ဖြောက် …. ဖောက် ….. ဖြောက် … ဖြောက်

အင့်….ကနဲ တချက်လူးလွန့်ရင်း ကိုရင်အောင်ဆိုးတယောက် ပုဆိုးခြုံအတွင်းမှ ကွေးထားသော ဒူးနှစ်လုံးကြား အနွေးဓာတ်အလို့ငှာ ယှက်သွားထားသည့် လက်အစုံကို အသာဆန့်ထုတ်၍ နှံဘေးနားက မျက်မှန်ကို တပ်လိုက်သည်။ဝေလီဝေလင်း အချိန်မို့ထင် ရွာထိပ်မီးကင်းတဲလေး၏ တံစက်မြိတ်မှ နှင်းရည်တို့ တဖောက်ဖောက် ကျနေသည်မှာ စည်းချက်ညီညီ။ နွေဦးနံနက်ခင်းတွင် ကိုရင်အောင်ဆိုး တယောက် အဝေးမှ ပြန့်လွင့်လာသော ကြီးဒေါ်အေး အိမ်မှ ကြေးစည်သံသဲ့သဲ့ကို ခေတ္တမျှ အာရုံစိုက်လိုက်ရင်း ပါးစပ်မှလဲ ခပ်ဖွဖွ သာဓု၂ကြိမ်ခန့် လိုက်ခေါ်မိသည်။ လေနုအေးနှင့်အတူ ထင်းမီးခိုးနံ့သင်းသင်းကို ရှူရှိုက်လိုက်ရင်း ဒါဆို ရွာလည်နား သူကြီးအိမ်တောင်ဘက်က အမေပု၏ မုန့်ပျားသလက်ဆိုင်လေး ဖွင့်ပီဖြစ်ကြောင်း အတပ်သိလိုက်ပေသည်။ ကိုအောင်ဆိုးတယောက် ခပ်သွက်သွက်ထရင်း မီးညှောင့်ရိုးဘက် လည်နေသော ခါးပုံစကို ရှေ့သို့ဆွဲယူ လုံချည်ကို ထိုင်လျှက်ပြန်ဝတ်ပီးနောက် မီးကင်တဲလေး၏ ထုတ်တန်းနှင့် ခေါင်းမတိုက်မိစေရန် သတိကြီးစွာထားက မတ်တပ်ရပ်လိုက်သည်။ ရောင်နီစနှင့်အတူ နေခြည်က၀င့်စွာ ထိုးနေပီမို့ အရင်လို မီးကင်းအောက်ဆင်း တိုင်ဘေးနားကပ်ကာ တညတာဖြည့်သွင်းထားသော သေရည်ထူထူတို့ကို ပြန်လည်စွန့်ထုတ်ခြင်းအမှုအတွက် လူသူလေးပါး မြင်သာသည်မို့ နှုတ်ခမ်းတချက်မဲ့ကာ ခေတ္တမျှအောင့်အီးရင်း အိမ်သို့ အသွက်လှမ်းလာမိတော့သည်။

အား …. အင့်… ကျွတ်စ်..စ်

မျက်လုံးတွေ အရင်မဖွင့်နိုင်သေးခင် ဦးခေါင်းထဲ တဒိတ်ဒိတ် ထိုးနေမှုကြောင့် ဘကြီးမိုက်တယောက် အတော်နှင့် ခေါင်းမထူနိုင်။ ကပ်ခြောက်နေသော ခံတွင်းကို လျှာဖြင့်သပ်ရင်း တလက်စတည်း ” ဟေ့ လူလေး ဖိုးတိုက် အဘကိုရေတခွက်ပေးစမ်းကွာ …. နွားတွေရော လှန်ပီးပလားကွ နေမထိုးခင် ပဲခင်းဘက်သွားရအုံးမယ်”။တဲကြမ်းပြင် သိမ့်ခနဲအကျ ရေစက်များသီးနေသော ကြေးဖလားတလုံးနှင့်အတူ မြင်လိုက်ရတာက တူမတော် မိအုပ် စူပုံ့ပုံ့ဗိုက်ကလေးအား လက်တဘက်ဖြင့် အသာထောက်ရင်း”ကိုရင်တိုက်တော့ နွားတွေလှန်လက်စနဲ့ တခါတည်း ပဲခင်းဘက်ဆင်းသွားပီ။ ဒီမှာ အဘစားဖို့ ထမင်းနဲ့ပဲလေးပြုတ်ထားတယ် အာရုခံ လည်းလောင်းပီးသွားပီ အဘအေးအေး စားပီးမှ လယ်ထဲဆင်းတော့လေ”။ဘကြီးမိုက် တယောက်ရေတဖလားကို တကြိုက်ကြိုက်သောက်ရင်း တူမတော်ကို အသာခေါင်းငြိမ့်ပြလိုက်သည်။ ခုတလော ကိုအောင်ပု အရက်တွေ ဘာဖြစ်နေတယ်မသိ သောက်တော့လဲ တရှိန်ထိုးမူး မနက်ခင်းကျပြန်တော့ အနည်ပြန်လို့ တလူးလူးခံစားရသည်။ အရင်လိုမဟုတ် အတန်ငယ်ထူးနေပီမို့ သတင်းလေးဘာလေးထောက် စနည်းနာမှ ဖြစ်တော့မည်။ တောက်စ် … ကိုယ့်မလဲ ဒီအရည်နဲ့ မကင်းနိုင်တော့ ခံပေဦးတော့ဘဲလေ…..။

“အမေပု ကျုပ်ကို မုန့်နှစ်ချပ်လောက် ပိုက်ဆံတော့ မပါဘူး နေ့လည်မှ ရေးထမ်းပေးမယ်” ….။ ဒါက ရွာ့အော်ကြောလန် ငရဲအသံ။ ဒင်းက မိဘမဲ့တကောင်ကြွက် ရွာမှာလူဆိုးစာရင်းတော့ မ၀င်ပေမဲ့ တရွာလုံးက မျက်ကွယ်ပြုထားရသူ စနေနေတက်ရေတက်မှာ မွေးပေမဲ့ ဘာနက္ခတ်မိသွားသည်မသိ နည်းနည်းမပြည့်ဘဲ ချောင်တောင်တောင် ဖြစ်နေသူ။ မနက်မိုးလင်းလို့ ကိုယ်တော်တွေ အာရုံလောင်းပီးရင် ဈေးဦးပေါက် မပေါက် သူကတော့ ရောက်လာတတ်မြဲ။ တခါတလေလဲ ရွာ့အရှေ့ဘက် မိနိုတို့ မုန့်ဟင်းခါးဆိုင်ဘက် ခြေဦးလှည့်နေရင်တော့ သူရောက်မလာတတ်ပေ။ များသောအားဖြင့်တော့ သူ့စံနန်း မီးကင်းနဲ့ အနီးဆုံးက အမေပုဆိုင်မို့ အမြဲတစေတော့ ရောက်လာတတ်သည်။ အမေပုက သားထောက်သမီးခံမရှိ ရှိတဲ့လယ်လေး သီးစားချရင်း ကုသိုလ်လဲရ ၀မ်းလဲဝ အလုပ်အကိုင်လေးရှိတော့ ကျန်းမာရေးမခိုက်ရအောင် ဒီဆိုင်လေး လင်းအားကြီးဖွင့် နေ့လည်မတော့ ဥပုဉ်စောင့် တရားစာဖတ်ရင်း ရိုးရိုးအေးအေးနေသူ။ ငယ်ငယ်ကတော့ အတော် ဆတ်ဆတ်ထိမခံပေမဲ့ အသက်အရွယ်တွေ ရလာတော့ ဒါတွေကို တရားနဲ့ ဖြေဖျောက်ကာနေသူ “ဟဲ့ .. ငရဲ မင်းခုတလောမယ် မီးကင်းမှာလဲမကပ် ညဥ့်ဘက်ဘယ် သဝေထိုးနေတာတုန်း။ သူကြီးမင်းသိလို့ ဘုံပျောက်နေဦးမယ်” ပြောသာပြောရတာ ခုတလောမယ် ရွာထဲလှုပ်စစနဲ့ ညဆိုမီးကင်းဘက်မှာ လူတပုံ ကာလသားကြီးတွေရော အငယ်တွေပါ အုတ်အုတ်ရုတ်ရုတ်နဲ့မို့ ဒီကလေး နေစရာရှိမယ်မထင်။

ရှေ့ကပူနွေးနွေး မုန့်ပျားသလက်ကို ဆတ်ခနဲတချက်ဖဲ့ရင်း လေပြင်းတချက်မှုတ်ကာ ပါးစပ်ထဲသွပ်လိုက်သည်။ ခုတလော ငရဲစိတ်တွေ ထွေနေသည်။ ဒီကြားထဲ ရွာထဲမှာကိုယ်နားမလည်တာတွေဘဲ ကြားနေရလို့ နားအေးပါးအေး ချောင်းရိုးနံဘေးက ဘကြီးချော စဉ့်အိုးလုပ်တဲ့တဲမှာ လုပ်ကူရင်း ဒီဘက်ပြန်မရောက်တော့။ ရွာကာလသားတွေလဲ ဘာအကြောင်းရယ်မသိ ညနေမှောင်ရီပျိုးတာနဲ့ ငရဲရဲ့စံနန်း မီးကင်းမှာ စုကြပီး ၀ိုင်းဖွဲ့နေလိုက်ကြတာ တချို့လည်း ညဥ့်နက်မှပြန် တချို့လူလွတ်တွေလဲ အဲ့မှာဘဲသောက်စားပီး မိုးလင်းမှ ထပြန်ကြသဖြင့် ငရဲအတွက်နေစရာမရှိ။ ခုတလော ဘကြီးချောလဲ အလုပ်တအားကြရဲ့ထင် ရွာထဲပင် မ၀င်အား ချောင်းရိုးမှာဘဲ တနေကုန် သူ့ကျောပြောင်ပြောင်ကြီးကို နေပူလှန်းရင်း စဥ့်အိုးတွေကြား ဗျာများနေသည်။ ဒီရွာတကြောမှာတော့ ဘကြီးချောရဲ့စဥ့်အိုးတွေ နာမည်ကြီးသလို သူ့တူမတွေ အကြောင်းက မပြောမပြီး နာမည်ကြီးကြသည်။ မြို့ကျောင်းတက်နေသော မောင်ဂီတယောက် ရွာပြန်လာရင်ဖြင့် အမြဲဆိုသလို ဘကြီးချောတဲဘက်လာတတ်ပီး ” အဘချော စဥ့်အိုးတွေ ကောင်းချက်ကတော့ဗျာ ကျုပ်တို့မြို့မှာ ပြောတဲ့စကားအတိုင်း ပြန်ပြောရရင် ကိုးလောက်ရှိသဗျတဲ့ ဒီကောင်က ဒီစကားပြောတိုင်း ဘကြီးချော တူမ၂ယောက်ဖြစ်တဲ့ တုံကြီးနဲ့ အုံကြီးကို စိုက်စိုက်ကြည့်တတ်သည်။ ငရဲကတော့ သိပ်နားမလည် ဘကြီးချော ကတော့ ထုံးစံအတိုင်း အဟေး…အဟေးနဲ့ ရယ်မောရင်း သူ့စဥ့်အိုးကြီးတွေကို ပွတ်ကာ ကျေနပ်နှစ်သက်နေတတ်သည်။အကြီးမ အုံကြီးကတော့ ဘာမျှမပြော အငယ်မတုံကြီးကတော့ နှုတ်ခမ်းကိုကိုက်ကာ မောင်ဂီကို မျက်စောင်းထိုးကြည့်တတ်တာ ငရဲသတိထားမိသည်။

ခုတလော ရွာထဲတွင် လှုပ်လှုပ်ရှားရှားဖြစ်နေသည်။ မီးကင်းမတော့ အဆိုးဆုံးက ရွာ့ကာလသား ကိုရင်ဦးကျောက်၊ ကိုရင်အောင်ဆိုးနဲ့ ငရဲနဲ့အလွန်ခင်သော သန်းညီခေါ် ညှက်စိတို့ အဖွဲ့ဖြစ်သည်။ အရင်ဆို သူတို့က ရွာ့အနောက်ထိပ် ဦးအောင်ပု အရက်ဆိုင်မှာ စုဝေးပီး ငရဲတို့လိုက်မမှီသော စကားတွေ စုဖွဲ့ပြောနေတတ်ကြသည်။ အဲ့ထဲကိုရင်ကျောက်က အဆိုးဆုံး သူ့ကိုလေးဆယ်ကျော် ငါးဆယ်နားကပ်နေသမို့ ဦးတပ်ခေါ်က လွှတ်စိတ်ဆိုးတတ်ပီး စိတ်အခန့်မသင့်ရင် ဆဲပါလွှတ်တတ်သည်။ နဂိုသဘောမနောကောင်းပေမဲ့ အဲ့ကိစ္စတော့ သူခွင့်မလွှတ်တတ်ပေ။ ကိုရင်အောင်ဆိုးကတော့ ရွာကဗီဒီယိုရုံထောင်ထားသူ ကပေအပြောအရတော့ စနိုက်ပါအောင်ဆိုးလို့  ကွယ်ရာခေါ်တတ်ကြသည်။ငရဲသိသလောက်တော့ ဒီလူကလူအေး မထုံတတ်တေးမို့  ရွာ့ကာလသမီးတွေ သူ့ကိုသဘောလည်းကျ အားလည်းမရတတ်ပေ။ ညှက်စိကတော့ ကဗျာရူး၊စာရူး သူ့ကောင်မလေးကိုတောင် ပို့စ်မော်ဒန်နဲ့ နံရိုးဆိုလား အံသွားဆိုလား တင်စားပီး ကဗျာတွေ ဖွဲ့တတ်သည်။ သူ့ကောင်မလေး ချစ်စုမက လမ်းလျှောက်ရင် ဘောက်ဆတ်ဆတ်နဲ့မို့ ငရဲက ကွယ်ရာတွင် ညှက်ပိလို့ နာမည်ပေးထားသည်။ သူတို့၂ယောက် နေပူထဲလမ်းလျှောက်ရင် အရိပ်မထွက်ကြပေ။ ငရဲကတော့ သူတို့ပြောတဲ့ အချစ်ဆိုတာတွေ၊ အသည်းဆိုတာတွေကို ဘ၀င်မကျ အဲ့သာတွေ ထမင်းလုပ်စားလို့မှ မရတတ်တာ။ ငရဲကတော့ နေ့စဉ်ဝမ်းမီးငြိမ်းဖို့လိုသည်၊ ငရဲမှာ ပိုက်ဆံတော့မရှိ ဒါပေမဲ့ ရွာတရွာလုံး ငရဲရေပုံးနဲ့ မလွတ်တတ်ကြတော့ သူကြီးတောင် ငရဲကို ပြန်မပြောရပေ။ တခါသား ငရဲစိတ်ပေါက်ပီး သူကြီးအိမ်က ဆာဗာကို ရေနဲ့ပက်လိုက်တာ သူကြီး၃ရက်လောက် ဆန့်ငင်ဆန့်ငင်ဖြစ်သွားသေး။ဒါကိုဘဲ နတ်ကတော် ဖိုးထောင်က အောက်လမ်းနည်းနဲ့ လုပ်တာဆိုပီး သဂျီးကို ချွန်သေးတယ်။ တော်သေးသပေါ့ ရွာလည် ကုန်စုံဆိုင်က ဦးပါကြီးဝင်ကယ်လို့ ငရဲအထုပ်မပြင်ရတာ။

တောက်စ်…. ဒီလူကွာ မလုပ်သင့်တာကို” ဘကြီးမိုက် အတော်ဒေါသထွက်နေတယ်၊ ကိုရင်အောင်ပုတယောက် အရင်လို အရက်ကို မချက်တော့ဘဲ၊ မြို့ကကြီးဒေါ်ကြေးမုံ ရောင်းတဲ့ ရေဆူဆေးလုံးတွေနဲ့ အရက်ကို ရောင်းနေတယ်တဲ့။ သတင်းက သဲ့သဲ့ဆိုပေမဲ့ အတိအကျရယ်၊ မြို့ကိုကုန်တိုက်နေတဲ့ မော်တော်ဆလင် ဦးဖောက ဒီသတင်းကို အတိအကျပေးတာ၊ ဒီလူက နှံ့စပ်တယ် မဟုတ်ဘဲနဲ့တော့ မပြောလောက်ဘူးရယ်။ မနေ့ကတွေ့တော့ ကိုရင်မိုက် ကအောင်ပုတော့ မဟုတ်တော့ဘူးတဲ့ အဲ့ဆေးလုံးတွေက ရမ်ဆိုရမ်အရသာ၊ ချက်အရက်ဆို ချက်အရက်အရသာ အနံ့ရော အရောင်ရော ဘာမှခွဲမရဘူးတဲ့  ကြေးမုံဂျီးတူမက တရုတ်ပြည်ဘက်က သယ်လာတာ ဆေးတလုံးကို ရေ၁၀လုံးနဲ့ဖောက် ညသိပ်ထားရင် မနက်ကျ တန်းအရက်ဖြစ်တာတဲ့။ ဒီပုံတိုင်းဆိုရင်တော့ ရွာ့အရက်သမားတွေ ရှေ့ရေးမလွယ်တော့ မြန်မြန်ကိစ္စချောနိုင်တာမို့ သဂျီးကိုတိုင်ရင် ကောင်းမလား စဉ်းစားမိပြန်တော့ ဆရာတော်ပါသိသွားရင် ပိုဆိုးနိုင်မယ်။ ခဏလောက် မျက်မှောင်ကြုံပီး စဉ်းစားလိုက်မှ အဖြေတခုရတယ်၊ ဟုတ်ပီ ကြေးမုံဂျီး ငယ်ရည်းဇား ဘုရားဒကာ၊ ကျောင်းဒကာ၊ အိမ်သာဒကာ အကုန်ပါတဲ့ ကကြောင်ရှိမှန်း သွားသတိရတယ်၊ ဒီလူက သဂျီးကို ကလန်နိုင်တဲ့အပြင် ရွာရဲ့မျက်နှာဖုံးဆိုတော့ ကြေးမုံဂျီးနဲ့ ကအောင်ပုကိစ္စ သူ့ကိုကြားက ၀င်ရှင်းခိုင်းမှရမယ် သိပ်နှေးလို့ မဖြစ်အခုဘဲ ကိုဖောကို ခေါ်သွားပီး သတင်းကို ပိုပိုလေးပြောခိုင်းမှ ဖြစ်မယ်။

ဒီညဆက်ပါမည် ….

About စိန်ကြက်ဆင်

has written 67 post in this Website..

သဗ္ဗေ ထပ်တရာ ပဲပလာတာ မေ ဟောတု ဗိုက်တင်း