ဂျပ်စပဲရိုးလေးများ

myanmarnavy seadogMarch 6, 20131min22316

ကျုပ် တပ်မတော်(ရေ) ထဲရောက်ကာစ မနူးမနပ်အရွယ်က စစ်ရေယာဉ်မှူး ဗိုလ်ကြီးတစ်ဦး အိမ်ကိုပေးတဲ့စာတစ်စောင်ကောက်ရဖတ်ခဲ့ဘူးပါတယ်။ စာက မိခင်ဆီရေးတဲ့စာပါ။ “အမေ သားအတွက်အမေ မောခဲ့ရသမျှ အမေ မောပြေစေရပါ့မယ် သားတိုက်ရေယာဉ်(   ) မှာ စစ်ရေယာဉ်မှူးဖြစ်နေပြီအမေ မကြာခင်အမေရယ် ညီမလေးတို့ရယ် ပြည့်ပြည့်စုံစုံနဲ့ ချမ်းချမ်းသာသာ နေရတော့မှာပါ……” ကျုပ် အဲဒီစာကို ကောက်ရတဲ့အချိန် အဲဒီစစ်ရေယာဉ်မှူး မရှိတော့ပါဘူး ပြောင်းရွေ့သွားပါပြီ။ အဲဒီအချိန်က စာပါ အကြောင်းအရာတွေနားမလည်ခဲ့ပါဘူး။ အခုတော့ အဲဒီစာလေးကို အားလုံးသိဘို့ရှင်းပြဘို့လိုလာပါပြီ။

စစ်တက္ကသိုလ် ဆင်းအရာရှိတွေထဲက တပ်မတော်ရေ ကိုရောက်ရှိလာတဲ့ အရာရှိငယ်တွေဟာ ဆိပ်ကြီး(သံလျှင်)မှာ JOC လို့ခေါ်တဲ့ ရေတပ်အရာရှိငယ်သင်တန်းကိုတက်ရပါတယ်။ အဲဒီမှာ ရေတပ်ဆိုင်ရာဘာသာရပ်တွေကိုသင်ကြားပြီးရင် မင်းညီမင်းသားတွေလို သင်တန်းဆင်းပွဲကို ခမ်းနားစွာ ကျင်းပသင်တန်းဆင်းပေးပြီးရင်ဗိုလ် ဘဝနဲ့ ရင်းဖွဲ့ ရေယာဉ်တွေမှာ တွဲဘက်အရာရှိငယ်ဘဝနဲ့ ရေတပ်ဆိုင်ရာအတွေ့ အကြုံတွေကို စီနီယာအရာရှိတွေဆီက သင်ယူကြရပါတယ်။ ဗိုလ်ကြီးအဖြစ် ရာထူးတိုးပြီးရင်တော့ စစ်ရေယာဉ်မှူးသင်တန်းတက်ပြီးတာနဲ့ ရေယာဉ်ငယ်တွေမှာ စစ်ရေယာဉ်မှူးအဖြစ်တာဝန်စတင်ထမ်းဆောင်လို့ နောင်ရေးစိတ်အေးရအောင် စီးပွါးရှာတဲ့လုပ်ငန်းစကြပါပြီ။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်က စစ်ရေယာဉ်မှူးတွေ (လက်ရှိဦးစီးချုပ်ရေ။အရာရှိချုပ်ရေ) တုန်းက ရှာဖွေလို့ရသမျှ အချိုးကျခွဲဝေရာမှာ ၁။၂။၃ ရဲဘော် တစ်ဆ စစ်ရေယာဉ်မှူး သုံးဆပါ။အချိုးအတိုင်းယူ ခဲ့ပေမည့် အခုခေတ်အရာရှိများကတော့ ၁။၂။၁၀ဝ ဝမ်းတူး ကြိုက်သလောက်ဖြစ်နေပါပြီ။ အဲဒီခေတ်က ဖမ်းစားခေတ်။ ပင်လယ်ပြင်မှာရှိတဲ့ တရားမဝင် ငါးခိုးလှေ၊ ဆီမှောင်ခိုလှေ၊ သစ်ခိုးလှေ။ငါးမိုင်းခွဲလှေ။ အကောက်ခွန်မဲ့ ပစ္စည်းများတင်လာသော ပီနမ်လှေ။ ဖမ်းဆီးရသမျှ လှေပေါ်ပါပစ္စည်းတွေကို စာရင်းလျှော့ပြ၊ ဆီတွေစုပ်ထုတ်။ဆက်သွယ်ရေးစက် ရေဒါ။ TV။ အောက်စက် ရေခဲသေတ္တာ။ တရားခံတွေရဲ့ အသုံးအဆောင်ပစ္စည်းတွေကို။ခွဲဝေကာယူကြပါတယ်။ များသောအားဖြင့် တရားခံမဲ့ အဖမ်းပြပါတယ်။ တရားခံတွေထွက်ပြေး လွတ်မြောက်ပေါ့။ တရားခံတွေကို လွှတ်ပေးလိုက်တာပါ။ဒါမှ ပစ္စည်းစာရင်းကို စိတ်ကြိုက် လျှော့ပြလို့ရမှာကိုး။ အဲဒီခေတ်က အရာရှိတွေဟာ သိပ်ရမက်မထကြသေးပါဘူး။ရှယ်ယာကိုလည်း ၁.၂.၃။ ၁.၂.၅။၁.၂.၁၀။ အများဆုံး စစ်ရေယာဉ်မှူးတစ်ယောက်ကို ဆယ်ဆ လောက်ဘဲယူပါတယ်။ တစ်ချို့ ရှယ်ယာမယူတဲ့ စစ်ရေယာဉ်မှူးတောင်တွေ့ဘူးခဲ့ပါတယ်။ အဲဒီခေတ်က အရာရှိငယ်တစ်ယောက်ဟာ တစ်နှစ်လောက် စစ်ရေယာဉ်ငယ် တစ်စီးမှာ စစ်ရေယာဉ်မှူး အဖြစ် ဆင်းပြီးရင် ကားကောင်းတစ်စီးစီးနိုင်ပြီလေ။ ရဲဘော်အဆင့်ဟာလည်း တော်ရုံတိုက်ခန်းလောက်ဝယ်နိုင်ကြပါတယ်။ ဒါပေမည့် ရဲဘော်တိုင်းတော့ မဟုတ်ပါ အကပ်ကောင်း အရာရှိကြီးများရဲ့ လက်ပါးစေ အလျှင်းသင့်သူတွေသာ သင်္ဘောကောင်း ကိုရောက် စီးပွါးဖြစ်ကြတာပါ။ စစ်ဆင်ရေးတစ်ခေါက်ထွက်တော့မည်ဆိုရင် ကမ်းလုံးပြည့်မိသားစုတွေ လိုက်ပါ ပို့ဆောင်ကြ စစ်ဆင်ရေးအပြန်ဆိုရင် ကမ်းလုံးပြည့်ကြိုဆိုကြပါတယ်။ အခုတော့ပြောင်းပြန်ပါ။ စစ်ဆင်ရေးထွက်တော့မယ်ဆိုရင် အကြောင်းအမျိုးမျိုးပြ။ စစ်ပြေးလုပ်။ခွင့်မဲ့လုပ်ပြီး ရဲဘော်တွေဟာ စစ်ဆင်ရေးဆိုရင်ဝေးဝေးက ရှောင်ချင်နေပါပြီ။ ဘာကြောင့်လည်း။ အခုခေတ်အရာရှိတွေဟာ မိမိကိုယ်ကျိုးအတွက်ဘဲကြည့် ချမ်းသာအောင်လုပ် ရဲဘော်တွေကိုနင်းပြားဘဝမှာထား ဝိသမလုပ်ငန်းရှင်တွေနဲ့ ပေါင်းစားလို့ ဗိုလ်မှူးတစ်ယောက်ရဲ့ ပိုင်ဆိုင်မှုဟာ သိန်းပေါင်းတစ်သောင်း အထက်လောက်ပိုင်ဆိုင်နိုင်အောင်အလုအယက် အပြိုင်အဆိုင် ရှာကြ တော့။ဗိုလ်ချုပ်တစ်ယောက်ရဲ့ ပိုင်ဆိုင်မှုကတော့ စဉ်းစားသာကြည့်တော့။

ရေတပ်စခန်းဌာနချုပ်တွေထဲမှာ ရခိုင် ဓညဝတီရေတပ်စခန်းဌာနချုပ်။ ဟိုင်းကြီးကျွန်း ပမ္မဝတီရေတပ်စခန်းဌာနချုပ် နှစ်ခုကတော့ မဲဇာလို့ဆိုပါတယ် အောက်ဆိုက်ရပေါက်ရလမ်းနဲလို့ ဘယ်သူမှမသွားချင်ကြပါဘူး။ တနင်္သာရီရေတပ်စခန်းကတော့ ရဲဘော်တောင် သိန်းဆယ်ဂဏန်းနဲ့ အထက်ဂါနိုင်မှရောက်နိုင်တဲ့နေရာတွေပါ။ ၂၀၀၈-၂၀၀၉လောက်ကဆိုရင် ရဲဘော်တစ်ယောက် တရခ မှာသင်္ဘောဆင်းတာ တစ်လခွဲလောက်နဲ့တင် သိန်း၃၀ဝ လောက်ရတယ်လို့သိရတယ် စစ်ရေယာဉ်မှူးအဆင့်ဆို စဉ်းစားသာကြည့်။ ဘယ်လိုရလည်းဆိုတာအသေးစိတ်ပြောပြပါ့မယ်။

ဧရာဝတီရေတပ်စခန်းဌာနချုပ်မှာ စစ်ဆင်ရေးဝင်တဲ့နေရာတွေမှာ ဖျာပုံမြစ်ကြောင်းလုံခြုံရေး။ ကဒုံကနိ။ ဖိုးတုတ်မြစ်ဝ၊ ရေနံတံတား။ တော်ခလု။ရန်ကုန်မြစ်ဝ။တွံတေးဝ။တို့မှာ စစ်ရေယာဉ်တွေကို စစ်ဆင်ရေးအနေနဲ့ထားပါတယ်။ ရန်ကုန်မြစ်ဝကနေ ရန်ကုန်မြို့ ဆိပ်ကမ်းတစ်ခုခု ကိုဝင်ဘို့ ငါးဖမ်းစက်လှေ(တန်ကေး။ဝိုင်းပိုက်။မျောတန်း)တွေဟာ စစ်ရေယာဉ်တွေကို ဒီဇယ်ဆီ ၁ရ ဂါလန်(တစ်ဂွေ) ပေးရပါတယ်၊ စစ်ရေယာဉ် အနဲဆုံး လေးစီးကိုပေးရပါတယ်။သူတို့ကလည်း အကြောင်းအမျိုးမျိုးကြောင့် ရေတပ်ကို မချစ်သော်လည်းအောင့်ကာနမ်းဆိုသလို ပေးနေရပါတယ် သူတို့မှာလည်းဥပဒေနဲ့ ညိစွန်းနေတာကိုး။ ကမ်းနီးဝင်ဆွဲနေတာရော။သတ်မှတ်ငါးဖမ်းပိုက်နဲ့ဖမ်းတာမဟုတ်တာရော။ အထွက်။အဝင် ငါးဦးစီးကိုသတင်းပို့ပြီးတာနဲ့ စက်ဆရာတို့ ပဲ့နင်းတို့က အိမ်ပြန် လက်ထောက်ပဲ့နင်း(လိုင်စင်မဲ့) စက်ဆရာတို့နဲ့ ပင်လယ်ပြင်ကိုလွှတ်တော့ NAVY က သူတို့ပျော့ကွက်ကိုသိတယ်လေ။

ဒီတော့ရေတပ်ကို ဆီ တစ်ဂွေက တရားဝင်နီးပါးပေးနေရတာ ငါးပုဇွန်စားဘို့လည်းပေးရသေး ရေခဲလိုရင်ရေခဲ၊ ရန်ကုန်မြစ်ဝ လုံခြုံရေးကျ စစ်ရေယာဉ်တစ်စီးမှာ အရာရှိ ဗိုလ်ကြီးအဆင့် တစ်ဦး(သို့) နှစ်ဦး။ (သို့)ဗိုလ်မှူးတစ်ဦး၊ဗိုလ်ကြီးတစ်ဦး။စစ်သည်၃ဝဦးခန့်ပါတယ်။နေ့စဉ် ငါးဖမ်းလှေ အဝင်။အထွက် ပျမ်းပျ ၃ဝ စီးခန့်ရှိတယ် ဆီ ၁ဝ ပေပါလောက်ပျမ်းပျဝင်တယ်။ တရားမဝင့်တစ်ဝင် မီးသွေးလှေက တစ်စီးကို တစ်သိန်းခွဲလောက်ရတယ် သူက ပျမ်းပျ နှစ်စီးလောက်နေ့စဉ်ဝင်တယ်။ ကုန်လှေ MV တွေကတော့ စစ်သင်္ဘောကို အသီးအရွက်။အရက်၊ဆေးလိပ်ပေးတယ်။ တရားမဝင်ဆီမှောင်ခိုလှေက စစ်ရေယာဉ်မှူးအိမ်ကိုတစ်လ သိန်း ၅ဝ လောက်ပို့တယ် အဲဒါက စစ်ရေယာဉ်မှူးရဲ့ မုန့်ဘိုး။ စစ်ဆင်ရေးတစ်ခေါက်ကို နှစ်လကြာတယ်။ အဲဒီနှစ်လမှာ ရဲဘော်အဆင့်က နှစ်သိန်းခွဲ၊ တာဝန်ခံဆရာကြီးတွေက ငါးသိန်း ဒုစစ်ရေယာဉ်မှူးက ဆယ်သိန်း၊ စစ်ရေယာဉ်မှူးက သိန်း၃၀ဝ လောက်မတရားယူသွားပေမည့် ဘယ်သူမှမပြောရဲကြဘူး။ ပြောရင်ပြောတဲ့ဆရာကြီး သင်္ဘောမဆင်းရတော့ဘူး။ဒါမှမဟုတ် ပိုက်ဆံမရတဲ့ဖိုးတုတ်မြစ်ဝလုံခြုံရေးသင်္ဘောကိုပြောင်းတော့ဘဲ။ စစ်ရေယာဉ်မှူးထဲမှာလည်း ဂါနိုင်တဲ့ သူဘဲ ရေနံတို့ ရန်ကုန်မြစ်ဝတို့ကျတယ် ။ မဂါနိုင်တဲ့ အရာရှိကတော့ မရတဲ့ဘိပြေးပေတော့ဘဲ၊ အဲဒီနေရာမှာ တစ်နှစ်အတွင်း သုံးခေါက်လောက်ကျတဲ့ အရာရှိက အနည်းဆုံး သိန်းထောင်ကျော်စုမိသွားမယ်။

၂၀၁၁ ခုနှစ်က အရာရှိတစ်ယောက်ဟာ G2 စစ်ဦးစီးမှူး ဒုတိယတန်း ဧရာဝတီရေတပ်စခန်းဌာနချုပ်နဲ့ပေါင်းပြီး ရန်ကုန်မြစ်ဝမှာ ခဏခဏကျပြီး တရားမဝင်ဆီမှောင်ခိုလှေ၊ မီးသွေးတင်ကုန်လှေနဲ့ တရားမဝင်ဓါတ်ငွေ့အိုးတင် စက်လှေကြီးတွေဖမ်းပြီး။နိုင်ငံတော်ကိုမအပ်ဘဲ G2 ဗိုလ်မှူးကျော်ကျော်လင်းနဲ့ ပေါင်း ရောင်းစားပြီး သိန်း ၅၀၀ဝ လောက်ချမ်းသာသွားတယ်လို့ သတင်းကြားရတယ်။

တနင်္သာရီ ရေတပ်စခန်းမှာကတော့ ရေပြင်ရောင်းစားတာနဲ့တင် သင်္ဘောဆင်းစစ်သည်တွေဟာ သိန်းရာနဲ့ချီရတယ်။  ကမ်းနီး ကျွန်းကြိုကျွန်းကြား ဖမ်းတဲ့ ငါးဖမ်းလှေတွေဟာ စစ်ဆင်ရေးဝင် စစ်ရေယာဉ်တွေကို ဆက်ကြေးအနေနဲ့ ဒီဇယ် ၃ ပေပါ တစ်ရေ (၁၅ရက်) ကိုပေးရတယ် ။ ကျွန်းစခန်းမှူးကို လည်း သင့်တော်သလိုခွဲပေးရတယ်။ သစ်ခိုးလှေ တရားမဝင်ငါးဖမ်းစက်လှေတွေဟာ စစ်ရေယာဉ်တွေနဲ့ ညှိပြီး တရားဝင်လုပ်စားနေကြတယ်။ အရာရှိဆိုတာကတော့ သူ့ဘဝရဲ့အပြောင်းအလဲဘဲ၊တနင်္သာရီ ရေတပ်စခန်းကို ပြောင်းရွေ့တာဝန်ထမ်းဆောင်ခွင့်ကို ခွင့်ပြုမိန့်ချပေးတဲ့ ဆရာသမားကို ဗိုလ်မှူးအဆင့်က ဂါတာ (ကန်တော့တာ၊ လာဘ်ထိုးတာ) သိန်းတစ်ထောင်တန်ကားတစ်စီးတဲ့  တပ်မတော်ရေမှာရှိတဲ့ အရာရှိအဆင့် စစ်ရေယာဉ်မှူးတွေ ဗိုလ်မှူးတွေ ဗိုလ်မှူးကြီးတွေ နဲ့အထက်ပိုင်ဆိုင်မှုတွေကို စစ်ဆေးကြည့်ကြစမ်းပါ၊ သူတို့လစာငွေ ဒုဗိုလ်ဘဝကနေ လက်ရှိအဆင့်ထိ လစာအားလုံးပေါင်းရင်တောင် သူတို့စီးနေတဲ့ ကားတစ်စီးစာမရှိဘူး။ ဒါတွေကိုဖေါ်ထုတ်အရေးယူဘို့လိုနေပါပြီ နောက်တစ်ပါတ်ကျမှ တပ်မှူးတွေရဲ့ တပ်တွင်း စစ်သည်တွေရဲ့ ရပိုင်ခွင့်တွေဘယ်လို အလွဲသုံးစားလုပ်နေတယ်ဆိုတာဖေါ်ပြပါ့မယ်

 

16 comments

  • johnnydeer

    March 7, 2013 at 6:35 am

    ဪ…ဒါကြောင့် ရေတပ်ကို ဝိုင်းလုနေကြတာကိုး…သိပါဘူး…မြန်မာ့ပင်လယ်ပြင်ကြီးကို တအားချစ်ကြလို့မှတ်နေတာ…နှစ် ၂ဝ လောက်အတွင်း ပျက်သွားရတဲ့ စိတ်ဓာတ်နဲ့ စာရိတ္တ အပျက်အစီးအများကြီးထဲက တစ်ခုပေါ့ဗျာ…

  • Foreign Resident

    March 7, 2013 at 7:46 am

    ဟ ၊ အတွင်းကျကျ တော်တော် ပြောနိုင်တာပဲ ။
    ဖိုးတရုတ်ကင်း က ၊ လေတပ် အကြောင်း ပြောတာ ဆိုရင် ။
    ကိုယ့် ဆရာ ( myanmar navy sea dog ) က ၊
    ရေတပ် အကြောင်း တော်တော် ပြောနိုင်တာပဲ ။

  • ခိုင်ဇာ

    March 7, 2013 at 9:45 am

    ရေးထားတာတော့ အတော် နှံ့နှံ့စပ်စပ် အတွင်းကျကျ ပဲ။

    ခေါင်းစဉ်ကြည့်လိုက်မိတော့ ဂျော်နီဒက် လေး အကြောင်းများလားမှတ်ခဲ့တာ။ :mrgreen:

  • ဦးကြောင်ကြီး

    March 7, 2013 at 10:29 am

    ရေတပ်မှာ ခရုစ်ဒုံးပျံတင် ဖရီးဂိတ် အမြန်စစ်သင်္ဘောတွေ အမားဂျီး ရှိတယ်ဆို.. လုပ်ပါအုံး။ ကျုပ် မှောင်ခိုချတဲ့အခါ စက်လှေအင်ဂျင် ဘယ်နှစ်ကောင်အား တပ်ရင်ကောင်းမလဲလို့….။

  • ရွှေတိုက်စိုး

    March 7, 2013 at 10:31 am

    ခေါင်းစဉ်လေးနဲ. အကြောင်းအရာလေး လိုက်သဗျာ…
    နောက်လာမယ့် ဆက်ရေးမယ့် အကြောင်းရော ခေါင်းစဉ်ရွေးထားပီးပလားဗျ..
    စောင့်ဖတ်နေမယ်နော..

  • kyeemite

    March 7, 2013 at 11:12 am

    ခရေစေ့ တွင်းကျပါလားဗျာ…ကျုပ်ကတော့သိပီးသားတွေပါ..
    အခြားလူတွေသိရတာပေါ့…ကောင်းပါလေ့ဗျာ…

    • Char Too Lan

      March 8, 2013 at 3:56 pm

      ဦးကြီးမိုက်လျှိုမထားနဲ့လေ လျှိုလွန်းရင်တိုသွားတတ်တယ် …
      ရေးတင်အုံး .. အားပေးမို့ ဝိတ်နေမယ်

  • ရာမည

    March 7, 2013 at 1:30 pm

    ဟား ……
    သူ ့လူကိုယ် ့ဘက်သားတော ့မဟုတ်ပါဘူးနော
    ရေးထားတာတွေမှန်တယ်ဆိုတာတော ့ထောက်ခံတယ်
    ခင်ဗျားက စစ်တပ်အကြောင်းရေး
    ကျုပ်က ရဲ တွေအကြောင်းရေးမယ်
    ပြီးရင် ဒေါက်တာဆိတ်ဖွားလိုပြေးကြတာပေါ ့

  • myanmarnavy seadog

    March 7, 2013 at 2:46 pm

    အများကြီးကျန်သေး အခုပြောပြတာ အနှစ်အစိတ်ကျော်မှာသိထားတဲ့အထဲက တကယ့်သေးသေးလေး
    ရေတပ်သင်္ဘောတွေအကြောင်းပြောရင်ဘယ်သူမှတပ်ထဲဝင်မှာတောင်မဟုတ်ဘူး
    မကြာမှီလာမည်မျှော်ပေါ့နော်

  • မောင် ပေ

    March 7, 2013 at 9:03 pm

    ဒါမှ အတွင်း သတင်း စစ်စစ် ပါပေတကား
    ဖတ်ရတာ အရသာရှိလှ၏
    ဆက်လက် စောင့်မျှော် ဖတ်ရှုမည့်အကြောင်း သတင်းပို ့ရှိခဲ့ပါ၏

  • sealion

    March 8, 2013 at 10:36 am

    စုံပဗျာ နေရာရတာနဲ ့ အပီခို း ကျ တာပဲ ဒါကြောင့်လဲ တပ်မသာ အမိ တပ်မတော်သာ အဖ ဆို ပြီး အရာရှိ အော်နေကြတာကို

  • awra-cho

    March 8, 2013 at 11:57 am

    ဆက်ရေးပါအုံးဗျို့ မင်းသမီးလေးဘာလေး ပါဘူးလားဂျ၊ ပင်လယ်ထဲ ပျင်းစာကြီး၊ ထောင်တို့ ရာတို့ က မဆင်းဘူး
    တိုင်းပြည် ရောင်းစားကြတာကိုး ဘယ်လို ပပျောက်အောင် လုပ်မလဲ၊ ရင်လေးစရာကြီး ဗျို့။

  • Char Too Lan

    March 8, 2013 at 3:49 pm

    ဆွဲထားဗျာ… စိတ်ဝင်စားစရာကောင်းတယ်
    အခုရော ရေတပ်ထဲမှာပဲလား

  • uncle gyi

    March 8, 2013 at 11:32 pm

    ခေါင်းစီးပေးပုံကမိုက်မှမိုက်
    လုပ်စားနေကြတာသိတော့သိ
    အခုလောက်အသေးစိတ်မသိတာအမှန်
    ရေယာဉ်မှူးတွေကပင်လယ်ထွက်ပြီးမှပိုက်ပိုက်ရတာပါ
    အဲဒီခေတ်ကဘယ်ပင်လယ်မှမထွက်ပဲ
    နိုင်ငံငွေနဲ့ပစ္စည်းတွေဝယ်ရာကနေသိန်းပေါင်းများစွာရသွားတဲ့သူအကြောင်းလည်းကြားလိုက်မိသလားလို့

  • DEPARKO DEPARKO

    March 9, 2013 at 11:32 am

    ကိုယ်တိုင်ရောကင်းခဲ့လို့လား သေချာတာကတော့ ရွာထဲမှာမီးရှို့မည့်သူတစ်ယောက်တိုးလာပြီ အပြုသဘောနဲ့ရေးတာတော့မဖြစ်နိုင်ဘူ ကတုတ်ထဲကနေ ခေါင်းမီးခြုံ လက်သီးပုန်းထိုးနေသလိုဘဲ

  • white cool

    March 13, 2013 at 5:26 am

    စာရေးသူ၏ Post အားလုံးကို ဖတ်ရပါသည် ။ စာရေးသူသည် ၎င်း အဖွဲ့အစည်းထဲမှ ဖြစ်နိုင်ပါသည် ။ အဖွဲ့အစည်းနှင့် အမည်ပါပုဂ္ဂိုလ် အချို့ကို အပုတ်ချ ရည်ရွယ်ရေးသားခြင်းဖြစ်၍ ဤနေရာနှင့် ဘယ်လိုမှမသင့်တော်သော Post ဖြစ်ပါသည်။ အဖွဲ့အစည်းတစ်ခုတွင် အလွှာစုံမှ လူစုံရှိနိုင်ပြီး တစ်ဦးချင်းတွင်သော်၎င်း ၊ အဖွဲ့အစည်းတွင်သော်၎င်း  အားသာချက်နှင့်အားနည်းချက် ၊ အမှန်နှင့်အမှား ၊ အကောင်းနှင့်အဆိုး ဒွန်တွဲတတ်သော သဘောသဘာဝ  ရှိတတ်ပါသည် ။ ထို့ကြောင့် အားနည်းချက် ၊ အမှား ၊ အဆိုး ကို လျော်ကန်သင့်တင့်စွာ ထောက်ပြ၍ အားသာချက် ၊ အမှန် ၊ အကောင်း ရစေရန် ရည်ရွယ်ပါက လက်ခံနိုင်သော Post တစ်ခု ဖြစ်နိုင်ပါသည်။ မျက်လုံးကန်းနေသည် နှင့် အမြင်အာရုံ ချို့ယွင်းနေသည် ၊ စက္ခုအာရုံ ချို့ယွင်းနေသည် တို့ကို နိူင်းယှဉ်စဉ်းစားကြည့်ပါက ပေါ်လွင် သိသာပါမည်။ 

    Military အကြောင်းရေးမည် ဆိုလျှင်လည်း သတိချပ်သင့်သည်။ မရေးရဟု မဆိုလိုပါ။ ကြောက်ရန်လည်း လုံးဝမလိုပါ ။ မိမိ ရည်ရွယ်လိုသည်ကို မိမိဘာသာမိမိ ရှင်းရှင်းလင်းလင်း ဖြစ်ထားသင့်သည် ။ ပေးချင်သော Message က ဘာလဲ ၊ ဘယ်သူတွေ သိစေချင် ဖတ်စေချင်တာလဲ ၊ ဘယ်ကိုဆွဲခေါ်ချင်တာလဲ ၊ Democratisation မှာ သူတို့ကို ဘယ်နေရာက ပါဝင်စေချင်တာလဲ ။ ယနေ့ခေတ်စနစ်မှာ မြန်မာစစ်တပ်ကို ဘယ်လို Inline ဖြစ်စေချင်တာလဲ ၊ သိက္ခာချရလျင်ပြီးရော ၊ သူတို့ပျက်လျင်ပြီးရော ဆိုပါက နိုင်ငံတစ်ခုတွင် Defence Role အတွက် တပ်မတော်တစ်ရပ် မရှိမဖြစ်လိုသည်ဟူသော Universal True ကို နားလည်အောင် အရင်လေ့လာသင့်သည်။ အတင်းအဖျင်း ပုံစံမျိုးဖြင့် လူပြိန်းကြိုက် ငါသိငါတတ် ရောက်တတ်ရာရာ လျှောက်ရေးနေပါက တိုင်းပြည်နှင့် လူမျိုး သိက္ခာကျမည် ၊ စာပေတန်ဖိုးမဲ့မည် ၊ ဤနေရာ၏ ဂုဏ်ကို ထိခိုက်စေသည် ။
    ဤရွာရှိ သူကြီးများခင်ဗျား  myanmarnavy seadog ၏ Post များကို Rules For Writers စည်းကမ်းချက်များနှင့်အညီ စီစစ်ပေးရန် မေတ္တာရပ်ခံပါသည်။

Leave a Reply