စပယ်လမ်းလေးရဲ့ အဖြူရောင် ရနံ့စစ်စစ်

 

            စပယ်ပွင့်ဖြူလွှလွှလေးတွေကို သီကုံးနေသော သူမသည် အသက်အရွယ်အားဖြင့် လေးဆယ်ငါးနှစ်ကျော်ချေပြီ။ ခုချိန်ထိတော့ အပ်သေးသေးလေးရဲ့အပေါက်အတွင်းသို့ အပ်ချည်မျှင်ကလေး ထိုးထည့်သွင်းရသည်ကို ဖြောင့်ဖြောင့်တန်းတန်း လုပ်နိုင်နေတုန်း ဖြစ်သည်။ စပယ်ဖြူဖွေးဖွေးတွေ အပြည့်ရှိသော ပလပ်စတစ်ခြင်းကလေးတွေ နှစ်လုံးသုံးလုံးက အနားတွင်ရှိနေ၏။ သည်လိုဆိုလျှင် သူမသည် မနက် သုံးနာရီ ကျော် လေးနာရီလောက်ကတည်းက အိပ်ယာမှထကာ စပယ်ပွင့်များကို ခူးခဲ့ရပေလိမ့်မည်။ စပယ်ရနံ့တွေ ကျွန်တော့်ရှူရှိုက်မိသည်နှင့် အိပ်ယာမှ ဆက်ခနဲနိုးလာခဲ့သည်။ တပေါင်းလ မနက်ခင်းသည် အေးနေဆဲဖြစ်သည်မို့ တဘက်စောင်ပါးပါးတစ်ထည်ကို သူမခန္ဓာကိုယ်ပေါ် ကျွန်တော် လွှားခြုံပေးလိုက်တော့ သူမ ကျွန်တော့်ကိုမော့ကြည့်သည်။

“ နိုးလာပြီလား အစောကြီးရှိသေးတယ်လေ ပြန်အိပ်လိုက်ပါလား“

သူမကို ကျွန်တော် ပြုံး ပြလိုက်သည်။ လတ်ဆတ်ချိုမြိန်သည့်အပြုံးကလေးက သူမအတွက် နံနက်ခင်းလက်ဆောင်ဖြစ်နေ ပါလိမ့်မည်။ ပြီးတော့ ကျွန်တော် သူမကို ပြောဖြစ်လိုက်သည့် စကားတစ်ခွန်းက

“ပြန်အိပ်ရင် ဒီမနက်ခင်းအတွက် ကော်ဖီတွေ ဖြူအတွက် အေးစက်ကုန်လိမ့်မယ်လေ။ လာ ကို တို့ အတူတူ ကော်ဖီသောက်ရအောင်“

သူမ မျက်ဝန်းတွေ တောက်ပလင်းလက်လာသည်။ မယုံကြည်နိုင်သော မျက်ဝန်းတွေနှင့် ကျွန်တော့်ကိုကြည့်နေသည်။ နောက်မှ လှိုက်လှိုက်လှဲလှဲပြုံးကာ ကျွန်တော်ခေါ်ရာနောက် လိုက်လာခဲ့သည်။

စောစောတုန်းက သူမကို တိတ်တခိုးကြည့်နေရင်း  ကျွန်တော်ဖျော်ထားခဲ့သော ကော်ဖီနှစ်ခွက်က ပူပူနွေးနွေး အငွေ့တထောင်းထောင်းဖြင့်  ကျွန်တော်တို့နှစ်ဦးကို အသင့် စောင့်ကြိုနေခဲ့လေသည်။

မနက်ခင်း(၁)

ကော်ဖီခွက်ကို သူမ တမြေ့မြေ့ အရသာခံပြီးသောက်နေသည်။ သူ သိပ်ကြိုက်သည့် ကော်ဖီဖြစ်သည်မို့ အရသာခံသောက်နေခြင်းဖြစ်ကိုလည်း ကျွန်တော်သိသည်။ တိတ်ဆိတ်နေသော မနက်ခင်း၏ ကျွန်တော်တို့ ကော်ဖီဝိုင်းကလေးသည် ပစ္စခတ်အခြေအနေတွင် မည်သည့်အသံမျှ ထွက်မလာသေး။ တစိမ့်စိမ့်ကြည့်နေသော ကျွန်တော့်အကြည့်တွေကို သူမက မသိကျိုးကျွန်ပြုလျှက် ဆိတ်ဆိတ်နေသည်။ နောက်ဆုံးတွင် ကျွန်တော်ကပင် မနေနိုင်စွာဖြင့် စကားစရသည်။

“ဖြူ ကို့ကို တစ်ခုခု ပြောချင်မနေခဲ့ဘူးလား“

ဖြတ်ခနဲကြည့်လာသော သူမရဲ့ မျက်ဝန်းတွေကို ရုတ်တရက် ကျွန်တော် ရင်မဆိုင်ရဲစွာဖြင့် အကြည့်များကို တခြားတစ်နေရာသို့ လွဲလိုက်ရသည်။

“ဖြူက ဘာကိုပြောရဦးမှာလဲ ကို..။ အိမ်တွင်းပုန်း မိန်းမတစ်ယောက်ပီပီ ဘာစကားမှမပြောပဲ ရင်ထဲမှာ သိုဝှက်ထားလိုက်တာကမှ ဖြူ့အတွက် အများကြီး သက်သာရာရနေခဲ့တာလေ။ ခုချိန်ကျမှ ကိုက ဘာတွေကို ပြောစေချင်နေတာလဲ။ ဖြူပြောမှ ကို့အတွက် ခံစားရသက်သာစေချင်လို့လား ရတယ်လေ ဒါဆိုလဲ“

“နေဦး ဖြူ…။ ဘာခံစားမှုမှမရှိသလို စက်ရုပ်ဆန်ဆန် အပြုအမှုတွေကို ဖြူရပ်ပါတော့။ “

“အဲဒီ အပြုအမူတွေ ဖြူ စိတ်သဏ္ဍာန်မှာ ထင်ဟပ်လာပြီး အရိုးစွဲသွားအောင် ဘယ်သူလုပ်ခဲ့တာလဲ ကို..။ တကယ်တော့ ဖြူ ကသာ ခုချိန်ထိ ပေးဆပ်မှုတွေနဲ့သာ ကို့အနားမှာ ရှိနေခဲ့တာပါ။ သွားချင်ရာသွားပြီး အတောင်ညောင်းလို့ပြန်လာတဲ့ ့ ငှက်တစ်ကောင်ကို ကြည်ကြည်ဖြူဖြူ လက်ခံပြီး ပြန်ပြုစုနေရတာ ဖြူပါ။“

သူမ ဆက်ခနဲ ထ သည်။ ကျွန်တော်သည် ဆွံ့အစွာဖြင့် သူမကို ဘာမှပြန်မပြောနိုင်။ အမှားတွေ ကျွန်တော့်ဆီမှာ များနေခဲ့ပြီဆိုတာ သိလိုက်သည်က နောင်တနှင့်အတူဖြစ်သည်။

“ကော်ဖီတွေ အေးကုန်လိမ့်မယ် ကို။ ဖြူ့ကို ခွင့်ပြုပါဦး။ “

ခနဲ့တဲ့တဲ့ပြောသွားသည့် စကားလေလား ကျွန်တော် မဝေခွဲတတ်တော့။ ဤအခန်းလေးသည် စောစောတုန်းက အခြေအနေအတိုင်း ပြန်လည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ ကျွန်တော့်နှာခေါင်းဝတွင်တော့ စပယ်ရနံ့သည် ဝေ့ဝဲစွာကျန်ရစ်ခဲ့သည်။

မနက်ခင်း(၂)

စိမ်းစိုနေသော စပယ်ပင်တွေက တနံတလျား။ သည်စပယ်လမ်းလေးကို ကျွန်တော်မလျှောက်ဖြစ်သည်မှာ ဘယ်လောက်ကြာပြီလဲ။ စပယ်လမ်းဟု ကျွန်တော်ပဲ နာမည်ပေးခဲ့ခြင်းဖြစ်သည်။ စပယ်ပင်တွေကို သမရိုးကျမစိုက်ပဲ အလယ်တွင် လမ်းသွယ်လေး ထားပြီး ဘေးတစ်ဘက် တစ်ချက်ဆီမှာ စပယ်ပင်တွေကို စီစီရီရီဖြင့် ကျွန်တော်ပဲ စိုက်ပျိုးစေခဲ့တာဖြစ်သည်။ ဒါသည်ပင် သူမ အတွက် ကျွန်တော်ရဲ့ ချစ်သက်လက်ဆောင်ဆိုလည်း မမှားခဲ့။

သည်စပယ်လမ်းက စပယ်ပင်တွေ အဖူးကလေးတွေ စထွက်လာတော့ သူမသည် ကလေးငယ်တစ်ယောက်ပမာ မြူးထူးစွာ ပျော်ရွှင်နေခဲ့သည်။ အပွင့်ကလေးတွေဖြစ်လာတော့ အပ်ချည်ကလေးတွေဖြင့် သီကုံးက ခေါင်းမှာပန်ရင်း ပြုံးပြုံးကလေးရှိနေပုံက ကျွန်တော့်ရင်ဘတ်တွင် ခိုတွဲလာသည့် ချစ်ခြင်းပုံရိပ်တွေဖြစ်ခဲ့ရသည်။ တစ်ခါတစ်ခါ သူမပြောပြတတ်သည့်

“ဒီ စပယ်ပင်တွေကို ဖြူတော့ သိပ်ချစ်တာပဲ ကို။ ကို့ကိုလည်း ကျေးဇူးတင်တယ်။ ဟောဒီ စပယ်လမ်းကို ဖြူတို့ အမြဲပြုစုကြမယ်နော်“ ဆိုသည့် စကားတွေသည် ခုတော့ ကျွန်တော် ခေါင်းထဲတွင် ပျက်ပြယ်စပြုနေသော မီးခိုးတန်းသဖွယ်ဖြစ်နေသည်။ ဘာကြောင့်လဲဟု အခါခါ မေးခွန်းထုတ်ရင်း ကျွန်တော် ခြေတွေ လွန်ခဲ့ဖူးပါသည်။

ခုတော့ ကျွန်တော် စပယ်လမ်းတွင် လမ်းလျှောက်ဖြစ်ရပြန်သည်။ အပြိုင်းအရိုင်းဖူးပွင့်နေကြသော စပယ်ပင်ကလေးတွေ ကျွန်တော့်ကို ဆီးကြိုနေသလို ခံစားနေရသည်။ ချစ်ခြင်းသင်္ကေတအဖြစ် စိုက်ပျိုးခဲ့ပါသော စပယ်လမ်း။

“ဖေဖေ…ပြန်ရောက်နေတယ်…။“

အားရဝမ်းသာစွာဖြင့် နောက်ကျောဆီမှ ပြေး၍ဖက်လာသော သမီးငယ်ကို ကျွန်တော်အလိုက်သင့်ကလေး ထွေးဖက်လိုက်သည်။ ချစ်စွာသော သမီး၏ တင်းကျပ်စွာဖက်ထားသော လက်များတွင် နောက်ထပ် ထွက်ခွာသွားဦးမည်ကို စိုးရိမ်နေသေးသည်လား။

“ဖေဖေ ပြန်သွားဦးမှာလား ဟင်။ မသွားပါနဲ့တော့ ဖေဖေရယ်။ သမီးတို့နဲ့အတူတူနေပါနော်။ ဒီမှာ မေမေလဲ တစ်ယောက်တည်းရယ်။ ပြီးတော့…။“

မျက်ရည်ဥများ ခိုတွဲနေသော သမီး၏ မျက်ဝန်းတွေ။

“ပြီးတော့ မေမေ ဖေဖေ့ကို မျှော်လင့်နေခဲ့တာ ကြာခဲ့ပြီလေ“

“သမီးရယ်“

တင်းကျပ်စွာပြန်လည်ပြီး သမီးကို ပွေ့ဖက်လိုက်သည်။ သည်စပယ်လမ်းလေးကို ဖေဖေ ပြန်လျှောက်ချင်လို့ ပြန်လာတာပါလို့တော့ ကျွန်တော် မပြောဖြစ်ပါ။ အိမ်ကလေး၏ တစ်ခုသော ပြတင်းပေါက်က မျက်ဝန်တစ်စုံသည် ကျွန်တော့်တို့နှစ်ဦးကို ကြည့်နေခဲ့လေသည်။

စပယ်လမ်းကလေးသည် ကျွန်တော့်ကိုလည်း မျှော်လင့်နေခဲ့သည်ဟု ထင်မိလေသည်။

မနက်ခင်း(၃)

“ဖေဖေ ဒေါ်ခရစ္စတင်းနောက်ကို လိုက်သွားပြီဆိုတာ သိလိုက်တဲ့ နေ့က မေမေ ဒီစပယ်လမ်းလေးမှာ ဘာလုပ်နေခဲ့တယ်လို့ ဖေဖေ ထင်လဲ ဟင်“

သမီး၏ မေးခွန်းကို ကျွန်တော်မဖြေချင်။ အမှန်စင်စစ်တွင် ကျွန်တော် မဖြေနိုင်ဖြစ်နေခြင်းဖြစ်သည်။ ထိုမေးခွန်းကို ပြန်မဖြေပဲ စိတ်လွတ်ကိုယ်လွတ် ငေးချင်ရာငေးနေလိုက်သည်။ သည်တွင် သမီးက

“သမီးလေ မေမေကို ဟော ဒီ ဝရန်တာကနေ မျက်တောင်တစ်ချက်မခတ်ပဲ ကြည့်နေခဲ့တာပေါ့။ ဖေဖေ စိုက်ခဲ့တဲ့ စပယ်လမ်းက စပယ်ပင်တွေကို တစ်စစီ ခုတ်ပိုင်း ပစ်တော့မလားလို့ပေါ့။ ဘာလို့လဲဆိုတော့ မေမေ့လက်ထဲမှာ မြက်ရှင်းရင်သုံးတတ်တဲ့ ဖေဖေ့ဓါးကိုကိုင်ထားခဲ့လို့လေ“

သမီးက ဆွေးဆွေးမြေ့မြေ့လေးပြောပြနေသည်။ ကျွန်တော် ဆက်လက်ပြီးနားထောင်နိုင်စွမ်းရှိစေဖို့ မည်သို့မျှ ခွန်အားမရှိ။ သမီးက ဆက်ပြောသည်။

“ဒါပေမယ့် မေမေ ဘာမှမလုပ်ခဲ့ပါဘူး။ စပယ်ပင်တွေနားမှာ ပုဆစ်တုတ်လေးထိုင်ပြီး ရှိုက်ငိုနေခဲ့တာလေ။ မေမေ့ဆီကို သမီးပြေးလာခဲ့ပြီး ထွေးဖက်ခဲ့တယ်။ မေမေကို အားပေးနှစ်သိမ့်ဖို့အတွက် အဲဒီအချိန်တုန်းက သမီးဆီမှာ ဘာ စကားလုံးမှ ရှိမနေခဲ့ဘူး ဖေဖေ။“

ခရစ္စတင်းနှင့် ကျွန်တော် ပျော်ခဲ့ကြသည်။ မည်မျှလောက်ထိလဲဆိုလျှင် သံယောဇဉ်တွေကို ကျွန်တော်မေ့လောက်တဲ့အထိ။ ပြီးတော့ ခိုင်မြဲပါလှပါသည်ဆိုသော သူမနှင့် ကျွန်တော့်ကြားက ချစ်ခြင်းသစ္စာတွေ ပျက်ယွင်းစေခဲ့သည့်အထိ။ ချစ်ခြင်းလက်ဆောင်အဖြစ် စိုက်ပျိုးခဲ့ပါသော ကျွန်တော့်ရဲ့ စပယ်လမ်းကလေးကို မမြင်နိုင်တော့သည့်အထိ။

ကျွန်တော်နှင့် သူမကြားမှာ အေးစက်ခြင်းတွေ အပြည့်ဟု ထင်မှတ်မှားသည့်နေ့မှ စ၍ ခရစ္စတင်းသည် ကျွန်တော့်ဘဝထဲရောက်လာခဲ့သည်။ စွဲမက်ဖွယ်ကောင်းသော ကောက်ကြောင်းများနှင့် ညို့ဓါတ်ပြင်းလွန်းလှသော ခရစ္စတင်း၏ အလှနှင့် အပြောချိုချိုသည်  ထိုအချိန်တုန်းက ပင်လယ်ပြင်တွင် ရွက်လွှင့်သွားရသလို ငြိမ့်ငြိမ့်ညောင်းညောင်းနိုင်သလို ခံစားရသည်။ နောက် ပြင်းပြင်းရှရှ ခံစားရသည်။

သူမဆီက ရခဲ့ဖူးသော အနမ်းတွေက ထိုအချိန်တွင် အေးစက်ထုံထိုင်းသလိုမျိုး။ ခရစ္စတင်းဆီက ကျွန်တော်ရသော အနမ်းတွေကျတော့ ကျွန်တော့် သွေးသားသောင်းကျန်းမှုတွေကြောင့်ထင် နွေးထွေးလှိုက်လှဲနေခဲ့ပြန်သည်။

နောက်ဆုံးတွင် ခရစ္စတင်းနောက်ကို ကျွန်တော်လိုက်ခဲ့သည်။ ဘာဆိုဘာမျှ ကျွန်တော့်မြင်ကွင်းထဲတွင်ရှိမနေခဲ့တော့။ ခရစ္စတင်းသည်သာ တစ်ကမာ္ဘဖြစ်ပြီး ရမ္မက်စေရာနောက် ကောက်ကောက်ပါအောင်လိုက်ပါသွားခဲ့သော သားကောင်ပမာ ကျွန်တော် မိုက်မဲခဲ့လေသည်။

“ဖေဖေတို့ ပွဲစားလောကက စကားသံတွေကြောင့် ဖေဖေနဲ့ ဒေါ်ခရစ္စတင်းတို့ရဲ့အကြောင်းတွေ မေမေ သိနေခဲ့တာ သမီး သိနေတယ်။ ညတိုင်း မျက်ရည် ခိုးခိုးကျနေတာလဲ သမီးသိတယ်။ သိပ်ကိုလှပပြီး ရဲတင်းတဲ့ ဒေါ်ခရစ္စတင်းအကြောင်းတွေကိုလဲ မေမေ သိနေနှင့်ခဲ့တယ်။ ဒေါ်ခရစ္စတင်းကို  မေမေ စမြင်တဲ့နေ့က မှတ်ချက်တစ်ခုချခဲ့တာ သမီး ကြားခဲ့ရတယ်။ သမီးဖေဖေ သဘောကျမယ်ဆိုရင်လဲ မေမေ ဘာမှပြောစရာမရှိတဲ့ အလှမျိုးကိုပိုင်ဆိုင်ထားတဲ့ မိန်းမတစ်ယောက်ဖြစ်နေလို့ မေမေ ကျေနပ်လိုက်တော့မယ်တဲ့“

“တော်ပါတော့ သမီးရယ်။ ဖေဖေ ခု ပြန်ရောက်လာခဲ့ပြီလေ။ ဖေဖေ့မှာ အမှားတွေအပြည့်နဲ့ပါ။ နောက်ထပ် သမီးနဲ့ သမီးမေမေကို ဖေဖေမခွဲသွားတော့ပါဘူး။ ဖေဖေ စပယ်နံ့ကို လွမ်းနေခဲ့မိတာ ကြာခဲ့ပြီလေ။ ခံစားမှုတွေကို သိပ်မပြတတ်တဲ့ သမီးမေမေကို ဖေဖေ နားလည်သွားပြီ။ ဖေဖေတို့ယောကျာ်းတွေဟာ အအေးချည်းပဲသောက်နေရတော့ အပူကို တလှည့် သောက်ချင်စိတ်ကြောင့် ပြောင်းလဲသောက်သုံးခဲ့တယ်လို့ သမီးနားလည်ပေးပါ သမီး။ ခု ဖေဖေသိလိုက်ပြီ။ ဖေဖေ အပူမကြိုက်ဘူး။ အအေးကိုပဲ ကြိုက်နေခဲ့တာ သမီး…။ “

သမီးသည် ပြုံး၏။ ကျွန်တော့်အနား တိုးကပ်လာသည်။

“ဒါဆိုရင်လဲ မေမေ့နားသွားပြီး ဖေဖေ့အမှားတွေ ဝန်ချတောင်းပန်ပါတော့လား ဖေဖေရယ်။ မေမေ စောင့်နေတာ ကြာခဲ့ပြီလေ…ဖေဖေရဲ့“

ကျွန်တော့်ခြေလှမ်းတွေ သမီးစကားဆုံးသည်နှင့် ဦးတည်ရာ သတ်မှတ်မထားပါဘဲ ခပ်သွက်သွက်ကလေး လျှောက်လှမ်းနေမိသည်။

သူမ ဘယ်မှာလဲကွယ်…။

မနက်ခင်း(၄)

ရေမှုန်ရေမွှားတွေ စပယ်ပင်ထက်မှာ တဖွဲဖွဲကျနေသည်။ မနက်ခင်း၏ လတ်ဆတ်သော လေသည် တည်ငြိမ်လျှက်။ အဖြူရောင်ကို နှစ်သက်လှသော သူမက ယနေ့မနက်တွင်လည်း အဖြူရောင် ရင်စေ့အကျီကလေးနှင့် လှပနေသည်။ တည်ငြိမ်ရင့်ကျက်လှသော သူမ၏ အသွင်နှင့်ယှဉ်လျှင် ခရစ္စတင်းသည် နောက်ကျကျန်ခဲ့ပေပြီ။ စပယ်ပင်ကို တယုတယရေလောင်းနေသော သူမက ကျွန်တော် သူမနောက်ကျောဆီတွင်ရောက်နေသည်ကို သတိမထားမိခြင်းလား။ သို့မဟုတ် မသိကျိုးကျွန်ပြုခြင်းလား။

“ဖြူ“

သူမ လှည့်ကြည့်မလာပါ။

“ကို တောင်းပန်ပါတယ်ကွာ။ ကို့ အမှားတွေအတွက် နောင်တတွေနဲ့တောင် မလုံလောက်အောင်ဖြစ်နေခဲ့တယ်။ ခု ကို ဖြူနဲ့ သမီးလေးအတွက် ပြန်လာခဲ့တာ ဖြူ လက်ခံပေးမယ် မဟုတ်လား“

ဖြည်း ညင်းစွာလှည့်ကြည့်လာသော သူမ၏ မျက်ဝန်းတွေမှာ မျက်ရည်ကြည်တွေနှင့်။

“ဖြူက ဘယ်တုန်းကမှ ကို့ကို မလာခဲ့နဲ့လို့ မပြောခဲ့ပါဘူး ကို။ သမီးလေးအတွက် ပြီးတော့ ဖြူ့အတွက် ကို ဟာ လောကမှ အလိုအပ်ဆုံး လူသားတစ်ယောက်ပါ။ ခင်ပွန်းတစ်ယောက်ပါ။ သမီးအတွက် အဖေတစ်ယောက်ပါ။ ဒီမှာကြည့်လေ ကို့ရဲ့ စပယ်လမ်းလေးကို ဖြူ ခုထိ ပြုစုယုယနေတာ ဘာကြောင့်လဲလို့ ကို ပဲ စဉ်းစားကြည့်..။ ဒါဆိုရင် ဖြူစိတ်ထဲမှာ…“

ကျွန်တော် ဘာမှမပြောနိုင်တော့ပါ။ ထိုအချိန်တွင် သမီး ရောက်လာခဲ့သည်။

“ဖေဖေနဲ့ မေမေအတွက် သမီး ဟောဒီ ကဗျာလေး လက်ဆောင်ပေးချင်တယ်။ သမီးဖတ်ပြမယ်နော်။ သမီး သိပ်ကြိုက်တဲ့ ကဗျာလေးပေါ့။ “

သူမက သမီးကို ပြုံးပြုံးလေးကြည့်လျှက် ခေါင်းငြိမ့်ပြသည်။

သမီး၏ ချိုသာသော အသံလေး စတင်ထွက်ပေါ်လာသည်။

“ ခေါင်းစဉ်ကလေးက စပယ်တဲ့

အဖြူရောင် ရနံ့စစ်စစ်နဲ့

        ယဉ်ယဉ်လေး ပွင့်ခဲ့တယ်..။

        အဖိုးသားနားဖို့ဆို

        အရောင်တောက်ပဖို့မလိုဘူး

        အနံ့စူးရှဖို့မလိုဘူး

        ရိုးသားဖို့ဘဲလိုတယ်…..။

တဲ့….။“

သမီးသည် ကျွန်တော်နှင့် သူမကို  စိုက်ကြည့်ပြီး ပြုံးနေသည်။ ကျွန်တော်က သူမကိုကြည့်တော့ သူမကလည်း ကျွန်တော့်ကို ပြန်ကြည့်သည်။ ထိုအကြည့်များထဲတွင် စပယ်လမ်းလေးသည် ဖြောင့်ဖြူးလျှက်ရှိနေသည်ကိုု ကျွန်တော် တွေ့လိုက်မိသည်..။

သော်ဇင်(လွိုင်ကော်)

Date-23th-Feb-2013

Time-09:47PM

ဝန်ခံချက်။       ။ ကျွန်တော်၏ ကျွန်တော့်ရင်ဘတ်နှင့် နီးသော စပယ်လမ်း ဝတ္ထုထဲတွင် ကဗျာဆရာ လွတ်လပ်လင်းအိမ်၏ “လရိပ်နဲ့ရက်တဲ့ကဗျာ၊ ကဗျာနဲ့ရက်တဲ့ လရိပ် “ ခေတ်ပေါ်ကဗျာများ စာအုပ်မှ “စပယ်” ဟုအမည်ရသော ကဗျာအား ယူသုံးထားပါသည်။

 

4 comments

  • อดีต ปัจจุบัน อนากต အပြုသဘောဆောင်တဲ့ mobile

    February 25, 2013 at 11:35 am

    အဖြူရောင် ရနံ့စစ်စစ်နဲ့

    ယဉ်ယဉ်လေး ပွင့်ခဲ့တယ်..။

    အဖိုးသားနားဖို့ဆို

    အရောင်တောက်ပဖို့မလိုဘူး

    အနံ့စူးရှဖို့မလိုဘူး

    ရိုးသားဖို့ဘဲလိုတယ်…..။
    ကဗျာလေးကို ကူးယူထားလိုက်ပါသည်။
    ဝတ္ထုလေးကို လည်းကြိုက်ပါသည်………

  • ခိုင်ဇာ

    February 26, 2013 at 8:51 am

    အင်း။
    ဆရာ့လက်ရာတိုင်းက ဖတ်လို့ ကောင်းတယ်။
    ကျန်တာတွေးမိတာကတော့ မိန်းမတွေဘဝများ အတော်ထိန်းချုပ်ရတာများတာပါလားလို့ရယ်။
    – မိရိုးဖလာစောင့်စည်းမှု
    – မယားဝတ္တရား
    – ပတ်ဝန်းကျင်အသိုင်းအဝိုင်း
    – သားသမီးသံယောဇဉ်
    – ပင်ကိုယ် စိတ်အားငယ်တတ်မှု
    တောက်!!!

    ဟီး။ ကျနော်သာဆို ပြန်လက်ခံဖြစ်မယ် မထင်ဘူးလို့ စဉ်းစားမိလို့ပါ။ :mrgreen:

  • Wow

    February 26, 2013 at 2:30 pm

    ဖြူလဲလေ.. ကိုယ်မရှိတုံး တစ်ခါထဲဘာာာ ဆိုရင် သေဘီ.. :mrgreen:

    • MaMa

      February 27, 2013 at 8:54 am

      ခေတ်တွေ ကွာခြား ပြောင်းလဲလာသလို…..
      မိန်းကလေးတွေရဲ့ အတွေးအခေါ်အပြုအမူတွေလည်း ပြောင်းလဲလာတယ်လို့ မြင်မိတယ်။

      ကျမတို့အမေတို့ ခေတ်တုန်းက အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်ဟာ အိမ်ထောင်ပျက်မှာကို သေမလောက်ကြောက်ကြသလို…
      အိမ်ရှင်မတွေဟာ သားကို သခင်၊ လင်ကို ဘုရား ဆိုသလို နေခဲ့ကြရတယ်။

      ခုခေတ်မှာတော့ အဲလို အိမ်ထောင်ဖက်မျိုး ရှာနေရင် ထမင်းထုပ်သိုးသွားလိမ့်မယ်။

      မိန်းကလေးတွေ ပညာတတ်လာ၊ စီးပွားရှာလာနိုင်တာနဲ့အမျှ…… အတွေးအခေါ်တွေလည်း ခေတ်ရေစီးကြောင်းနဲ့လိုက်ပြီး ပြောင်းလဲသွားတာမို့…..
      ခိုင်ဇာနဲ့ Wow ပြောတာတွေကို ထောက်ခံလိုက်ပါတယ်။

Leave a Reply