ဘာလိုလိုနှင့် သင်္ကြန်တောင် နီးလာပေပြီ။ တစ်ချို့တွေကလဲ ရပ်ဝေးမြေခြားများမှ မြန်မာပြည်သို့ပြန်ပြီး ပျော်မြူးကြရန်အတွက် ခွင့်မရ ရအောင်တင်သူကတင်၊ ပြည်တွင်းနေသူတွေကလဲ သင်္ကြန်ကျရင် ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုပြီး ကြိုတင်ငွေစုဆောင်းသူများ၊ အစီအစဉ်ရေးဆွဲနေကြသူများနှင့် အလုပ်တွေရှုပ်နေကြပေသည်။ ကိုရင်ရှူံးတို့ငယ်စဉ်ကတော့ ၀န်ထမ်းသားသမီးများပေမို့ (ထိုခေတ်ထိုအခါက) ယိမ်းကခြင်းကို လွန်စွာစိတ်ဝင်စားကြလေသည်။ ယခုခေတ်တွင်မတော့လဲ ယိမ်းကခြင်းကို အမျိုးသားများသာ ဦးဆောင်နေသည်ကို တွေ့မိသည်။ ကိုယ်တွေ့တော့မဟုတ်ပဲ မြန်မာ့ရိုးရာ သင်္ကြန်ပုံရိပ်များကို အိမ်သာပျက်ကြီးကနေတစ်ဆင့် မြင်မိခြင်းဖြစ်သည်။ သင်္ကြန်နှစ်ကူးအခါတိုင်း အမျိုးသားများ ညီညီညာညာ ယိမ်းကနေလိုက်သည်မှာ တောင်ဘက်ယိမ်းလိုက်၊ မြောက်ဘက်ယိမ်းလိုက်နှင့် အချင်းချင်းယိမ်းရင်း ဖေးထိန်းပေးနေသလိုတောင် ဖြစ်သေးတော့သည်။ လက်များတွင်လည်း ပုလင်းများ၊ ဗူးများကိုယ်စီနှင့်။ ထွန်းအိမ်သာဗိုလ် သင်္ကြန်ရောက်တိုင်း ပြန်ဆိုနေကျ သီချင်းလေးလိုပင်..

×××မူးကြမည့်ပုလင်းသံ ပျံ့လွင့်လို့နေ ကူးပြောင်းစတန်ခူးလေမှာ×××
×××တစ်ယောက်တစ်ပက်မို့ကမ်းကာ လှမ်းသောက်ကြစဉ်×××
×××မသောက်ဖူးပြောကာ အံအောင် သောက်သူရေ×××
×××ခေါင်းကြီးစိုက်လို့ မသောက်ဘူးပြောကာ အံအောင်သောက်သူရေ×××

ရေးရင်းရေးရင်းနှင့် တောရောက် တောင်ရောက်ဖြစ်သွားပြန်လေပြီ။ ဆက်ပါမည်.. ငယ်စဉ်က ယိမ်းတိုက်ကြပုံများကို ပြန်မြင်ယောင်တော့သည်။ ကိုရင်ရှူံးငယ်စဉ်က အဒေါ်အပျိုကြီးများ အိမ်တွင်နေကြသဖြင့် သင်္ကြန်နားနီးပြီဆိုသည်နှင့် ဘယ်သူများ ယိမ်းကဖို့ခေါ်လေမည်လဲ တွတ်ထိုးတွတ်ထိုးနှင့်စောင့်နေကြလေသည်။ အေပရယ်တွင်မှ သင်္ကြန်ကျမည်ဖြစ်သော်လည်း ဇန်န၀ါရီလလောက်ကပင် အစီအစဉ်တွေဆွဲ၊ ၀တ်စုံတွေဝယ်ကြ၊ ချုပ်ကြနှင့်။ ထိုစဉ်က ယိမ်းဝတ်စုံများမှာ ယခုခေတ်အမြင်နှင့်မူ လွန်စွာရယ်စရာကောင်းလှပေသည်။ လှိုင်းတွန့်ကြီးကြီးများနှင့် အရောင်တောက်တောက်များပင်။ တစ်ချို့ယိမ်းအဖွဲ့များမှ ယိမ်းသမလေးများ ခြေသလုံးပေါ်အောင် ၀တ်သည်ကိုမြင်လျင် ထိုခေတ်က ကိုကိုကာလသားများမှာ သွားရေတောက်တောက်ကျသည်ထိ ငမ်းကြလေသည်။ ထိုကိုကိုကာလသားများမှာ ခုခေတ် နှစ်ခုတည်းဝတ်နေကြသော ကောင်မလေးများကို ပြစ်တင်ကျိန်းမောင်းနေကြသူများဖြစ်နေသည်ကို အံ့သြစရာကောင်းစွာ တွေ့ရပြန်သည်။ ရှိစေတော့… ခုနေချိန်များမှာတော့ အသက်ကြီးနေကြပြီဆိုတော့လည်း လူကြီးတွေဖြစ်နေကြပြီပေါ့လေ။ သင်္ကြန်နားနီးလေ နေ့မအား ညမအား ဇွဲကောင်းကောင်းနှင့် အကတိုက်ကြလေတော့သည်။ ဒီနေရာတွင် ကိုရင်ရှူံးတို့မှာလည်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှလာသော သင်္ကြန်ယိမ်းအကများကိုကြည့်လိုက်၊ အဒေါ်အပျိုကြီးများ အကတိုက်သည်ကိုကြည့်လိုက်နှင့် တစ်ချိန်လုံးသင်္ကြန်တီးလုံးသံများကြားမှာပင် ၂ လနီးပါးမျှ နားဒုက္ခ၊ မျက်စိဒုက္ခခံရတော့သည်။ သင်္ကြန်ယိမ်းများမှာ ရန်ကုန်နှင့် မန္တလေး အတော်လေးကွာလေသည်။ သင်္ကြန်မိုးဇာတ်ကားကြည့်ဖူးသူများ သင်္ကြန်အကဆိုသည်မှာ ထိုကဲ့သို့ ညင်ညင်သာသာ ပျော့ပျော့နှောင်းနှောင်းလေးများဟု ထင်ကြပေမည်။ မန်းသူများမှာ သင်္ကြန်အကကို ခြေဖျားလေးများ ကြွသည်ဆိုရုံလေးမျှ ကြွကျပြီး ခြေဟန်၊ လက်ဟန် နွဲ့နွဲ့နှောင်းနှောင်းလေးများဖြင့် ကကြခြင်းဖြစ်သည်။ ရန်ကုန်သူများမှာတော့ ကရင်ဒုံးယိမ်း ကကြလေသည်အလား၊ မြူးကြွခုန်ပေါက်ပြီး ခြေထောက်များ လွှားကနဲ၊ လွှားကနဲ မြှောက်မြှောက်ပြီး ကကြခြင်းဖြစ်သည်။ ကိုရင်ရှူံးတို့ ငယ်စဉ်က အကဲဖြတ်မိသလောက်ဖြစ်သည်။

မိန်းကလေးများသာ သင်္ကြန်တွင် ထိုမျှတက်ကြွနေခြင်းမဟုတ်ပဲ အမျိုးသားများမှာလည်း ထိုနည်းလည်းကောင်းပင်။ သူတို့နည်း သူတို့ဟန်ဖြင့် သင်္ကြန်ကို ပြင်ဆင်ကြခြင်းဖြစ်သည်။ တစ်ချို့မှာလည်း သူတို့နှစ်သက်သဘောကျရာ ကောင်မလေးများ ဘယ်မန်းတပ်(စာလုံးပေါင်းသီးခံပါကုန်)တွင် ရေကစားကြလေမည်နည်း၊ ဘယ်အချိန် အကထွက်လေမည်နည်းနှင့် လေ့လာစုံစမ်းထားပြီး သင်္ကြန်အချစ်ဇာတ်လမ်းလေးများ ဖန်တီးသူက ဖန်တီး၊ ထိုထက်ပိုလို့ တိုးချင်ကြသူများမှာတော့ သင်္ကြန်ယိမ်းများတွင် အဆိုရှင်အနေဖြင့် ပါဝင်ခွင့်ရရေးအတွက် နည်းမျိုးစုံကြိုးစား၊ အသံကောင်းသည်ဟု မြှောက်ပေးခံကြရသူများမှာတော့ သင်္ကြန်နီးသည်နှင့် သင်္ကြန်သီချင်းများ အလွတ်ရအောင်ပြန်ကျင့်သူကကျင့်၊ ထွက်သမျှ သင်္ကြန်အခွေများမှ သင်္ကြန်သီချင်းများကို မရ ရအောင်လုပ်နှင့် သူ့ဟာနှင့်သူတော့ ရှုပ်နေကြပြန်သည်။ တစ်ချို့များကျတော့လဲ သင်္ကြန်လည်ရန်အတွက် ဂျစ်ကားမရ ရအောင် ငှားကြသူများ၊ သင်္ကြန်တွင်းလည်ပါတ်ရန်အတွက် လောင်စာစုဆောင်းကြသူများလည်း ရှိကြပြန်သေးသည်။ ၀န်ထမ်းဖြစ်သူများမှာတော့ ဒုန်လဘ မဲပေါက်ကြမည်ကို စိုးရိမ်သူက စိုးရိမ်၊ သင်္ကြန်တွင်း တာဝန်မှူးကျမည်ကို စိုးရိမ်သူက စိုးရိမ်နှင့်ပင်။ ထိုစဉ်က သင်္ကြန်ကို ယခုလို အချိန်အကြာကြီး ပိတ်ရက်မပေးသဖြင့်သာ တော်တော့သည်။ သင်္ကြန်နောက်ဆုံးရက်များတွင်မတော့ လတ်လတ်ဆတ်ဆတ် လူထွက်ကိုယ်တော်များ ရွှေဂေါင်းတော် အပြောင်သားနှင့် စပ်ဖြီးဖြီးကြီးများနှင့် ဆရာတော်များထံတွင် ဇွတ်အတင်းတောင်းဆိုပြီး မရရအောင် လူထွက်ပြီး ကဲကြပြန်သေးလေသည်။

ကိုရင်ရှူံးတို့လို့ ကလေးများအဖို့တော့ သင်္ကြန်အတွက် လက်နက်ကြီး၊ လက်နက်သေးများ ရသလောက်စုဆောင်းရင်းနှင့်ပင် အချိန်ကုန်တော့သည်။ လောင်ချာ၊ ရေဗြွတ်၊ ရေဗူဘောင်း၊ ရေသေနတ် အစရှိသည်တို့ဖြစ်သည်။ အိမ်ရှိရေချိုးတိုင်ကီများကိုလည်း မျက်စောင်းတစ်ထိုးထိုးနှင့် ဘယ်အလုံးကောင်းမလဲဟုလေ့လာအကဲခတ်ခြင်း၊ လူစည်ကားမည့်နေရာများကို လေ့လာခြင်း၊ ၅ ပိဿာဝင် ကော်ဗူးများရှာဖွေစုဆောင်းခြင်းနှင့် သင်္ကြန်အချိန်တွင်မတော့ ကိုရင်ရှူံးတို့ကား တိုက်ပွဲဝင်ရန် အဆင်သင့်နှင့်။ မနိုင့်တနိုင် ၅ ပိဿာဝင်ရေဗူးကြီးများကို လွယ်အိတ်တွင်းထည့်၊ ဟန်ကိုချီပြီး ရေဗြွတ်ကြီးများကိုယ်စီ၊ အိတ်ထဲတွင်လည်း တိုက်ပွဲပြင်းထန်ချိန်တွင် အသုံးပြုရန်အတွက် ရေဗူဘောင်းများ ရသလောက်ထည့်ထားပြီး တစ်လမ်းဝင် တစ်လမ်းထွက်နှင့် တွေ့သမျှလူကြီး၊ လူလတ်၊ လူငယ်မကျန် ဗြွတ်ကြီးများဖြင့် ထိုးတော့သည်။ (ရေဗြွတ်)။ တစ်ခါတစ်လေများဆို သည်းထိတ်ရင်ဖိုစရာပင်ကောင်းလှသည်။ သူတို့ကလဲ အဖွဲ့တောင့်တောင့်၊ ကိုယ့်ဘက်ကလဲ နှစ်ယောက်လောက်များပါလျင်တော့ မျက်နှာချင်းဆိုင်ပြီး သေနတ်နှင့် ပြစ်သူကပြစ်၊ ဗူဘောင်းနှင့် ပေါက်သူကပေါက်၊ ဗြွတ်ကြီးများအချင်းချင်းဆိုင်ပြီး အားပါးတရ တိုက်ခိုက်ကြသည်မှာ ထိုစဉ်ကနံမည်ကြီး မာနယ်ပလောသို့ ရောက်နေသည့်အလားပင်။ လွယ်အိတ်ထဲမှ ရေများကုန်တော့မှ အပြစ်အခတ်ရပ်၊ ငြိမ်းချမ်းရေးယူပြီး လက်နက်ရိက္ခာဖြည့်တင်းရန်အတွက် အုန်းလက်လေးများကာထားသည့် ရေကစားမန်းတပ်များသို့ ချီတက် လက်နက်ဖြည့်တင်းပြီးနောက် တစ်လမ်းဝင်တစ်လမ်းထွက်နှင့်ပင်။ ညနေမိုးချုပ်တော့မှသာ အိမ်သို့ပြန်ရောက်တော့သည်။ ညဘက်တွင်မတော့ အေးအေးလူလူ မိဘများခေါ်ဆောင်ရာ ယိမ်းအဖွဲ့များကပြရာသို့ လိုက်ကြည့်ကြလေသည်။ သင်္ကြန်အပြီးတွင်မတော့ ကိုရင်ရှူံးတို့ ကလေးတစ်သိုက်မှာ မျက်ကွင်းဖြူလေးများနှင့် မျောက်ကလေးများအဖြစ်နှင့် ကျန်ခဲ့တော့လေသည်။

ထို့နောက်များတွင်မတော့ ကိုရင်ရှူံးတစ်ယောက် တောင်ပေါ်သို့ရောက်သွားပြီးသည့်သကာလ၊ ငယ်သူငယ်ချင်းများနှင့် ခွဲခွာခဲ့ရသည့်အတွက်ကြောင့်တစ်ကြောင်း သင်္ကြန်သည် ကိုရင်ရှူံးနှင့် လုံးဝ ကင်းကွာသွားတော့လေသည်။

မှတ်မှတ်ရရဆိုလျင် လူပျိုပေါက်ဖြစ်ကာစက သင်္ကြန်ရက်တွင် မန္တလေးရောက်နေသည်မှ လူရှုပ်နားရှုပ် မျက်စိရှုပ်သဖြင့် မေမြို့ပြန်တက်ပြီး အိမ်တွင် နားနားနေနေ အနားယူနေရာမှ သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးတစ်ယောက်မှ ဇွတ်အတင်းလာခေါ်သဖြင့် ဂျင်းဘောင်းဘီရှည်ကိုဝတ်၊ မိုးကာအကျီင်္ကြီးကိုခြုံပြီး စက်ဘီးတစ်စီးစီဖြင့် မေမြို့အနှံ့ ရေပက်ခံထွက်ကြလေသည်။ အတော်လေးပင်စည်ကားပါပေ၏။ ယူဂိုဆလပ်မှ မြို့ပါတ်လမ်းအတိုင်း ထွက်လာရာ ဦးဆရွတ်ခြံရှေ့တွင် တစ်ခါ ဗွမ်းကနဲ ရေပက်ခံလိုက်ရသည်။ မဆိုးဘူးဟဟုတော့ ထင်မိသည်။ ရေပက်မခံရတာကြာပြီမို့လားမသိ၊ ကိုယ်တွင်တော့ ရေမစိုပေ။ မိုးကာအက်ီၤႀကီး၀တ္ထားသည္မဟုတ္လား။ ထိုမှဆက်လက်နင်းလာရာ နောက်၁၅ မိနစ်ခန့်တွင် ဥာဏ်တောလမ်းဆုံသို့ရောက်၏။ ထိုအခါတွင်လဲ ဗွမ်းကနဲတစ်ခါ၊ ထို့နောက် ဆက်လာခဲ့ပြန်ရာ နောက်ထပ် နာရီဝက်ခန့်တွင်မတော့ ကန်တော်လေးသို့ရောက်တော့သည်။ ထိုနေရာတွင် သူဌေးများဇိမ်ခံရန် ၀ယ်ထားသော အိမ်များရှိလေရာ ရေလောင်း၊ ရေပက်ကြသူ အတော်များလေသည်။ ကန်တော်လေးတွင်းမှ ရေများကို မော်တာဖြင့်စုပ်ပြီး ပက်ကြခြင်းဖြစ်သည်။ ကိုရင်ရှူံးတို့လည်း စက်ဘီးမှောက်မည်စိုးသည်နှင့် ဆင်းတွန်းပြီးလျှောက်ကြသည်။ ပြုံးပြုံးလေးဖြင့် ရေပက်ခံကြမည်ဟု အားခဲရင်း အိမ်သုံးလေးအိမ်သာလွန်သွားသည်။ ရေတစ်ဗွမ်းမျှ မခံလိုက်ရသဖြင့် မျက်နှာလိုက်လေခြင်းဟု မခံမရပ်နိုင်ဖြင့် တစ်ဖန်ပြန်လျှောက်ကြလေသည်။ နောက်ဆုံးတွင်မတော့လက်လျှော့လိုက်ပြီး ကလပ်လမ်းအတိုင်းထွက်လာရာ ကျောက်တောင်ရောက်တော့မှပင် တစ်ခါဗွမ်းခံရတော့သည်။ ထိုမှတစ်ဖန် ခြေဆန့်ကြရာ ပြည်တော်သာကွက်သစ်၊ ထိုမှတစ်ဖန် ထောက်ပို့၊ ထို့နောက် ရွာသစ်ကလေးမှ ပါတ်ပြန်လာရင်း နောက်ဆုံး ယူဂိုဆလပ်သာပြန်ရောက်သွားသည်၊ စုစုပေါင်းမှ ၅ ခါလားမသိ အဗွမ်းခံလိုက်ရလေသည်။ ထိုမျှနှင့်ပင် သင်္ကြန်ကို စိတ်ကုန်သွားပြီး နောင်နှစ်သင်္ကြန်များတိုင်း အိမ်အောင်းသည့်အခါအောင်း၊ မိဘများဝတ်စေချင်လျင် သင်္ကန်းဆီးလိုစီး၊ တစ်ချို့တစ်လေနှစ်များတွင်မတော့ ဘုရားကျောင်းမှ လူငယ်လေ့လာရေးများနှင့် လိုက်သည့်အခါလိုက်နှင့်

သေချာပြန်တွက်ကြည့်လိုက်သည့်အခါတွင်မှ….

ကိုရင်ရှူံးနှင့် သင်္ကြန် လုံးလုံးကြီးကွာရှင်းပြတ်စဲထားသည်မှာ ဆယ်စုနှစ် နှစ်စုခန့်ပင်ရှိတော့မည်။ ခုနေများ ရုတ်ချည်းစိတ်ထဲလွမ်းသလိုလို ရှိလာသဖြင့် စိတ်ကူးပေါက်ရာ ကပေါက်တိကပေါက်ချာများ ချရေးမိလိုက်ရပါကြောင်း…။

ရှူံးနိမ့်မှုများနဲ့.. လူ
(ခေတ္တလူ့ပြည်)

About စဆရ ကြီး

စဆရ ကြီး has written 160 post in this Website..