အမိန့်ရသည်အလား ကြိုးတိုက်သံတံခါးကို ဖွင့်လိုက်သည်နှင့် ထောင်ပိုင်ကြီးနှင့် ထောင်မှူးကြီးတို့သည် ဦးစောအား ၀ဲယာညှပ်လျက် တွဲပြီး ဖြစ်နေတော့သည်။

ဦးစောကား လက်ထိပ်မပါ။ ၀တ်ရုံဗလာဖြင့် ၎င်း၏ နောက်ဆုံး ခရီးဖြစ်သော ကြိုးစင်ရှိရာသို့ ညင်သာတိတ်ဆိတ်စွာဖြင့် လိုက်ပါလာခဲ့သည်။ ကျွန်တော်တို့သည် ဆိတ်ငြိမ်လေးလံသော ခြေလှမ်းများဖြင့် ဦးစော၏ နောက်မှ ကပ်လျှက် ပါလာကြသော်လည်း ခံစားချက်က ပြင်းထန်သည်ဟု ဆိုရပါမည်။

အသက်ရှိ ကျန်းမာဝဖြိုးလျက်ရှိသူ တစ်ဦးအား အသုဘ အဖြစ် လိုက်ပါ ပို့ဆောင်သကဲ့သို့ ရှိနေသည်မှာ ကျွန်တော်တို့အတွက် မသက်သာလှပါ။ ကြိုးစင်အား မြင်နေရလေပြီ။ ကြိုးစင်ရှေ့ ရောက်လုနီးနီး ဦးစောမှာ ခြေလှမ်း လေးလာသည်။ ခြေဒရွတ်ဆွဲလာသည်။ သို့သော် သတိက မလွတ်ပေ။

သူ၏ သိဟောင်းကျွမ်းဟောင်းများကို အပြုံးဖြင့် နှုတ်ဆက်လျက် ရှိပြန်သည်။ ကြိုးစင်ခြေရင်းသို့အရောက် ထောင်မှူးကြီး၏ သတိပေးမှုဖြင့် အသင့်ရှိနေသော ဆင်းတုတော်ကလေးအား ဦးညွတ်ဝတ်ပြုလျက် ဦးစောမှာ ဖိနပ်မပါတော့ဘဲ ထောင်မှူးကြီးဦးစံတင်၏ တွဲခေါ်ရာ ကြိုးစင်သို့သာ တန်းတန်းမတ်မတ် တက်သွားတော့သည်။

ကြိုးစင်မှာ နှစ်ယောက်တစ်ပြိုင်နက်ပေးနိုင်သော နှစ်ခုတွဲဖြစ်သော်လည်း အခွင့်အရေးတောင်းတတ်သော ဦးစော၏ တောင်းပန်ချက်အရ သူ့အား နောက်ဆုံး အခွင့်အရေးဖြင့် သူတစ်ဦးတည်းကိုသာ ပထမကြိုးမိန့်ပြစ်ဒဏ်ကို ခံယူစေခဲ့သည်။

(မှတ်ချက်) အဆင့်မရှိသူနှင့် အတူမသေလိုဟူသော သဘောမှာ မာနကိလေသာ၏ ရိုက်ခတ်မှုတစ်မျိုးပင်ဖြစ်၏။ တရားဖြင့် တည်ငြိမ်စွာ သေလိုသောကြောင့် တစ်ယောက်တည်း သီးသန့် ကြိုးမိန့်ကို ခံယူခြင်းလည်း ဖြစ်နိုင်ပါသည်။အရုဏ်ဦး၏ နေရောင်ခြည်သည် ဦးစောနှင့် ပြိုင်တူ ကြိုးစင်ပေါ်သို့ ရောက်ခဲ့ကြပြီ။ ဦးစောသည် ၎င်းအလိုမရှိသော ကျောကွဲအင်္ကျီ အဖြူရှည်ကြီးကို ၀တ်ရန် လက်လျှိုးပေးစဉ် ကြိုးစင်ပတ်ဝန်းကျင်တွင်ရှိကြသော အမှုထမ်း၊ အရာထမ်း များအား လူစေ့မတ်တပ်ကြည့်လျှက် နောက်ဆုံးသော အပြုံးဖြင့် နှုတ်ဆက်ပြန်သည်။ မကြာပါလေ။ ဦးစော၏ ခြေစုံလက်စုံတို့တွင် ကြိုးတုပ်ပေးလျက်ရှိရာ ဦးစောသည် မျက်စိကို မှိတ်လိုက်သည်။

ထိုစဉ် ထောင်မှူးကြီးက ဦးစောအား ခေါင်းစွပ်အိပ်အဖြူကို စွပ်ပေးလျက် ကြိုးကွင်း တင်လိုက်စဉ် ဦးစောရပ်လျက်ရှိသော အောက်ခံသံပြားကြီးနှစ်ချပ်မှာ တစ်ခဏအတွင်း ဂျိုင်းခနဲ မြည်ဟီးလျက် ပွင့်ထွက် သွားသံနှင့်အတူ သူလည်း လုပ်ကြံမှုကြီး၏ ခေါင်းဆောင်တရားခံ အဖြစ်မှ ဘ၀သစ်သို့ ကူးပြောင်း၍ ငြိမ်သက်လျက် ရှိပေပြီ။ဦးစောကိစ္စအပြီး ထောင်မှူး၊ ထောင်ကြပ်တို့ ခြံရံလျက် မှုံကြီးအား တွဲထုတ်လာကြပြန်သည်။ သူလည်း ၀တ်ရုံဖြူ ကျောကွဲကြီးဝတ်လျက် ဒယီးဒယိုင် လက်ထိပ်မပါ ကြိုးစင်ပေါ်သို့ ရောက်ရှိလာသည်။ သူနှင့် ယှဉ်လျက်ရှိသော တစ်ဖက်ခန်းမှ ကြိုးမိန့်ချပြီးသူကို ငုံ့ကြည့်သည်။ ပြီးမှ ဒါဦးစောလားဟု မှုံကြီးကမေးရာ ဦးစံတင်က ခေါင်းညိတ် အဖြေ ပေးရင်း မှုံကြီးအား ခေါင်းစွပ်အိတ်ဖြူကို စွပ်ပေးလိုက်သည်။

မှုံကြီးကား ခေါင်းစွပ်မခံဘဲ ခေါင်းရှောင်ရင်း ကျွန်တော်ပြောစရာ ရှိသေးတယ်ဟု စကားစလာရာ ထောင်မှူးကြီးက ပြောသာပြောပါ။ အချိန်တွေ ကျန်သေးပါတယ်ဟု နှစ်သိမ့်ရင်း ခေါင်းစွပ်ထဲက ပြောနိုင်ပါတယ်ဟု ခေါင်းစွပ်ကို စွပ်လိုက်သည်။ မှုံကြီးသည် ခေါင်းစွပ်ထဲမှပင် သူ၏မပြတ်သေးသော လက်ကျန်စကားကို ကျန်လက်တစ်ဖက်ကို မြှောက်ကာ (ဦးစောအိမ်ဝိုင်းစဉ် ခုခံ၍ ရရှိသော ဒဏ်ရာကြောင့် လက်တစ်ဖက် ဖြတ်ထားသည်) ကျွန်တော်တို့ ခေါင်းဆောင်ကြီးဟာဟု အစချီနေစဉ် သူနင်းထားသော သံပြားကြီးမှာ ပွင့်ထွက်သွားပြီး သူ့ဆရာခေါင်းဆောင်ကြီးနှင့်အတူ ဘေးချင်းယှဉ်လျက် ၎င်း၏ ဘ၀ကို နိဂုံးချုပ်ရရှာသည်။

ထို့နောက် ကြိုးမိန့်ပြစ်ဒဏ်ခံယူပြီးသော ဦးစောနှင့် မှုံကြီးတို့အား နာရီဝက် အကြာတွင် ထောင်ဆရာဝန်များဖြစ်ကြသော ဒေါက်တာ အောင်သိန်းနှင့် ဒေါက်တာ ထွန်းဝင်းတို့မှ လာရောက် စစ်ဆေးလျက် ၎င်းတို့တွင် အသက်မရှိတော့ကြောင်း မှတ်ချက်ပေးကြသည်။ ပြီးမှ ဦးစောနှင့် မှုံကြီးတို့၏ အလောင်းများကို ကြိုးစင်မှ အသင့်ရှိနေသော အခေါင်းများထဲသို့ စနစ်တကျ နေရာချပေးခဲ့ကြသည်။

တတိယအသုတ် မောင်စိုးနှင့် သက်နှင်းတို့ ရောက်ရှိ လာပြန်သည်။ သူတို့ကား ပထမအသုတ်ကဲ့သို့ တည်ငြိမ်မှုမရှိ။ တုန်လှုပ် ချောက်ချား လျက်ရှိကြသည်။ ၎င်းတို့အား ကြိုးတိုက်မှ အပြင်သို့ရောက်ရန် ခဲယဉ်းစွာ ထုတ်ခဲ့ရသည်။ အချို့ကြိုးတရားခံများ ယခုကဲ့သို့ ၎င်းတို့၏ နောက်ဆုံး

အချိန်ကလေးတွင် ကြောက်ကန်ကန်လျက် အစွမ်းကုန် ခုခံတတ်ကြသောကြောင့် ကြိုးတိုက်တရားခံများအား ထုတ်ယူရာတွင် သတိကြီးစွာ၊ လိမ္မာပါးနပ်ရန်လည်း လိုသည်။

ယခုတွင် အမှုထမ်း၊ အရာထမ်းများ၏ ပါးနပ်လိမ္မာစွာ ဆောင်ရွက်မှုဖြင့် မောင်စိုးနှင့် သက်နှင်းတို့မှာ ကြိုးစင်တန်းများပေါ်တွင် ရောက်ရှိနေကြ ပြန်လေပြီ။ အစဉ်တုန်လှုပ် ချောက်ချားလွန်းသော နှစ်ယောက်မှာ ကြိုးစင်သံပြားများပေါ် နင်းပြီးသည်နှင့် မတုန်မလှုပ် ကျောက်ရုပ်ပမာ သံပြားများ ပွင့်ထွက်သွားချိန်အထိ ငြိမ်သက်စွာဖြင့်ပင် သူတို့၏ ဆရာခေါင်းဆောင်ကြီးနှင့်အတူ ဘ၀နိဂုံး ချုပ်သွား ကြပေသည်။

(ဦးသန်းမြင့်၊ သာယာဝတီ ဂဠုန်ဦးစော၏ နောက်ဆုံးနေ့ – အိုးဝေဂျာနယ် (၁၅.၇.၇၁) စာ ၂၃-၃၅)

ထိုစဉ်က စိန်ကြီးသည် အသက် (၂၁)နှစ်ရှိပြီး ကြို့ပင်ကောက် မြို့သား ဖြစ်သည်။ ၎င်းသည် မင်းတိုင်ပင် အမတ်ဟောင်းနှင့် မြူနီစပယ် စီအီးအို (အမှုဆောင်အရာရှိ) လူကြီးလုပ်ခဲ့သူ ဦးမောင်ကြီး၏ သားဖြစ်သည်။ ကြို့ပင်ကောက် အင်္ဂလိပ်-မြန်မာစာသင်ကျောင်းမှ ခုနစ်တန်းအောင်ခဲ့ပြီး ၁၉၄၂ခု၊ ဂျပန်ခေတ်တွင် ဘီအိုင်အေတပ်တွင် ဗိုလ်ကလေး အဆင့်ဖြင့် စစ်မှုထမ်းခဲ့သူ ဖြစ်သည်။

မိခင်ဖြစ်သူ ဒေါ်နှင်းနှင့် ဦးစောသည် နဂိုကပင် ခင်မင်ရင်းနှီးနေသဖြင့် ကြို့ပင်ကောက်သို့ ဦးစော တရားပွဲလာရောက်ကျင်းပပြီး အပြန် ဦးစောနှင့်အတူ လိုက်ပါနေခဲ့သူဖြစ်သည်။ ရန်ကြီးအောင်ခေါ် မောင်လှထွန်းသည် ကြိုးပေးခံရစဉ်က

အသက်(၁၉)နှစ်သာ ရှိသေးသည်။ သူသည် အုတ်ဖိုမြို့၊ အရှေ့အလယ်ကုန်းရွာနေ ဦးမောင်ထွန်း၏ သားဖြစ်သည်။

ငယ်စဉ်က အုတ်ဖိုမြို့၊ ဦးစံလှ မြန်မာစာသင်ကျောင်းတွင် သုံးတန်းအထိ ပညာသင်ကြားခဲ့သူ ဖြစ်သည်။ ဦးစောနှင့် တူဝရီးတော်ပြီး ၎င်း၏ဖခင် ဦးမောင်ထွန်းနှင့် ဦးစောသည် ညီအစ်ကိုဝမ်းကွဲ တော်သည်။ ဦးစောအား ကြိုးပေးလိုက်သောအခါ ကြိုးမှာ တစ်ချက်တည်းနှင့် ငြိမ်သက်သွားသည် ဟုဆိုသည်။

စိန်ကြီးနှင့် ရန်ကြီးအောင်တို့၏ ကြိုးမှာမူကား အချိန်အတန်ကြာအောင် လူးလွန့်၍ နေခဲ့သည်။ ကြိုးလူးလွန့်ခြင်းမှာ သေရမည်ကို စိုးရိမ်ထိတ်လန့်ပြီး ရုန်းကန်သည့် သဘောပင်ဖြစ်သည်။ ဦးစောမှာမူ သေရမည်ကို ကြောက်ရွံ့ ထိတ်လန့် တုန်လှုပ်ခြင်း မရှိဘဲ စိတ်ပိုင်းဖြတ်ထားဟန် ရှိ၍ ကြိုးမှာ မလူးမလွန့်၊ မလှုပ်ရှားတော့ဘဲ ဒေါက်ဖြုတ်ချ လိုက်ပြီးသည်နောက် တစ်ချက်တည်းနှင့် ငြိမ်သက်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။

လုပ်ကြံမှုဖြင့် အဖမ်းခံခဲ့ရသည့် ၁၉၄၇ခု၊ ဇူလိုင် (၁၉)ရက်နေ့က ဦးစော၏ ကိုယ်အလေးချိန်မှာ (၁၄၈)ပေါင်ရှိခဲ့ပြီး ကြိုးဒဏ်ပေးအသတ်ခံရမည့် တစ်ရက်အလို ၁၉၄၈ခု၊ မေလ(၇)ရက်နေ့တွင် ကိုယ်အလေးချိန် (၁၂၆)ပေါင်သာ ရှိတော့သည်။

About fatty

Zaw oo has written 351 post in this Website..

i am over 50. I have the knowledge of broadcasting and televising as a producer and have trading- company-experiences as well.