အဖေဆုံးပြီ… 9 ရက် မတ်လ 2013 စနေနေ့

စနေနေ့မှာမွေးပြီး အသက် ၇၁ နှစ်တင်းတင်းပြည့်တဲ့ စနေနေ့မှာပဲ ဘုရားသခင်ကပြန်ခေါ်သွားပြီ သမီးရယ်တဲ့…..
အဖေ့မိန်းမက သုသာန်မှာပြောတဲ့စကား…

လာရာလမ်းတစ်လမ်းလုံး ပူလောင်လာသမျှ သုသာန်ထဲဝင်လိုက်တော့ အေးချမ်းသွားသလိုခံစားလိုက်ရသည်။ ကံ့ကော်ပင်တွေ ရေတမာပင်တွေ ထင်းရှူးပင်တွေ… အုတ်ဂူဖြူလေးတွေ အစီအရီနှင့် အေးချမ်းစွာ လှဲလျောင်းနေကြသူများ…

အဖေ့ကိုမြေမမြုတ်ခင် တစ်ခေါက်လောက်တော့ ကြည့်ချင်သည်။ အိပ်ပျော်နေသလိုပါပဲ။ မျက်နှာမှာ ခံစားပူလောင်ရမှုတွေမတွေ့ရ။ လက်ကိုကိုင်ကြည့်လိုက်တော့ အေးစက်နေပေမဲ့ အဖေ့အငွေ့အသက်တွေ ခံစားလိုက်ရသလို….

အဖေ့ကိုယ်အောက်ကစောင်ကို ဆွဲဖယ်တော့ မောင်လေးနှင့် ကျမ အဖေနာသွားမှာစိုးသလို တစ်ယောက်က လက်ကိုမ တစ်ယောက်က ခေါင်းကိုပြေးမသည်…

မနက် ၈နာရိလောက်မှာသမီးရယ် မနက်စာစားပြီးပြန်အိပ်နေတာထင်ပါတယ်… သွားစမ်းကြည့်လိုက်တော့မှ အေးစက်ပြီးနေလို့ ဆရာဝန်ပြေးခေါ်ရတယ်….

ဒါဆိုအဖေ ဝေဒနာမခံစားလိုက်ရဘူးပေါ့…

သမီးရယ် အမေတို့သမီးအဖေကို ကောင်းကောင်းပြုစုပါတယ် မသေခင်သူစိတ်ချမ်းသာသွားပါတယ်… သမီးဘယ်လိုမှစိတ်မကောင်းမဖြစ်နဲ့နော်…..

ကျေးဇူးတင်ပါတယ် အန်တီလေးရယ်… အဖေ့မိန်းမကို ငယ်ငယ်ထဲက သူမ အန်တီလေးဟုသာ နှုတ်ကျိုးခေါ်တတ်ခဲ့သည်…

အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်.. ကျေးဇူးတင်သင့်တာရော.. ကျေးဇူးမတင်သင့်တာတွေ အတွက်ရော အားလုံးပါ….

အဖေ့ကို အေးအေးချမ်းချမ်းထွက်ခွာရအောင် စောင့်ရှောက်ခဲ့တဲ့အတွက်ပါ…

အဖေ့ကိုမြေမြုတ်ဖို့ သယ်ဆောင်သွားကြပြီ….

စိတ်ညစ်စရာ စိတ်ရှုတ်စရာကောင်းအောင် အော်ဟစ်ငိုယိုသူများ အဖေ့မိန်းမ၊ သူ့သားသမီးတွေနှင့် အမျိုးတွေကြားမှာ မတွေ့တာ စိတ်သက်သာရသည်…

အဖေ့ကို မြေမြုတ်ပြီး ထားခဲ့ရတော့မည်။ အဖေ အေးချမ်းသောနေရာလေးမှာ နေခဲ့ရတော့မည်ပေါ့…

သင်ချိုင်းလေးက အမှန်ပင်အေးချမ်းပါသည်…

အဖေသူယုံကြည်သလို ဘုရားသခင်ရဲ့ထံပါး ကောင်းကင်ဘုံမှာအေးချမ်းနေပြီလား….

ဒါမှမဟုတ် သူမယုံကြည်သလို စပါးပင်ကမျိုးစေ့က နောက်တစ်ပင်သီးသလို.. မသေခင်ပြုခဲ့တဲ့ အာရုံ ပြုခဲ့သမျှကံ၊ ဘ၀တဏှာများအတိုင်း ပဋ္ဋိသဒေ ယူပြီလား….

ဘယ်ဟာမှ မသေချာ…

နံရံ၏အခြားတစ်ဘက်မှာ ဘာရှိလဲသူမ မသိပါ….

ယုံကြည်ရာ.. မယုံကြည်ရာတွေ ဖယ်ထားပြီး သူမကရော အဖေ့ကိုဘာဖြစ်စေချင်သလဲ…

ဇာတိ၊ ဇရာ၊ ဗျာတိ၊ မရဏတို့ နှိပ်စက်ရာ ခန္ဒာကိုယ် အသစ်တစ်ခု အဖေ့ကိုမရစေချင်တော့ပါ…

သူယုံကြည်ရာဘုရားသခင်ခြေတော်ရင်းမှာ အဖေငြိမ်းချမ်းစွာပျော်ပါစေတော့…

သူမအလှဲ့ကျရင်ကော…

မသိချင်းက ဘုရားပေးတဲ့လက်ဆောင်ဆိုရင်တော့… လိုချင်မှန်း မလိုချင်မှန်းမသေချာသော လက်ဆောင်တစ်ခုနှင့် အတူ ဘာမှန်းမသိသော တစ်နေရာသို့ ဦးတည်လျှက် ဆက်သွားရတော့မှာပေါ့… (နောက်ဆုတ်လို့မှလဲ မရဘဲလေ….)

ရွေးချယ်ခွင့်မရှိတဲ့ဘ၀က နဲနဲရက်စက်တာလား… ညှာတာတာလား…..

ဘယ်သူမှလဲသိမယ်မထင်…

About Wow

has written 62 post in this Website..