စာရေးကောင်းတဲ့ ‘ဆု’ (သို့) ဦးကျောက်ခဲရဲ့ ချစ်ပုံပြင်….

 

 

 

 

 

 

 

 

 

 

 

 

ဂဇက်ရွာစုံညီပွဲမှာ အပျော်ဆုံးက ဦးကျောက်ဖြစ်မယ်ထင်ပါရဲ့ဗျာ… ပျော်တာမှ တအားပျော်။ ရေးဖော်ရေးဖက် မိတ်ဟောင်းဆွေဟောင်းများနဲ့လည်းတွေ့ရ၊ မမြင်ဖူးသေးတဲ့ ရွာသူရွာသားများနဲ့လည်းဆုံရတာမို့ ဦးကျောက်ရင်ထဲမှာ လေယာဉ်လက်မှတ်ဖိုးကို နည်းနည်းမှ စိတ်မငြိုငြင်ပါဘူး၊ အချိန်ပါးရှားလွန်းတာကိုသာ စိတ်ထဲ မချင့်မရဲဖြစ်မိတာပါ။ ဘဝပေးအခြေအနေက ဘဏ်သူဋ္ဌေးလည်းမဟုတ်၊ အရောင်းဈေးသည်လည်းမဟုတ်၊ ဆောက်လုပ်ရေးလုပ်ငန်းဆိုတော့ နိစ္စဓူဝ အလုပ်ထဲမှာ မျက်နှာထားတင်းတင်းနဲ့ လူတကာကိုကြပ်၊ အစည်းအဝေးတက်ရင် သတိကြီးကြီးထားရတဲ့ အနေအထားမှာ ရွာပွဲမှာ မိုက်ခဲလို့ စိတ်လွတ်လက်လွတ် ပျော်လိုက်မိတာ ခွင့်လွှတ်ကြပါလို့ပဲ တောင်းပန်ပါရစေဗျာ။ ဒီကြားထဲ အစ်ကိုကြီးမိုက်နဲ့ “မြန်မာ” အိပ်မက် မက်လိုက်သေးတာမို့ တံတွေးမျိုရတဲ့ ရွာသားများကိုတော့ နှစ်ထပ်ကွမ်းပေါ့ခင်ဗျာ။

 

ဦးကျောက်ကို စာရေးကောင်းလို့ အကြိုက်ဆုံးဆု ပေးတယ်ဆိုတော့ မှန်တာပြောရရင် မအံ့ဩမိပါဘူး။ ဟုတ်ပါတယ်…. ဦးကျောက်ရဲ့ ငယ်နုစဉ်ဘဝက စာစီစာကုံးလက်ရာတွေ ဆရာကြီးဦးသိန်းနိုင်ရဲ့ “ဂုဏ်ထူးမြန်မာစာ” မှာ အများကြီးရှိခဲ့ဖူးသလို၊ ဦးကျောက်ကိုယ်တိုင် မဆလခေတ်က လူရည်ချွန်လေးကြိမ် ဖြေဖူးသူပါ။ ကိုယ်က မျက်နှာကြီးသားသမီးလည်းမဟုတ်၊ ထင်ထင်ရှားရှား ထူးချွန်လွန်းသူလည်း မဟုတ်တာမို့ တစ်ခါမှတော့ အရွေးမခံရဖူးပါဘူး… တိုင်းအဆင့်ရောက်ရင် ပြုတ်တာပါပဲ။ အဲ… ဒါပေမယ့် ကျောင်းသူများကြားမှာ မျက်နှာပွင့်ခဲ့ဖူးတာကတော့ ဝန်ခံပါရစေ။ မစားခဲ့ရတဲ့ စပျစ်သီး  ချဉ်တယ် မဆိုချင်ပေမယ့် ကျောင်းသူကျောင်းသားချင်း အဆင့်အတန်းခွဲတဲ့ လူရည်ချွန်စနစ်ကို သဘောမတွေ့မိတာ အမှန်ပါ။ ဘယ့်နဲ့ဗျာ… လူမှန်ရင် ကျရာဘဝမှာ လောကကို ပေးဆပ်ရတာချင်းအတူတူ ဘာလို့များ အများထက် ခေါင်းတစ်လုံးမြင့်ပါတယ်ဆိုပြီး ရေပေါ်ဆီစိတ်ဓာတ် မွေးပေးချင်ရတာလိမ့်ဗျာ။

 

ရှိပါစေဗျာ… ဒါတွေပြောတော့ ဒေါတွေပါ… နိုင်ငံရေး… ကိုယ်ပွားတိုင်း ဖြစ်မလာတာမို့ ရှိပါစေတော့။ ဇာတ်ရင်းဆိုဖက် စာရေးကောင်းလို့ ဘဝပျက်ခဲ့ဖူးတဲ့ ဦးလေးကျောက်ရဲ့ “ပုံပြင်”ကိုပဲ ပြန်ပြောင်းလို့ လှစ်ဟပါရစေခင်ဗျား။ အတိတ်ကိုဆောင်လို့ ငယ်ဘဝကို ပြန်သွားရရင် မောင်ကျောက်ခေါ်မည် ဤသူငယ်သည်ကား နှမများကြားမှာ ကြီးပြင်း၊ ငယ်ဖော်ဆိုးဖက် သူငယ်ချင်းမဒီနှစ်ပါးကို ဟိုဖက်သည်ဖက် အလှည့်ပြောင်းတွဲလို့ အရွယ်တော်ရောက်ခဲ့ရသူပါ။ ကျောင်းဆရာမဟောင်း အမေရဲ့ တစ်သွေးတစ်သံအမိန့်အောက်မှာ ကြက်ခြံထဲက ကြက်ကလေးလို ဘာမှမသိခဲ့ရိုး အမှန်ပါ။ ကျောင်းမှန်မှန်တက် စာမခက်၊ နှုတ်နည်းရိုးအ အဲသည်ဘဝမှာ ကျောင်းဝတ်စုံ သုံးစုံကလွဲရင် အပြင်သွားရင်ဝတ်ဖို့ ရခိုင်ပုဆိုး သုံးထည်၊ လည်ကတုံးနှစ်ထည်နဲ့ စပို့ရှပ် နှစ်ထည်ပဲ ရှိပါတယ်။

 

မောင်ကျောက်မိခင်က စာဖတ်တာကို အားပေးပေမယ့် အဝတ်အစားနဲ့အပျော်အပါးကို လုံးဝအားမပေး၊ ဗိုင်းကောင်းကျောက်ဖိ မွေးလာတာဆိုတော့ ကျောင်းနေဖက်ကလွဲရင် အရပ်ထဲမှာ သူငယ်ချင်းမရှိခဲ့ပါဘူး။ အဲသည်တော့ ပြင်ပလောကကြီးအကြောင်းကို နကန်းတစ်လုံးမှ မသိဘူးပေါ့ဗျာ။ သည်လိုနဲ့….. ကျောင်းစာ၊ အပြင်စာ၊ စာမျိုးစုံကိုဖတ် စာဂျပိုးဘဝနဲ့ အိမ်တွင်းပုန်းနေခဲ့ရတာ ၈တန်းစာမေးပွဲ ဖြေအပြီး “ဂုဏ်ထူး မြန်မာစာ” နွေကျောင်းပိတ်ရက်သင်တန်းကို တက်ရမှ အပြင်လောကကို စခြေချဖူးတာပါ။ မောင်ကျောက်ရဲ့  မြန်မာစာမျိုးစေ့က အဲသည်မှာ အညှောက်ပေါက်၊ စာစီစာကုံးကို ၂ဝမှတ်တန်ရယ်လို့ အားခဲပြီး အရေးကျင့်တော့တာပဲဗျာ။ ဖတ်လိုက်ရတဲ့ စာစီစာကုံး လက်ရွေးစင်တွေကလည်း မနည်းခဲ့ပါဘူး။ နွေပိတ်ရက်သင်တန်းဆိုတော့ ရည်မှန်းချက်ကြီးတဲ့ သူငယ်ချင်းအသစ်တွေလည်း တိုးခဲ့တာပေါ့။ အဲ… အများနဲ့မတူ တစ်မူထူးခြားတဲ့ “သူမ” နဲ့လည်း အဲသည်မှာ ဆုံခဲ့ရတာပါဗျာ။

 

မဲမဲသဲသဲ မောင်ကျောက်ခဲက ကလေးစိတ် မကုန့်တကုန်၊ မိန်းကလေးတစ်ယောက်ကို ဘယ်လိုမှ မပြစ်မှားတတ်သေးပေမယ့် ကျောင်းသားတိုင်း စိတ်ဝင်စား၊ အတန်းကြီးအစ်ကိုတော်များကတောင် လာငမ်းရတဲ့ ရွှေရင်သိမ်းသစ် ဂေါရီအရွယ် လှသွေးတွေကြွယ်နေတဲ့ “သူမ” ကိုတော့ သတိထားမိပါတယ်။ ဒါပေမယ့် ကိုယ်နဲ့ ဘာဆိုင်တာမှတ်လို့။ ဘဝရည်မှန်းချက်ကြီးကြီးထားပြီး အမေဖြစ်စေချင်တဲ့ “ဆရာဝန်ကြီး” ဖြစ်အောင် ကြိုးစားမယ်လို့ သံနိ္နဋ္ဌာန်ချထားသူမို့ ယောင်လို့တောင် လှည့်မကြည့်ခဲ့ပါဘူး။ အခြေကြီးတဲ့ ရွှေမင်းသမီး “သူမ” ကလည်း၊ ဆရာကြီးက မောင်ကျောက်ရဲ့ စာစီစာကုံးတွေကို ဖတ်ပြရင် လှမ်းကြည့်တတ်ပေမယ့် သူနဲ့ကိုယ်နဲ့က “ပြဒါး တစ်လမ်း၊ သံ တစ်လမ်း” ဆိုတော့ နွေသင်တန်းပြီးတော့လည်း  မေ့သွားတာပေါ့ဗျာ။

 

သည်လိုနဲ့ ၁ဝတန်းကိုရောက်ပြန်တော့ “အထူးဝိုင်းသင်တန်း” ဆိုတာကြီးကိုတက်ရမယ်လို့ အဒေါ်တစ်ယောက်က စီစဉ်ပေးချိန်မှာ စာသင်ခန်းထဲ မထင်မှတ်ပဲ “သူမ” နဲ့ ပြန်ဆုံရခဲ့တာပါပဲခင်ဗျာ။ “သူမ” က စာတော်တဲ့ မောင်ကျောက်ကို အထင်တကြီး ရွှန်းရွှန်းစားစားကြည့်တတ်ပေမယ့်၊ သည်သူငယ်က အနေအထိုင် အေးဆေးလေတော့ နောက်ဆုံး “သူမ” ကပဲ စကားစလို့ ဖုန်းနံပါတ် တောင်းရှာပါတယ်၊ “စာနားမလည်ရင် မေးချင်လို့ပါ” တဲ့။ မှန်ရာကို သစ္စာဆိုရရင်ဖြင့် ဖုန်းခဏခဏခေါ်ရင် စာဖတ်ချိန် လျော့မှာမို့ အဲသည့်အချိန်တုံးက မောင်ကျောက် စိတ်ညစ်မိပါတယ်။ ထင်ထားတဲ့အတိုင်းပါပဲ…. ပထမတော့ ငါးမိနစ်လောက် စာမေးရာကနေ နောင်တော့ အရမ်းရင်းနှီးသွားပြီး လူလစ်ရင် ဖုန်းခိုးပြောတဲ့အဆင့်ကို ရောက်ကုန်ကြတာပေါ့ဗျာ။ ဟုတ်ကဲ့… တစ်ဦးတည်းသောသမီး “သူမ” က မဂိုနဲ့ကွေ့ရှမ်း(ဗန်းမော်နယ်ဖက်က) သွေးနှောသူပါ။ ဥစ္စာဓန အတော်ချမ်းသာပေမယ့် “သူမ” ငယ်စဉ်မှာ မိဘနှစ်ပါး အိမ်ထောင်ကွဲပြီး မွေးချင်းမရှိ၊ အထီးကျန် မေတ္တာငတ်မွတ်သူမို့ မောင်ကျောက်ကို အတော်ခင်ရှာပါတယ်။

 

ပြန်ပြောရတာ စိတ်မကောင်းလှပေမယ့် တစ်နေ့သားမှာတော့ ဖုန်းဆက်လို့ စကားဆန်း ဆိုလာပါတယ်။ သူ့ကို မောင်ကျောက်ကနေ ရည်းစားစာ ရေးပြီး ပေးပါတဲ့လေ။ 

“ဟဲ့…နင်နဲ့ ငါနဲ့က သူငယ်ချင်းတွေ.. ပြီးတော့ နင်က…တစ်နေ့ကို ရည်းစားစာ ဆယ်စောင်အထက်မှာ အပေးခံနေရတာ… အလုပ်ရှုပ်တယ်” လို့ ခပ်ဆတ်ဆတ် ဆိုမိတော့၊ ဝမ်းနည်းသံနဲ့

“အေးပါဟယ်… နင်က စာရေးကောင်းတော့ အရမ်းဖတ်လို့ ကောင်းမှာဟ…. နင်… အားမှပါဟာ” တဲ့။

 

မောင်ကျောက်လည်း အဲသည်ရည်းစားစာကိစ္စ မေ့မေ့ပျောက်ပျောက်ထားလိုက်တာ တညမှာတော့ ခေါင်းထဲပေါ်လာလို့ ရေးပေးလိုက်ပါမယ်လေဆိုပြီး စာကြည့်စားပွဲမှာထိုင်၊ မောင်သာရရဲ့ “မျိုးမမ ပကာသနီ” ပြန်ဖတ်ရင်း “သူမ” ကိုမြင်ယောင်ပြီး ဈာန်သွင်းလိုက်တာ…

အဟုတ်ဗျာ… တစ်ဆယ့်ငါးနှစ်သား မောင်ကျောက်ရဲ့ ဘယ်ဖက်ရင်အုံမှာ လှိုက်ကနဲဖို၊ နေလို့လည်းမရ၊ “သူမ” ရဲ့အလှက ကြီးစိုးလွန်းတာမို့ ဗလာစာရွက်တစ်ခုမှာ ရင်တွင်းဖြစ် ကဗျာတစ်ပုဒ်ပါတဲ့ ပထမဦးဆုံး ရည်းစားစာကို ရေးချလိုက်မိပါတယ်ခင်ဗျာ။ နောက်တစ်နေ့ ကျူရှင်အပြီးမှာ မောင်ကျောက်လည်း ရေးပြီးကြောင်း ပြောလိုက်ရင်း တုန်တုန်ယင်ယင်နဲ့ စာကို ကမ်းလိုက်တော့၊ “သူမ”က ချက်ချင်းဖတ်တယ်လေ…။ စာဖတ်အပြီး မော့ကြည့်လိုက်တဲ့ “သူမ” ရဲ့ အညိုရောင်မျက်ဝန်းတစ်စုံမှာ အရောင်တွေလက် ပါးမို့လေးမှာပန်းဆီရောင်ပြေးနဲ့… 

“နင်… ငါ့ကို တကယ်ပေးတာဆိုရင် ဘယ်လောက်ကောင်းမလဲ” လို့ ဆိုအပြီး၊ အိကနဲ ငိုအချမှာ… ဟောသည့် မောင်ကျောက် ရူးလိုက်မိတာ လွန်သလားဗျာ….

 

အဲသည်နေ့ကစလို့ မဲမဲသဲသဲ မောင်ကျောက်ခဲလည်း ယမင်းရုပ်ကလေး ကောက်ရပေမယ့် ဘဝရည်မှန်းချက် မပျက်ခဲ့ပါဘူး။ စာကြိုးစားပြီး ဆေးကျောင်းအတူတက်ကြမယ်ပေါ့။ ပျော်လိုက်တာဗျာ… မောင်ကျောက်တို့က အနေအထိုင် ပိရိတော့  ကျူရှင်တက်ဖော် သူငယ်ချင်းများလည်းမသိ၊နှစ်ဖက်မိခင်များကလည်း မရိပ်မိ၊ စိတ်ချလက်ချ ယုံကြည်ထားတာပေါ့။ လူလစ်ရင် ဖုန်းပြောတယ်၊….. စီးပွားရေးကိုပဲ သဲကြီးမဲကြီးရှာနေတဲ့ “သူမ” ရဲ့ အမေ ခရီးသွားရင် အိမ်မှာချိန်းတွေ့တယ်၊ ပြီးတော့  ချစ်သူနဲ့စာအတူကျက်လို့ စိတ်ကူးယဉ်နန်းတော်ကြီး ဆောက်မိတာပေါ့။  

 

ဒါပေမယ့် ကံကြမ္မာက ရက်စက်လွန်းအားကြီးတယ်ဗျာ…. အဲသည်နှစ်က တန်ဆောင်တိုင်ပွဲ ပျက်အောင် အငြိုးနဲ့ရွာတဲ့မိုး၊ မောင်ကျောက်တို့နှစ်ယောက်ရဲ့ဘဝကိုလည်း တစ်စစီပျက်အောင် ဖျက်ဆီးသွားခဲ့တာ ရင်ထဲမှာ သေရွာပါဝေဒနာတွေနဲ့ပါ။ “သူမ” အမေ မန္တလေးကို အလုပ်ကိစ္စနဲ့ နေ့လယ်ထဲက တက်သွားတယ်ဆိုလို့ မိုးလေးစိမ့်စိမ့်ညနေခင်းမှာ မောင်ကျောက်လည်း စာအတူကျက်ဖို့ ထွက်ခဲ့တာပေါ့။ အိမ်စာတွေပြီးတဲ့  ည ၁၁နာရီလောက်မှာတော့ မိုးခြိမ်းသံမာန်ပြင်းပြင်းနဲ့ လျှပ်ပန်းလျှပ်နွယ်ဆင်လို့ အချိန်အခါမဟုတ် သဲကြီးမဲကြီး မိုးကရွာ၊ “သူမ” ရဲ့ အထိန်းတော်ကြီးကလည်း ကောက်ခါငင်ခါ ဖျားနေရှာလို့ ကြောက်နေတဲ့ “သူမ”ကို အဖော်ပြုရင်း မောင်ကျောက်လည်း “သူမ” အိမ်မှာ ညအိပ်မိတာပေါ့ဗျာ။

 

မိုးအေးအေးနဲ့ “ခိုင်ထူး”ရဲ့ သီချင်းတွေဆိုပြီး ကွေးလိုက်ကြတာ မနက် ၂နာရီကျော်လောက်မှာတော့ အိပ်ခန်းမီး ရုတ်တရက်လင်းသွားပြီး “သူမ” အမေရဲ့ စူးစူးဝါးဝါးအော်သံနဲ့အတူ မောင်ကျောက်တို့နှစ်ယောက်လည်း လန့်နိုးလာပါတယ်။ “ဘိုင်းဒါး” (ပဲခူး နဲ့ ညောင်လေးပင်ကြား) မှာ ကားလမ်းပေါ် ရေကျော်၊ ခရီးဆက်မရလို့ပြန်လာတာ… “သူမ” နဲ့မောင်ကျောက်ကို  အိပ်ရာပေါ်မှာ တွေ့လိုက်ရတော့ ကမ္ဘာပျက်တာပေါ့။ ပေးချင်တဲ့သစ္စာ ပေးပါဗျာ…. မောင်ကျောက်တို့နှစ်ယောက် လွန်လွန်ကျူးကျူး ဘာမှမဖြစ်ခဲ့ကြပါဘူး။ ဒီခေတ်သားသမီးများလိုလည်း နားမလည်၊ နှမများကြားမှာ နေလာရတာမို့ ဘာမှ ဗဟုသုတမရှိ၊ ဓာတ်ရှင်ထဲမှာ တစ်ခါလေးမှားမိပါတယ် ဖျက်မရဆိုတော့ အရမ်းကြောက်လို့ စောင့်ထိန်းခဲ့ကြပါတယ်ဆိုတာ နှစ်ဦးစလုံးအသိဆိုပေမယ့် “သူမ” အမေကတော့ ဘယ်လိုမှ လက်မခံပါဘူး။

 

အဲသည်မိုးညရဲ့ အဆုံးသတ်ကတော့… နှစ်ဖက်အမေတွေ ပြဿနာအကြီးအကျယ်တက်ပြီး မောင်ကျောက်တို့နှစ်ယောက်လည်း အခွဲခံရတာပေါ့။ “သူမ” ကိုလည်း ငယ်ငယ်ရွယ်ရွယ် ၁ဝတန်းတောင် ပေးမဖြေစေတော့ပဲ တိုင်းတပါးကို အပို့ခံလိုက်ရလို့ အသည်းတွေကွဲသလို မောင်ကျောက်လည်း ချစ်ဆိပ်တက်လို့ စာမေးပွဲကျ၊ ဆေးစွဲ ဘဝပျက်ပါတယ်။ တစ်သက်လုံး ရိုးရိုးအေးအေးနေခဲ့တဲ့ သားလိမ္မာမောင်ကျောက်၊ ကိုယ်ဖြစ်ချင်တာမဖြစ်လို့ ဖြစ်ချင်ရာဖြစ်ဆိုပြီး လောကကြီးကို အရွဲ့တိုက်လိုက်တာ ရိုက်ပွဲဆိုလည်း မောင်ကျောက်၊ ဆေးကွဲပြီး ကားပြိုင်မောင်းကြတယ်ဆိုလည်း မောင်ကျောက်၊ အရပ်ကတို့က လက်လန်… နောက်ဆုံး အိမ်ကအမွေပြတ်စွန့်ရလောက်အောင် ဆိုးခဲ့ပေခဲ့သူပေါ့ဗျာ။ အင်း… ငယ်သူငယ်ချင်းမဒီနှစ်ယောက်ရဲ့ ကောင်းမှုနဲ့ တစ်ချက်လေး အသိစိတ်ဝင်ခဲ့မိလို့သာ တိုက်ကြိုတိုက်ကြား အပ်တန်းလန်းနဲ့ သေကံမရောက် အသက်မပျောက်ခဲ့တာပါ။   

 

အဲဒီလို စိတ်နာစရာ အတိတ်ရှိလို့ ၁ဝတန်းအောင်တဲ့နှစ်မှာတောင် မြန်မာစာကို စာစီစာကုံး လုံးဝမရေးခဲ့သလို၊ စကားပြေ မရေးတာလည်း နှစ်အစိတ်ကျော်ခဲ့ပြီးမှ အခုတော့ အထီးကျန်လှတာမို့ ဂဇက်ရွာမှာ စာပြန်ရေးလို့ လက်ပြန်သွေးမိတာပါ။ တက္ကသိုလ်တက်တုန်းကတော့ ပိုက်ဆံမရှိတဲ့အချိန် သူငယ်ချင်းများက ရည်းစားစာရေးပေးဖို့ အကူအညီတောင်းရင် ရင်နာနာနဲ့ အရက်သောက်ပြီး ရေးပေးဖူးပါရဲ့ဗျာ။ အချစ်ကဗျာကတော့ အခုချိန်အထိ စိတ်ထဲမှာ မရေးချင်မိပါဘူး။ ကျိန်စာမိနေတယ်ထင်ပါရဲ့ဗျာ… ခုလည်း ဦးကျောက်အသည်းလေး မခိုင့်တခိုင် စွဲကိုင်မယ့် ဘဝကြင်ဖော်တွေ့ပါမှ ဘဝချင်းက အလှမ်းကွာဝေး၊ ချစ်ရသူလေးရဲ့ ဖခင်ကြီးက “မီးမြင့်”နေမှန်း အခုမှသိရတာမို့ အွန်လိုင်းမှာ မတွေ့ရတော့ရင်ဖြင့်…

မေ….. အကျွန်ုပ် ကံမွဲ ဦးကျောက်ခဲသည်

ဘဂ္ဂ ဟဒယ….. အသည်းကွဲရှာပြန်လေပြီဟု

တွံ….. အသင် စာရှုသူတို့သည်

ဂဏာဟိ….. မှတ်ယူကြကုန်ရာ၏….

 

 

 

 

 

 

 

138 comments

  • padonmar

    March 8, 2013 at 9:27 pm

    ခါတိုင်းကွန်မန့် ၅ဝ ကျော်ရင် နောက်တစ်မျက်နှာကူးတယ်လေ။
    အခု ကွန်မန့် ၁၂၅ခုလုံး ပေါ်နေတယ်နော်။
    သဂျီး တော့ မယ်ပုရဲ့ကြော်ငြာနဲ့ ဦးကျောက်ရဲ့ကျော်ညာတွေ လူများများဖတ်မိအောင် ထားထားတာများလား။

    • ဦး ကျောက်ခဲ

      March 9, 2013 at 11:25 am

      အန်တီ.. ပဒုမ္မာရယ်..ကျော်ညာတဲ့လားဗျာ :kwi:

  • MaMa

    March 8, 2013 at 10:32 pm

    ဦးကျောက်ကတော့ ဖိတ်စာတစ်ခြမ်းရိုက်ပြီး ရွာထဲမှာ ဝေနေပြီ။
    လက်ဖွဲ့တွက်နည်း ပြန်ဖတ်ထားအုံးမှ။ :kwi:

    • ဦး ကျောက်ခဲ

      March 9, 2013 at 11:27 am

      ဟီ ဟိ… အန်တီမမ… ကျောက်မြုံးမှာငါးမိရင်… လက်ဖွဲ့ချင်းသီးခံပါ…လို့ :harr:

  • uncle gyi

    March 8, 2013 at 11:09 pm

    ဦးကျောက်ကဆရာငြိမ်းကျော်ရဲ့ဇာတ်လိုက်ကျော်ကိုအားကျတယ်နဲ့တူတယ်
    ဟိုးတချိန်ကဖြစ်ကောင်းဖြစ်နို်င်တဲ့ဇာတ်မျိုးလို့မှတ်ပါတယ်
    အခုခေတ်ကလေးတွေနဲ့ဆိုရင်တော့

    • ဦး ကျောက်ခဲ

      March 9, 2013 at 11:32 am

      uncle gyi ရယ်
      ငြိမ်းကျော်ကိုသိပ်မကြိုက်ပါဘူး…
      ကျွန်တော်က မောင်စိန်ကုန်း (ပုတီးဝင်း)…
      ဟီး မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ ပရိတ်သတ်ပါ….
      ၈ဝခုနှစ်နှောင်းပိုင်းက ဇာတ်လမ်းပါဗျာ….
      :kwi:

  • အရီးခင်လတ်

    March 11, 2013 at 4:12 am

    အားပါးပါး။
    အရမ်း ပွဲကျနေကြတာကို လွတ်သွားတာ။
    အခုမှ ဖတ်ရလို့ အခုမှ ဇာတ်စုံသိတော့တယ်။
    ငယ်ချစ်ဟောင်းတွေပြန်တွေ့သွားကြတာကိုလဲ အင်မတန်ဝမ်းမြောက်ပါတယ်။
    ဘပု က နောက်ဆုံးမတော့ ကိုကျောက်ရဲ့ “သူမ” ကိုး။
    ကောင်းလေစွ။ ကောင်းလေစွ။ ကောင်းလေစွ။ 😆

    မိုက်ကယ်ဂျော်နီအောင်ပု says:
    အားရအောင်ငိုပါရစေဦး
    နောက်မှ မန်းမယ်

    ================

    • ဦး ကျောက်ခဲ

      March 11, 2013 at 12:16 pm

      အောင်မလေးအရီးရယ်…
      ကအောင်ပုနဲ့သာဆိုရင်တော့ ကိုယ့်လည်ပင်းကိုယ်ညှစ်လို့ “ဂိ”ကနဲတေလိုက်မယ်…
      ဒီလူကြီးက စိတ်ချရတာမဟုတ်… ပိုက်ပိုက်ပေးပြီး “ကထေလ်” လုပ်ခိုင်းထားမှ… အား ဟိ
      :harr:

  • kai

    March 11, 2013 at 3:02 pm

    ဝိုင်းစုရဲ့စကပ်ကိုလှန်.. အဲ.. ကျော်သွားပြီဖြစ်တာမို့.. အတိတ်နမိတ်ကတော့.. အပြည့်..။
    ဦးကျောက်၏အရေးတော်ပုံ.. အောင်ပါစေ..။ :kwi:

  • panpan

    March 11, 2013 at 10:11 pm

    နာခဲဖျားခဲတဲ့လူ တစ်ခါဖျားတာနဲ့ သေရောဆိုသလိုပဲ

    :harr:

    အားတင်းထား အူးကျောက်!!!…အားတင်းထား…!!!

Leave a Reply