ရင့်ကျက်သော သဘော ကာယနှင့် ကြံ့ခိုင်တည်ကြည်စွာ နေနိုင်သောနည်းများ

လင်းဝေJuly 22, 20101min730

မျှဝေချင်တာလေးတွေပါ။ ပျော်ရွှင်သော မိမိကိုယ်ကို ယုံကြည်သော စိတ်ထားကြီးမြတ်လူငယ်များ ထွန်းကားရေးအတွက်ပါ။

မိမိကိုယ်တွင် စိတ်ကျရောဂါ မဝင်ရောက်စေဘဲ ရင့်ကျက်သော သဘော ကာယနှင့် ကြံ့ခိုင်တည်ကြည်စွာ နေနိုင်သောနည်းများကို စိတ်ပညာ ဆိုင်ရာ သုတေသန ပညာရှင်များက အချိန်ယူ လေ့လာခဲ့ပြီး ဖော်ထုတ်ထားခဲ့ကြသည်. .. ထိုနည်းများကား သိပ္ပံနည်းကျ၍ စိတ်ကျရောဂါ မဝင်နိုင်အောင် ဟန့်တားနိုင်စွမ်းရှိကြ သဖြင့် စိတ်ကျန်းမာခြင်းကို အလိုရှိသူတိုင်း လိုက်နာသင့်ကြပါသည်. . .

ယင်းနည်းလမ်းကောင်းများမှာ-

၁။ တုံ့ပြန်မှုတိုင်းကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်အောင် လေ့ကျင့်ထားပါ။

၂။ လူသားတစ်ဦး၏ တာဝန်ဝတ္တရားနှင့် လွပ်လပ်မှုကို ခွဲခြားနားလည်ပါ။

၃။ ရယူလိုသောစိတ်ထက် ပေးခြင်းကို ပို၍ ဦးစားပေး မွေးမြူပါ။

၄။ ပြိုင်ဆိုင်ခြင်းထက် အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်အောင် သတိပြုပါ။

၅။မိမိရရှိထားသောဘဝနှင့် အပ်စပ်ဆီလျော် ထိုက်တန်သလောက်သာ ရယူသုံးစွဲတတ်သော စိတ်ကို ပျိုးထောင်ပါ။

၆။ ခေတ်မှီခြင်းသည် အတိုင်းအတာ တစ်ခုအတွင်း၌သာ တင့်တယ်လျှောက်ပတ်ကြောင်းကို နားလည်ထားပါ။

၇။ ထူးထွေဆန်းပြားသော အရာများအပေါ် ညွတ်တတ်သော အာရုံများကို ထိန်းသိမ်းစောင့်ရှောက်ပါ။

၈။မိမိဘဝ တိုးတက်ကြီးပွားအောင် အစဉ်ကြိုးစားနေရမည် မှန်သော်လည်း လက်ရှိရထားသော ဘဝအခြေအနေ ကို ဝမ်းမြောက်ဝမ်းသာ လက်ခံပြီး ဖြစ်သမျှ ၊ ရှိသမျှအပေါ် ရောင့်ရဲ ကျေနပ်တတ်သော စိတ်ကို မွေးမြူပါ။

(၉)အလိုရမ္မက်ကြီးမှု၊ ပြိုင်ဆိုင်မှု၊ ဂလဲ့စားချေမှု၊ တစ်ကိုယ်တော် ပလွှားလိုမှုတို့သည် နိမ့်ကျညံ့ဖျင်းသော စိတ်ဓာတ်များ ဖြစ်ပြီး ကြင်နာခြင်း၊ မေတ္တာထားခြင်း၊ အများကောင်းစားသည်ကို ဝမ်းမြောက်ခြင်း ၊ ခွင့်လွှတ်သည်းခံခြင်းတို့သည် အပြု စိတ်ထား အရည်အချင်းများ ဖြစ်သည်ကို နားလည်သဘောပေါက်ပါ။

(၁၀) စိတ်ကူးယဉ်ဘဝထက် လက်တွေ့ဘဝကို စိတ်ဝင်စားပါ။

(၁၁) မိမိဖြစ်စေချင်သလို မဖြစ်၊ မဖြစ်ချင်သော်လည်း ဖြစ်လာတတ်သော လောကဓမ္မတာသဘောကို လက်ခံ၍ မိမိသဘောအတိုင်း ဖြစ်မလာသည့်အခါ ကျေနပ်စွာနေနိုင်သော စိတ်မျိုးအတိုင်းမွေးမြူပါ။

သို့မှသာလျှင် ရခဲလှစွာသော လူ့ဘဝကို ရလာသူတိုင်းသည် အသက်ရှင်နေထိုင်ရသော သုခတို့ဖြင့် ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်နိုင်ကြမည် ဖြစ်ပါသည်။

ထပ်ပြီး အဆစ် ဖတ်စရာလေးတွေ တင်ပေးလိုက်ပါသေးတယ်။ ဆင်ခြင်တွေးဆ နိုင်ဖို့အတွက် ဖတ်ကြည့်ကြပါ။

ဘဝဖော်ဆိုတာ

ဘဝဖော်ဆိုတာ ကိုယ်ကလွဲရင် ဘယ်သူကိုမှမယူဘူးဆိုတဲ့လူ မဟုတ်ပါဘူး။
ဘဝဖော်ဆိုတာ ကိုယ့်အားနည်းချက်အားလုံးကို သိသည့်တိုင် ကိုယ့်ကိုရွေးချယ်သူဖြစ်တယ်။

ဘဝဖော်ဆိုတာ ကိုယ်ကိတ်မုန့်ကြိုက်လို့ သူကိတ်မုန့်လိုက်ကြိုက်တဲ့လူ မဟုတ်ဘူး။
ဘဝဖော်ဆိုတာ ကိုယ်ကြက်ဥအကာစားပြီး သူကြက်ဥအနှစ်စားသူဖြစ်တယ်။

ဘဝဖော်ဆိုတာ မိုးချုပ်တာနဲ့ ကိုယ့်လက်ကိုဆွဲပြီး စားသောက်ဆိုင်ထဲဝင်တဲ့လူ မဟုတ်ဘူး။
ဘဝဖော်ဆိုတာ ကိုယ်အပြန်ကိုမျှော်ပြီး ထမင်းအတူစားဖို့ စောင့်နေသူဖြစ်တယ်။

ဘဝဖော်ဆိုတာ အချစ်အကြောင်းပဲဖွဲ့နွဲ့ပြီး “ချစ်တယ်”ဆိုတဲ့စကားကို ပါးစပ်ဖျားကမချသူ မဟုတ်ဘူး။
ဘဝဖော်ဆိုတာ ဆန်၊ ဆီ၊ ဆား၊ အိုးခွက်ပန်းကန်အကြောင်း မြည်တွန်တောက်တီး ပြောတတ်တဲ့သူဖြစ်တယ်။

ပျော်ရွှင်တဲ့အိမ်ထောင်ရေးမှာ ဘဝဖော်ဆိုတာ ကိုယ်အတွက် အတိအလင်း သတ်မှတ်ထားသူဖြစ်ရုံမက ကိုယ်နဲ့အတူ အိမ်ထောင်သက်တမ်းတစ်လျှောက်မှာ အတိုင်အဖော်ညီမှု၊ ကြင်နာမှု၊ သာမန်ရိုးရှင်းမှု၊ နားလည်မှု၊ ခွင့်လွတ်မှုတွေ မျှဝေပေးသူဖြစ်တယ်။

ဂတိနဲ့ပတ်သက်ရင်

ရှေးဂရိရာဇဝင်ပုံပြင်မှာ ချစ်သူတွေက ကိုယ်ချစ်တဲ့သူရဲ့လက်ခလယ်မှာ အချင်းချင်း လက်စွပ်တွေဝတ်ဆင်ပေးကြတယ်။ အကြောင်းက လက်ခလယ်မှာရှိတဲ့ သွေးကြောတစ်ချောင်းက နှလုံးနဲ့တိုက်ရိုက် ဆက်သွယ်ထားလို့ဖြစ်တယ်။ ဒါကြောင့် လက်စွပ်ရဲ့အဓိပ္ပါယ်က နှလုံးသားရဲ့ အာမခံချက်ဖြစ်တယ်။ ဒါပေမယ့် လူ့လောကမှာ ဆံဖြူသွားကျိုးတဲ့အချစ်က နည်းခဲ့ပါတယ်။ ရိုးမြေကျဆိုတဲ့ ချစ်သူတွေ ရှားခဲ့ပါတယ်။ ကိုယ်နဲ့တစ်သက်အတူနေဖို့ ရွေးခဲ့သူက ကိုယ့်အချစ်ဆုံး ဟုတ်ချင်မှလည်းဟုတ်မယ်။ ကိုယ့်အချစ်ဆုံးက ကိုယ်နဲ့တစ်သက်အတူ နေရချင်မှလည်း နေရမယ်။ တချို့ချစ်သူတွေကတော့ ဒီတစ်သက်အတူမနေရရင် နောင်ဘဝမှာနေရဖို့ တောင်းဆုပြုတတ်ကြတယ်။ အရမ်းချစ်ကြတဲ့ချစ်သူတွေ လက်ထပ်ခြင်းဆိုတဲ့တံခါးဝကို ဖြတ်ကျော်ပြီးနောက် အချင်းချင်း တန်ဖိုးမထားကြသူတွေလည်း ရှိကြတယ်။

ဂတိသစ္စာတွေ အကြိမ်ကြိမ်ပေးစရာ မလိုပါဘူး။
ချစ်နေချိန် အတူနေချိန်မှာ တစ်ယောက်ကိုတစ်ယောက် တန်ဖိုးထားတတ်ကြမယ်၊ တစ်နေ့တာကို နောက်ဆုံးချစ်ရမယ့်ရက်လို့ သတ်မှတ်ပြီး ချစ်ကြမယ်၊ ချစ်သူလက်ကို တင်းတင်းဆုပ်ထားမယ်၊ ရုပ်ရည်အိုမင်းသွားလည်း၊ ပါးရေတွေတွန့်သွားလည်း ကိုယ့်မှတ်ဉာဏ်ထဲမှာ ချစ်သူကိုအလှဆုံး သိမ်းထားနိုင်ခဲ့ရင် ဂတိတည်ရာရောက်ပါတယ်။

လူ့ဘဝနဲ့ ပတ်သက်ရင်

ဘဝဆိုတာ ပြဇာတ်တစ်ပုဒ်နဲ့တူတယ်။ နှစ်လရာသီတွေက အညှာတာကင်းမဲ့တယ်။ အတိတ်ကိုပြန် မှန်းမျှော်ကြည့်တော့ လူတွေအသက်ရှင်တာက စိတ်ခံစားမှုတစ်မျိုးလို့ ဆိုနိုင်တယ်။ ဆင်းရဲတာပဲဖြစ်ဖြစ်၊ ချမ်းသာတာပဲဖြစ်ဖြစ်၊ ရယူတာပဲဖြစ်ဖြစ်၊ ဆုံးရှုံးတာပဲဖြစ်ဖြစ် အရာအားလုံးက လျှပ်တစ်ပြက်အတွင်းမှာဖြစ်ပြီး လျှပ်တစ်ပြက်အတွင်းမှာ ပျောက်သွားနိုင်တယ်။

မနေ့က၊ ဒီနေ့၊ မနက်ဖြန် ဘာနေ့ပဲဖြစ်ဖြစ် စိတ်ရွှင်လန်းတဲ့နေ့က အလှဆုံးနေ့ဖြစ်တယ်။ မိသားစုအချစ်၊ သူငယ်ချင်းအချစ်၊ ချစ်သူအချစ် ဘာအချစ်ပဲဖြစ်ဖြစ် တန်ဖိုးထားမြတ်နိုးနိုင်ရင် ခံစားချက်ကောင်းတွေပေးတယ်။

စကားတစ်ခွန်းက ဒီလိုဆိုပါတယ်။

“ပိုင်ဆိုင်ခဲ့ဖူးတာကို မမေ့နဲ့၊ လက်ရှိပိုင်ဆိုင်တာကို ပိုတန်ဖိုးထားပါ။ ကိုယ့်အတွက် သတ်မှတ်ထားတဲ့အရာကို လက်မလွတ်နဲ့၊ ဆုံးရှုံးခဲ့ဖူးတာကို အမှတ်တရထားပါ။ လိုချင်တာကို ရအောင်ကြိုးစားပါ။ မောပန်းလာရင် စိတ်ကို ကမ်းကပ်ဖို့ မမေ့ပါနဲ့။ ရွေးချယ်ပြီးနောက် နောင်တမရနဲ့၊ အပင်ပန်းခံမှ ပြည့်ဝတာကို နားလည်မယ်၊ အနာခံမှ ဘဝကိုနားလည်မယ်။ စိတ်ထိခိုက်အားငယ်မိမှ ကြံ့ခိုင်တာကိုနားလည်မယ်။

လေတိုက်တဲ့မနက်ဆိုတာသလို လှပတဲ့ညနေဆည်းဆာလည်း ရှိမယ်။ ကြယ်ကြွေညတွေလည်း ရှိနိုင်မယ်။ ဘဝဆိုတာ အပြန်မရှိတဲ့ လက်မှတ်တစ်စောင်နဲ့တူတယ်။ ဘဝဆိုတာ အစမ်းလေ့ကျင့်မှုတွေမရှိတဲ့ တိုက်ရိုက်သရုပ်ဆောင်မှုတွေဖြစ်တယ်။ သရုပ်ဆောင်မှုတိုင်းကို ပိုင်ပိုင်နိုင်နိုင်လုပ်နိုင်တာက လူ့ဘဝကို အကောင်းဆုံး တန်ဖိုးထားနည်းပဲဖြစ်တယ်”

စဉ်းစားတွေးခေါ်လို့ စိတ်ဓါတ် ရင့်ကျက် ခိုင်မာသူ လူငယ်များ ဖြစ်ကြပါစေ။