ဘာသာရေးနဲ့ပတ်သက်လို့ ကျွန်တော် ရေးခဲပါတယ်…ရေးခဲဆို မရေးခဲ့သလောက်ပါပဲ…ဒါကတော့ ပထမဆုံး ဖြစ်မယ်ထင်တယ်…အခုတလော ဘာသာရေးနဲ့ ပတ်သက်ပြီး ဟိုတစ်စ ဒီတစ်စနဲ့ တွေ့တွေ့လာရလို့ပါ…သိလို့တတ်လို့ ရေးတာလားဆိုရင်တော့ မဟုတ်ပါဘူး…မြင်သလောက်လေး စိတ်ထဲရှိတဲ့ အတိုင်းလေးပဲ ရေးလိုက်တာပါ…မှားတာရှိလဲ ခွင့်လွှတ်ကြပေါ့ဗျာ…ဘာသာတစ်ခုနဲ့ တစ်ခု ဝေဖန်တိုက်ခိုက်နေကြတာနဲ့ ပတ်သက်ပြီး သူများဘာသာကို မဝေဖန်ခင် ကိုယ့် ဘာသာရေး ကို အရင်ဝေဖန်ခြင်းလို့ ယူဆရင်လဲရပါတယ်…ဆန်ရင်း နာနာဖွတ်တဲ့ သဘောပါပဲ…သူများကလေးနဲ့ ကိုယ့်ကလေး ရန်ဖြစ်ကြရင် ကိုယ့်ကလေးကို ကိုယ် အရင်ဆူပူဆုံးမရတာကတော့ သဘာဝပဲ မဟုတ်ပါလား….ဒီသဘော ပါပဲ…အခြေခံ အကြောင်းတရားကတော့ ရွာတစ်ရွာမှာ ရွာသားတွေ ညီညီညွတ်ညွတ်နဲ့ ကိုယ့်ခြံစည်းရိုးကို လုံခြုံအောင်လုပ်မယ်…ရွာကို ကာကွယ်မယ် ဆိုရင် ဘယ် ရန်ပြုမယ့်သူမှ ၀င်ရောက်နိုင်မှာ မဟုတ်ပါဘူး…ခြံစည်းရိုး လုံစေချင်တဲ့ စေတနာနဲ့ ရေးထားသော စာတစ်ပုဒ်လို့ပဲ ယူဆပေးကြပါ….

အရင်ဆုံး ဘုရား…တရား…သံဃာ ကနေပြီး စ ဆန်းစစ်ကြည့်မယ်ဆိုရင်…နံပတ်(၁) ဘုရား…ကျွန်တော်တို့ မြတ်စွာဘုရားကတော့ တကယ့် အတူမရှိ…အတုမရှိတဲ့ မြတ်စွာဘုရားပါပဲ…ဟောကြားခဲ့တဲ့ တရားတွေ ကလဲ ဘယ်ခေတ်ရောက်ရောက် ဘာနဲ့ပဲ ဆန်းစစ်ဆန်းစစ် တကယ့်မှန်တဲ့ တရားတွေ ပါပဲ…ဒီမိုကရေစီနည်းကျကျပဲ စဉ်းစား စဉ်းစား ဘယ်တော့မှ မမှားခဲ့တဲ့ တရားတွေပဲ ဟောခဲ့တာပါ…ကျွန်တော်ကတော့ ကာလမသုတ်ထဲက ငါဘုရားဟောခဲ့တာတောင် မျက်စိစုံမှိတ် မယုံကြည်ပါနဲ့…မိမိ ကိုယ်ပိုင် စဉ်းစားဆင်ခြင်ဥာဏ်နဲ့  စဉ်းစားဆင်ခြင်ပြီးမှ အမှန် အမှားကို ဆုံးဖြတ်ပါလို့  ရဲရဲတောက် ဟောကြားခဲ့တဲ့ စာကို ဖတ်ခဲ့ရပြီးတဲ့ နောက် ပိုပြီး အတိုင်းအဆမရှိ ကြည်ညိုရပါတယ်…ဘယ်ဘာသာ ဘယ်ဘုရားမှ ဒီလို မဟောခဲ့ကြပါဘူး…အကုန်လုံး ငါ့ကို မယုံ နဲ့ဆိုပြီး မဟောခဲ့ကြပါဘူး…..ဒါကြောင့်လဲ အိုင်းစတိုင်းက အနာဂတ်မှာ ဘာသာတစ်ခုပဲ ကျန်နေခဲ့လိမ့်မယ်…အဲ့ဒါ ဗုဒ္ဒဘာသာပဲလို့ ပြောခဲ့တာထင်ပါတယ်…ကျွန်တော် ယုံတယ်…ကျွန်တော်တို့ ဘုရားကတော့ လုံးဝ Perfect ဖြစ်တယ်လို့….

နံပတ်နှစ် တရား….တရားဆိုတာကတော့ ဘုရားဟောကြားခဲ့သော အကြောင်းအရာများပေါ့…ဒါပေမယ့် နှစ်ပေါင်းမြောက်များစွာ ကြာလာပြီးတဲ့ နောက်ပိုင်းမှာ အယူမှားတဲ့ သူတွေ လိုသလို ဆွဲယူ အသုံးချပြီးတဲ့ နောက်ပိုင်းမှာ ဘုရားဟောခဲ့တဲ့ တရားတော် တော်တော်များများဟာ မှားယွင်းမှုတွေ နိုင်ငံတော်တော်များများမှာ ဖြစ်ကုန်ပါတယ်…ဒီအန္တရယ်ကလဲ တော်တော်တော့ ကြီးပါတယ်….ကံကောင်းတာက ကျွန်တော်တို့ ထေရ၀ါဒ ကိုးကွယ်တဲ့  မြန်မာနိုင်ငံမှာ တကယ့်တရားစစ် တရားမှန်တွေ အများကြီး ကျန်နေသေးတာပါပဲ…ဒါကလဲ အထပ်ထပ် အခါခါ သံဃာယနာတင်ထားခဲ့တဲ့ အကျိုးကျေးဇူးတွေလို့ပဲ ထင်ပါတယ်…တရားအနေနဲ့လဲ ပြောစရာမရှိပါဘူး…Perfect မဟုတ်တောင် ၉၀ %အထက်တော့ ပြည့်စုံသေးတယ် လို့…အယူမှားနေတာတွေလဲ ရှိနေသေးပေါ့…

တတိယ …သံဃာ …ဒါကတော့ လောလောဆယ် အရေးကြီးဆုံးလို့ပဲ ကျွန်တော် ထင်တယ်…ဘုရားမရှိတော့တဲ့နောက်ပိုင်းမှာ ဘုရားအစား ဒီသံဃာတော်တွေပဲ ကျွန်တော်တို့ ကိုးကွယ် ဆည်းကပ်နေကြရတယ်…တရားတော်ဆိုတာကလဲ ဒီ သံဃာတော်တွေဆီကပဲ ပြန်လည်ဆည်းပူးနေကြရတယ်…အဲ့ဒီတော့ ဒီ သံဃာတော်တွေရဲ့ စွမ်းအားဟာ ဗုဒ္ဒဘာသာ အဓွန့်ရှည် တည်တံ့ဖို့ အဓိက နေရာက တည်နေတယ်လို့ ကျွန်တော်ကတော့ ယူဆတယ်…သာသနာတော် သန့်စင်မှု ရှိဖို့အတွက် သံဃာတော်တွေရဲ့ အကျင့်သီလ…စည်းလုံးမှု…ဘာသာတရားအပေါ် စိတ်ဝင်စားမှု…ကိုယ်ကျိုးစွန့် အနစ်နာခံနိုင်မှု…စသဖြင့်ပေါ့ အများကြီး လိုအပ်တယ်လို့ထင်ပါတယ်…ကိုယ်ရှိခိုးရတဲ့ သံဃာတွေဟာ အကျင့်သီလ ပြည့်စုံပါမှ လူတွေရဲ့စိတ်မှာ သဒ္ဒါတရားဖြစ်မယ်…ဒါမှသာ သာသနာတော်ဟာ အဓွန့်ရှည်တည်တံ့မယ်လို့ကျွန်တော်တော့ ထင်ပါတယ်…သံဃာစစ် သံဃာမှန်တွေ ပေါ်ထွန်းလာဖို့အတွက် သံဃာတုတွေ နှိမ်နင်း အရေးယူဖို့ကလဲ သာသနာသန့်စင်ဖို့ အဓိက အရေးကြီးတဲ့ လုပ်ငန်းစဉ် တစ်ခုလို့ ကျွန်တော်တော့ မြင်တာပါပဲ…

ဥပမာပေါ့…ကျွန်တော်တို့ကျောင်းတက်ရတော့ ရန်ကင်းတောင်ခြေမှာ တက်ရတယ်…ညရောက်ပြီဆိုရင် အဲ့ဒီခေတ်က ရှားပါးတော့ ကျောင်းသားတွေက ရွာထဲ ဗီဒီယို သွားကြည့်ကြတယ်..အမြဲပြတာကကျောင်းသားကြည့်တဲ့ ကားပေါ့…သိတယ်မဟုတ်လား…ဒီအထိ ဘာမှမဖြစ်သေးဘူး…ပြတာက ဘုန်းကြီးတဲ့…အောက်စက်ကိုင်တာကလဲ ဒီဘုန်းကြီးပဲ…သင်္ကန်းကြီး တလွှားလွှားနဲ့ဗီဒီယို ရုံထဲမှာ…အဆောင်နေဖူးတဲ့ ကျောင်းသားတိုင်း သိကြပါတယ် ကျွန်တော်ပြောတဲ့ အကြောင်းအရာကို ဟုတ်မဟုတ်သာ မေးကြည့်ပါတော့…ရိုးရိုးကား ပြရင် ကျောင်းသားတွေက ၀ိုင်းအော်ကြတယ်…ဘုန်းဘုန်း ဒီကားမကြိုက်ဖူးဆိုပြီး…ကဲ…စဉ်းစားသာကြည့်ကြပေတော့ အမြင်မတော် ဆင်တော်နဲ့ ခလောက် ဆိုသလိုလို့ပဲ ပြောရမလား…တကယ့် မအပ်မစပ်…

နောက်တစ်ခု…အခု ကျွန်တော်တို့ မိသားစု ကိုးကွယ်တဲ့ ဘုန်းကြီးကျောင်းရှိတယ်…ဆရာတော်ကလဲ တကယ့် စာတတ်ပေတတ်ပါ…တရက်ကျတော့ ကျွန်တော် ည ရှစ်နာရီခွဲလောက် အပြင်ကနေ အိမ်ပြန်လာတော့ လမ်းမှာ ဘုန်းကြီးတစ်ပါး မှောင်မှောင်မဲမဲ ထဲမှာ ဓာတ်မီးတလက်နဲ့ လမ်းလျှောက်နေတာ တွေ့တယ်…ဘယ်သူလဲ ဆိုပြီးသေချာအောင် ဆိုင်ကယ်ကို ပြန်လှည့်ပြီး မီးနဲ့ ထိုးကြည့်လိုက်တော့ ကျောင်းထိုင်ဆရာတော်ကြီး ဖြစ်နေတယ်….ညကြီးမင်းကြီး ဘယ်သွားတာပါလိမ့်ဆိုပြီး နောက်ကနေလိုက်သွားတော့ ဝေယျာဝစ္စ အမျိုးသမီးခေါင်းဆောင် မုဆိုးမ နေတဲ့ အိမ်ထဲ ၀င်သွားတယ်…စိတ်ထဲမှာ တကယ့်ကို လိပ်ခဲတည်းလဲကြီး…ကျွန်တော့်မိဘကို ပြောပြရမလားပေါ့…နောက်ဆုံးမနေနိုင်ဘူး…ပြောပြလိုက်တော့ အံ့သြမယ်ထင်နေတာ…မအံ့သြကြဘူး…အေး…ငါတို့လဲ ကြားတယ်တဲ့…ဈေးထဲမှာတော့ တော်တော် ပြောနေကြတယ်တဲ့…တကယ် တော်တော် စိတ်ပိန်သွားတယ်…နောက် ကျွန်တော့် သူငယ်ချင်းအရင်းကြီးပြောပြမှ ပိုဆိုးသွားတယ်…သူက အဲ့ဒီကျောင်းမှာ တကယ့်တကာရင်း…တရက်ကျတော့ သူ့ကို ဆရာတော်က ဖုန်းဆိုင်တစ်ဆိုင်ကိုခေါ်သွားပြီး ဖုန်းရယ် ဟန်းဆက်ရယ် ရွေးခိုင်းတယ်တဲ့…ဖုန်း ဆယ့်ငါးသိန်းခေတ်ကပေါ့…သူကလဲ ရဟန်းတပါးပါးကို ဆုချမယ် ထင်နေတာ…အဲ့ဒီ တကာမကို မွေးနေ့လက်ဆောင်ဝယ်ပေးတာတဲ့ဗျာ…ကန်တော့ချင်တဲ့စိတ်…လှုချင်တဲ့ စိတ်ဆိုတာ တခါထဲ ကုန်သွားလိုက်တာ နောက်အဲ့ဒီဘုန်းကြီးကျောင်း ရောက်ကို မရောက်ဖြစ်တော့ဘူး…

နောက်လဲ တကယ့်အများကြီးမှ အများကြီးပါပဲ…နှစ်လုံး..သုံးလုံး နံပတ်ပေးနေတဲ့ ဘုန်းကြီးတွေ…ဒိုင်လုပ်နေတဲ့ ဘုန်းကြီးတွေ…တကာမနဲ့ ပန်းခြံထဲ နှစ်ယောက်ထဲ လျှောက်သွားနေတဲ့ ဘုန်းကြီးတွေ တကယ့် အများကြီးမှ အများကြီးပါ…ဒါပေမယ့် ဒါတွေက တကယ့် သံဃာစစ် သံဃာမှန် အရေအတွက်နဲ့ ယှဉ်လိုက်ရင်တော့ မပြောပလောက်တဲ့ ရာခိုင်နှုန်းလောက်ပဲ ရှိမှာပါ…ဒါပေမယ့် ငါးခုံးမတွေ တဖြည်းဖြည်းနဲ့များလာပြီး လှေကြီးပါ ပုတ်သွားမှာ စိုးလို့ပါ…ဒါ့ကြောင့် သာသနာတော် သန့်စင်ရေးအတွက် အရေးယူဖို့ကလဲ အဓိက အရေးကြီးတယ် ထင်တာပါပဲ…ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံတော် သံဃာ့နာယကအဖွဲ့ကလဲ သာသနာတော် အရှည်တည်တံ့အောင် ဘာလုပ်ကြမယ်မရှိဘူး…အစိုးရခိုင်းတာချည်း ပဲ လိုက်လုပ်နေတော့ တာပါပဲ…ရဟန်းတွေရဲ့ လိုက်နာ ရတဲ့ ၀ိနည်းတွေ ဘယ်လောက်များပြားခက်ခဲတယ်ဆိုတာ သဘောပေါက်ပါတယ်…ဒါပေမယ့် သာသနာသန့်စင်ဖို့ဆိုတာမှာ သံဃာတော်တွေရဲ့ စွမ်းအားက အဓိကကျနေလို့ ရေးရတာပါ…ရဟန်းတုတွေနဲ့ တွေ့သွားပြီး ဘာသာမဲ့လို ဖြစ်သွားတဲ့ သူတွေလဲ အများကြီးပါပဲ…

နံပတ်လေး…ကတော့ လူပေါ့…ဗုဒ္ဒဘာသာဝင် ဒီလူတွေ အကြောင်းကတော့ ပြောစရာ များလွန်းတော့ ဘယ်က စပြောရမှန်းတောင် မသိတော့ဘူး…လပြည့်နေ့တွေများ အလုပ်ပိတ် ဆိုင်ပိတ်ပြီး မူးရူးပြီး လည်ပတ်နေလိုက်ကြတာ မြင်ရက်စရာတောင် မရှိပါဘူး…အလှုတွေ ဆိုလဲ လှုတာလား ကြွားတာလား လို့တောင် မေးယူရမလားမသိပါဘူး…ဘုန်းကြီးကျောင်းတော့ ဘယ်လောက်လှု မလှုမသိဘူး…ဆင်ဌားခ…မြင်းဌားခ..၀င်းခင်းခ…ဆိုင်းဌားခ…ဘိသိက်ဌားခ…တွက်ကြည့်ရင် နည်းမှ မနည်းတာပဲကိုး…ဘုန်းကြီးကျောင်း ဆိုတာကလဲ ၀စ်သောက်ကားထားတဲ့နေရာ…နှစ်လုံးရောင်းတဲ့ နေရာ ဒီလိုတွေဖြစ်အောင် ဒီ လူ ဆိုတဲ့ တကာရင်းတွေကပဲ ပေါက်တတ်ကရ လုပ်နေတော့တာပါပဲ…ဂေါပက ဆိုတာကလဲ ပြောမပြောချင်တော့ပါဘူး…လူရွှင်တော်တွေကတောင် ဂေါပကတွေ့ရင် လက်အုပ်ချီရတယ်…ဗိုက်ထဲ ဌာပနာတွေရှိလို့ ဆိုပြီး ပျက် ယူရတဲ့အဆင့်ထိ…တကယ် တကယ် ပြောကို မပြောချင်တော့ပါဘူး…လူတွေအကြောင်းပြောရရင်တော့ ပြီးမှာမဟုတ်တော့ဘူး…

နောက်ပြီး နံပတ် ငါး….စည်းရုံးရေး…. ကျွန်တော်တို့ ဘာသာက စည်းရုံးရေးတော်တော်ညံ့တယ်လို့ ကျွန်တော်မြင်တာပါပဲ…စည်းရုံးရေးဆိုတာက တခြားဘာသာတွေ စည်းရုံးဖို့ထက် ကိုယ့်ဘာသာဝင်တွေကို ပြန်စည်းရုံးဖို့တောင် မလုပ်နိုင်ဘူးလို့ မြင်တယ်…ကျန်တဲ့ဘာသာတွေက တပတ်တခါတော့ သက်ဆိုင်ရာ ဘုရားကျောင်းတွေကို မဖြစ်မနေ ရောက်အောင် သွားကြပေမယ့် ကိုယ့်ဘာသာကတော့ တစ်လကို လပြည့်လကွယ်လေးတောင် ဘုန်းကြီးကျောင်းရောက်အောင် မခေါ်နိုင်ခဲ့ပါဘူး…မသွားနိုင်ခဲ့ကြပါဘူး…အဲ့ဒီအထဲ ကျွန်တော်တို့လဲ ပါပါတယ်…မိဘတွေက သားသမီးတွေကို…အဖိုးအဖွားတွေက သားသမီးတွေကော…မြေးတွေကော မဖြစ်မနေ ခေါ်သွားဖို့ ဘာလို့မကြိုးစားကြတာလဲ မသိဘူး…ဆွမ်းခံကြွသော ရဟန်းတို့ကလဲ လပြည့် လကွယ် နှစ်ရက်လောက်တော့ ဘုန်းကြီးကျောင်းတော့ တရားလာနာသင့်ကြောင်း စည်းရုံးသင့်တယ် ထင်တာပါပဲ…ဘုရား တရားဆိုတာ လူတွေ သိဖို့ ရှိဖို့ထက် ဘုရားရှိတဲ့နေရာ တရားရှိတဲ့နေရာကို.လူတွေအရင်ရောက်အောင်ဆွဲခေါ်ဖို့ လိုမယ်ထင်တာပါပဲ……အရင်ခေတ်အခြေအနေနဲ့ အခု အခြေအနေက မတူတော့တာတော့ အမှန်ပါပဲ…                         နွားကွဲ ရင်တော့ ကျားဆွဲခံရတော့မှာပါ…ဆွဲတဲ့ ကျားပဲ အပြစ်တင်နေတော့မှာလား…ကိုယ်ကပဲ မကွဲအောင် စည်းရုံးကြတော့မှာလား ဆိုတာ ပြတ်ပြတ်သားသား စဉ်းစားရမယ့် အချိန်ရောက်နေပါပြီ…

(ကျွန်တော် နောက်မျိုးဆက် နှစ်ဆက် သုံးဆက်လောက် ရောက်ရင် ကိုယ့်တိုင်းပြည်မှာ ကိုယ့်ဘာသာ သာသနာ ပျောက်ကွယ်သွားမှာ တအားစိုးရိမ်မိပါတယ်…ဒါကြောင့် သိသလောက် မြင်သလောက်လေး ကိုယ့်အမြင်လေး ရေးကြည့်မိတာပါ…ဘာသာရေးနဲ့ပတ်သက်လို့ရေးရတော့လဲ အမှားတွေ ပါခဲ့ရင်လဲ ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုလို့ပဲ သဘောထားပေးကြပါ…မိုးပြိုမှာကြောက်လို့ ခြေထောက်နှစ်ဘက် ထောင် အိပ်တတ်တဲ့ တစ်တီတူး လိုပဲ ကျွန်တော် အရာရာကို စိုးရိမ်စိတ်နဲ့ ရေးထားတာပါ)

About johnnydeer

johnny deer has written 76 post in this Website..

၇၇မွေး...၉၄ ဆယ်တန်းအောင်..၂၀၀၂ မန်းလေးစက်မှုတက္ကသိုလ်က ဘွဲ့ဆိုတဲ့ စာရွက်ကလေးတရွက်ရ...ဘာပညာမှမတတ်..အခုလောလောဆယ်တော့ပေါက်တတ်ကရပြော.. .ပေါက်တတ်ကရရေးနေပါတယ်...ရေးသမျှ အားလုံးကိုတော့ ကိုယ်တိုင်ရေးစစ်စစ်ဖြစ်ကြောင်း ရဲရဲကြီး အာမခံပါတယ်...များသောအားဖြင့်တော့ သူများမကောင်း ကိုယ်ကောင်းကြောင်း ကိုယ်ရည်သွေးစာတွေ ရေးတတ်ပါတယ်...ဒါပေမယ့် အထင်ကြီးစရာတော့ တကွက်မှမရှိပါဘူး...