စည်းကမ်းနဲ့ အဆင့်အတန်း

manawphyulayMarch 3, 20131min14710

ကျွန်မတို့ မြန်မာပြည်သူပြည်သားတွေရဲ့ စည်းကမ်းနဲ့ ပက်သက်ပြီး မကြာခဏ ဆိုသလို တွေ့မြင်မိတော့ စည်းကမ်းဆိုတဲ့ ဆောင်းပါးလေး ရေးဖြစ်မိပါတယ်။ ကျွန်မအနေနဲ့ နိစ္စဓူဝ တွေ့နေရတဲ့ လိုင်းကားပေါ်က မြင်ကွင်းတွေ၊ လမ်းပေါ်က မြင်ကွင်းတွေ၊ အမှိုက်ပစ်တဲ့ နေရာတွေမှာ တွေ့ရတဲ့ မြင်ကွင်းတွေစတဲ့နေရာတွေမှာ ကျွန်မတို့ နိုင်ငံသားတွေရဲ့ စည်းကမ်းပိုင်းနဲ့ ပက်သက်ပြီး အားနည်းတဲ့ အချက်လေးတွေကို ပြုပြင်စေချင်မိပါတယ်။ နိုင်ငံတစ်နိုင်ငံ တိုးတက် ဖွံ့ဖြိုးဖို့၊ လူမျိုးစုတစ်စု တိုးတက်ဖွံ့ဖြိုးဖို့အတွက် စည်းကမ်းဆိုတာ အဓိကကျတယ်ဆိုတာကို ကျွန်မအနေနဲ့ လက်ခံထားပါတယ်။
ပထမဆွေးနွေးချင်တဲ့ အကြောင်းအရာကတော့ အမျိုးသားတွေမှာ အများဆုံး နေ့စဉ် ပုံမှန်ဆိုသလို လုပ်မိကြတဲ့ ကားပေါ်ကနေ ကွမ်းတံတွေး ထွေးတဲ့ကိစ္စလေးပါပဲ။ ကျွန်မတို့ မြန်မာလူမျိုးတွေဟာ ရှေးဘုရင်ခေတ်တွေထဲက ကွမ်းစားတဲ့ အလေ့အထ ရှိခဲ့ကြရာက ယနေ့ခေတ်အထိ မြန်မာနိုင်ငံမှာ ကွမ်းစားတဲ့ အလေ့အကျင့်ရှိနေခဲ့ပါတယ်။ ဒါပေမယ့် အရင်ဘုရင် လက်ထက်ထဲက နန်းတော်တိုင်တွေမှာ ထုံးတို့တာမြင်လို့ လက်ဖြတ်ခံရတာတွေလည်း သမိုင်း အထောက်အထားအရ ဖတ်မှတ်ခဲ့ဖူးပါတယ်။ ကွမ်းစားတာဟာ အပြစ်တစ်ခု မဟုတ်ပေမယ့် ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုရင်တော့ နောက်ဆက်တွဲ အကျိုးဆက်တွေက မကောင်းပါဘူး။ ကွမ်းစားရာကနေ ပထမဆုံး သွားတွေမှာ ကွမ်းချိုးတွေ ကပ်ပြီး မည်းလာရာကနေ နောက်ဆုံး သွားဖုံးကင်ဆာတို့၊ လည်ပင်းကင်ဆာအထိ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လူတစ်ကိုယ် အကြိုက်တစ်မျိုး ဆိုသလို ကျွန်မအနေနဲ့ကတော့ ဘာမှမပြောလိုပါဘူး။ သွားပြောလို့လည်း မဖြစ်ဘူးလေ။ ကိုယ့် ပါးစပ်နဲ့ ကိုယ်စားတာ ဘာဖြစ်လဲဆိုပြီး အပြောခံရမှာပေါ့။

မှန်ပါတယ်။ ကိုယ့်ပါးစပ်နဲ့ ကိုယ်စားတာ ဘာမှပြောလို့ မရပါဘူး။ ဒါပေမယ့် ကိုယ့်ပါးစပ်နဲ့ ကိုယ်စားပြီးတော့ ပတ်ဝန်းကျင်ကိုတော့ မထိခိုက်စေချင်တာတော့ အမှန်ပါပဲ။ ပြီးတော့ ကွမ်းတံတွေး တပျစ်ပျစ်နဲ့ လျှောက်ထွေးနေတာဟာ နိုင်ငံခြားသားတွေမြင်ရင် နိုင်ငံနဲ့ လူမျိုးကိုပါ အထင်သေးစေနိုင်ပါတယ်။ အဓိကကတော့ လိုင်းကားပေါ်ကနေ ကွမ်းတံတွေး စည်းမဲ့ကမ်းမဲ့ ထွေးတာပါပဲ။ ကျွန်မတစ်နေ့ကြုံရတာလေးကတော့ မနက်စောစော လူတိုင်းကိုယ်စီ ရေမိုးချိုးပြီး သန့်သန့်ပြန့်ပြန့်နဲ့ မနက်ခင်းအလုပ်သွားကြတာ လူတိုင်း သိကြမယ်ထင်ပါတယ်နော်။ ကျွန်မ တက်စီးတဲ့ လိုင်းကားက မနက်ပိုင်း ရုံးသွားချိန်ဆိုတော့ လိုင်းကားတွေရဲ့ ထုံးစံအတိုင်း ကြပ်ညပ် နေတာပေါ့။ ကျွန်မလည်း ထိုင်ခုံမရတော့ မတ်တတ်ရပ်လိုက်လာတော့ ကျွန်မရှေ့မှာ ထိုင်နေတဲ့ သုံးယောက်ခုံတန်းနောက်ခုံလူက ကွမ်းစားနေရင်းနဲ့ သီးသွားလို့ ဟပ်ချိုးဆိုပြီး လုပ်လည်း လုပ်လိုက်ရော ရှေ့သုံးယောက်ခုံကလူတွေကို စင်သွားတော့တာပါပဲ။ ကျွန်မလည်း ကြည့်မိတော့ ဟိုဘက်အစွန်က ဦးလေးကြီးက အဖြူရောင်အကျႌလက်ရှည်နဲ့ ဘေးက လူကလည်း မိုးပြာရောင် အကျႌနောက်ကျောတွေကို ကွမ်းတွေ အကုန်ပေစင်သွားပါလေရော။ မတ်တတ်ရပ်တဲ့သူတွေကော နောက်မှထိုင်တဲ့သူတွေကော ဟာခနဲ ဟင်ခနဲ အကုန်ဖြစ်ကုန်ကြတယ်။ အကျႌနောက်ကျော ဘက်တွေ အကုန်ပေးသွားတာ မိန်းကလေးသာဆိုရင် အလုပ်ဆက်သွားလို့ရမှာ မဟုတ်ပဲ လမ်းမှာတင် အရှက်ခွဲသွားမှာ အမှန်ပဲ ဖြစ်ပါတယ်။ ကွမ်းစားတဲ့လူကတော့ သူ့လက်နဲ့ ကျောတွေကို လိုက်သပ်ပေးနေပါတယ်။ သုတ်စရာလည်း မပါပဲ လက်နဲ့ လိုက်ပွတ်နေတော့ ပေပြီးရင်း ပေကုန်တာ အတော်မြင်မကောင်းလှပါဘူး။ ကွမ်းစားတဲ့သူကတော့ တောင်းပန်တော့ ပေနေတဲ့သူတွေက ဘာမှမပြောရှာပါဘူး။ နည်းနည်းလေးပဲ ပေတယ်လို့ ထင်မြင်လို့လည်း ဖြစ်မယ်ထင်ပါတယ်။ ကျွန်မတောင် ငါ ထိုင်ခုံမရတာ အတော်ကံကောင်းပါလားလို့ တွေးမိ လိုက်ပါတယ်။ နောက် အချို့တိုက်ခန်းတွေရဲ့ လှေကားအတက်အဆင်းထောင့်တွေမှာ ကွမ်းတံထွေးတွေနဲ့ပေနေပြီး အရုပ်ဆိုး အကျည်းတန်စေတာပါပဲ။ ကျွန်မဆိုလိုတာက ကွမ်းစားတာက လူတစ်ယောက်ရဲ့ နိစ္စဓူဝ အကျင့်ဆိုတော့ ရုတ်တရက်ကြီး ပြုပြင်ပြောင်းလဲဖို့ ဆိုတာ မလွယ်ပါဘူး။ ဒါပေမယ့် ကွမ်းတံထွေး ထွေးတဲ့နေရာမှာတော့ စည်းကမ်းလေး ရှိစေချင်တာ ပါ။ ကိုယ်ကိုယ်တိုင်က ကွမ်းစားတတ်တယ်ဆိုရင် ကားပေါ်ရောက်တဲ့ အချိန်ခဏလေးမှာတောင် ကွမ်းမစားရရင် မနေနိုင်ဘူး ဆိုရင်လည်း ပလပ်စတစ် အိတ်လေးတော့ ဆောင်ထားသင့်ပါတယ်။ ကားပေါ်ကနေ စည်းမဲ့ကမ်းမဲ့ ထွေးတာမျိုးတော့ မလုပ်သင့်ပါဘူး။ နောက်တခါ ကိုယ်ထွေးထားတဲ့ ကွမ်းတံထွေးထုပ်ကိုလည်း ကားပေါ်ကနေ ပစ်ချတာမျိုး မလုပ်သင့်ပါဘူး။ ကိုယ်ထွေးထားတဲ့ အထုပ်ကို ကားပေါ်ကဆင်းမှ သေသေချာချာချည်နှောင်ပြီး နီးစပ်ရာ အမှိုက်ပုံးမှာ စွန့်ပစ်သင့်ပါတယ်။ နောက်ရှိသေးတယ်။ ကားက ထွက်နေပြီး ဘေးလူကို ဘာမပြောညာမပြောနဲ့ ပြတင်းပေါက်နားက လူရှေ့မှာ ကုန်းပြီး ကွမ်းတံတွေး လှမ်းထွေးတဲ့သူတွေလည်း တွေ့ဖူးရဲ့ ပိုဆိုးတာက ကားမောင်းနေချိန်ဆိုတော့ ရှေ့ပြတင်းပေါက်က ထွေးလိုက်တဲ့ ကွမ်းတံတွေးက နောက်ပြတင်းပေါက်နားမှာထိုင်တဲ့သူဆီ အကုန်စင်သွားတာလည်း ကြုံဖူးပါတယ်။ ဒီလိုတွေကို ဆင်ခြင်သင့်တယ်လို့ ကျွန်မ မြင်မိပါတယ်။ ဒါမှလည်း ကျွန်မတို့ နိုင်ငံက လမ်းတွေ သန့်ရှင်းအောင်လုပ်တဲ့ နေရာမှာ တစ်နေရာ တစ်ထောင့်က ပါဝင်ကူညီနိုင်မှာပေါ့။

နောက်တစ်ချက်က လူထူထပ်တဲ့ နေရာမှာ ဆေးလိပ်သောက်တဲ့ကိစ္စပါပဲ။ ဆေးလိပ် ကိုလည်း ကွမ်းစားသလိုမျိုး အပြစ်မပြောချင်ပါဘူး။ ဒါပေမယ့် လူထူထပ်တဲ့နေရာမျိုးမှာတော့ မသောက်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆေးလိပ်ရဲ့အငွေ့ဟာ ဘေးလူကိုလည်း ကျန်းမာရေး အနည်းနဲ့အများ ထိခိုက်စေနိုင်လို့ပါ။ ကိုယ့်ရဲ့ဆေးလိပ်ငွေ့ကြောင့် ဘေးလူကို ဘယ်သူမှ ရောဂါရစေချင်မှာ မဟုတ်ပါဘူး။ လူထူထပ်တဲ့နေရာမျိုးရောက်လို့ ဆေးလိပ် သောက်ချင်တယ်ဆိုလည်း လူရှင်းတဲ့ နေရာမျိုးကိုသွားပြီး သောက်သင့်ပါတယ်။ နောက်တခါ ကိုယ်သောက်တဲ့ ဆေးလိပ်တိုကိုလည်း လွှင့်ပစ်မယ်ဆိုရင် အသေအချာ မီးငြိမ်းသတ်ပြီးမှ လွှင့်ပစ်သင့်ပါတယ်။ မဟုတ်ရင် ကိုယ့်ပတ်ဝန်းကျင်ကလူ တက်နင်းမိပြီး အပူလောင်နိုင်ပါတယ်။ နောက်ဆုံး မီးဘေးအန္တရာယ်ကိုပါ ကြိုတင်ကာကွယ်နိုင်ပါတယ်။ စကာင်္ပူနိုင်ငံမှာဆိုရင် ဆေးလိပ်တိုကို လမ်းပေါ်မှာတောင် ပစ်ချလို့ မရပါဘူး။ ဒဏ်အရိုက်ခံရပါတယ်။ အဲဒီမှာတင် သူများနိုင်ငံတွေ ဘာကြောင့်တိုးတက်နေသလဲ။ ကျွန်မတို့နိုင်ငံ ဘာကြောင့်ကျန်ရစ်ခဲ့သလဲဆိုတာ ကျွန်မအမြင်နဲ့ ပြောရရင် စည်းကမ်းပိုင်းနဲ့လည်း တစိတ်တဒေသတော့ ပက်သက်နေမှာပါ။
နောက်တစ်ခုကတော့ ကားပေါ်ကနေ စည်းကမ်းမဲ့ အမှိုက်ပစ်ချခြင်းကို အနည်းနဲ့ အများ တွေ့ရှိနေရခြင်းပါပဲ။ အာရှနိုင်ငံ တစ်ခုဖြစ်တဲ့ မလေးရှားနိုင်ငံမှာ ၅ နှစ်လောက် နေထိုင်ခဲ့ဖူးတဲ့ သူတစ်ဦးက ပြောတာကတော့ သူတို့ နိုင်ငံမှာ ကားပေါ်ကနေ စည်းကမ်းမဲ့ အမှိုက်ပစ်ချတာဟာ ရှက်စရာလုပ်ရပ်လို့ မှတ်ယူထားကြပါတယ်တဲ့။ စည်းကမ်းမရှိတဲ့ လူတစ်ယောက်ဟာ ကားပေါ် ကနေ စည်းကမ်းမဲ့ အမှိုက်ပစ်ချမိရင် အဲဒီလူကို အထင်သေးတဲ့ မျက်လုံးတွေနဲ့ ဝိုင်းပြီးကြည့်ကြ ပါတယ်။ သူတို့ဆီက busကားတွေပေါ်မှာ အစားအသောက် ယူဆောင်ခွင့် မပြုပါဘူးတဲ့။ နောက် ပစ္စည်း ဝယ်တဲ့နေရာ လက်မှတ်ဝယ်တဲ့နေရာ၊ အစားအသောက် ဝယ်တဲ့နေရာတွေမှာလည်း လူတွေ များလာပြီဆိုရင် ဘယ်သူတစ်ဦးတစ်ယောက်မှ ပြောစရာမလိုပဲ ကိုယ့်အသိစိတ်ဓာတ်နဲ့ တန်းစီကြပါတယ်။ တန်းစီတဲ့နေရာမှာလည်း အရင်ရောက်တဲ့လူက ရှေ့ကနေ တန်းစီကြပါတယ်။ ကြားဖြတ်ဝင်တာတို့၊ အလုအယက်တိုးတာတို့ ဆိုတာဟာ သူတို့ နိုင်ငံသားတွေအနေနဲ့ နိုင်ငံ ကြီးသား မပီသတဲ့ လုပ်ရပ် ရှက်စရာလုပ်ရပ်အဖြစ် မှတ်ယူထားကြကြောင်း ပြောပြပါတယ်။

နောက်တစ်ခုကတော့ ကျွန်မ bus ကားပေါ်မှာ ကြုံတွေ့ရတဲ့ ကိုယ်တွေ့ အဖြစ်အပျက် လေးတစ်ခုပါ။ အဲဒီနေ့က bus ကားပေါ်က ၃ ယောက်ထိုင်တဲ့ ခုံမှာ လိုက်ပါလာပါတယ်။ အဲဒီအချိန်မှာ ကျွန်မရဲ့ဘေးမှာထိုင်နေတဲ့ အမျိုးသားတစ်ယောက်ရဲ့ဘေးကို လူတစ်ယောက် ဝင်ထိုင်ပါတယ်။ သူထိုင်တဲ့ ပုံက ဘေးမှာ လူတွေ ရှိတယ် မရှိတယ်ဆိုတာလည်း ဂရုမစိုက်ပါဘူး။ သူတစ်ယောက်ထဲ ကိုယ်ပိုင်ကားပေါ်မှာ ဇိမ်ခံပြီး လိုက်ပါလာသလို ခြေထောက်တစ်ချောင်းပေါ် တစ်ချောင်းချိတ်ပြီး ဒူးနန့်ပြီး ပါလာပါတယ်။ သူ့အနေနဲ့ကတော့ ဘယ်လိုခံစားရမှန်း မသိပေမယ့် ဘေးလူဖြစ်တဲ့ ကျွန်မဘေးက လူကတော့ တော်တော်လေးကို စိတ်ကသိကအောက် ဖြစ်နေတာကို တွေ့ရှိနေရပါတယ်။ သူ့ခြေထောက်တွေက ဘေးက လူရဲ့ပေါင်ပေါ်အထိ ရောက်လာပြီး ဒူးနန့်နေ တော့ စာဖတ်သူတို့ အနေနဲ့ ဘယ်လိုပုံစံဖြစ်နေမယ်ဆိုတာ အမြင်ကိုခံစားကြည့်လို့ရပါတယ်နော်။
သူ့ဘေးနေရာမှာ မိန်းကလေးတစ်ယောက်သာဆိုရင် အဲဒီမိန်းကလေး ဘယ်လိုခံစား ရမလဲ။ နှမချင်း မစာနာတဲ့သူတွေကတော့ မိန်းကလေးဖြစ်နေလည်း အဲဒီလို အပြုအမူမျိုးလုပ်မှာ ပါပဲ။ ဒီလို အဖြစ်မျိုးကျတော့ စည်းကမ်းပိုင်းဆိုတာထက် လူတစ်ယောက်ရဲ့ အဆင့်အတန်း ဆိုတာနဲ့ သက်ဆိုင်ပါတယ်။ အဆင့်အတန်းဆိုတာက ငွေကြေးပြည့်စုံတာ မပြည့်စုံတာနဲ့ မဆိုင်ပါဘူး။ လူတစ်ယောက်ရဲ့ အသိပညာ ပြည့်စုံမှု၊ စာရိတ္တပိုင်းဆိုင်ရာ ပြည့်စုံမှုတို့ အပြင် ကိုယ်ချင်းစာ တရားထားရှိမှုဆိုတာတွေနဲ့ အကျုံးဝင်ပါတယ်။

နောက်တစ်ခုက လမ်းဘေးမှာ တစ်ချို့အမျိုးသားတွေ အပေါ့သွားတဲ့ ကိစ္စပါပဲ။ ယခင်လို နိုင်ငံတော်က လမ်းဘေးသန့်စင်ခန်းတွေ မထားပေးဘူးဆိုရင်တော့ တစ်မျိုးပေါ့လေ။ အခုခေတ်မှာ လမ်းဘေးသန့်စင်ခန်းတွေ နေရာတိုင်းမှာရှိပါတယ်။ အခကြေးငွေအနေနဲ့လည်း ၁၀ဝ ကျပ် ဆိုတာဟာ လူတိုင်း ပေးနိုင်တဲ့ ငွေကြေးပါ။ အဲဒီလို လုပ်ပေးထားတဲ့ကြားကနေ လမ်းဘေးထိုင်ပြီး အပေါ့သွားတာတွေက မြင်ရသူ အမျိုးသမီးတွေအနေနဲ့လည်း မသင့်တော်ပါဘူး။ သဘောကတော့ ယိုသူမရှက် မြင်သူရှက်ဆိုသလို ဖြစ်နေတာကို တွေ့ရှိနေရပါတယ်။ နောက်နိုင်ငံကြီးသား ပီသတဲ့သူ တစ်ယောက်အနေနဲ့လည်း မလုပ်သင့်တဲ့ အလုပ်တစ်ခုပါ။ ဒီလိုသေးသေးမွှားမွှားတွေက အစ စည်းကမ်းမရှိဘူးဆိုရင်တော့ ဒီလူတွေရဲ့ အဆင့်အတန်းဆိုတာတွေက ဘယ်လို ထည့်တွက် ပြောကြမလဲဆိုတာ စဉ်းစားစရာ ဖြစ်လို့နေပါတယ်။

အချုပ်အားဖြင့် ပြောရရင် ကျွန်မတို့ မြန်မာနိုင်ငံသားတွေ စည်းကမ်းဆိုတာနဲ့ ပက်သက်ပြီး ပြုပြင်ရမှာတွေ အများကြီးပါ။ ပြောတော့သာ ဒီမိုကရေစီလိုချင်နေကြတယ်။ ဒါလေးတွေကအစ မပြုပြင်ရင်တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီမိုကရေစီ စနစ်ကိုကျင့်သုံးနေကြတဲ့ နိုင်ငံသူ နိုင်ငံသားတိုင်း စည်းကမ်းဆိုတာကို လေးစားလိုက်နာမှ နောင်အနာဂတ်မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်လာမှာပါ။ သူကျတော့ စည်းကမ်းမဲ့လုပ်တယ်။ ငါလည်း လိုက်လုပ်မယ်ဆိုတဲ့ စိတ်မျိုး မွေးမြူမယ့်အစား စည်းကမ်းမဲ့သူရဲ့ရှေ့မှာ စည်းကမ်းတကျ လိုက်နာကျင့်သုံးပြရင် နောက်ပိုင်း စည်းကမ်းမဲ့သူတွေလည်း တဖြည်းဖြည်း ပပျောက်သွားမှာပါ။ ငါတို့နိုင်ငံဟာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေတယ်ဆိုပြီး ပါးစပ်ကပဲ ကျင့်သုံးနေရုံနဲ့တော့ ဘာမှမဖြစ်လာပါဘူး။ လက်တွေ့ စည်းကမ်းတကျ လိုက်နာကျင့်သုံးမှ အနာဂတ် မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်လာမှာပါ။ ဒါကြောင့် လူတိုင်းကိုယ်စီ စည်းကမ်းရှိဖို့ လိုပြီဆိုတဲ့ အတွေးလေးတွေ ရှိသင့်နေပါပြီ။ အိမ်မှာလည်း အိမ်စည်းကမ်း၊ လမ်းမှာလည်း လမ်းစည်းကမ်း၊ အလုပ်မှာလည်း အလုပ်စည်းကမ်း လိုက်နာ ကျင့်သုံးကြမယ်ဆိုရင် မြန်မာနိုင်ငံတော်ကြီး အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာမှာ အမှန်ပဲ ဖြစ်ပါတော့တယ်ရှင်။
မနောဖြူလေး
၂၂.၂.၂၀၁၃

10 comments

  • อดีต ปัจจุบัน อนากต အပြုသဘောဆောင်တဲ့ mobile

    March 4, 2013 at 1:11 am

    ဖတ်ရှု့လေ့လာသွားလေသတည်း……
    ကျုပ်သည်လည်း ကွမ်းစားသူ ကြုံရာမှာ ကွမ်းတံတွေးထွေးသူ
    အမြဲးတမ်းနီးပါ စည်းကမ်းကို လူလစ်ရင်လစ်သလို မလစ်ရင် မလစ်သလို
    ချိုးဖောက်တတ်သူပါ……..
    ပို့စ်လေးကို ဖတ်ပီးသည့် သကာလ နှလုံးသွင်းဆင်ခြင်ပါ့မည်ဟု………….

  • pazflor

    March 4, 2013 at 2:00 am

    ဘတ်စကားပေါ် ကွမ်းစားတာနဲ့ ဒဏ်ငွေ တစ်သောင်းလောက်တပ်ပလိုက်။
    ခက်တာက စပယ်ယာနဲ့ ဒရိုင်ဘာကိုယ်တိုင်က ထိပ်ဆုံး။
    အဲ့လိုများလုပ်လိုက်ရင် ကွမ်းသမားတွေ ဆန္ဒပြကြမလားမသိ. :ghee:

  • ဦးကြောင်ကြီး

    March 4, 2013 at 10:04 am

    စည်းကမ်းပိုင်းနဲ့ဆိုင်လို့ တခုခုကို အမြစ်ပြုတ်အောင် ရှေ့ဆောင်လမ်းပြ စီမံသင့်တယ်ထင်တယ် ဒါမှ မိုမန်တန်ခေါ်တဲ့ အရှိန်အဟုန်ရလာပီး အခြားစည်းကမ်းမဲ့မှုတွေ တိုက်ဖျက်နိုင်လိမ့်မယ်။ ဥပမာ – အမှိုက်ပစ်မှုကို နှိမ်နင်းနိုင်ရင် ကွမ်းတံတွေးထွေးတာ ထိန်းချုပ်ရလွယ်လိမ့်မယ်၊ အခြား လမ်းစည်းကမ်းဖောက်တာ ဘာညာကွိကွတွေလည်း ထိုနည်း၎င်းပဲ။ ရပ်နေသော အရာများသည် ရပ်နေမြဲနေလိုသော သဘာဝရှိပြီး သွားနေသော အရာများသည်လည်း သွားမြဲသွားလိုသော သဘောရှိ၏တဲ့ သိပ္ပံအခြေခံ အီနားရှားလေး ဖတ်ဖူးတယ် မဟုတ်လား…။ ဒီတော့ ရပ်နေတာကို သွားအောင် တွန်းပေးပါ။ အကုန်ရပ်နေတော့ အဖြစ်နိုင်ဆုံး တခုကနေ စတွန်းပါ၊ အောင်မြင်ရင် ကျန်တာတွေ လှုပ်လာမယ်။။။။
    ပြောရတာ သိပ်အရသာ ရှိတာပဲ… လက်တွေ့သာ ဘယ်ကစရမှန်း မသိတာ… :harr:

  • ခိုင်ဇာ

    March 4, 2013 at 12:38 pm

    စည်းကမ်းသိမှ အဆင့်အတန်းရှိ
    အဆင့်အတန်းရှိမှ စည်းကမ်းသိ

    ဘဲဥ/ဘဲမ အစရှာကြစို့လား။
    :kwi:

  • koaung

    March 4, 2013 at 12:53 pm

    စိတ်ဓတ်မြင့်မားမှ(ဘာမဆို လေ့လာဆည်းပူးသည်းခံရိုးသားကြိုးစား ဂါရဝနဲ့ မုဒိတာရှိပါစေ) လူနေမှူမြင့်မားတိုးတက်မည်

  • uncle gyi

    March 4, 2013 at 10:08 pm

    ကွမ်းစားဆေးလိပ်သောက်တာကိုယ့်လွတ်လပ်ခွင့်ပါ
    ကိုယ့်ရောဂါကိုယ်အဖြစ်ခံပြီးစားတာသောက်တာဘယ်သူမှတားပိုင်ခွင့်မရှိပါဖူး
    ဘယ်သူမှတားပိုင်ခွင့်မရှိသလိုအဲဒီလူတွေရဲ့လွတ်လပ်ခွင့်တွေကိုလည်း
    ကွမ်းစားဆေးလိပ်သောက်သူတွေကပြန်လေးစားရပါမယ်
    ကိုယ်စားတာသောက်တာကြောင့်တပါးသူအနှောက်အယှက်မဖြစ်အောင်ဂရုပြုဖို့လိုပါတယ်
    အဲလိုဂရုပြုဖို့ကလည်းလူ့အသိရှိဖို့လိုပါတယ်
    လုူ့အသိရှိဖို့ကလည်းဆုံးမသွန်သင်တဲ့ဆရာမိဘအဖိုးအဘွားရှိရပါမယ်
    အခုခေတ်ကသိတဲ့အတိုင်းပဲမနောရေ
    ဆရာဆိုလည်းသူ့ဝမ်းဝအောင်သူ့ဘာသာလုံးပမ်းနေကြတာကလေးတွေကို
    လောကနီတိတွေမသင်ပေးနိုင်တော့ဖူးသင်ခန်းစာတွေထဲကထုတ်နုတ်မပြောနေနိုင်တော့ဖူး
    မိဘဘိုးဘွားတွေလည်းအကုန်လုံမနက်ကမိုးချုပ်အလုပ်ခွင်ထဲဆိုတော့
    ဆုံးမသွန်သင်မှုကလည်းတော်နည်းသွားကြတော့ဖြစ်ချင်တိုင်းဖြစ်နေကြတာ
    အဖြစ်နိုင်ဆုံးလက်ရှိကြီးပြီးသားလူတွေကိုတော့မှတ်လောက်တဲ့ဒါဏ်ပေးမှမှတ်တော့မှာပါ
    ကလေးတွေကိုတော့စာသင်ခန်းထဲကနေပြန်စမှရတော့မယ်နဲ့တူပါရဲ့

    • kai

      March 5, 2013 at 1:29 am

      Secondhand Smoke – American Cancer Society
      http://www.cancer.org › … › What Causes Cancer? › Tobacco & Cancer
      Non-smokers who breathe in secondhand smoke take in nicotine and other toxic chemicals just like smokers do. The more secondhand smoke you are exposed …
      =
      ဆေးလိပ်ရော.. ကွမ်းရောက.. ဘေးလူတွေထိခိုက်စေပုံရပါတယ်..။
      အဲဒါကြောင့်.. ယူအက်စ်မှာ ပါဗလစ်(လူတွေကြား) ဆေးလိပ်သောက်ခွင့် မပေးတော့ပါဘူး..။ ပင်လယ်ကမ်းခြေမှာတောင် ဘေးလူရှိရှိမရှိရှိ..ဆေးလိပ်သောက်ခွင့်မရှိတော့ပါ..။

      နောက်တခုက.. လောကနီတိ..။
      .. မြန်မာတွေရဲ့.. အတွေးအခေါ်ရေးရာ.. စိတ်ဓါတ်ရေးရာ.. ဗုဒ္ဓသာသနာကို.. ဒုက္ခပေးသွားတာ.. အဲဒါလို့.. ထင်တယ်..။ အတွေးအခေါ်တွေကို ရိုက်ချသွားတာ..
      ကိုမိုးသီးဇွန်က.. နာခံမှုကိုစမ်းစစ်ခြင်း ရေးပြီး..လောကနီတိကိုု.. တည့်တည့်ကို ဝေဖန်ထားတယ်..
      ကျုပ်အနေနဲ့ကတော့.. သူ့ရဲ့အဲဒီစာအုပ်ပါအချက်တွေ..တော်တော်များများကို လက်ခံတယ်..။

      နာခံမှုကိုစမ်းစစ်ခြင်း
      မြန်မာနိင်ငံမှာ အာဏာရှင်စနစ် သက်ဆိုးရှည် ရတဲ့အကြောင်းက အာဏာရှင်စနစ်ယဉ်ကျေးမှု ရှိနေလို ့။ ဒီယဉ်ကျေးမှုကိုသွပ်သွင်းထားတဲ့ စဏကျရဲ ့လောက နိတိဆိုတဲ့ စာအုပ်ကို ကိုမိုးသီး က ရဲရဲရင့်ရင့်ဝေဖန် ထားတယ်။ လောကနိတိကို သူလိုစနစ်တကျပိုင်းခြားဝေဖန်မှု သမိုင်းမှာမရှိသေးဘူး။ ဒီမှာကလစ် ။ ဒါကိုဖတ်။ စာအုပ်အနေနဲ ့ဖတ်ခြင်သူတွေအတွက် ၁ဝ ဒေါ်လာ နဲ ့ဝယ်ယူအားပေးနိင်တယ်။

      • ဦးကြောင်ကြီး

        March 7, 2013 at 10:00 am

        ဆေးလိပ်သောက် ကွမ်းစားတာဟာ လွတ်လပ်ခွင့်ဆိုပေမဲ့ သုံးစွဲသူမှာ ကျန်းမာရေး ထိခိုက်စေလို့ လိုက်လျောရမည့် အရာလို့ သတ်မှတ်လို့ မရတော့ဘူး။ သီအိုရီ အရပြောရင် ရောဂါရလို့ အလုပ်မလုပ်နိုင်တဲ့အခါ နိုင်ငံဒေါ်မှာ လုပ်အားဆုံးရှုံးတယ်၊ နောက်ဆက်တွဲ အခွန်လျော့နည်းတယ်။ တဖက်မှာ ကျန်းမာရေး စောင့်ရှောက်မှုစရိတ် မြင့်တက်တယ်၊ မြန်မာပြည် ဆေးရုံတွေမှာ ကိုယ့်စားရိတ် ကိုယ်ပေးဆိုပေမဲ့ အနည်းဆုံးတော့ ဆေးရုံကုတင်တွေ ပြည့်ကျပ်တယ်၊ အခြားလူနာတွေ နစ်နာတယ်။ စည်ပင်သာယာ သန့်ရှင်းရေးမှာလည်း အပိုအလုပ်တွေ လုပ်ရလို့ ဘတ်ဂျက်နစ်နာတယ်။ passive smoke လို ဘေးလူအပေါ် ရောဂါကူးစက်မှု ပြသနာလည်း ရှိတယ်။ လူဂျီးတွေကို တတ်နိုင်သလောက် ကြပ်မှတ်ထိန်းကွပ်ရမယ်။ ခလေးတွေကိုတော့ ငယ်စဉ်ထဲက ကျောင်းတွေမှာ မီဒီယာတွေမှာ အဆက်မပြတ် ပညာပေးရမယ်။ ယဉ်ကျေးမှု ထုံးစံနဲ့ အများဂျီး ဆိုင်သေးလို့ စွတ်လုပ်လို့တော့ ရဘူး။ ဥပမာ အနောက်တိုင်းမှာ အရက်သောက်တာ အပြစ်ပြောတဲ့သူ သိပ်မှမရှိတာ။ အသက် မပြည့်သူတွေကို မရောင်းဖို့၊ အဆင့်မှီ အရက်တွေ ထုတ်လုပ်ရောင်းချဖို့၊ မူးရင် ကားမမောင်းဖို့လောက်သာ ကြပ်မတ်တယ်။ ဆေးလိပ်၊ မူးယစ်ဆေးဝါးလို နှိပ်ကွပ်တာ မရှိဘူး… မရှိဆို အရက်သောက်တာ သူတို့ယဉ်ကျေးမှု ဖြစ်နေတာကိုး…. ဒီတော့ စည်းဘောင်ကြပ်မတ်ပြီး ထိန်းကျောင်းတယ်။ နယ်မြို့တွေမှာ တနင်္ဂနွေနေ့ဆို အရက်မရောင်းရဘူး၊ သောက်ချင်ရင် ခိုးဝယ်ရတယ်။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်တာတောင် စက္ကူအိပ်ထဲ ဖွက်သယ်ရတယ်။ မြန်မာပြည် အနေနဲ့ ဆေးလိပ်၊ ကွမ်းလို ဟာမျိုးကို မီဒီယာ တီဗွီ ရုပ်ရှင်တွေကတဆင့် လူတွေ မကောင်းမြင်လာအောင် စဉ်ဆက်မပြတ် လုပ်ဆောင်သွားရင် တိုက်ဖျက်ရေး အောင်မြင်နိုင်တယ်။ ဒီဖက်ခေတ်မှာတော့ ရုပ်ရှင်ဇာတ်လိုက် စီးကရက် ခဲတာအစား အရက်သောက် ဘီယာဆိုင်ထိုင်ပြတာနဲ့ အစားထိုးလာပြီ။ တိုးရစ်ဇင် ယဉ်ကျေးမှု အရှိန်ရလာတော့ အရက်ဘီယာကို ထိန်းချုပ်ဖို့ ခက်မယ်။ ဆေးလိပ်၊ ကွမ်းကို ကျန်းမာရေးအပြင် တကိုယ်ရည် သန့်ရှင်းရေး၊ ကိုယ်ရည်ကိုယ်သွေး၊ လူမှုဆက်ဆံရေး စတဲ့ရှုဒေါင့်ပေါင်းစုံကနေ ဆန့်ကျင်ဝေဖန်ပြ။ ဥပမာ – ကောင်မလေးက စမတ်ကျတဲ့သူသာ ကြိုက်တာမျိုး၊ ငနုံငအသာ ဆေးလိပ်သောက် ကွမ်းစားတာမျိုး ရိုက်ပြ။

  • Foreign Resident

    March 5, 2013 at 8:48 am

    ” စည်းကမ်းမဲ့ အမှိုက်ပစ်ချမိရင် အဲဒီလူကို
    အထင်သေးတဲ့ မျက်လုံးတွေနဲ့ ဝိုင်းပြီးကြည့်ကြ ပါတယ် ”

    လိုရင်းက ဒါပါပဲ ။
    ပါတ်ဝန်းကျင် တစ်ခုလုံးက စည်းကမ်းမဲ့ တာကို လက်မခံ အပြစ်မြင်လာရင် ၊
    စည်းကမ်းမဲ့ တာတွေ အလိုလို ပျောက်သွားမှာပါ ။

    အဲလိုဖြစ်အောင် မူလတန်းကျောင်းကနေ စပြီး ပုံသွင်းရမှာပါ ။

    • နေဝန်းနီ

      March 5, 2013 at 9:30 pm

      မဖြစ်နိုင်တော့ဘူးအဘဖောရေ…..။ စည်းကမ်းကို ဥပဒေ တစ်ခုအနေနဲ့သတ်မှတ်ပြီး တိတိကျကျ ကွညှပ်မှ ကိုဖြစ်တော့မှာ နို့မို့ ဆို အီလည်လည်နဲ့ ပိုးသာကုန်ပြီးမောင်ပုံ စောင်းမတတ်ဖြစ်တော့မှာ
      ” စည်းကမ်းမဲ့ အမှိုက်ပစ်ချမိရင် အဲဒီလူကို
      အထင်သေးတဲ့ မျက်လုံးတွေနဲ့ ဝိုင်းပြီးကြည့်ကြ ပါတယ် ” အဲဒိလောက်တော့ သခင်မျိုးဟေ့ ဒိုဗမာတွေက ဂရုကိုမစိုက်တာ ဒါပြည်တွင်းက အမြင်နော်

Leave a Reply