သမီးလေးရေ…အပိုင်း(၂)

johnnydeerFebruary 28, 20131min1156

ဒီပုံလေးပဲထပ်တင်လိုက်တယ်နော်...

 

သမီးလေးရေ…..

သမီးလေးက အခု ငယ်သေးတယ်နော်…စာလဲ မဖတ်တတ်သေးဘူး…ဒါပေမယ့် သမီးလေး သိတတ်တဲ့ အချိန်…အရွယ်ရောက်တဲ့ အချိန်ဆိုရင် ဖတ်ဖို့ ဖေဖေရေးထားတာပါ…သမီးလေး အရွယ်ရောက်လာရင် ဘာပဲဖြစ်ဖြစ် ဖေဖေတို့က မမှားသင့်တာ မမှားရအောင် ပြောဆိုဆုံးမရတော့မယ်…ဆူသင့်ဆူထိုက်ရင်လဲ ဆူရတော့မယ်…သမီးလေးကောင်းဖို့ ဆူရ..ပြောရမှာပါ သမီးလေးရေ…ဖေဖေကလဲ ဘယ်ဆူချင်မှာလဲ နော်…အဲ့ဒီအချိန်ရောက်ရင် သမီးလေးက တချိန်လုံး ဆူနေတာပဲ…မချစ်ကြဘူးနဲ့တူတယ်ဆိုပြီး ဖေဖေ့ကို စိတ်ဆိုးလိမ့်မယ်…အဲ့ဒီအချိန်ကျမှ ဒီစာကို ဖတ်ပါ သမီးလေးရေ…သမီးလေးကို ဖေဖေ ဘယ်လောက်တောင်ချစ်သလဲ ဆိုတာ ရေးထားတာပါနော်…

သမီးလေးရေ…

သမီးလေး တစ်နှစ်ပြည့်ခါနီးတော့ အစားအစာကျွေးရင် သိပ်မစားတော့ဘူး…ထမင်းတလုပ်တလုပ် ကျွေးဖို့ တော်တော့်ကို ကျွေးယူရတယ်…ခွန့်လိုက်တဲ့ ထမင်းလုပ်ကိုလဲ မြိုမချပဲ ပါးစပ်ထဲပဲ ငုံထားတော့တယ်…အားဆေးတွေလဲ ဖေဖေတို့ အစုံ တိုက်ပါတယ်…ဒါပေမယ့် ဝမလာဘူး…ဆံပင်လေးတွေကလဲ ပါးပါးလိုက်လာတယ်…ပေါင်ချိန်ကလဲ ကျလာတယ်…ရှစ်လသမီးလောက်တုန်းက ရိုက်ထားတဲ့ ဓာတ်ပုံနဲ့ ယှဉ်ကြည့်လိုက်တော့ တော်တော့်ကို ပိန်နေတာတွေ့တော့ မဟုတ်ချေဘူး  ဆိုပြီး ပြေးပေါ့…ကလေးဆရာဝန်ဆီ…ပထမ ကလေးဆရာဝန်က အားဆေးပဲတိုက်ပါ…ဘာမှမဖြစ်ပါဘူးပဲပြောတယ်…ဒါပေမယ့် ဒီတစ်ခါတော့ ဖေဖေတို့နပ်သွားပြီ… ဆရာဝန်သုံးယောက် ဆက်တိုက်ပြပြီး နှစ်ယောက်က တီဘီဆေး ခြောက်လသောက်ပါလို့ ပြောတာ အတည်ယူပြီး တိုက်ရပြန်တယ် တီဘီဆေးကို…ဒီဆေးက အချိန်မှန် တိုက်ရတယ်…တရက်မှ ပျက်လို့မရဘူးလို့ပြောထားတော့ သမီးလေးကို ဇွတ်တိုက်ရတာပေါ့…ဇွတ်တိုက်မှန်းသိတော့ သမီးလေးက ဆေးတိုက်ချိန်ဆို တအားငို…ဖေဖေနဲ့မေမေက ဇွတ်တိုက်နဲ့ ခြောက်လလုံးလုံး တကယ့်ကို စိတ်ဆင်းရဲစရာကြီး…မနက် ရှစ်နာရီတိုင်းတိုက်နေကြဆိုတော့ မနက် ရှစ်နာရီရောက်မှာတောင် ကြောက်နေမိတော့တယ်…ဒါပေမယ့် တော်သေးတာပေါ့…ခြောက်လပြည့်တော့ ပြန်စစ်လိုက်တော့ ဆက်တိုက်စရာ မလိုတော့လို့…ကောင်းသွားပြီတဲ့…

သမီးလေးရေ…

တစ်နှစ်ပြည့်ခါနီးထိ သမီးလေးကို နာမည် ရွေးလို့မရသေးဘူး…နှစ်ဘက်အမျိုး ရှိသမျှလူကုန် ပေးလိုက်ကြတဲ့ နာမည်…နာမည်ပေါင်းကို စုံသွားတာပဲ…ပိုးကလေးလို မွေးခဲ့ရလို့ သမီးဖွားဖွားက ပိုးဥတဲ့…တနလာင်္သမီးလေးမို့လို့ က..ခ..ဂ…ဃ…င…နဲ့စပြီး ငွေပိုးဥတဲ့…သမီးကြီးကြီးက ရှင်ဂွမ်းဂွိတဲ့…ဒါပေမယ့် မပေးဖြစ်လိုက်ဘူး…သမီး ဘဘကြီး ပေးတဲ့ ဂွမ်းဖြူစင် ဆိုတဲ့ နာမည်လေးပဲ အတည်ဖြစ်သွားတယ်…သမီးလေးကတော့ ဘယ်သူမှ သင်မပေးလိုက်ရဘူး…စကားပြောရင် ပိုးပိုးကလေ…ပိုးပိုးကလေနဲ့…တပိုးထဲပိုးနေတော့တာပဲ…တမိသားစုလုံးက စိတ်လိုလက်ရ ရှိတဲ့အခါဆို ပိုးပိုးရေလို့ ခေါ်တတ်ကြပြီး သမီးလေး ပေါက်တတ်ကရတွေ လုပ်နေပြီဆိုရင် ဂွမ်း..ဖြူ..စင် ဆိုပြီး ဒေါသသံနဲ့ ခေါ်တတ်ကြတော့ သမီးလေးက ဒီ ဂွမ်းဖြူစင် ဆိုတဲ့ နာမည် ကြားလိုက်ရရင် ငယ်ငယ်တုန်းက မျက်နှာကြီး မဲ့မဲ့သွားတတ်သေးတယ်နော်…အခုတော့  ပိုးပိုးတွေကော…ရွှေပိုးတွေကော…ချစ်ပိုးတွေကော…ချီးပိုးတွေကော…ရှင်ဂွမ်းတွေကော…ဂွမ်းဂွိတွေကော…ခေါ်လိုက်ကြတာမှ အစုံပါပဲ…ဒီကြားထဲ မူကြိုမှာ ကောင်လေးတစ်ယောက်က ဂွမ်းလေးကို ချစ်တယ်…ဂွမ်းလေးကို ချစ်တယ်နဲ့ အော်နေတာနဲ့  ဖေဖေတောင် ဒေါသထွက်ခဲ့ရသေး…သမီးထိ ဒါးကြည့်ဆိုတဲ့ အဖေများဖြစ်နေပြီလား မသိ…

သမီးလေးရေ….

မူကြို ဆိုတာနဲ့ မူကြိုစထားတဲ့ အကြောင်းလေး ပြောရဦးမယ်…ဖေဖေငယ်ငယ်တုန်းကလဲ မူကြိုမနေခဲ့ဘူး…ဒါပေမယ့် သမီးလေး လူတွေနဲ့ ပေါင်းသင်းတတ်အောင်ရယ်…လူတွေကို မကြောက်တတ်အောင်ရယ်ကြောင့် မူကြို ထားဖြစ်သွားတယ်…ပထမဆုံးရက်…သမီးလေး ငိုလိုက်တာ…ပို့ပြီးပြန်သာလာခဲ့ရတယ်…စိတ်ထဲကို မကောင်းဘူး…အပြန်ကြိုချိန်ရောက်တော့ ဖေဖေလေ…မူကြို ဆင်းချိန်ထက် တစ်နာရီလောက်စောပြီး မူကြိုရှေ့မှာ သွားစောင့်နေမိတယ်…မူကြိုဆင်းတော့ သမီးလေး မျက်နှာလေးမဲ့နေတော့ မူကြိုထားတာ မှားများမှားသွားပြီလားလို့တောင် စိတ်ထဲ ထင်မိသေးတယ်…ညကျတော့ ပိုဆိုးတာပေါ့ သမီးလေးရေ…သမီးလေးအိပ်ပျော်နေရင်း အိမ်မက်မက်တာ နေမှာပေါ့…အိပ်နေရင်း ည ၁၁နာရီကနေ ညတစ်နာရီထိ ရှိုက်ရှိုက် ငိုနေလိုက်တာ…ဖေဖေကော…မေမေကော သမီးလေးကိုကြည့်ပြီး သနားလွန်းလို့ ဘယ့်နှယ်လုပ်ကြမလဲဆိုပြီး ညကြီးထပြီး တိုင်ပင်မိကြတယ်…တော်သေးတာပေါ့..သမီးလေးရေ…သမီးလေးက ၃ ရက်လောက်ပြီးတော့ မူကြိုမှာ ပျော်သွားလို့…ဒီတော့မှ ဖေဖေကော…မေမေကော…သက်ပြင်းချနိုင်တော့တယ်…

သမီးလေးရေ….

သမီးအကြောင်းရေးရရင်တော့ တထောင့်တည ပုံပြင်ထက်တောင် ရှည်သွားမလားမသိဘူး…သမီးကတော့ သိမှာမဟုတ်ဘူး…ဖေဖေကတော့ သမီးလေး အိပ်နေရင် သမီးလေးမျက်နှာနားကို ကပ်ပြီး သမီးလေး ရှုထုတ်လိုက်တဲ့ လေ လေးကို ပြန်ရှုရတာ တအားအရသာ ရှိတာပဲ…တကယ့်ကို ဘာနဲ့မှ မလဲနိုင်ဘူး…ပြီးတော့ သမီးလေးက အိပ်တာ ဖေဖေနဲ့တူတယ်…အိပ်ပျော်ဖို့ တအားခက်သလို ပျော်သွားရင်လဲ  နိုးဖို့ တအားခက်တယ်…ရိုးရိုးသိပ်… အိပ်မပျော်ဘူး…ကားနဲ့သိပ်… ဒါလဲမရဘူး…နောက်ဆုံး ဆိုင်ကယ်နဲ့ ပိုးသိပ်မှပဲ အိပ်ပျော်တော့တယ်…နောက်တော့ အဲ့ဒါကြီးက အကျင့်ပါသွားပြီး ဆိုင်ကယ်နဲ့ပဲ အမြဲ ပိုးသိပ်ရတော့တယ်…တရက်ကျတော့ သမီးအမေက ဟိုတယ်ကနေ ပိုးသွားပြီး အိမ်မှာ သွားသိပ်ထားလိုက်တယ်တဲ့…ဖေဖေကတော့ အစိုးရိမ်ကြီးတတ်တဲ့သူဆိုတော့  ပေါ်မလာပေါ်မလာနဲ့ တမျှော်မျှော်နဲ့ပေါ့…နောက်ဆုံး ဘယ်လိုမှ နေလို့မရတာနဲ့ ဆိုင်ကယ်ထုတ်ပြီး တလမ်းဝင် တလမ်းထွက် လိုက်ရှာနေမိတယ်…တကယ့်ကို အရူးကြီး တစ်ယောက်လိုပါပဲ…အော်…စိတ်ပူလိုက်ရတာတွေ…အခုတော့  မျှော်ပြီး စိတ်ပူမနေချင်တော့တာနဲ့ ကိုယ်တိုင်သမီးကို ပိုးပြီး ဆိုင်ကယ် စီးနေတော့တယ်…သူများတွေကတော့ ကလေးကြီးပိုးပြီး ဆိုင်ကယ်စီးနေတာကို အထူးတဆန်း ကြည့်ကြည့် သွားတတ်တယ်…ရှက်မနေတော့ပါဘူးနော့…ကိုယ့်သမီးကို ပိုးတာပဲကို…

သမီးလေးရေ….

သမီးလေး လမ်းလျှောက်တတ်တဲ့ အရွယ်ရောက်တော့ တတောက်တောက်နဲ့ တချိန်လုံး လျှောက်သွားနေတော့ ကားတွေ ဆိုင်ကယ်တွေ တိုက်မှာ စိုးလို့ တချိန်လုံး မျက်စိဒေါက်ထောက် ကြည့်နေရတာပေါ့…တရက်ကျတော့ ဖေဖေရယ်…မေမေရယ်…သမီးလေးရယ်…ခြံနဲ့ဝင်းနဲ့ ဆိုင်တဆိုင် သွားစားကြတယ်…သမီးမေမေက အိမ်သာ သွားလိုက်ဦးမယ် ဆိုပြီး ထ သွားတယ်…သမီးလေးကလဲ နောက်ကလိုက်သွားတယ်…သမီးမေမေက သမီးလေးလိုက်သွားတာ မသိလိုက်ဘူး…ဖေဖေကလဲ သမီးမေမေ သိတယ်ထင်ပြီး နောက်က လိုက်မသွားမိဘူး…၁၅ မိနစ်လောက်ကြာတော့ သမီးမေမေ တစ်ယောက်ထဲ ပြန်လာတော့ သူကော…ဖေဖေကော ပြိုင်တူ…ကလေးကော..ဆိုပြီး မျက်လုံးတွေကိုပြာသွားတာပဲ…ရင်တဒိန်းဒိန်းနဲ့ တခြံဝင်းလုံး အမောတကော နှစ်ယောက်သား ပတ်ရှာလိုက်ရတာ…နောက်ဆုံးမှ အိမ်သာခန်းတခန်းထဲမှာ ရေဝင်ဆော့နေတဲ့  သမီးလေးကိုတွေ့ရတယ်…ဖေဖေတို့မှာ သမီးလေး ပျောက်သွားပြီလားလို့ တကယ့်ကို ပြာတောက်သွားတာပဲ…အော်..မီး…မီး…မီး တကယ့် သံယောဇဉ်မီးနော်…

သမီးလေးရေ….

သမီးလေးကို ဒီလို စာတွေ ဘာလို့ ရေးနေတာလဲ…ရေးရတာလဲ ဆိုတာလဲ ဖေဖေပြောပြဦးမယ်နော်…သမီးလေးမေမေ့ဘက်က အဖိုးအဖွားတွေဆီ သမီးလေးတို့ သားအမိသွားလည်ကြတဲ့ အချိန်ကပေါ့…ဖေဖေတစ်ယောက်ထဲ ကျန်ခဲ့တယ်…သမီးလေးတို့ ပြန်လာခါနီး တစ်ရက်အလို မှာပေါ့…ဖေဖေလေ…ဘာအစားမှ မမှားပဲ ဝမ်းလျှောတာ…ဘယ်လောက်တောင် လျှောလိုက်သလဲဆို ည ၁ဝ နာရီလောက်ရောက်တော့ အခါ ၂ဝ လောက်ရှိသွားပြီ…ဘယ်လို ဆေးသောက်သောက် လုံးဝမရပ်ဘူး…ည ၃ နာရီလောက်ရောက်တော့ အခါ ၅ဝ ကျော်သွားပြီး တကယ့် အဆိုးဆုံး အခြေအနေ ရောက်သွားပြီ…အန်တာတောင် အိမ်သာကြွေခွက်တည့်အောင် မအန်နိုင်တော့ဘူး…..မျက်လုံးတွေလဲ ပြာနေပြီ…ဘာဆို ဘာမှ မမြင်ရတော့ဘူး…လမ်းတောင်မလျှောက်နိုင်တော့ဘူး…ငါတကယ် သေတော့မယ်ထင်တယ် လို့တွေးယူမိတဲ့ အခြေအနေထိ ရောက်သွားပြီ…ရင်ဘတ်ထဲက နှလုံးခုန်သံကလဲ ဘယ်လောက်တောင်ပြင်းသလဲ ဆိုရင် အပြင်တောင် ပေါက်ထွက်မတတ်ပဲ…ဖေဖေ့ဘဝမှာ တခါမှ ဒီလောက်ကြီး မဖြစ်ဖူးဘူး…သေခြင်းတရားဆိုတာ လက်တကမ်းမဟုတ်တောင် လှမ်းမြင်ရနိုင်တဲ့ အနေအထားပေါ့…ဖေဖေ..သမီးလေးမျက်နှာကို မြင်ယောင်ကြည့်တယ်…ဝေဒနာက ခန္ဒာကို ဘယ်လောက်တောင် နှိပ်စက်လိုက်သလဲဆိုတာ…ကိုယ့်အချစ်ဆုံး သမီးလေးမျက်နှာကို မြင်ကြည့်တာ ဘယ်လိုမှ ပုံဖော်လို့မရဘူး…နောက်ဆုံး…ငါသေရင်တောင် မနက်ဖြန် ပြန်ရောက်မယ့် ငါ့ သမီးလေး မျက်နှာကို တဝကြီးကြည့်ပြီး ငါ့အသည်းထဲ…မျက်စိထဲမှာ စွဲသွားအောင် ကြည့်ပြီးမှ ငါသေမယ် လို့ ဆုံးဖြတ်ပြီးမှ နေလို့ နည်းနည်းလေး သက်သာသွားတယ် သမီးလေးရေ…ဖေဖေ့ ဘဝရဲ့ အဆိုးဆုံး ဆိုတဲ့အချိန်တွေကို သမီးလေးဆိုတဲ့ အားနဲ့မှ တကယ့်ကို ကျော်ဖြတ်နိုင်ခဲ့ရတာပါ…သမီးလေးရေ…

သမီးလေးရေ….

အဆိုးဆုံးဆိုတာကို ကျော်ဖြတ်နို်င်ခဲ့ပေမယ့် ဖေဖေ သေခြင်းတရားဆိုတာကိုတော့ ကောင်းကောင်းကြီး သဘောပေါက်ခဲ့ရတယ်…သေခြင်းတရား ဆိုတာ ကွေးသောလက်မဆန့်မှီ…ဆန့်သောလက် မကွေးမှီ…သေသွားနိုင်တယ်…သေဖို့အတွက် ကိုယ်ဟာ အဆင်သင့်ရှိနေရမယ်ဆိုတာကို ဖေဖေကောင်းကောင်း လက်ခံတတ်သွားတယ်…ဒါကြောင့် သမီးလေး အရွယ်မတိုင်ခင် ဖေဖေများ အကြောင်းတစုံတရာကြောင့် လောကမှာ မရှိခဲ့တော့ဘူးဆိုရင် သမီးမှာ သမီးကို သိပ်ချစ်ခဲ့တဲ့ အဖေတစ်ယောက် ရှိခဲ့တယ် ဆိုတာ သမီးသိစေချင်လို့ ဖေဖေ ရေးထားတာပါ သမီးလေးရေ…

 

6 comments

  • ခိုင်ဇာ

    February 28, 2013 at 7:52 am

    ဗျို့။
    အစ်ကိုကြီးရဲ့ “သမီးလေးရေ” ဖတ်ပြီး
    ကျနော့ အဖေကို သတိရသွားပြီဗျ။

    :byae:

  • ဦးကြောင်ကြီး

    February 28, 2013 at 8:59 am

    သမီးလေး
    ငါးကျီးကျွေး
    ခရီးဝေး
    အဟီးတွေး… :kwi:

    • မောင် ပေ

      February 28, 2013 at 7:14 pm

      အဟီးတွေး
      မီးမွှေး
      ဆီးဆေး
      တစ်နည်းပေး
      သမီးလေး

  • mamanoyar

    February 28, 2013 at 10:41 am

    johnnydeer တို့မိသားစု ပျော်ရွှင်ကျန်းမာပါစေရှင်
    ပိုးပိုးလေးက ချစ်စရာလေးနော်

  • ဗုံဗုံ

    February 28, 2013 at 12:08 pm

    သမီးလေးက ချစ်စရာလေးဘဲ ပျော်ရွင်ချမ်းမြေ့ပါစေရှင် 🙂

  • kai

    March 1, 2013 at 4:19 am

    ဟာရေး..
    သူ့အသက်နဲ့..အဲလိုရေးတော့.. သမီးတယောက်ထဲရှိတဲ့ကျုပ်မှာ.. ဘယ်သွားနေရမှန်းတောင်မသိ..
    သေဖို့အကြောင်းပြောတာ…ပြောပါဒယ်.. :buu:

Leave a Reply