်တော့တာ မဆန်းလေပဲ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။

“ငှက်တွေက ဘာလို့ပျံနိုင်တာလဲဟင်”

ရုံးပိတ်ရက်မို့ အိမ်မှာ  သားဖြစ်သူူ ၆နှစ်သား လင်းလင်းကို ထမင်းခွံ့ကျွေးနေခိုက် လင်းလင်းက မေးလိုက်တာပင်။ တလောတုန်းက စိုးလေးတစ်ယောက် သူ့အမေကိုမေးသံတစ်ခုအား တွေးမိပြီး လင်းလင်းလည်း ဒီလိုပုံစံမေးတော့မယ်ဆိုတာ ကြိုသိထားလိုက်မိသည်။

“အတောင်ပံရှိလို့ပေါ့သားရဲ့”

“ဒါဖြင့် စပိုက်တာမန်းတို့၊စူပါမန်းတို့ကကော အတောင်ပံမရှိပဲပျံနိုင်တယ်လေ”

“အဲဒါတွေက စိတ်ကူးယဉ်ဇာတ်လမ်းထဲက ဇာတ်ကောင်တွေကွယ့် အပြင်မှာ တကယ်မပျံနိုင်ဘူး သားတို့ ကြည့်လို့ကောင်းအောင် ဇာတ်လမ်းလုပ်ပြီးရိုက်ထား၊ရေးထားတာ”

“ဟင် …စိုးလေးပြောတာနဲ့လည်းမတူဘူး….စိုးလေးကပြောတော့ ဝတ်စုံတွေရှိလို့ပျံနိုင်တာတဲ့”

ရီရီသက်ပြင်းတစ်ချက် ချလိုက်မိသည်။ကြည်ဝေရဲ့ အာဘော်တွေပေါ့။

လင်းလင်းကိုတော့ အမှတ်မမှားရအောင် သေသေချာချာ ပြောပြထားရမည်ဟုဆုံးဖြတ်ကာ

“စိုးလေးကအသိမှားနေတာ သားရဲ့ အမှန်က စပိုက်တာမန်းတို့၊စူပါမန်းတို့ဆိုတာလည်း အမေတို့၊သားတို့၊အဖေကြီးတို့လို ရိုးရိုးလူတွေပဲ…မပျံနိုင်ဘူး သိလား။ဝတ်စုံကြောင့်လည်း မပျံနိုင်ဘူး သားတို့ကြည့်ကောင်းအောင် ရိုက်ပြထားတာ မှတ်ထားနော်”

သားရဲ့မျက်နှာမှာ အတွေးတစ်ခုပေါ်သွားပုံရကာ တစ်ချက်ပြုံးလျက်က

“ဒါဖြင့် သားလည်း ကြီးလာရင် ဇာတ်ကောင်လုပ်ချင်တယ်မေကြီး သူတို့လို ရိုက်ပြချင်လို့”

“အမလေးတော် ငါ့သားကမင်းသားလုပ်မယ်ပေါ့..ကဲပါ ငါ့သားကြီးလာရင် ဘာပဲလုပ်လုပ် အခုစာကြိုးစားထားနော်…စာကြိုးစားရင် ကြီးလာရင် ဘာမဆိုလုပ်လို့ရတယ် သိလား..ပြီးတော့ အားရှိအောင်လည်း ဟောဒီအစားတွေများများစားရမယ်….ဒီငါးတွေက သားလေးဉာဏ်ကောင်း အောင်လို့၊ဟောဒီပဲဟင်းက သားသားအရိုးတွေသန်မာပြီး ပစ္စည်းတွေသယ်နိုင်အောင်လို့လေ”

ကျွန်မအပြောကြောင် ့ သားက ခေါင်းညိတ်ပြကာ စားလေသည်။ သားနဲ့နေရတဲ့ အခိုက်အတန့် တွေမှာ လတ်တလော သောကတွေကို ဘေးဖယ်လျက် သားနဲ့တန်းတူ ဘာမဆို စိတ်ဝင်တစား ပြုမူ ဆက်ဆံပေးလေ့ရှိတာ ရီရီ့အကျင့်လို ဖြစ်လို့နေချေပြီ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

“အိမ်ကသားတော်မောင်ကတော့နှင်းရေ သူ့အန်တီလေး ရန်ကုန်ကပြန်လာလို့ သူမှာလိုက်တဲ့ စူပါမင်းဝတ်စုံတွေ၊ကစားစရာတွေသွားယူလေရဲ့…ဖိုးတာမှာဆိုင်ကယ်နဲ့လိုက်ပို့နေရတယ်”

“အမလေး အခုခေတ်ကလေးတွေကတော့ အဆန်းအပြားဆို အကုန်သိနေပြီကြည်ရေ နင်ကသား မွေးထားတော့ပိုဆိုးတာပေါ့ ငါ့မှာသမီးတစ်ယောက်တောင် တော်ကြာ ဟိုအကျီ င်္၊တော်ကြာ ဒီစကတ်နဲ့ဟိုတစ်နေ့ကလဲ နားဆွဲအသစ်ပူဆာလို့ လုပ်ပေးလိုက်ရသေး ဒါတောင်၅နှစ်ပဲရှိသေးလို့ ပေါ့….”

“အမလေး အမလေး အတူတူပဲဟေ့…အိမ်ကစိုးလေးလည်း ၅နှစ်ပဲရှိသေးတယ် စိုင်းစိုင်းဦးထုပ်ဝယ်ပေး ရဲလေးအကျီ င်္ဝယ်ပေးနဲ့ ပူဆာတတ်လိုက်တာမှ ဟင်းဟင်း”

အောက်ထပ်တွင် အတိုင်အဖော်ညီစွာ ရွှန်းရွှန်းဝေနေကြသော ယောင်းမတော်ကြည်ဝေနဲ့ သူ့သူငယ်ချင်းဆန်စက်ပိုင်ရှင်သမီး နှင်းသီတာတို့ရဲ့စကားသံတွေကို ရေကန်တွင် အဝတ်လျှော် နေရာမှ ရီရီအတိုင်းသားကြားနေရသည်။

နှင်းသီတာပြန်သွားပြီ တအောင့်လောက်နေတော့မှ ကြည်ဝေတို့အလုပ်သမားလေးဖိုးတာနှင့် စိုးလေးတို့ ကြည်ဝေတို့မိဘများအိမ်မှ ပြန်ရောက်လာကြသည်။

စိုးလေးရဲ့လက်ထဲတွင် အထုပ်အပိုးတွေနဲ့မို့ ကြည်ဝေ့ညီမရန်ကုန်ကအပြန် ပါလာသော ပစ္စည်းများ ဖြစ်ပုံရသည်။စိုးလေးက အိမ်ထဲခဏဝင်သွားပြီး…စူပါမင်းဝတ်စုံလိုမျိုး ကလေးတွေအတွက် ထုတ်လုပ်ရောင်းချတဲ့ ဝတ်စုံလေးကို ဝတ်ကာပြန်ထွက်လာပြီး အဝတ်လျှော်နေတဲ့ရီရီအား

“ကြီးကြီးရေ..လင်းလင်းကော”

“လင်းလင်း အိမ်စာရေးနေတယ်သားရေ”

စိုးလေးက ဘေးလှေကားမှနေ၍အိမ်ပေါ်သို့ တဝုန်းဝုန်းပြေးတက်သွားလျက် လင်းလင်းကို တကြော်ကြော် အော်ခေါ်သည်။

ခဏနေတော့ စိုးလေးနဲ့သားတော်မောင် လင်းလင်းတို့ အိမ်ပေါ်မှ ဆင်းလာတာကိုတွေ့လိုက်ရ သည်။လင်းလင်းက လည်ပင်းတွင် သူ့အဖေပုဆိုးအစုတ်တစ်ခုကို ချည်နှောင်လျက် စိုးလေးရဲ့ စူပါမင်းဝတ်စုံလိုမျိုးလေး လုပ်ထားရှာသည်ကို တွေ့လိုက်ရာ ရီရီ စိတ်မကောင်းပင်ဖြစ်မိသွားတော့ သည်။

“သားရေ ဘယ်ကိုလဲ စာတွေပြီးပြီလား”

“ပြီးပြီမေကြီး သား စိုးလေးနဲ့တိုက်သစ်မှာသွားဆော့ဦးမယ်နော်”

ကြည်ဝေတို့ဆောက်ထားတဲ့တိုက်သစ်က နှစ်ခြံကျော်မှာမို့ စိုးလေးနဲ့သားတို့သွားဆော့နေကျ ဖြစ်သည်။

ဆေးမသုတ်၊အချောမကိုင်ရသေးလျက်ရှိနေဆဲ နှစ်ထပ်တိုက်တစ်လုံးပင်။ကွဲစရာ၊ချစရာ မှန်တွေပင် မတပ်ရသေးတာမို့ သူတို့ညီအစ်ကို လွတ်လွတ်လပ်လပ် ဆော့ကစားလို့ရတဲ့ နေရတစ်ခုပင်။

“ခဏပဲသွားဆော့နော်သား..အမြင့်တွေလည်းတက်မဆော့နဲ့ဦး ကြားလား ခဏနေလို့ပြန်မလာရင် မေကြီး လိုက်လာမှာနော်”

သားက ခေါင်းညိတ်လျက် စိုးလေးဆွဲခေါ်ရာနောက်သို့ ပါသွားလေတော့သည်။

……………………………

“မရီရီ မရီရီ”

အဝတ်တွေလှန်းနေတုန်းမှာပဲ တစ်ခြံကျော်က ကိုလှတင့်တစ်ယောက် တကြော်ကြော်အော်ရင်း အပြေးတပိုင်းဝင်လာတာကြောင့် အလန့်တကြားဖြစ်ကာ

“ဘာလဲ ကိုတင့် ဘာဖြစ်လာလို့လဲ”

“ခင်ဗျားတို့အိမ်ကကလေးတွေ တိုက်သစ်ပေါ်ကပြုတ်ကျလို့ လာကြပါဦးဗျ”

“အမလေး ငါ့သားလေး ဘယ်လိုဖြစ်တာလဲ”

အိမ်ထဲမှနေ၍ နားစွင့်နေပုံရသောကြည်ဝေတစ်ယောက် မျက်ကလဲဆန်ပြာနဲ့ပြေးထွက်သွားတော့မှ မင်သက်နေတဲ့ရီရီ့မှာ ကြည်ဝေ့နောက်ကပြေးလိုက်ရတောြ့ပီ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

“ဝရံတာအောက်တည့်တည့်မှာ သဲပုံရှိနေတာ အများကြီးကံကောင်းတယ်ဗျာ နို့မို့ဆိုရင် ခင်ဗျားတို့ကလေးတွေအတွက် မတွေးရဲစရာပဲ”

ဆရာဝန်ကြီးအနီးတွင်ကိုသက်နှင့်ကိုအောင်တို့က ခေါင်းတညိတ်ညိတ်နှင့် နားထောင်နေကြပေမယ့် ကြည်ဝေနဲ့မမရီတို့နှစ်ယောက်ကတော့ ကလေးများအနီးတွင် တရှုံ့ရှုံ့ဖြစ်နေဆဲ

“တော်ပါတော့ကြည်ရယ် ကလေးတွေလည်းအရိုးတွေထိခိုက်ရုံလောက်ပဲကွာ…ကံအများကြီး ကောင်းလို့သာပေါ့”

မေ့ဆေးပြယ်နေပြီဖြစ်တဲ့ လင်းလင်း တရှုံ့မဲ့မဲ့နှင့်

“သားကစိုးလေးကိုပြောပါတယ်…ဒီဝတ်စုံတွေက တကယ်ပျံလို့မရဘူးလို့မေကြီးပြောထားတယ်ဆိုတာကို စိုးလေးက

မင်းအမေပြောတာကအမှားတွေတဲ့..ငါ့အမေကပြောတယ်တဲ့ စူပါမင်းက ဝတ်စုံရှိလို့ပျံနိုင်တာတဲ့ သူ့မှာလည်းဝတ်စုံရှိတယ်ပျံပြမယ်ဆိုပြီး ဝရန်တာကနေခုန်ချတာ အဲဒါသားက စိုးလေး လက်ကိုလိုက်ဆွဲရင်းနဲ့ သားပါပြုတ်ကျသွားတာမေကြီး”

စကားကိုရေရေလည်လည်နဲ့အေးအေးဆေးဆေး ပြန်ပြောပြတတ်တဲ့ ရီရီ့သား လင်းလင်းရဲ့စကားကြောင့် ကြည်ဝေကရှိုက်ကာရှိုက်ကာ ပိုငိုလေတော့သည်။

စိုးလေးကဖြင့် သတိမရသေးတာကြောင့် ပူပန်နေကြရသည်။

ရီရီက ယောင်းမတော်ကြည်ဝေအနီးသို့သွားကာ ကြည်ဝေရဲ့ပုခုံးကိုဆုပ်ကိုင်နှစ်သိမ့်လိုက်တော့ ကြည်ဝေက ရီရီ့ရင်ခွင်အတွင်းတိုးဝင်ဖက်တွယ်ကာ

“ကြည်ဝေ့ကိုခွင့်လွှတ်ကြပါ”

လိုု့ဆိုလျက်….ဆက်ကာ ဆက်ကာရှိုက်ငိုနေလေတော့သည်။

 

###################################################

 

“နန်းတော်ရာသူ”ရေးသားသည်။

31-1-2013

1:39(PM)

4 comments

  • uncle gyi

    February 24, 2013 at 5:04 pm

    ကလေးဆုံးမတာပညာပေးလို့မှတ်ပါတယ်
    အခုကလေးတွေဒီလောက်အတဲ့ကလေးမရှိဖူးမှတ်တာ
    သမီးယောင်းမကဖြစ်တတ်တဲ့သဘာဝမို့ကောင်းပါတယ်
    မဘက်လိုက်တဲ့မောင်ဘွားကလည်းသဘာဝကျပါတယ်
    အားလုံးပေါင်းလိုက်ရင်ပညာပေးကောင်းလို့ပဲပြောချင်ပါတယ်
    နန်းတော်သူရေ

  • อดีต ปัจจุบัน อนากต အပြုသဘောဆောင်တဲ့ mobile

    February 24, 2013 at 10:11 pm

    အတုမြင် အတတ်သင်ဆိုသည့် သဘောသဘာဝအရ
    ကလေးငယ်တွေဟာ မြင်ဖူးရာ ကြားဖူးရာများကို အတုမြင် အတတ်သင်တတ်ကြသည် ထင်ပါ၏…
    ဒီအထဲမှာပါတဲ့ ကလေးတွေကတော့ ကောင်းလေစွ………….

  • ခိုင်ဇာ

    February 25, 2013 at 9:22 am

    အရေးအသားတော့ ပြောစရာမလို့တော့ဘူးနော့။

    ကလေးဆိုတာမျိုးကလည်း မွေးထုတ်လိုက်ရုံနဲ့ပြီးတဲ့ ကိစ္စမဟုတ်။
    သူတို့လျှောက်တဲ့ လမ်းချောမွေ့အောင်၊ အတွေးမမှား၊ အယူမမှားအောင် ပဲ့ပြင်ငြမ်းဆင်ပေးရမှာ မိဘတို့ ဝတ္တရားပါတကား။
    မိဘကိုတိုင်က လွဲနေရင်တော့လည်း ကလေးတွေ ခမျာ…… 🙁

    ဟယ်….။
    ဂလိုတွေ တွေးတွေး လန့်နေလို့လဲ မပြီးပါဘူးလေ။ :mrgreen:

    အမ သူငယ်ချင်းနဲ့ဆို အမြဲငြင်းရတာ။ ကလေးကို မဆူနဲ့လို့။ ဆုံးမပါလို့ပြောတာကို။
    ဘာကွာလို့တုန်းတဲ့။
    အဟင့်။ ပြောတော့ဘူး။
    :byae:

    သက်တူရွယ်တူချင်း ဆရာလုပ်တယ် ဖြစ်တယ်။ အမေတွေ အလုပ်လုပ်နေရတဲ့ ထင်ရှားတဲ့ ဆိုးကျိုးကလည်း ဒါပဲ။
    အချိန်မပေးနိုင်တော့တာလားမသိ။

  • Mr. MarGa

    February 25, 2013 at 11:26 am

    သားသမီးတွေကို ပြုစုပျိုးထောင်ရာမှာ
    စိတ်ရှည်လက်ရှည်နဲ့ ပုံသွင်းပေးဖို့လိုပါတယ်။
    ကလေးဆိုတာက အလွန်ကို ပုံသွင်းရလွယ်ကူတဲ့ အရာပါ။
    အဲဒီလိုအရွယ်မှာ တစ်ခုခုကို အသိမှား အမြင်မှား ဖြစ်သွားမယ်ဆိုရင်
    တစ်ဘဝလုံးပါ မှားတဲ့အထိ ဖြစ်နိုင်ပါတယ်။
    မိဘများ သတိထားသင့်တဲ့အရာပေါ့လေ
    ဘယ်လောက်ပဲ သတိထားပေမယ့် တစ်ခါတစ်လေကျရင်လဲ စိတ်လွတ်သွားတတ်တာမျိုးကလဲ ရှိသေးတာကိုး
    အရေးအကြီးဆုံးကတော့
    မိဘတွေ ပြိုင်တဲ့အထဲကို ကလေးတွေကို ဆွဲမထည့်မိဖို့ပါပဲ
    ———————————
    နားလည်သလိုလိုနှင့် ဝင်ပွားပါသည်။

Leave a Reply