ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်း

လင်းဝေJuly 21, 20101min1512

( ပထမ ဦးစွာ ပြောလိုတာကတော့ ဒီစာကို ဘယ် အမျိုးအစားထဲ ထည့်ရမလဲ ရှာမတွေ့လို့ ဒီအတိုင်းတင်လိုက်တယ်။ ရှာကြည့်တော့ တွေ့တာက Business မှာလည်း မပါ။ ကျွန်တော်ပြောတာက နိုင်ငံရေးလည်းမဟုတ် ဆိုတော့(တရုတ်ပြည်မှာ ဆိုရင်တောင် ဒီလိုအပြောမျိုးကို အစိုးရကိုယ်တိုင်က လက်ခံနားထောင်ပေးနေပါပြီ။) တကယ်တော့ Management ဖြစ်ဖြစ် Economy ဖြစ်ဖြစ် Contemporary Issues ဆိုပြီးဖြစ်ဖြစ် ခေါင်းစဉ်တစ်ခု တပ်စေချင်ပါတယ် အက်ဒမင်များတို့..။ )

ပုဂ္ဂလိက ပိုင် ပြုလုပ်ရေး ဟာ မြန်မာပြည်မှာ ၁၉၈၉ ခုနှစ် ဦးပိုင်းက စတင်ပြီး ပြုလုပ်ခဲ့ ပြုလုပ်ရန် တာစူ ခဲ့တာဖြစ်ပါတယ်။ ပုဂ္ဂလိက ပိုင်ဘာဖြစ်လို့ လုပ်ရသလဲဆိုတော့ လုပ်ငန်းများကို နိုင်ငံတော်ပိုင် ၊ ပြည်သူပိုင်အဖြစ် ပြုလုပ်ထားလို့ ဖြစ်ပါတယ်။ ဘောဂဗေဒ သဘော အရတော့ ဆိုရှယ်လစ်နိုင်ငံဖြစ်စေ ဈေးကွက် စီးပွါးရေး နိုင်ငံဖြစ်စေ လူအများအတွက် အကျိုးရှိမယ့် လုပ်ငန်းတွေ မှာ ပုဂ္ဂလိက ကဏ္ဍမှ ဆောင်ရွက်နိုင်မှု မရှိရင် အားနည်းနေရင် အစိုးရကနေပြီး နိုင်ငံပိုင်လုပ်ငန်းအဖြစ်ထူထောင်ပေးရပါတယ်။ တစ်ခါတစ်ရံ အရှုံးခံလို့ ဆောင်ရွက်ပေးရပါတယ်။ ဆိုရှယ်လစ် စီးပွါးရေးစနစ်မှာတော့ လုပ်ငန်းကြီး အများစုကို ပြည်သူပိုင်အဖြစ်သာ ပြုလုပ်ကြတာ များပါတယ်။ အဲဒီတော့ ဆိုရှယ်လစ် စနစ်ပျက်သွားတဲ့ မြန်မာနိုင်ငံမှာ ပြည်သူပိုင် နိုင်ငံပိုင်လုပ်ငန်းတွေ အများကြီးကို ရှိနေ ကျန်နေတာပါ။ အဲဒါတွေကို ပုဂ္ဂလိက ပိုင် ပြုလုပ်ဖို့ ၁၉၈၈ နောက်ပိုင်းမှာ ပြင်ဆင်ခဲ့ပါတယ်။ ပုဂ္ဂလိက ပိုင် ပြုလုပ်ရေး ကော်မရှင် ဆိုပြီးတော့လည်း ဖွဲ့စည်းခဲ့ပါသေးတယ်။ အကြမ်းဖျဉ်းအားဖြင့် စီမံကိန်းစီစစ်ရေးနှင့်တိုးတက်မှု အစီရင်ခံရေး ဌာန က ကော်မရှင် အတွင်းရေးမှု နေရာက ပါဝင်ပြီး စီစစ်ဆောင်ရွက်မယ့် မူမျိုး ချမှတ်ထားတယ် မှတ်သားမိပါတယ်။ ဒီလို ပုဂ္ဂလိက ပိုင် ပြုလုပ်ရေးဟာ တာစူနေဆဲ တွက်ချက်နေဆဲမှာ ပဲ ခေတ္တမှေးမှိန်သွားပြီး အစိုးရပိုင် လုပ်ငန်းများက ထပ်မံရင်နှီးမြုပ်နှံမှုတွေတောင် ပိုလို့တိုးလာပါတယ်။ ဒီနေရာမှာ လူတစ်ယောက်အနေနဲ့ စဉ်းစားကြည့်မယ် ဆိုရင် လက်ရှိ အစိုးရပိုင် လုပ်ငန်းကြီးရဲ့ ဦးဆောင် ညွှန်ကြားရေးမှုး ဘဝ က ဘယ်သူ ဆင်းပေးချင်ပါ့မတုန်း။ အစိုးရပိုက်ဆံ နဲ့ လုပ်ငန်းကြီးတစ်ခု (ကုမ္ပဏီကြီးတစ်ခု) ရဲ့ သူဌေးလုပ်နေရတာ။ အရှုံးအမြတ်အတွက်လည်း ဘာမှ ပူပင်စရာမလိုဘူး။ အဲဒီတော့ ပုဂ္ဂလိက ပိုင် ပြုလုပ်ရေး ဟာ သက်ဆိုင်သူ အစိုးရ အရာရှိကြီးတွေကြားမှာရေပန်းမစားပါဘူး။ ဒီထက်ပိုလို့ပြောရရင် အသစ်တွေထပ်ဝယ်ပြီး ရင်းနှီးမြုပ်နှံမှုတွေလုပ်လို့ လုပ်ငန်းတိုးချဲ့ပြတာက ပိုပြီး စိတ်ဝင်စားစရာကောင်းပါတယ်။ ကိုယ့်အတွက် ဖဲ့မထားတောင်မှ လုပ်ငန်းက အသက်ဝင်ပြီး လှုပ်လာမယ် အရာဝင်လာမယ် နောက်ပြီး ဆက်လုပ်ရဖို့သေချာလာမယ်။ ဒီကိန်းတွေကြောင့် ၁၉၉၄ လောက်ပါတ်ဝန်းကျင်မှာ နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိက ပိုင်လုပ်တာက တန့်သွားပြီး ပြောင်းပြန်ဖြစ်ကာ တိုးချဲ့တာတွေ ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ ချဲ့လာလိုက်တာ လုပ်ငန်းတွေ အတွက် ဝယ်ချင်တာ ကို ဝယ်ပြီး လုပ်ကြလိုက်တာ နောက်ဆယ်နှစ် လောက်ကြာတဲ့ အခုအချိန်မှာ လုပ်ငန်းတွေ ချဲ့ပေမယ့် စွမ်းဆောင်ရည် နည်းလာတာက ငြင်းမရ၊ အရှုံးတွေ က များပြီး ဖုံးမရ ဖြစ်လာပုံရပါတယ် ပုဂ္ဂလိက ပိုင်ပြုလုပ်ရေးကို ပြန်လည်လာါတယ်။ နိုင်ငံပိုင်စက်ရုံတွေ ရောင်းမယ် လုပ်တဲ့အခါ ဘယ်သူကမှ စိတ်ဝင်တစားမရှိပါဘူး။ မြေတန်ဖိုး ကောင်းတဲ့ နေရာတွေကို သာ မြေတန်ဖိုးလောက်ပေးပြီးဝယ်ကြတာပဲရှိပါတယ်။ ဒါပေမယ့် ဒီတစ်ခါတော့ တွက်ခြေကိုက်မယ်ထင်တဲ့ လုပ်ငန်းတွေကို လက်ညိုးထိုးပြီး ပုဂ္ဂလိက ပိုင် လုပ်ဖို့တောင်းတတ်လာတဲ့ စီးပွါးရေး သမားတွေ ရှိလာတော့ ပုဂ္ဂလိက ပိုင်ပြုလုပ်ရေးက ပြန်လို့ အသက်ဝင်လာပါတော့တယ်။ ဒါပေမယ့် စည်းကမ်းတကျတော့ မဟုတ်ပဲ လက်ညိုးထိုးတောင်းသူများကိုသာပေးနေ နီးစပ်ရာလူများကိုသာပေးနေသလိုဖြစ်နေတော့ လူအများအမြင်မှာ အထင်လွဲစရာပုံရိပ်က ဆက်ပြီးရှိနေပါတယ်။ ဖြစ်သင့်တာကတော့ အစိုးရပိုင်လုပ်ငန်းအများစုကို တစ်ဆင့်ခြင်းစီလွှဲပြောင်းရမှာပါ။ဘယ်အစိုးရပိုင်လုပ်ငန်းကို ဘယ် ဘဏ္ဍာနှစ်အတွင်းမှာ လွှဲပြောင်းမယ်ဆိုတဲ့ တိကျတဲ့ ရည်မှန်းချက် မျိုး ပုဂ္ဂလိက ပိုင်ပြုလုပ်ရေး ကော်မရှင်မှာ အစီအမံရှိသင့်ပါတယ်။ အဲဒီနောက် ထိုအစီအမံအတိုင်း သက်ဆိုင်တဲ့လုပ်ငန်းတွေကို ညွှန်ကြားချက်ပေးထားရပါမယ်။ နောက် အဲဒီလုပ်ငန်းရဲ့ Property,Assets, Liabilities တွေကို သေချာစွာတွက်ချက်စေပြီး ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင် ကိုတင်ပြခိုင်းလို့ ကော်မရှင်က စီစစ်ရမှာပါ။ စီစစ်နေဆဲမှာ ဖြစ်ဖြစ် စီစစ်ပြီး ဖြစ်ဖြစ်မှာ လူအများကို ဤအစိုးရပိုင်လုပ်ငန်းကို ရောင်းချ လွှဲပြောင်းမယ့် အကြောင်းသိစေရန် သတင်းဌာနများကို ထုတ်ပြန်ချက် ဖြန့်ဝေတာဖြစ်ဖြစ် သတင်းစာရှင်းလင်းပွဲဖြစ်ဖြစ် လုပ်ပြီး ပုဂ္ဂလိက ပိုင်ပြုလုပ်မယ် အစီအစဉ်ကို တင်ကြိုအသိပေးထားရမှာဖြစ်ပါတယ်။ ဒါမှ သာ အရင်းအနှီးဈေးကွက်မှာ ရင်းနှီးမြုပ်နှံလိုသူများက အရင်းအနှီးရှာဖွေပြီး အပြိုင်အဆိုင် သဘောမျိုးနဲ့ နိုင်ငံပိုင်လုပ်ငန်းကို လွှဲပြောင်းရယူနိုင်ကြမှာ ဖြစ်ပြီး နိုင်ငံသားအားလုံးအတွက် အမြင်ရှင်းစေမယ့် ပုဂ္ဂလိက ပိုင် လွှဲပြောင်းမှု ဖြစ်ပါမယ်။ နိုင်ငံတော်ပိုင် ဥစ္စာဓန ကို စည်းမျဉ်းစည်းကမ်းနဲ့ အညီ ထုခွဲရာလည်းရောက်ပါလိမ့်မယ် လို့ ထင်မြင်ချက်ပေးပါရစေ။

2 comments

  • fatty

    July 21, 2010 at 9:30 am

    Yes …..GIANT BUSINESSES have being transferred to public.
    …….Public is not UMEHL.

  • fatty

    July 21, 2010 at 9:31 am

    Yes …..GIANT BUSINESSES have being transferred to public.
    …….but UMEHL is not public.

Leave a Reply