တရုတ်နှစ်သစ်ကူး ပြီး ပေါ့။

ဒီရာသီက အလုပ်ပြောင်းအရွှေ့လုပ်ကြတဲ့ အချိန်ဖြစ်နေပြီ။ ဒီလို အလုပ်အပြောင်းအရွှေ့တွေက ကိုယ်နဲ့ မဆိုင်သလို နေခဲ့ရတာ အတော်ကြာပြီရယ်။ ကိုယ့် ဘိုးတော်ကြီးကို ချစ်တာရယ်၊ အလုပ်မှာ ပျော်တာရယ်၊ အင်တာဗျူးတွေ မဖြေချင်တာရယ်၊အလုပ်သစ်တစ်ခုပြောင်းရင် ရမဲ့ ဖိစီးမှုတွေကို မယူချင်တာရယ် နဲ့ ဒီတစ်လုပ်ထဲမှာ အပျင်းကြီးနေတာ။ ကိုယ့်သဘောဖြစ်နေတဲ့ နေရာလေးက မရွှေ့ချင်တာလည်း ပါတာပေါ့လေ။

မန်းလေးတုန်းကတော့ ဘာအလုပ်မှကို မလုပ်ဖူးတာ။ အလုပ်ဝင်မယ်လို့ စဉ်းစားပြီး အင်တာဗျူးဖြေရမဲ့နေ့မှာ အဲ့ လမ်းထိပ်က စမူဆာသုပ် ဆိုင်မှာ ထိုင်ရင်း အင်တာဗျူးဖြေရမှာ ကြောက်လို့ သေချာပေါက်ဆိုတဲ့ အလုပ်ကြီးကို စွန့်လွှတ်ပြီး ထပြန်လာတာ။ သတ္တိက အဲ့ဒီလို။   :mrgreen:

အလုပ်လက်မဲ့ဆိုတဲ့ နာမည်ကိုပဲ မျက်နှာပြောင်ပြောင်နဲ့ ယူပြီး နေဖူးတယ်။ အလုပ်ဆိုတာ ကိုယ်နဲ့ မဆိုင်တဲ့အတိုင်း “အင်တာဗျူးဘယ်လိုဖြေပါ” တို့ “ဘယ်လိုဝတ်စားပါ” တို့ဆိုတဲ့ ဆောင်းပါးတွေဆို ကျော်ဖတ်တာပဲရယ်။

———————————————

စလုံးရောက်တော့ အင်တာဗျူးသွားရမယ်ဆိုတော့ ဒုက္ခနဲ့ လှလှကိုတွေ့ကြတာ။

ကြောက်တာမှ အတော့ကို စိတ်လှုပ်ရှားတယ်။ ဗမာလို အင်တာဗျူးကိုတောင် ကြောက်လို့မဝင်တာ အင်္ဂလိပ်လိုဆိုတော့ ပိုဆိုး။

ကံကောင်းတာ တစ်ခုက ကိုယ်က မင်သေတယ်လေ။ ကြောက်တာ၊ စိတ်လှုပ်ရှားတာ မျက်နှာမပေါ်စေရပေါ့။ အားတင်းပြီး သွားဖို့ပြင်ရတယ်။

စိတ်လှုပ်ရှားလွန်းတာဘယ်မှာ ပေါ်တုန်းဆို အင်မတန်ချစ်ခင်ပြီး ကိုယ်နဲ့ တတွဲတွဲထားတဲ့ လက်ကိုင်ဖုန်းက အိမ်မှာကျန်ခဲ့တယ်။ အိမ်ကလူတွေ စိတ်ပူပြီး သွေးတိုးတာပေါ့။ ဟိ။    :kwi:

အဲဒီနေ့က ဗျူးတဲ့ သူဌေးက မိန်းမ။

တယ်လီဖုန်း မပါ၊ နေရာ မကျွမ်းနဲ့ အချိန်နဲနဲ နောက်ကျပါတယ်။

အဲဒါနဲ့ ဟိုမေး၊ ဒီမေး မေးပြီး ဘွားတော်က ကြိုက်တယ်တဲ့။ စာနဲ့ ပတ်သက်ပြီးဘာမှ မမေး။ ကိုယ့်မှာ စာတွေ ကျက်သွားရတာ။

အလုပ်ဆင်းရမဲ့နေ့ ဖုန်းဆက်မယ်ပေါ့။ ခု Pass လျှောက်ဖို့ ကိုယ့် စာရွက်စာတမ်း မိတ္တူယူထားမယ်ပေါ့။

ကြိုက်တယ်အပြောခံရတော့ ပျော်ရွှင်ပြီး (အိမ်က သင်ပေးလိုက်တဲ့ ကိုယ်နဲ့ ပတ်သက်ပြီး တောင်းရတဲ့ အခွင့်အရေး ဆိုတာတွေ အကုန်မေ့) အကုန် အိုကေ ပြောပြီးပြန်လာတာ။

ည, မန်းလေးကို ဖုန်းဆက်လိုက်သေးတယ်။ အလုပ်ရပြီပေါ့။ လစာတွေ မြန်မာငွေနဲ့မြှောက်ပြီး ဟီလာတိုက်နေတာ။

အဲလိုနဲ့ စောင့်နေတာပေါ့။ ၂ ရက်မဆက်သွယ်၊ ၅ ရက် ဘာသံမှ မကြား၊ ၁ ပတ် ဖုန်းမကိုင်။ အဲဒါနဲ့ သူ့ ပီအေမ ဆီ ဖုန်းဆက်တော့မှ အဲ့ နေရာ လူရသွားပြီတဲ့။

ဟုတ်ကဲ့။ ကြိုးရှည်ရှည်နဲ့ အလှန်ခံလိုက်ရတာပါ။ ဝဋ် ပေါ့။

ကိုယ့်မတော့ အလုပ်ရပြီဆိုပြီး အဲ့ဒီ ၁၀ရက်က အင်တာဗျူးတွေကို ငြင်းထားတာရယ်။

အဲ့ဒီ သူဌေးမ အကွက်က နဲနဲ သဘောကျတဲ့သူ အကုန်လုံးကို အဲဒီလိုပုံပြောပြီးမှ နောက်ဆုံးသူအကြိုက်ဆုံးကို ရွေးသွားတာပေါ့လေ။

ကိုယ် တစ်ပတ်လောက် စိတ်နောက်သွားပါတယ်။ အချိန်ဖြုန်းလိုက်မိတာ နောင်တရသွားတာကိုး။

——————–

နောက် ဆက်လျှောက်တော့ နောက် အင်တာဗျူးတစ်ခုရပါတယ်။

သွားဖြေတော့ သူတို့နဲ့ ပြောနိုင်တာကို သဘောကျပါတယ်တဲ့။ တစ်ခုပဲမေးမယ်ဆိုပြီး DRAWING ယူလာပြီး BRICK WALL ကိုထောက်ပြပါဆိုပဲ။

အတော်လေး အော်ငိုချင်သွားတာပါ။ ဒါ ကိုယ့်ကို မယုံဘူးပေါ့။ ဘာလို့ပါလိမ့်ပေါ့။

မယုံတာနည်းတောင်နည်းသေး။ အဲဒီတုန်းက သီလရှင် လူထွက်ပြီးကာစ ဆံပင်က အတိုလေး။ လူက ခုလောက်မဝ၊ ပုပုသေးသေးပြောရမယ်။ ဘာစိတ်တွေပေါက်ပြီး ဝတ်သွားမှန်းမသိတဲ့ ဂါဝန် အတိုနဲ့။။

အမူအရာကလည်း ဟန်ကိုယ့်ဖို့လုပ်ထားရတော့ အိုဗာတွေဖြစ်နေမှာပေါ့။

အဲဒါ ပြီးမှ ပြန်တွေးမိတာပါ။

တဒင်္ဂ ရွဲ့တတ်တဲ့ စိတ်ရိုင်းက ဝင်လာတာနဲ့ ပြောလိုက်တယ်။ မသိဘူး လို့။

ဘာဖြစ်တုန်း။ ဘာမှမဖြစ် အောင်မြင်စွာ ဆုတ်ခွါလာရတာပေါ့။ အိမ်ရောက်တော့ အဆူခံရသေး။   :saut:

—————————— 

နောက်တော့ ပထမဆုံးရတဲ့အလုပ်ဖြစ်လာမဲ့ အင်တာဗျူးသွားရပါတယ်။ ဘိုးတော်က ရှန်ဟိုင်း တရုတ်ပါ။ သူ့စကားကို နားလည်အောင် နားထောင်ပြီးတဲ့ နောက်မှာ ဘယ်သူ့စကားမဆို နားလည်နိုင်သွားပါတယ်။

ကမ်ပနီက သေးသေးလေးပါ။ ကိုယ်သွားတော့ ကိုယ်လိုချင်တဲ့ နေရာ တစ်ယောက်ခန့်ပြီးပြီတဲ့။ ကိုယ့်ကို အာဂတန် ပါဂတန် ဗျူးတယ်ထင်ပါရဲ့။

ဘာမှမမေးလို့။ စကားစပ်မိရင်း မြန်မာပြည်အကြောင်းတွေ သိသလောက် သူပြောကိုယ်ပြောနဲ့ ဘိုးတော်က အတော်သဘောကျတာတဲ့။

ကံကောင်းလို့ စာတွေ၊ အလုပ်တွေ အကြောင်းမေးလို့ကတော့ ဂွမ်း မှာ သေချာနေပြီ။

သူကပြောတယ် ၇ ရက် သူ့ဆီမှာ ရုံးတက်တဲ့။ အဲဒီ ၇ ရက် လစာပေးထားမယ်။ ၇ ရက် အတွင်းကြိုက်ရင် Pass လျှောက်ပေးပြီး ခန့်မယ်ပေါ့။ ကိုယ် အချိန်တစ်ပတ်ထပ်ဖြုန်းရဦးမဲ့ သဘောပေါ့လေ။

ရုန်းကန်ရချက်များ ဘဝက ဘယ်တော့မှ ဘာကိုမှ ရှောရှောရှုရှုပေးမစားပါဘူး။

ရပါတယ် ကိုယ် ပဲပေါ့။ ၇ ရက်လား များလွန်းတယ်ပေါ့။ (အဟမ်း။ ဟိုတစ်ယောက်တွေ့ရင် ကျုပ်ကို အိုစီ လို့ပြောဦးမယ်ရယ်။)     

:mrgreen:

ဒါနဲ့ မည်သို့လုပ်လိုက်သည်မသိ။ ၃ ရက်အတွင်း ခန့်ဖို့ သေချာသွားတယ်ပေါ့။

အဲလို အလုပ်ရဖို့ကို ဘရုတ်သုတ်ခနဲ့ ကြိုးစားခဲ့ရတာပါ။ ဒါပေမဲ့ အဲ့ဒီမှာ ရှစ် လပဲ ကြာခဲ့တယ်။ ဘိုးတော်နဲ့ ရန်ဖြစ်ပြီး အလုပ်က ထွက်ရတယ်လေ။ သူက ကိုယ်နဲ့ အပြိုင် စွာ တာကိုး။ ကြာကြာ မတည့်။

————————–

နောက် မောင်လေးတွေ လာမယ်ဆိုတော့မှ အင်တာဗျူးဖြေနည်းတွေ၊ ဝတ်စားနည်းတွေ ဟိုရှာ၊ ဒီရှာနဲ့ ကိုယ်တိုင်လည်းသိ၊ သူများလည်း ဆရာလုပ်နိုင်နဲ့ ခု အလုပ်ကို ကောင်းမွန်သင့်တော်သော

အခြေအနေ၊ အင်တာဗျူးနဲ့ ရထားတာပါ။

ခုဘိုးတော်က အင်တာဗျူးပြီးတော့ သူ့ HR ကိုပြောတာတဲ့။

ကိုယ်စကားပြောတာ၊ဆိုတာ မြန်မာမနဲ့မတူဘူးဆိုပဲ။ ဘာလို့တုန်းလို့ မေးတော့ မကြောက်တတ်၊ အားမနာတတ်လို့တဲ့။

အစစ်ပဲ။ နဲနဲ နပ်သွားချိန်ဆိုတော့ ရပိုင်ခွင့်တို့၊ အခွင့်အရေးတို့ကို အင်တာဗျူးမသွားခင် MOM Website မှာ အကုန်ဖတ်ပြီး အကုန်တောင်းတာလေ။

ပြုံးပြုံးလေးနဲ့။ :mrgreen:
သူ့အလုပ်သဘောကိုလည်း အကုန်ပြန်ပြီး လျှောက်မေးတာ ကိုယ့်အင်တာဗျူးကနေ သူပြန်ဖြေရတဲ့ အခြေအနေဖြစ်သွားရော။  
တောင်းတဲ့ လစာကိုလည်း များလို့တဲ့ စစ်လိုက်တာ ဈေးဝယ်သူကြီးကျလို့။
ကမ်ပနီ အခြေအနေနဲ့ ဒီလောက်တော့ပေးနိုင်မယ်ထင်လို့ပါလို့ မျက်နှာသေလေးနဲ့ ပြောတော့မှ ရီ ပြီး သဘောတူပါတယ်။ နောက်မှသိရတာ ကပ်စီးနဲတဲ့နေရာ ကိုယ့်မင်းသားကြီးက သူမတူပါ။

ဟယ်။ အဲ့တော့မှ အဲဒီလောက် ရဲတင်း ပေါက်စိန် လုပ်နေလို့ မဖြစ်ပါဘူးဆိုပြီး ပြန်လျှော့ဖို့ စဉ်းစားရပါတယ်။ ဒါပေမဲ့ သူကတော့ အဲဒါကို သဘောကျသွားတာတဲ့။

သူနဲ့ ဒီ အလုပ်ခရီးကတော့ ဒီနှစ်ထဲဆို ၅ နှစ်တိုင်ပါပြီ။ သူ့ စိတ်ဓာတ်နဲ့ စာရိတ္တကို ကြိုက်လို့လည်း ဒီ လောက်မြဲတာပါ။

ဟီး။ အားနေလို့ ရေးကောင်းကောင်းနဲ့ ရေးနေတာ။ အတော်များသွားပြီ။

:harr:

အင်တာဗျူးနဲ့ ပတ်သက်တာ နောက်တစ်ပို့(စ) မှာ ရေးပါ့မယ်။ အစက တူတူရေးမလို့ဟာ။ ခု လေကြောအတော်ရှည်သွားပြီ။

 

 

ဇီဇီ

About ဇီဇီ

ဇီဇီ has written 354 post in this Website..

CJ # 129120