စေညွှန်းရာလမ်းးးးးးးးးးးးးးးးး

“စေညွှန်းရာလမ်း………………….”

 

မိုးသားတွေအုံ့မိူင်းနေတဲ့ညနေခင်းလေးတစ်ခုမှာ  ကျမ မရောက်ဘူးတဲ့ဒေသစိမ်းလေးကို

သွားဘို့ အိမ်ကထွက်လာခဲ့ပါတယ်။

မန်းလေးမြို့နဲ့မိုင်နှစ်ရာကျော်ကျော်လောက်အကွာအဝေးမှာ ရှိနေတဲ့တောင်ပေါ်မြို့လေးဆီကိုပေါ့

အေးချမ်းတယ်လို့နာမယ်ကြီးတဲ့မြို့လေးပါဘဲ။

ကျမရဲ့တွယ်ရာမဲ့နေသော လေလွင့်နေသောစိတ်များကိုငြိမ်သက်အောင်အနားသတ်ပေးဘို့ဆိုရင်လဲ

မမှားပါဘူး။

ည ခုနှစ်နာရီကျော်ကျော်လောက်မှာတော့“ကိုလေး”က ကျွဲဆည်ကန်ကားဝင်းကို လိုက်ပို့ပေးပါတယ်။

ကားက ညရှစ်နာရီထွက်မယ့် “ရွှေတောင်ရိုးအိပ်စပရက်စ်  “နဲ့ပါ။

 

“မိမွန်…….နင်တစ်ယောက်ထည်းဖြစ်ပါ့မလား” လို့စိတ်ပူပန်တဲ့လေသံနဲ့မေးပါတယ်။

“ရတယ် ကိုလေး………..အသက်သုံးဆယ်ဆိုတဲ့အရွယ်က ကိုယ့်ဘဝကိုယ် ထိန်းကျောင်းနိုင်တဲ့အရွယ်ပါ”

“ ပိုက်ဆံရော အလုံအလောက်ပါရဲ့လား  “

“ပါ ပါတယ် ကိုလေး “

“အေး ကုန်သွားရင် ကိုဌေးတို့ဆီက ယူလိုက်နော် “

“ ဟုတ် “

“ နင်ဘယ်သူ့အိမ်မှာတည်းမှာလည်း မဝိုင်းတို့ဆီတည်းမှာလား “

“ ဟုတ်ဘူး ကိုလေး ကျနော့်သူငယ်ချင်းအိမ်တည်းမှာ “

“ အေး နင်ပျော်သလောက်နေ အိမ်နဲ့တော့ အဆက်အသွယ်မပြတ်ပေစေနဲ့ “

“ ဟုတ် “

ပြောရင်းဆိုရင်းကားလေးက ကားကြီးဝင်းထဲကိုိုဝင်တော့ ဝင်ကြေးပေးရပြုနဲ့ စကားစပြတ်သွားပါတယ်။

ဒါနဲ့ဘဲ ကျမစီးရမယ့်ကားနားကိုရောက်တော့ အထုပ်အပိုးတွေကိုအောက်ချအပြီး “ကိုလေး”ကို နုတ်ဆက်လို့ကားပေါ်တက်ခဲ့ပါတယ်။

ကားပေါ်မတက်ခင် “ကိုလေး” က သူ့အိတ်ထဲပါတဲ့ ပိုက်ဆံတစ်ထပ်ကို လက်ထဲထိုးထည့်ပေးသွားပါတယ်။

ကျမကလွတ်လွတ်လပ်လပ်ထိုင်ချင်တော့ ကားလက်မှတ်ကို နှစ်ခုံစာဖြတ်ခဲ့ပါတယ်။

အဲတော့တစ်ယောက်ထဲဘဲစိတ်အေးလက်အေး တွေးချင်ရာတွေးငေးချင်ရာငေးပေါ့။။

ညရှစ်နာရီကျော်ကျော်မှာတော့ ကားစထွက်ပါတယ်။

 

ကားမှန်ပြူတင်းကနေကြည့်တော့ ညရှစ်နာရီလောက်မှာတောင် ၇၈ လမ်းမပေါ်မှာ

ကားတွေလူတွေဆိုင်ကယ်တွေရှုပ်ယှက်ခပ်ပြီးအလုအယက်သွားလာနေကြတာကို

မြင်တာနဲ့ စိတ်ထဲမှာပူလောင်လာသလိုလို။

ကားထဲမှာတော့လေအေးစက်ဖွင့်ထားတော့ ခပ်အေးအေး။

ကျမတို့ငယ်ငယ်ကျောင်းသားဘဝက မြန်မာစံတော်ချိန်ရှစ်နာရီဆိုရင် သိပ်ပျော်ပါတယ်.။

ရေဒီယိုက “မောင်နောင်မောင်နောင် မောင်နောင်မောင်နောင်မောင်……….”ဆိုတဲ့တီးလုံးလေးလာရင်

ကျမတို့မောင်နှမတစ်တွေစာကျက်တာပြီုးဆုံးချိန်ပါဘဲ။

မေမေ ကျွေးတဲ့ညလည်စာ ကော်ဖီတို့ မုန့်တို့ကို အလုအယက်စားကြ မအိပ်ခင်ဆော့ကြနဲ့

မောင်နှမတွေ တည့်တဲ့အခါတည့် ရန်ဖြစ်တဲ့အခါ ရန်ဖြစ်ဆိုပြန်တော့ ပြန်တွေးရင်တောင်ပျော်စရာကြီးပါ။
အရင်ကပျော်စရာတွေစုနေတဲ့အိမ်ကြီးကအခုချိန်မှာတော့ ဘဝပြောင်း။

ဒါကြောင့်လဲ  အပူတွေနဲ့ဝေးရာ စိတ်မွန်းကျပ်မူ့တွေနဲ့ပိတ်လှောင်နေတဲ့ ဘဝထဲကနေပြေးထွက်။

သက်မဲ့အက္ခရာစာလုံးတွေကိုအသုံးချလို့ ဆက်သွယ်မိကြပြီး

မမြင်နိုင်ပေမယ့် ခိုင်မာလွန်းတဲ့ သံယောဇဉ်များနဲ့ ကျမကို ချည်နှောင်ထားသူရှိရာအရပ်ဆီကိုပေါ့။

တကယ်တွက်စစ်ကြည့်ရင် ကျမတို့လူသားတွေရဲ့ဘဝက မမြင်နိုင်တဲ့ကံကြမ္မာရဲ့စေညွှန်းရာ

အတိုင်း ကမ်းမမြင်လမ်းမမြင်မျောပါနေရတာအမှန်ပါဘဲ။

တစ်ခါတစ်ရံမှာတော့ လှိုင်းအပုတ်မှာရောက်သွားတဲ့ ဒိုက်တောကလေးတွေကို ကမ်းစပ်အမှတ်နဲ့

တစ်ထောက်ခိုနားစရာလို့သတ်မှတ်ရင်း ဘဝအမောတွေကို ဖြေရ စမြဲပါဘဲ။

တစ်ယောက်ထဲ တွေးရင်းတွေးရင်း မောလာတော့ မျက်စေ့ကို အသာမှိတ်လို့ ခုံပေါ်မှာ မှိနေလိုက်ပါတယ်။

အမြင်အာရုံကိုသာ ပိတ်ထားလို့ရပေမယ့် ဘယ်တော့မှမရပ်တဲ့စိတ်အတွေးတွေကပျံ့လွင့်။

လူတိုင်းလူတိုင်းရဲ့ ဘဝမှာမေ့ပျောက်မရနိုင်တဲ့ မေ့ဖျောက်မရနိုင်တဲ့ အကြောင်းတွေရှိစမြဲပါဘဲ။

ပျော်ရွှင်ခဲ့ရတာလေးတွေပြန်စဉ်းစားမိရင်တော့ကြည်နူးစမြဲ ။

ဒါပေမယ့်လောက ဓမ္မတာအရ ပျော်စရာဆိုတာအရောက်နောက်ကျတတ်ပါတယ်။

မခေါ်ဘဲအရင်လာတတ်တာကတော့ စိတ်ပင်ပန်းစရာတွေပါဘဲ။

********************** ********************** ****************************

 

ကျမတို့မိဘတွေရဲ့ လုပ်ငန်း ကတော့ ကောက်ပဲသီးနှံပွဲရုံပါဘဲ။

အဖေကတော့မန်းလေးအခေါ်  ပွဲစားကြီးပေါ့။

အဓိက ကတော့ ဆီထွက်သီးနှံဖြစ်တဲ့ မြေပဲနဲ့ နှမ်း ကိုအရောင်းအဝယ်လုပ်တာပါ။

အောက်ထပ်ကတော့ ဂိုဒေါင်ဆိုလဲဟုတ် အဖေ့အလုပ်ခန်းဆိုလဲဟုတ်လို့ဆိုနိုင်ပါတယ်။

အဲတော့အိမ်အောက်ထပ်က အမြဲပွရှုပ်နေတတ်ပါတယ်။

အပေါ်ထပ်က ကျမတို့မိသားစုနေ။

သွပ်မိုးထရံကာ ရေနံကြီးတွေဝနေတဲ့ရှေးနှစ်ထပ်အိမ်ကြီးပေါ့။

 

အဖေကတော့ သမရိုးကျမန်းလေးသား မနက်မိုးလင်းရင် ကုန်စည်ဒိုင်သွားမယ်။

နေ့လည်ပြန်လာမယ် ကုန်သည်တွေနဲ့အရောင်းအဝယ်စကားတွေပြောမယ်။

ငွေပေးငွေယူတွေလုပ်မယ်။

အမေကတော့ အိမ်မူ့ကိစ္စလုပ်မယ် ။

သားသမီးတွေကိုချက်ပြုတ်ကျွေးမွေးမယ်။

ဒီလိုနဲ့ဘဲ ကျမတို့မိသားစုဘဝကြီးကနှစ်ပေါင်းများစွာအပြောင်းအလဲမရှိ နေလာခဲ့ကြတာပေါ့။

 

ကျမရှစ်တန်းအောင်တဲ့နှစ်မှာဘဲ အဖေ ကွယ်လွန်သွားခဲ့ပါတယ်။

ဗိုက်ထဲကအောင့်တယ်ဆိုတာနဲ့ ဆေးခန်းကိုသွားပြတော့ ဆေးရုံတက်ခိုင်းပါတယ်။

ဆေးရုံရောက်မှ အူအတက်ပေါက်တာဆိုတာကိုသိရ။

ချက်ခြင်းဘဲခွဲဘို့စိတ်ဘို့လုပ်နေရင်းက ဘဲ ကွယ်လွန်သွားခဲ့တာပါ။

အရင်ရက်တွေကထဲက ဘိုက်ထဲက နာတယ်ပြောပေမယ့် လျက်ဆားလေးလျက်လိုက်

အစာကြေဆေးလေးသောက်လိုက်နဲ့ ဆေးမြီးတိုနဲ့ကုခဲ့တာ မခံနိုင်လွန်းမှဆေးခန်းပြတော့ အချိန်တွေကနှောင်းပေါ့။

အဖေရုတ်တရက်ကွယ်လွန်သွားတဲ့အချိန်အဓိက အခက်အခဲက အဖေ့အလုပ်တွေကို

ဆက်လုပ်မယ့်သူနားလည်သူမရှိတာပါဘဲ။

အဖေရှိစဉ်တုံးက ကျမအထက်က အကိုတွေကို အိမ်လုပ်ငန်းတွေကိုကူမလုပ်ခို်င်းပါဘူး။

“လူရာဝင်အောင် ပညာတတ်ဘွဲ့ရဖြစ်အောင်လုပ်ကွ”ဆိုတာ အဖေအမြဲရွတ်နေကျလက်သုံးစကား။

အဖေငယ်ငယ်က တောမှာနေခဲ့ရတာဆိုတော့ အတန်းကျောင်းပညာကောင်းကောင်းမသင်ခဲ့ရပါဘူး။

အဖေတို့နေတဲ့ ဆားတောင်နယ်ဘက်ကနေ ကောက်ပဲသီးနှံလေးမြို့တက်ပြီး ရောင်းရင်းဝယ်ရင်းက

နေ အမြင်ကျယ်တော့မန်းလေးကို လာပြီး ပွဲရုံလေးဖွင့်ရင်း ကြိုးစားတော့ လုပ်ငန်းက

တစ်စထက်တစ ကြီးထွားလာပါတယ်။

အရင်ကတည်းက ဝင်ထွက်ပြီးနေလာခဲ့တဲ့ ပွဲရုံကအမေနဲ့အိ်မ်ထောင်ကျပါတယ်။

အဖေကတော့ သူ ဘွဲ့ရပညာတတ်မဖြစ်ခဲ့ရတာကိုစိတ်ထဲမှာအားမလိုအားမရဖြစ်နေခဲ့သူဆိုလဲ

မမှားပါဘူး။

“ဘွဲ့ရပညာတတ်သာဖြစ်ခဲ့ရင် သူ့လုပ်ငန်းတွေဒီထက်အောင်မြင်မယ်

သူပညာမတတ်လို့ ပြည်တွင်းအဆင့်လောက်နဲ့ဘဲကျေနပ်နေရတာ”ဆိုတဲ့ အဖေ့ရဲ့

အငုံ့စိတ်ကြောင့် ကျမတို့မောင်နှမတစ်တွေကို စာသင်တာကလွဲလို့ အိမ်ကပွဲရုံအလုပ်တွေကိုမလုပ်ရပါဘူး။

 

အိမ်အလုပ်တွေကို မလုပ်ရသလိုဘဲကျန်တဲ့အပြင်အလုပ်တွေကိုလဲ မလုပ်ရဘူးပေါ့။

ဝတ္တုမဖတ်ရ မဂ္ဂဇင်းမကြည့်ရ  တီဗွီကို ကန့်သတ်ချိန်နဲ့ကြည့်။

ဗွီဒီယိုခွေဆိုရင်လဲ ကျောင်းပိတ်တဲ့ရက် တစ်ရက်တစ်ခွေကြည့်။

 

နေ့စဉ်ကျောင်းသွား ကျူရှင်တက် အိမ်ပြန်လာစာကျက်။

အပေါင်းအသင်းတွေနဲ့ဟိုဟိုဒီဒီလျောက်မသွားရ။

အိမ်ကမောင်နှမတွေနဲ့ဘဲနေ။

 

အဖေအမေက လိုက်ကျွေးတဲ့အချိန်ကလွဲရင်အပြင်ဆိုင်ကိုယ့်ဘာသာကိုယ်သွားမစားရ။

အိမ်မှာအမေချက်ကျွေးတာစားဆိုတဲ့ ဥခွံကျဉ်းကျဉ်းလေးထဲမှာဘဲ ကျင်လည်ရတဲ့ဘဝဆိုလဲ

မမှားပါဘူး။

 

ကျမအထက်မှာကိုကြီး ကိုလတ် ကိုလေးဆိုပြီးအစဉ်အလိုက်သုံးယောက်ရှိပါတယ်။

အားလုံး (၂)နှစ်ကြီး(၂)နှစ်ငယ်။

ကျမကတော့ တစ်ဦးတည်းသော အထွေးဆုံးသမီးလေးပေါ့။

အဖေဆုံးတော့ ကိုကြီးက နောက်ဆုံးနှစ်ပြီးကာစ မာစတာတန်းတက်ဘို့ကြိုးစားနေချိန်။

ကိုလတ်က ဒုတိယနှစ်။

ကိုလေးကဆယ်တန်း။

အဖေရုတ်တရက်ဆုံးသွားတော့ ကိုကြီးက ကျောင်းဆက်မတက်ဘဲအဖေ့နေရာကိုဝင်ပြီးဆက်ခံရပါတယ်။

ကိုလတ်က ကျောင်းတက်ရင်း ကိုကြီး ကို ကူရတော့တာပေါ့။

စကတည်းက အဖေ့လုပ်ငန်းကို ဘာမှမသိခဲ့တဲ့အမေက သားတွေပေးတဲ့ပိုက်ဆံကို

သိမ်းထားပေးတာကလွဲလို့ ဘာမှမသိ။

 

အလိုက်သင့်နေချင်သလိုနေခွင့်ရတဲ့ ကျောင်းစာသင်ခန်းတွေထဲက နေ

ပြဿနာပေါင်းစုံ အဖြစ်အပျက်ပေါင်းစုံလွန်းတဲ့  လူ့လောကအစစ်ကြီးထဲကို

ရုတ်တရက်ကြီး ဝင်လာခဲ့ရတဲ့ကိုကြီးမှာလဲစိန်ခေါ်မှု့တွေအပြည့်နဲ့ပါဘဲ။

အရည်အသွေးကိုအဓိကထားလုပ်ရတဲ့ကောက်ပဲသီးနှံတွေကို

ကောင်းမကောင်း ဟုတ်မဟုတ် နမူနာပြတဲ့ပစ္စည်းနဲ့တောင်းထားတဲ့ဈေးမှန်မမှန်ကို

ဦးနှောက်လျင်လျင်နဲ့ တွေးနိုင် မြန်မြန်ဆန်ဆန်ဆုံးဖြတ်ချက်ချနိုင်မှအလုပ်လို့

ရနိုင်ပါတယ်.။

ယာယီတန်ဘိုးသတ်မှတ်ထားတဲ့သက်မဲ့ငွေစက္ကူအတွက်သက်ရှိလူသားများက

တစ်ယောက်နဲ့တစ်ယောက်လှီးကြ ခုတ်ကြတဲ့ စီးပွားရေးလုပ်ငန်းများကြားမှာ

ယက်ကန်ယက်ကန်နဲ့ဝင်ရတဲ့ ကိုကြီးတစ်ယောက်ရလာတဲ့ရလာဒ်ကတော့

ဘယ်သူ့ကိုမှ မယုံကြည့်တော့ခြင်းနဲ့ လွန်ကဲစွာဒေါသကြီးလာခြင်းပါဘဲ။

နောက်ဆိုးတဲ့တစ်ချက်က ကျမကို အရမ်းချုပ်ချယ်လွန်းတာပါ၊

ကိုကြီးအလုပ် လုပ်တဲ့အခါ လူငယ်တွေနဲ့ပို့အလုပ်လုပ်ဖြစ်လာပါတယ်။

အဲတော့လူငယ်တွေအဝင်အထွက်များလာတာပေါ့။

နောက်အဖေရှိစဉ်က အိမ်ကို သူငယ်ချင်းတွေလာတာပြုတာမကြိုက်ပေမယ့်

အခုနောက်ပိုင်းမှာတော့ ကိုကြီး ကိုလတ် ကိုလေးတို့ရဲ့သူငယ်ချင်းတွေလဲအိမ်ကိုအလည်လာ

တတ်ကြပြန်ပါတယ်။

သူတို့ သူငယ်ချင်းတွေကိုများ မတော်တဆ စကားပြောမိရင် ဆူလို ပူလို့ မဆုံးနိုင်အောင်ပါဘဲ။

သူတို့သူငယ ်ချင်းတွေအိမ်ကိုရောက်နေတဲ့အချိန်ဆိုရင်ကျမကိုအိမ်အောက်ပေးမဆင်းတော့ပါဘူး။

့ အဖေမကွယ်လွန်ခင်လေးမှာကျမတို့ အိမ်အိုကြီးကိုဖျက်ပြီးနှစ်ထပ်တိုက်ဆောက်နေဆဲတန်းလန်းကြီးမှာအဖေက ဆုံးသွားတာပါ။

အဖေဆုံးပြီးမှဘဲတိုက်ကိုလတ်စသတ်ရပါတယ်။

အဲတော့ ကျမကို အိမ်ပေါ်က အိမ်အောက်ကို မဆင်းခိုင်းပေမယ့်လဲ ကျယ်ဝန်းလွတ်လပ်တဲ့

အပေါ်ထပ်မှာနေရတယ်ဆိုပြန်တော့ တော်ပါသေးတယ်လို့ဘဲတွေးရပါတော့တယ်။

အရင်လိုအိမ်အိုအိုကျဉ်းကျဉ်းလေးသာဆိုရင်အတော်ကိုနေရခက်မှာအမှန်ပါဘဲ။

ကံကောင်းတယ်လို့ဘဲ ဆိုရပါမယ်။

 

ကိုကြီး ကျမကို အရိပ်လိုစောင့်ကြည့်နေတာ စိတ်ပူပန်နေတာအစက မသိသာပေမယ့် ကျမဆယ်တန်းရောက်တဲ့နှစ်မှတော့ သိသိသာသာကြီးကို တင်းကျပ်လာပါတယ်။

ကျောင်းသွားကျောင်းပြန်ကို အစက အိမ်နံဘေးနားကောင်မလေးတွေနဲ့အတူသွားအတူပြန်နေရာကနေ

တစ်ရက်မှာ အတန်းဖော်ကောင်လေးတစ်ယောက်နဲ့ ရီရီမောမောစကားပြောတာကို ကိုကြီးမြင်သွားတဲ့

နေ့ကစလို့ ကိုလတ် နဲ့ ကိုလေး ကိုဘဲ အကြိုအပို့လုပ်ခိုင်းပါတယ်။

ရီးစားမထားဘို့အကြောင်း ဂါထာရွတ်တာကိုကြားဖန်များတော့ အလွတ်တောင်ရနေပါတယ်။

အပျိုပေါက်ဘဝကိုရောက်လာတဲ့ကျမလဲ တစ်ခါတစ်ရံ သူငယ်ချင်းတွေ မိန်းမဖော်တွေနဲ့

အတူသွားအတူလာနေချင်ပေမယ့် အခွင့်မသာပါဘူး။

အိမ်ကို မိန်းကလေးသူငယ်ချင်းတွေလာရင်လဲ လုံးဝမကြိုက်။

ကိုကြီးနဲ့တွေ့ရင် မျက်နှာထားဆိုးဆိုးကြီးနဲ့နေပြတတ်တော့

သူ့ကြောက်ပြီးမလာရဲကြတော့ပါဘူး။

ယောက်ျားလေးသူငယ်ချင်းလာလို့ကတော့ ခေါ်မပေးတဲ့အပြင် နောက်မလာနဲ့အထိပြောလွှတ်

တတ်တဲ့ ကိုကြီး ကြောင့် ကျမမှာ သူငယ်ချင်းမရှိ။

ကျမမှာ ကျောင်းကနေအိမ်ပြန်ရောက်တာနဲ့ အိမ်ပေါ်မှာဘဲအမေနဲ့နေရပါတယ်။

အဖော်အပေါင်းကင်းမဲ့သော ဘဝတစ်ခုပါဘဲ။

ရီးစားဆိုတာဝေလာဝေးပေါ့။

ကျမကိုစိတ်ဝင်စားတဲ့သူတောင် အကိုတွေကိုကြောက်လို့ ဝေါင်ဝေါင်ရှေးပါဘဲ။

 

အဲလောက် သတိထားဆင်ခြင်နေပါလျက်နဲ့တစ်ခါမှာတော့ကျမအတွက်နဲ့ကိုကြီးနဲ့ကိုလတ်တို့

အကြီးအကျယ်စကားများကြတာပါဘဲ။

တစ်ရက် ကိုလတ်သူငယ်ချင်းတွေအိမ်အောက်မှာရှိနေတဲ့အချိန်။

ကျမသူငယ်ချင်းဆီက ဖုန်းလာတော့ အောက်ထပ်ဆင်းပြီးဖုန်းပြောပါတယ်။

သူငယ်ချင်းကလဲမတွေ့ရတာကြာတော့ စကားပြောရင်းအချိန်တွေကြာကုန်ပါတယ်။

ကိုလတ်မှာ ညီမရှိမှန်းသိကြ ပေမယ့် သိပ်မတွေ့ဘူးကြတော့ ကျမကို ကြည့်ကွက်ကြည့်ကွက်လုပ်ကြတာပေါ့။

အဲဒါကိုအပြင်ကပြန်လာတဲ့ကိုကြီးကတွေ့သွားတဲ့အခါ ကျမလက်ထဲကဖုန်းကိုယူပြီးဆောင့်ချပြီး

အပေါ်တက်နေဘို့ခပ်မာမာနဲ့ပြောပါတယ်။

ကိုကြီး အမူအယာမာကျောကျောဖြစ်လာတာကိုမြင်တဲ့ ကိုလတ်သူငယ်ချင်းတွေကလဲ

လန့်ပြီးပြန်ပြေးကုန်တာပေါ့။

သူတို့လဲပြန်သွားရော ကိုကြီးက

“ငလတ် နောက်မင့်သူငယ်ချင်းတွေအိမ်ခေါ်မလာနဲ့ “

“ကိုကြီးကလဲ သူုတို့ဘာသာ သူတို့နေတာဘဲဟာ”

“ ဟ ငါတို့မှာညီမအပျုိုလေးနဲ့ကွ”

“မိမွန်ကို သူတို့ဘာမှ လုပ်တာမှ မဟုတ်တာကိုကြီးရာ”

“ ဟေ့ကောင် ငလတ် မင်း ငါ့ကို တစ်ခွန်းချင်းပြန်ပြောမနေနဲ့၊

မိမွန် နင်လဲ ယောက်ျားလေးတွေ ရှိရင် အောက်ထပ်လာနန့်မနေနဲ့”

အဲလိုလဲပြောလိုက်ရော ကိုလတ်က

“ကိုကြီးရာ မောင်နှမအချင်းချင်းတွေအဲလောက်မရင့်သီးပါနဲ”လို့လဲပြောရော

ကိုကြီးက  ကိုလတ်ကိုလက်သီးနဲ့ဆွဲထိုးလိုက်တော့ တစ်အိမ်လုံးရုတ်ရုတ်သဲသဲပေါ့။

ကျမနဲ့ကိုလေးကတော့ ဘယ်သူ့ဘက်မှလဲ မပါရဲ။

အသံလဲမထွက်ရဲ။

အမေ့မှာလဲ တအိအိနဲ့ငိုရုံကလွဲလို့ ဘာမှမတတ်နိုင်။

အမေငိုပြီဆိုမှတော့ ကျမလဲ လိုက်ငိုရတော့တာပေါ့။

ကိုလတ်ကတော့ ထွက်သွားလိုက်တာ အဲဒီညက အိမ်ပြန်မအိပ်ပါဘူး။

ပျော်ရွှင်စရာကောင်းခဲ့တဲ့ မိသားစုလေးရဲ့ပထမဆုံးသော ပြိုကွဲခန်းပါဘဲ။

********************************************************

ကိုလတ်နောက်ရက်အိမ်ပြန်ရောက်လာပေမယ့် ကိုကြီးနဲ့ကိုလတ်ရဲ့ဆက်ဆံရေးက နည်းနည်းတော့တင်းမာပါတယ်။

အလုပ်ကိစ္စကလွဲရင်တစ်ယောက်နဲ့တစ်ယောက်စကားမပြောကြပါဘူး။

အဲဒီအချိန်ကိုလတ်ကလဲကျောင်းပြီးလို့ အိမ်အလုပ်ထဲကိုဝင်လုပ်နေပါပြီ။

ဒါပေမယ့်ကိုကြီးနဲ့ကိုလတ် ကအလုပ်ကိစ္စတွေမှာအမြင်ခြင်းမတူကြပါဘူး။

ကိုကြီးက ရောင်းတဲ့ဝယ်တဲ့နေရာမှာဘယ်သူကိုမှ မယုံကြည်သလို အလျော့အတင်းမရှိတတ်။

မပိုကြေးမလိုကြေးဆိုတဲ့လူစားမျုးိ။

ကိုလတ်ကတော့ ကိုကြီးနဲ့ပြောင်းပြန် ဘယ်နေရာမဆို ညှိညှိနိုင်းနိုင်း။

သာတယ်နာတယ်ဆိုတာကြီးကို သိပ်ထည့်မတွက်တတ်။

သူ့ရည်ရွယ်ချက်ကတော့အလုပ်ဖြစ်ဘို့အဓိက။

အလုပ်လုပ်တဲ့နေရာမှာညှင်သာပျော့ပြောင်းပါတယ်။

တစ်ခါတစ်ရံ ကောက်ပဲသီးနှံဝယ်တဲ့အခါ ပြထားတဲ့ နမူနာနဲ့ မတူဘူးဆိုရင် ကိုကြီးကတော့

အရောင်းဝယ်ဖျက်လိုက်ပါတယ်။

လုပ်ငန်းသဘောအရ ဖျက်ပိုင်ခွင့်လဲရှိပါတယ်။

ဒီလိုအဖြစ်မျိုးကြုံလာရင် ကိုလတ်ကတော့အရောင်းအဝယ်မဖျက်ပါဘူး။

ကုန်သည်နဲ့ ညှိနုိုင်း နဂိုရ်ပြောထားတဲ့ဈေးနဲ့ မဟုတ်ဘဲ

သူလိုချင်တဲ့ဈေးရအောင် လျော့ပေးဘို့ အပြန်ပြန်အလှန်လှန် ပြောရတော့တာပေါ့။

စကားတော့ နည်းနည်းပိုပြောရတာပေါ့။

အဲလိုလုပ်ရင်ကိုကြီးက လုံးဝမကြိုက်။

အလုပ်အပိုတွေပေါ့။

အချိန်ကုန်တယ်  ကောင်းရင်ယူုလိုက် မကောင်းရင်မယူနဲ့ပေါ့။

ပျော့ပြောင်းညင်သာမူ့မရှိတဲ့ ကိုကြီးလက်ထက်မှာ အဖေတုန်းကလောက် အလုပ်မဖြစ်တာအမှန်ပါဘဲ။

နေရာတကာမှာ မပိုကြေးမလိုကြေးကိုလက်ကိုင်ထားပြီး အနွဲ့အပြောင်းမရှိတဲ့ကိုကြီးနဲ့ အလုပ်လုပ်ချင်သူ

နည်းပါတယ်။

 

 

ကိုလတ်ကတော့အရောင်းအဝယ်လုပ် တယ်ဆိုတာ ရေရှည်အတွက်ကြည့်လုပ်တာလို့ပြောပါတယ်။

မြေထွက်သီးနှံဆိုတာ အဆင့်ဆင့်လာရတော့ အမှားအယွင်းတော့ရှိုနိုင်မယ်။

တစ်ခါတစ်ရံ လူလည်လူညစ်များလဲရှိနိုင်ပေမယ့်လည်း တစ်ယောက်နဲ့တစ်ယောက်အလုပ်လုပ်တဲ့အခါ

သာတစ်လှည့် နာတစ်လှည့်တော့ ရှိနိုင်တယ်ဆိုတော့ ညှိုနိူင်းလုပ်တာအကောင်းဆုံးလို့ခံယူထားတာကိုး။

အဲတော့ ကုန်သည်တွေက လာရင် ကိုလတ် ကိုဘဲရှာကြ ကိုလတ်နဲ့ဘဲအလုပ်လုပ်တာများပါတော့တယ်။

ကိုလတ်ရဲ့အရည်အချင်းတစ်ခုကတော့ ဖြစ်လာတဲ့အခြေအနေကိုမူတည်ပြီး သူ့အတွက်အကောင်းဆုံးဖြစ်အောင် နည်းလမ်းရှာပြီးဖောက်ထွက်သွားနိုင်တာပါဘဲ။

အဲဒီမှာပြဿနာဖြစ်လာတာက ကိုကြီးရဲ့သည်းညည်းမခံတတ်တဲ့ စိတ်ရယ် ကိုလတ်ရဲ့လုပ်ချင်ရာလုပ်မယ်ဆိုတဲ့စိတ်တွေထိပ်တိုက်တွေ့ကြလို့ပါဘဲ။

ပြောရရင်တော့ ကိုလတ်က လဲ ကိုလတ်ပါဘဲ။

ဘာဘဲလုပ်လုပ် ကိုကြီး ကို အကြီးနေရာထားပြီးတိုင်ပင်လေ့မရှိပါဘူး။

ပြန်မပြောနားမထောင်သူလုပ်ချင်ရာသူလုပ်ပါဘဲ။

အဲလိုစွတ်လုပ်တဲ့အခါ အမှားနဲ့ကြုံတဲ့အခါမျုးိလဲရှိတော့တာပေါ့။

ဒီလိုအခါမျိုးမှာ ညီအကိုနှစ်ယောက်အခြေအတင်ဖြစ်လာကြပါတော့တယ်။

သူတို့ဖြစ်ပြီဆိုရင် အမေ ကျမနဲ့ ကိုလေးတို့မှာ နေစရာမရှိ။

ကိုယ်လဲ ဘာမှ မလုပ်နိုင် မလုပ်တတ် လုပ်ခွင့်မရတော့ သူတို့လုပ်စာကို

အခန့်သားထိုင်စားသလိုဖြစ်နေကြတဲ့သူတွေကိုး။

 

ကိုကြီး ကအလုပ်တွေကို သူတစ်ယောက်ထဲ အုပ်စီးပြီး သူ့စိတ်တိုင်းကျပုံစံနဲ့ အလုပ်လုပ်ပြန်တော့

လက်ဝါးကြီး အုပ်တယ်ဆိုတဲ့ စကားသံထွက်လာတဲ့အခါ ကိုကြိးနဲ့ကိုလတ်ထိုးမယ်ကြိတ်မယ်အဆင့်ထိ

ရောက်လာပြန်ပါတယ်။

ကံကောင်းချင်တော့ ကိုကြီး အိမ်ထောင်ပြုပြီးလိုက်ပါတယ်။

အစကတော့ အားလုံးအရင်လိုတစ်စုတစ်စည်းတည်းနေမယ်လို့ဆိုပေမယ့်

အမေက သူ့အတွင်းပစ္စည်းအချို့အဝက် ကိုထုခွဲပြီး ကိုကြီးကိုပေးလိုက်သလို အိမ်လဲခွဲခိုင်းလိုက်ပါတယ်။

အမွေခွဲတယ်လို့လဲမဟုတ် လုပ်ကိုင်စားလို့ရအောင် ပေးလိုက်တဲ့သဘောပါဘဲ။

ကိုကြီးအိမ်ခွဲသွားတော့ အရင်ကထက်စာရင်နည်းနည်းလေးလွတ်လပ်ပါတယ်။

ဒါပေမယ့် နဂိုရ်ကမှ သီးသန့်လိုဖြစ်နေတဲ့ ကိုကြီး အိမ်ထောင်ကျသွားတဲ့အခါ

မိသားစုနဲ့အဆက်အသွယ်ပြတ်သလိုဖြစ်ပြီး ဝေးကွာသွားပါတယ်။

အမြဲဆူပူကြိမ်းမောင်းနေမဲ့သူတစ်ယောက်လျော့သွားတာပေါ့။

 

တစ်ခုအေးပေမယ့် နောက်တစ်ခုထပ်ပူပြန်တာက ကိုလတ်ကအရက်သောက်တတ်လာတာပါဘဲ။

အရက်သောက်တာက အပြင်ဆိုင်မှာသောက်တယ်ဆိုရင် သိပ်ကိစ္စမရှိပါဘူး။

သူက ဟိုအထိမ်းအမှတ်ဒီအထိမ်းအမှတ်တွေအကြောင်းပြပြီးအိမ်မှာတင်ဧည့်ခံတာပါ။

အိမ်မှာတင်သောက်တာအကြောင်းမဟုတ်ဘူး ကျမကို ဟိုဟာလေးကြော်ပါအုံး

ဒီဟာလေးကြော်ပါအုံးဆိုတော့ ကျမကိုယ်တိုင်စိတ်ညစ်ရပါတယ်။

အလွန်အေးတဲ့ ကိုလေးနဲ့ ကိုလတ် ကျမကိုခို်င်းလို့ဆိုပြီး စကားများတဲ့အခါမှာတော့

အမေက တစ်ချက်လွတ်အမိန့်ထုတ်ပြီး အိမ်မှာအပေါင်းအသင်းတွေနဲ့အရက်သောက်တာကိုတားမြစ်လိုက်ပါတယ်။

 

 

အပြင်ထွက်သောက်ပြန်တော့ ညည မိုးချုပ်မှပြန်လာပါတယ်။

အဲတော့ ကျမ ကဘဲ တံခါးစောင့်ဖွင့်ပေးရပြန်ပါတယ်။

ကျမဒုတိယနှစ်အောင်လို့ တတ်ိယနှစ်တက်မယ်အလုပ်မှာ အမေလေဖြတ်သွားပါတယ်။

အဲတော့ ကျမ နေ့ကျောင်းတက်နေတာကနေ အဝေးသင်ကိုပြောင်းလိုက်ရတော့တာပေါ့။

ကိုလေးကတော့ အိမ်က အရောင်းအဝယ်အလုပ်ကိုစိတ်မဝင်စား။

သူက တော့ သူဝါသနာပါတဲ့ အိုင်တီ မှ အိုင်တီပါဘဲ။

သူကျောင်းပြီးတော့ သူ့ဆရာနဲ့အတူတွဲပြီး ပရိုဂရမ်ရေးတဲ့အလုပ်ကိုဘဲလုပ်ပါတယ်။

ကိုလေးက သန့်သန့်လေးနေချင်တဲ့သူ။

ကိုလတ်က သူ့အလုပ်တွေကို ဝင်ပြီးလုပ်စေချင်ပေမယ့် ကိုလေးကတော့သူ့အလုပ်နဲ့

ဘဲသူပျော်မွှေ့လို့နေပါတယ်။

အိုင်တီပညာနဲ့နီးစပ်တဲ့ ကိုလေးက အိမ်မှာ ကျမရောသူပါသုံးရအောင်ဆိုပြီး

အင်တာနက်ချိတ်ပါတော့တယ်။

အစကတော့ ကိုလေးဘဲသုံးပါတယ်။

ကျမကို လဲ အင်တာနက်သုံးတာသင်ပေးပါတယ်။

နောက်ပိုင်းပိုသုံးဖြစ်သွားတာက အမေ နေ့နဲ့ညမှားတဲ့အချိန်က စတော့တာပါဘဲ။

အမေသက်သာအောင် တိုက်ထားတဲ့အိပ်ဆေးကြောင့်ထင်ပါတယ် အိပ်ချင်တဲ့အချိန်အိပ်

ထချင်တဲ့အချိန်ထနဲ့ သူ့အတွက်က နေ့ရယ်ညရယ်မရှိတော့သလို။

အမေက နောက်ဖေးနောက်ဖီသွားချင်ရင် သမီးဖြစ်တဲ့ကျမဘဲ လုပ်ပေးရတယ်ဆိုတော့

အမေအိပ်မှ ကျမလဲအိပ်ပြီး အမေနိုးနေရင်ကျမလဲနိုးရပါတော့တယ်။

ကိုလတ်ကလဲ ညနေအလုပ်ပြိးတာနဲ့သူ့အပေါင်းအဖော်နဲ့ ဘီယာဆိုင်သွား။

ညပြန်ချင်တဲ့အချိန်ပြန်လာ။

ကိုလေးကလဲသူ့ဆရာဆီမှာအလုပ်လုပ်နေရင်ထမင်းမေ့ဟင်းမေ့အားလုံးမေ့။

အိမ်ပြန်ချင်တဲ့အချိန်မှပြန်လာ။

အဆုံးမတေ့ာအိမ်မှာ ကျမနဲ့အမေဘဲ ကျန်နေခဲ့ရတာများပါတယ်၊

 

သူတို့ကြိုက်တဲ့အချိန်ပြန်လာ တံခါးမဖွင့်ရအောင် သူတို့ကိုအိမ်သော့တစ်ချောင်းစီပေးထားလိုက်ပါတယ်။

အောက်ထပ်သံတံခါးကို သော့ခတ် ကျမနဲ့အမေကအပေါ်ထပ်မှာဘဲနေပါတော့တယ်။

အမေကလဲ နေ့ဆို တစ်နေကုန်နီးပါးအိပ်။

ညကျတော့ မအိပ်တော့ပါဘူး။

အမေလေဖြတ်တာပြန်ကောင်းလာသလိုရှိပေမယ့် ကျောက်ကပ်ရော နှလုံးပါလာနွယ်နေပြန်တော့

အဖော်မရှိရင် အကူမရှိရင်တစ်ယောက်ထဲရပ်တည်လို့မရတဲ့အနေအထားမှာ။

ညရေးညတာ အပေ့ါအလေးသွားချင်ပြီဆိုရင်လဲ ကျမဘဲ အကုန်လုပ်ပေးရပါတော့တယ်။

အမေမအိပ်တော့ ညညဆို ကျမလဲ မအိပ်ရတော့ “ ညလူသား“ဖြစ်မှန်းမသိဖြစ်လို့လာပါတယ်။

အစကတော့ အင်တာနက်ဆိုတာကို သိပ်စိပ်မဝင်စားမိ.။

သူများတွေအပြောအရ အင်တာနက်ဆိုတာ ကြင်ယာဘက်ရှာဘို့ဟိုချက်ဒီချက်ဆိုကြတာကိုး။

ကိုယ်တိုင် အင်တာနက်စသုးံတော့လဲအများနည်းတူချက်တင်ထိုင်ရင် ဟိုလူနဲ့ပြောဒီလူနဲ့ပြောပေါ့။

လာအီတဲ့လူုဆိုရင် စိတ်လိုလက်ရ ရှိတဲ့ အခါများမှာတော့ ပြန်အီပေါ့။

အပြင်တွေ့ကြရအောင်ပြောလာပြိဆိုရင် ဘလောက် လိုက်တာပေါ့။

မနွယ်ချင်ဘူးလေ။

ကြာလာတော့ လဲ အဲလို ဟိုချက်ဒီချက်ဆိုတာက ပျင်းစရာကောင်းလာပြန်ပါတယ်။

အပြင်မှာလည်း အပေါင်းအသင်းနည်းပြီး သိပ်စကားပြောလေ့မရှိသူက ချက်တင်မှာစကား

ပြောရတာ ဘယ်အဆင်ပြေပါ့မလဲ။

ဟိုပြောဒီပြော တစ်ခွန်းတစ်လေပြောပြီးရင်ပြောစရာ စကားမရှိတော့ တာအမှန်ပါဘဲ။

 

တစ်ရက်တော့ ဖေစ်ဘုတ်က ကျမဝေါပေါ်မှာ ဓါတ်ပုံလေးတွေကိုတွေ့လိုက်ပါတယ်။

အဲဒီဓါတ်ပုံလေးတွေက အတော်လေးကိုလှပတဲ့ ရူ့ခင်းလေးတွေပါ။

အဲဒီပုံလေးတွေကို မြင်လိုက်ရတာ ကျမစိတ်ထဲမှာအတော်လေးကို ကြည်နူးလို့သွားပါတယ်။

ဒီဓါတ်ပုံတွေဘယ်လိုရောက်လာတယ်ဆိုတာလဲ မသိတော့ ကိုလေး ကိုမေးရတော့တာပေါ့။

အဲတော့ မှကိုလေးက ဖေစ်တ်ဘုတ်ဘယ်လိုသုံးရတယ် ဓါတ်ပုံဘယ်လိုရှာရတယ်

ဓါတ်ပုံတွေကို ဘယ်လိုဒေါင်းလုပ်ဆွဲ့ပြီးသိမ်းရတယ် ကိုယ်က ဘယ်လိုပြန်ပို့ရတယ်ဆိုတာတွေကို သင်ပေးပါတော့တယ်။

အဲဒီနေ့ကစပြီး ကျမ ကမ္ဘာသစ်ကလေးတစ်ခုထဲကိုရောက်သွားပါတော့တယ်။

အရင်က ညတိုင်းညတိုင်း မှေးကနဲပျော်လိုက် အမေနိုးလာရင် ထပြီး လုပ်စရာရှိတာလုပ်လိုက်

ပြီးရင်ပြန်မှေးလိုက်တော့ ထလိုက်အိပ်လိုက် နဲ့ စိတ်ပျက်မိပါတယ်။

အခုတော့ ဓါတ်ပုံဆိုက်တွေထဲကို ဝင်ကြည့်လိုက်၊

ကြိုက်ရင်ဒေါင်းလုပ်ဆွဲလိုက်။

ကိုယ့်ဝေါပေါ်ကိုတင်လိုက်။

ပြီးရင်မိတ်ဆွေတွေကိုရှယ်ယာပြန်လုပ်လိုက်နဲ့ပါဘဲ။

ကျမက ညမအိပ်ဘဲ ဝက်ဆိုက်တွေလိုက်မွှေရတာအဆင်ပြေပါတယ်။

ညညဆိုကော်နက်ရှင်ကောင်းတော့ ဒေါင်းလုပ်ဆွဲတာမြန်ပါတယ်။

နေ့ဆိုသိတဲ့အတိုင်း ပုံလေးတစ်ပုံရဘို့ အတော်ကြာကြာစောင့်ရတာကိုး။

ခါတိုင်းအမေနိုးတယ်ဆိုရင်အိပ်ချင်မူတူးနဲ့  ထ ထလာရတဲ့ကျမ အခုတော့

မအိပ်ဘဲစောင့်နိုင်တဲ့ဘဝကိုရောက်လာပါတယ်။

နေ့အိပ်ပြီ း ည ကျတော့ ဓါတ်ပုံတွေနဲ့ပျော်မွှေ့။

ဒီတော့ လဲ ပါတ်ဝန်းကျင်နဲ့ကင်းကွာပြီး ဓါတ်ပုံနဲ့အမေကလွဲရင်ဘာမှမသိတဲ့အနေအထားမျိုးကိုအလိုလိုရောက်။

ခက်တာက ငွေရှာတဲ့အလုပ်ကလဲ လုပ်စရာမလို။

လုပ်ချင်တယ်ဆိုရင်တောင်မှ အကိုတွေက ခွင့်မပြုသလို နေ့နဲ့ညမှားနေတဲ့သူတစ်ယောက်အဖို့

အလုပ်လုပ်မယ်ဆိုတာ စိတ်ကူးယဉ်သက်သက်လိုပါဘဲ။

ပြည့်စုံတယ်မဟုတ်ပေမယ့် အကိုတွေက အမေ့အတွက်ဆေးဘိုးက သတ်သတ်

ကျမအတွက် သုံးစရာလခက သတ်သတ် အိမ်စရိတ်က သတ်သတ်စီခွဲပေးတော့

လောက်ငှပါတယ်။

လောက်ငှတယ်ဆိုပေမယ့် သာမန်ထက်ပိုကုန်တဲ့လမျိုးမှာတော့ အကိုတွေဆီ

လက်ဖြန့်ခံရတဲ့အခါမျိုးကတော့

“ဘာတွေသုံးလို့ ဒီလောက်ကုန်ရပြန်တာလဲ

လျော့သုံး ငွေရှာရတာလွယ်တာမဟုတ်ဘူး”ဆိုတဲ့အကိုတွေရဲ့အသံကိုကြားရင် တောင်းဘို့လက်တွန့်ရပါတယ်။

ဒါပေမယ့် အားလုံးသာယာပါသည်လို့ဘဲ ပြောနိုင်တဲ့အချိန်လေးပေါ့။

 

ဒီအထဲကမှ တစ်ရက် အိမ်မှာ အမွေကိစ္စနဲ့ပါတ်သက်ပြီးစကားများရပြန်ပါတယ်။

ကိုလတ်အိမ်ထောင်ကျပြီး ခြောက်လ လောက်အကြာမှာကိုကြီးက သူငွေလိုတဲ့အကြောင်းပြောပါတယ်။

ကိုလတ် အိမ်ထောင်ကျတဲ့အခါ အိမ်ခွဲနေပါတယ်။

ဒါပေမယ့် အိမ်စီးပွားရေးအလုပ်ကို  သူ ကဘဲဦးစီးပြီး ဆက်လုပ်ပါတယ်။

နောက်သူ က သူ့ကိုယ်သူ ဝန်ထမ်းတစ်ယောက်လို သဘောထားပြီးး လခဘဲယူပါတယ်။

နေ့စဉ်ရောင်းတဲ့ဝယ်တဲ့ငွေကို ကျမနဲ့ ကိုလတ်ကို ထိန်းသိမ်းခိုင်းထားပါတယ်။

ကိုလေးကိုလဲ အိမ်အလုပ်ဘဲဝင်လုပ်ဘို့ ကိုလတ်က ပြောပါတယ်။

ကျမကို ပွဲရုံထို်င်ခိုင်းပေမယ့် ကျမ မှာ ညည အမေကို ပြုစုနေရတာရယ်

ဘာမှ မတတ်တာရယ်ကြောင့် ဝင်မလုပ်ဖြစ်။

အဲဒီမှာ ကိုလတ်မိန်းမကို ဘဲ ဝင်လုပ်ခို်င်းပြီး သူ့ကိုလဲ လခပေးထားပါတယ်။

ကိုလတ်ရော သူတို့ မိန်းမပါ သစ္စာရှိပါတယ်။

သူတို့အတွက်လခက လွဲလို့ဘာမှ အပိုမယူပါဘူး။

 

 

ပြဿနာရှာလာတာက တော့  ကိုကြီးပါဘဲ။

သူငွေလိုတဲ့အတွက် သူ့အတွက်ရသင့်တဲ့ အမွေကို အမ်းပေးဘို့ပြောလာတာပါ.။

ကိုလတ် က အမေလဲ သက်ရှိထင်ရှားရှိသေးတယ်။

နောက်အိမ်ထောင်ကျစဉ် တုံးကလဲ ထိုက်သင့်သလောက်ပေးပြီးသား။

လုပ်ငန်းထဲလည်ပါတ်နေတဲ့ငွေကလွဲရင်ငွေပိုငွေလျံမရှိတဲ့အကြောင်းပြောတော့

ကိုလတ်ကို လက်ဝါးကြီးအုပ်တယ်ဆိုတဲ့ ပုံစံနဲ့စွတ်စွဲတဲ့အခါ ကိုလေး ကပါ

ကိုလတ်ဘက် က နေပြီးရပ်တည်ပြောတော့ ညီအကိုတွေကြားမှာ ပြဿနာအကြီးအကျယ်ဖြစ်ပြီး

ကိုလတ်နဲ့ ကိုလေးက အမေသက်ရှိထင်ရှားရှိနေသ၍ အိမ်ကိုလဲမရောင်းနိုင် အမွေလဲ မခွဲဘူးလို့

ပြတ်ပြတ်သားသားပြောပါတယ်။

ဒီတော့လဲ တရားစွဲမယ် ဆိုတဲ့အဆင့်ထိရောက်ကုန်ပါတော့တယ်။

တကယ်ပြောရရင်တော့ ကိုကြီး မှာလဲ တကယ်ကို အကျပ်အတည်းနဲ့ကြုံ့နေတယ်လို့သိရပြန်ပါတယ်။

နိုင်ငံခြား ကုမ္ပဏီတစ်ခုနဲ့ဆက်မိပြီး ပဲအိပ်စပို့လုပ်ပါသတဲ့။

ကိုကြီးက ဒီကဝယ်ပြီး ပို့ပေးပေါ့။

အစကတော့ ဟိုဘက်က ငွေကြိုပို့ပေးထားပါသတဲ့။

ခက်တာက ပြည်ပနဲ့သာအလုပ် လုပ်နေကြရတယ် နိုင်ငံခြားဘဏ်တွေနဲ့တရားဝင်

ဆက်သွယ်ပြီးလုပ်လို့မရတဲ့အချိန်ကာလ လဲဖြစ်ပါတယ်။

အဲတော့ အပြင်ငွေလွှဲနဲ့သာ ငွေပေးငွေယူလုပ်နေရတဲ့အချိန်ပေါ့။

နောက်တော့လဲ ငွေလွဲခက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ငွေက အချိန်မီရောက်မလာ။

ကိုကြီးကတော့ ဒီကဝယ် ထားတာတွေကို ငွေရှင်းထားပေးရတာပေါ့။

ပို့ပေးထားတဲ့ ကုန်တန်ဘိုးသိန်းထောင်ချီပေမယ့် ဟိုဘက်က ငွေရောက်မလာတဲ့အခါ

ကိုကြီးမှာပေးစရာငွေမရှိတော့ အခက်ကြုံရပါတယ်။

အရင်က တည်းက သူများအပေါ်မှာ မပိုကြေးမလိုကြေး နဲ့တင်းမာစွာဆက်ဆံခဲ့သူဆိုတော့

သူပြဿနာတက်ချိန်မှာ ကူညီဖေးမသူ မရှိ။

သူ့ပေးရမယ့် ကြွေးရှင်တွေက ဇွတ်တောင်းကြပါတော့တယ်။

ဒါကြောင့် အိမ်ကိုဘဲ အပူကပ်ရတော့တာပေါ့။

နောက်ဆုံးမတော့ ကျန်နေသေးတဲ့ အမေ့ အတွင်းပစ္စည်းတွေကိုရောင်း။

အိမ်ကိုလဲ ဘဏ်မှာအပေါင်ထားပြီး သူ့အတွက်ဝေပုံကျ ကို ခွဲပေးလိုက်ရပါတော့တယ်။

အရင်းအနှီးနည်းသွားတဲ့ ကိုလတ်မှာလဲ အရင်လောက်စိတ်တိုင်းကျ မဝယ်နိုင်မရောင်းနိုင်။

တစ်လ တစ်လ ကိုယ်ရှာထားတဲ့ငွေထဲကနေဘဏ်တိုးခွဲ့ပေး ဆိုတော့  စီးပွားရေးက နည်းနည်းတော့ကျလာပါတယ်၊

ဒီတော့ အိမ်ရှေ့ပူ အိမ်နောက်စိတ်မချမ်းသာဆိုတာလို  ကျမတို့သားအမိမှာ

သူတို့ပေးတာလေးနဲ့လောက်အောင်သုံး မလောက်လဲ ပြန်မပြောရဲ

သူတို့ဆီက ပိုက်ဆံမတောင်းရဲတဲ့ဘဝရောက်တော့ စိတ်ဆင်းရဲရပါတယ်။

စိတ်ချမ်းသာစရာကောင်းတာကတော့ အမေလေဖြတ်တာက အရင်ထဲစာရင်သက်သာလာတာပါဘဲ။

တုတ်ကောက်နဲ့လမ်းလျောက်နိုင် စကားကို ပြန်ပြောနိုင်လောက်အောင်တိုးတက်လာပါတယ်။

အိမ်အပေါ်ထပ်မှာ တုတ်ကောက်နဲ့ စမ်းတမ်းစမ်းတမ်းသွားနိုင်လာနိုင်ပါတယ်။

အဲလို အမေ့ ကို လတ်လွှတ်ထားလို့ရတဲ့ အခါမှာတော့ ကိုလတ် က ကျမကို အိမ်အလုပ်ထဲ ဝင်လုပ်ခို်င်းပါတယ်။

ဒီလိုဆိုတော့လည်း  နည်းနည်းတော့ အပျင်းပြေသလိုအချိန်တွေလဲတန်ဘိုးရှိလာသလိုလို။

တစ်ခုအေးရင် တစ်ခုပူရပြန်တာက အမေက ကျမကို သူမျက်စေ့မမှိတ်ခင်အိမ်ထောင်ချပေးချင်ပါတယ်

ဆိုပြီးတစ်စခန်းထလာပြန်တာပါဘဲ။

အပြတ်ငြင်းရပါတယ်။

“အလံမရှိတဲ့ရထား တံခွန်မရှိတဲ့ဘုရား လင်မရှိတဲ့မိန်းမ”

“သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့် ၊သမီးကညာအခါမလင့်စေနဲ့”ဆိုတဲ့စကားပုံက

ကျမတို့မိန်းကလေးများကို အင်မတန်မှ ဒုက္ခပေးတဲ့ ဆိုရိုးလေးပါဘဲ။

မိဘတွေကလဲ ကျမတို့လို လူလွတ်တွေကို အိမ်ထောင်ချပေးဘို့ဘဲစဉ်းစားနေသလို

မိတ်ဆွေအချင်းချင်းကလဲ အချိန်တန်လို့မှအိမ်ထောင်မကျရင် “ဘယ်တော့စားရမလဲ”ဆိုတဲ့

မေးခွန်းလေးနဲ့ ခနဲ့လေ့ရှိပြန်ပါတယ်။

ဒါပေမယ့်လဲလောကကြီးဆိုတာ ကိုယ့်အကြောင်းနဲ့ကိုယ် မောင်းနှင်နေကြရတာဆိုတော့

ဘယ်သူဘာပြောပြော ကိုယ့်လမ်းကိုဖြောင့်အောင်လျောက်ရုံပါဘဲ။

အမေက ယောက်ျား စပ်ပေးတဲ့ အချိန်မှာတော့ ကျမ တွယ်တာရသူ ရှိနေပါပြီ။

ခက်တာက အမေမေးတဲ့

“ဘယ်ကလဲ ဘာလုပ်လဲ ဘယ်သူ့သားသမီးလဲ “ဆိုတဲ့မေးခွန်းတွေကိုကျမမဖြေနိုင်တာပါဘဲ။

အဲတော့ အမေတို့က ကျမ ယောက်ျားမလိုချင်လို့ အကြောင်းပြတယ်လို့ထင်ကြပါလေရော။

ကျမတွယ်တာရသူ “ကိုစန်း” နဲ့ ကျမက မကြေညာသေးတဲ့ချစ်သူဘဝရောက်နေပေမယ့်

ဓါတ်ပုံလေးမြင်ဘူးရုံ အသံလေးကြားဘူရုံဆိုပြန်တော့ အမေ မေးသမျှ မဖြေနိုင်တာလဲ

မဆန်းပါဘူးနော်။

 

 

ကိုစန်းနဲ့ကျမတွေ့ကြတာကတော့ ဖေစ်ဘုတ်စာမျက်နှာပေါ်မှာဆိုတော့ အိုင်တီခေတ်ကြီးမှာ

မထူးဆန်းတဲ့ဇာတ်လမ်းလို့လဲပြောရင်ရပါတယ်။

ထူးဆန်းတာကတော့ ဓါတ်ပုံလေးတစ်ပုံကိုအကြောင်းပြုပြီး အသဲအသန်ငြင်းကြရာကနေ

ခင်သွားရာကနေ လပ်ထက်ဘို့ရည်ရွယ်တဲ့အဆင့်ထိ ရောက်သွားတာပါ။

အမှန်ကတော့ ကျမက ဓါတ်ပုံအကြောင်းဘာမှမသိဘဲလျောက်ပြောတာကနေစရမယ်ထင်ပါတယ်။

“လရောင်ဆမ်း”ဆိုတဲ့နာမယ်နဲ့ကိုစန်း က ဖေစ်ဘုတ်မှာဓါတ်ပုံတွေတင်ပါတယ်။

ကျမကလဲ ဓါတ်ပုံသမားဆိုအကုန်လိုက် မိတ်ဆွေဖွဲ့ထားတော့ လူချင်းစကားမပြောဘူးပေမယ့်

မိတ်ဆွေတွေကတော့ဖြစ်နေတာပေါ့။

တစ်ရက်တော့ တောင်ကြားထဲမှာ အဝါရောင်တွေလွှမ်းနေတဲ့ပန်းခင်းပုံတစ်ပုံကိုစန်းက တင်လာပါတယ်။

ကျမက” မုန်ညင်းပန်းဝါဝါတွေကလှလိုက်တာ”လို့ ကော်မင်းတွေပေးတော့

“မသိဘဲလျောက်မပြောနဲ့ အဲဒါလိပ်ပြာတွေ”လို့ပြန်ရေးလာရော

ကျမကလဲ စိတ်တိုသွားပြီး

“မသိလို့ပြောမိတာလေးကို ဘာလို့လာစွာနေတာလဲ”လို့ပြန်ရေးပြီးသူ့ပုံကိုဝင်မကြည့်တော့ဘူး။

နောက်ရက်တော့ ကျမရဲ့ မက်ဆေချ်ဘောက်ထဲမှာ သူရဲ့တောင်းပန်စာတွေရောက်လာပါတော့တယ်။

ဒါပေမယ့်ကျမက စိတ်မပြေတော့ ဘာမှပြန်မဖြေပါဘူး.။

ကျမသူငယ်ချင်းတစ်ယောက်ကတစ်ဆင့် တောင်းပန်လာတော့ကျမလဲစိတ်ပြေသွားပါတယ်။

အဲဒီကစလို့သူနဲ့ကျမ ညတိုင်းနီးပါးလောက် စကားတွေပြောဖြစ်ပါတော့တယ်။

သူက တစ်ကယ်ဓါတ်ပုံခရေဇီ။

ဓါတ်ပုံရိုက်ရမယ်ဆိုရင် ထမင်းမေ့ဟင်းမေ့ ဓါတ်ပုံအကြောင်းပြောရမယ်ဆိုရင် လာခဲ့ မမောဘူးဆိုတဲ့လူစား။

ကျမက ကြိုက်တယ်ဆိုတာကလွဲရင် ကင်မရာခလုတ်တောင်မနှိပ်ဘူးပေမယ့်ဝေဖန်လေကန်ရေးသမား။

ကျမကလဲ ညရောက်မှ ရွာလည်တဲ့သူ ၊

သူကလဲ ညကျမှအလုပ်တွေလုပ်တဲ့သူဆိုတော့ အမြဲတမ်းဆုံဖြစ်နေပါတယ်။

အမြဲလိုလိုတွေ့ကြ စကားပြောဖြစ်ကြတော့ မမြင်မတွေ့ကြပေမယ့်အရင်းနှီးဆုံးလူစိမ်းတွေဖြစ်လာကြပါတယ်.။

အဲတော့လဲ တစ်ယောက်အကြောင်းတစ်ယောက်ပြောဖြစ်ကြပါတယ်။

ကျမရင်ထဲက ခံစားချက်တွေကို ဖွင့်အံမိတဲ့ ပထမဦးဆုံးသောလူက ကိုစန်းဆိုရင်မမှားပါဘူး။

ကျမအကိုတွေရဲ့အကြောင်း အပါအဝင်ကျမအကြောင်းတွေရင်ဖွင့်မိပါတယ်။

သူ့ဘဝအကြောင်းကိုလဲ ပြောပြပါတယ်။

အဖေရယ် အမေရယ် အမရယ် သူရယ်လေးယောက်ထဲနဲ့ဖွဲ့တည်ထားတဲ့ဘဝလေး။

အဖေအမေက ခြံလုပ်ငန်းလုပ် အမကကျောင်းဆရာမ.။

သူကတော့ NGO တစ်ခုမှာကားမောင်းပါတယ်။

အဲတော့လဲ တောင်ကြီးအင်းလေး အောင်ပန်း ကလော လွိုင်ကော်တစ်ခွင်လှည့်သွားနေရတယ်ဆိုတော့

သူ့စိတ်ကြိုက်ဓါတ်ပုံတွေရိုက်နိုင်သပေါ့။

မိသားစုလေးယောက်မှာ တို်က်မရှိ ကားမရှိ ရွှေငွေမပေါများ ပေမယ့် မေတ္တာတွေနဲ့မွှမ်းထုံနေတဲ့ မိသားစုလေးပါဘဲ။

သူတို့ မိသားစု အကြောင်းကြားရတော့ တိုက်တွေကားတွေငွေတွေကြားမွန်းကျပ်တဲ့ မြို့ပြကြီးထဲမှာမာနတွေပူလောင်မူ့တွေနဲ့ နေရတဲ့ကျမဘဝနဲ့ယှဉ်ကြေည့်မိတော့ ဝမ်းနည်းမိပါတယ်။

အဲတော့လဲကျမရင်ထဲက ဘဝအမောတွေကို သူ့ကိုပြောပြမိပါတယ်။

သူနဲ့တွေ့ပြီး မိတ်ဆွေ  သက်တမ်း တစ်နှစ်ကျော်လာတဲ့အခါမှာတော့ ချစ်သူဘဝကိုရောက်မှန်းမသိရောက်သွားပါတယ်။

မမြင်ဘူးမတွေ့ဘူး ဘဲ ချစ်သူတွေဖြစ်ကြတယ်ဆိုတော့ ရီစရာတော့ကောင်းနေသလိုပါဘဲ။

လူခြင်းတွေ့ဘို့ လက်ထပ်ကြဘို့ စီစဉ်ပေမယ့်မအောင်မြင်။

တိုက်တိုက်ဆိုင်ဆိုင် သူက မန်းလေးသင်္ကြန်ကို သူ့ရဲ့နိုင်ငံခြားသားတွေနဲ့လာမယ်လို့ပြောတဲ့အခါ တွေ့ရတော့မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ အပျော်တွေအပြည့်နဲ့ပေါ့။

ဒါပေမယ့်သူရောက်လာတဲ့ နေ့မတိုင်ခင်တစ်ရက်မှာကျမတို့အမေ့ကို ယိုးဒယားက ဆေးရုံမှာ

ကျောက်ကပ်ဆေးဘို့ ခေါ်သွားရပါတယ်။

နှစ်ဆန်းနှစ်ရက်နေ့မန်းလေးကိုကျမတို့ပြန်ရောက်တော့ သူတို့အဖွဲ့က နှစ်ဆန်းတစ်ရက်နေ့ညနေ

မှာတောင်ကြီးကိုပြန်တက်သွားတော့ လွဲပေါ့။

နောက်သီတင်းကျွတ်မှာ လာတောင်းမယ်လို့ ဆိုပြန်ပါတယ်။

သူ့မိသားစုကလဲ ကျမဓါတ်ပုံကိုမြင်တော့ ချစ်ကြပါသတဲ့။

တစ်ခါတစ်လေမှာတော့ သူ့အမဆီက ဖုန်းလာရင် ကျမနဲ့ပြောဖြစ်ကြပါတယ်။

ကျမကတော့ သူနဲ့ချစ်နေတဲ့အကြောင်းကို အိမ်ဖွင့်ပြောဘို့နေနေသာသာရှိမှန်းတောင်စကားမစရဲ။

တောင်ကြာ အင်တာနက်ကတွေ့တဲ့ချစ်သူဆို သဘောမတူဘူးလို့ငြင်းလိုက်ရင် ကျမရင်နာရမှာအမှန်။

အဲတော့နောက်ဆုံးအချိန်ကျမှ အသိပေးဘို့ သူနဲ့ကျမသဘောတူထားပါတယ်။

ပူလောင်သော ကျမဘဝထဲကနေ အေးချမ်းတဲ့သူတို့မိသားစုရင်ခွင်ကို ခိုလှုံချင်တာမှန်ပေမယ့်

မေမေ့ကိုတော့ ပစ်မထားခဲ့နိုင်တာကတော့ရာနုူန်းပြည့် အမှန်တရား။

အပူတွေစုနေတဲ့ဇွန်လရဲ့ ညနေခင်းတစ်ခုမှာတော့  မေမေက ကျမကိုချန်ထားပြီး

ပြန်မလာနိုင်သောခရီးကို ထွက်ခွာသွားပါတော့တယ်။

အဲတော့ သီတင်းကျွတ်မှာလာတောင်းမယ်ဆိုတဲ့ အစီအစဉ်လဲရေစုန်မျောသွားတော့

အက္ခရာလေးများက တစ်ဆင့်ဘဲအလွမ်းဖြေရပါတော့တယ်။

မေမေဆုံးပြိးငါးလအကြာမှာတော့ အိမ်ကိုအပြီးရောင်းဘို့ဖန်လာပါတယ်။

ဘဏ်ကိုပေါင်ထားရတဲ့အတွက်ဘဏ်တိုးတွေပေးရတာလဲများပြီ။

ကိုလေးကလဲ အိမ်ထောင်ပြုချင်ပြီ။

ပြုလဲပြုဖြစ်ပါတယ် သဘောကောင်းတဲ့ ယောင်းမလေးကို ကျမရလိုက်ပါတယ်။

ကိုလတ်ကလဲ သူ့ဘဝသူ ထူထောင်ချင်ပြီဆိုတော့အိမ်ကို ပေါင်ထားတာကရွေး။

အပြီးရောင်းမောင်နှမတွေအမွေခွဲကြမယ်ပေါ့။

အိမ်ထောင်သည်တွေကြားထဲမှာ ကျမက ဝန်ထုပ်ဝန်ပိုးတစ်ခုလိုဖြစ်နေသလိုလို။

ကျမကတော့ပြတ်တယ် ကျမရသင့်တဲ့အမွေကိုယူပြီးအဆောင်မှာသွားနေမယ်ပြောတော့

ကိုလေးတို့လင်မယားက လုံးဝလက်မခံပါဘူး။

ကိုလတ်က သူ့ဖာသာသူ ပွဲရုံထောင်တော့ မိဘလက်ငုတ်ကို  ကိုလေးက ဘဲဆက်ခံရပါတော့တယ်။

ကိုလေးတုို့နဲ့နေရတာ အဆင်ပြေပေမယ့် ရေရှည်အတွက်တော့ ကျမ အတွက်မဖြစ်နိုင်ပါဘူး။

ကျမမှာလဲ ရည်ရွယ်သူရှိနေတော့ နောက်ဆုံးကိုလေးကိုဘဲပွင့်ပွင့်လင်းလင်းဖွင့်ပြောပြီး ကိုစန်းရှိရာကို

သွားဘို့စီစဉ်ရပါတော့တယ်။

ကိုစန်းနဲ့ကတော့ ဖုန်းထဲမှာ အွန်လိုင်းပေါ်မှာ အကြိမ်ကြီမ်ညှိနိုင်းပြီးတာမှန်ပေမယ့် လူခြင်းမတွေ့ကြဘူး

သေးတာကတော့ ပြောရင်ရီစရာကြီးလိုလို။

နောက်ဆုံးတော့ လူခြင်းတွေ့ပြီးလေ့လာဘို့ဆုံးဖြတ်ပြီး ကိုစန်းရှိတဲ့ တောင်ကြီးကိုလာခဲ့ပါတော့တယ်။

**************************************************************

မြန်မာပြည်က မိန်းကလေးတစ်ယောက်အဘို့တော့ အိမ်ထောင်ပြုတယ်ဆိုတာစွန့်စာခန်းတစ်ခုဖြစ်သလို

အနာဂါတ်အတွက် ရှိသမျှအောက်ပြုတ်အကုန်ပုံအောလောင်းရတဲ့ တစ်ချပ်မှောက်ဝိုင်းရဲ့နောက်ဆုံး

အချိန်နဲ့လဲ ဆင်တူပါတယ်။

ပွဲပြီးပြီဆိုတာနဲ့ ရလာတဲ့ ရလာဒ်ကိုကျေနပ်စွာလက်ခံရုံကလွဲလို့ဘာမှမတတ်နိုင်သလိုပါဘဲ။

ဒီအိမ်ထောင်ပြုတာနဲ့ပါတ်သက်ရင်တော့ တစ်ယောက်နဲ့တစ်ယောက်အဖြစ်အပျက်ခြင်း မတူတော့ အမြင်ခြင်းမတူနိုင်သလိုကောက်ချက် ချတာခြင်းလဲမတူနို်င်ပါဘူး။

တစ်ချို့ကတော့ ချစ်ရသူနဲ့ အတူ ဘဝတစ်ခုကို အတူတည်ဆောက်ဘို့ ၊

တစ်ချို့ကတော့ အိမ်ကပေးစားလို့

တစ်ချို့ကတော့ ချုပ်ချယ်လွန်းတဲ့ အသိုင်းအဝိုင်းကလွတ်ချင်လို့

တစ်ချို့ကတော့ မွန်းကျပ်ခက်ခဲတဲ့ဘဝက ရုန်းထွက်ချင်လို့

တစ်ချို့ကတော့ ကြမ်းတမ်းလွန်းတဲ့ဘဝအတွက် အကူအညီရှာချင်လို့

တစ်ချုို့ကတော့ မလုံခြုံတဲ့ဘဝလေးကို အကာအကွယ်ရချင်လို့

ဆိုတဲ့အကြောင်းတရားပေါင်းများစွာနဲ့ အိမ်ထောင်ပြုဖြစ်ကြတာကိုး။

အများအားဖြင့်ကတော့သာယာတဲ့မိသားစုက မိန်းကလေးတွေက အိမ်ထောင်စောစော

ကြတယ်လို့ဆိုကြရင် ကျမကတော့ချွင်းချက်ထဲမှာပါမယ်ထင်ပါတယ်။

ဒီအိမ်ထောင်ပြုတဲ့ကိစ္စကိုတွေးလိုက်တော့ ဘဝလက်တွဲဖော်လို့ စဉ်းစားထားသူနဲ့

တကယ်နဖူးတွေ့ ဒူးတွေ့ တွေ့ရတဲ့အခါမှာ အဆင်ပြေနို်င်ပါ့မလား

အိမ်ထောင်ဘက်အဖြစ် လက်တွဲနိုင်ပါ့မလားလို့တွေးရင်း ရင်တွေမောလာပါတယ်။

ကားလေးက ငြိမ့်ကနဲ ရပ်လိုက်တော့ မှ ဂိတ်ဆုံးရောက်ပြီဆိုတာ သိလိုက်ရပါတယ်။

တစ်ခါမှမရောက်ဘူးသေးတဲ့အရပ်ကို လာရတာအိမ်တွင်းပုန်း ကျမအဖို့တော့ မဟာစွန့်စားခန်းတရပ်။

ခရီးသည်တွေအထုပ်အပိုးတွေဆွဲချ ကြ ပစ္စည်းတွေသိမ်းကြလုပ်နေပေမယ့် နောက်ဆုံးမှဆင်းမယ်လို့

စိတ်ကူးထားတဲ့ကျမကတော့ထိုင်ခုံကမထ။

မနက်လေးနာရီလောက်မှောင်မဲမဲထဲမှာ ပလက်ဖောင်းအမြင့်မှာ ရပ်နေတဲ့ မဝိုင်းကိုတော့လှမ်းမြင်နေရပါပြ။ိ

မဝိုင်းနဲ့အတူ ကျမသူငယ်ချင်း  မိဆွေကိုလည်း မြင်နေရပါပြီ။

အဲဒီမှာ ကားအပေါက်ကနေ လာသမျှလူကို ခေါင်းတမောမော့နဲ့လိုက်ကြည့်နေတဲ့ အရပ်မြင့်မြင်နဲ့လူတစ်ယောက်ကိုလှမ်းမြင်လိုက်ရတဲ့ အခါ ကျမရင်တွေဒိန်းကနဲ့ခုန်လို့သွားပါတယ်။

တစ်ခါမှလူခြင်းမဆုံဘူးသေးတဲ့ ကျမရဲ့ ချစ်ရတွယ်တာရသူကို တကယ်တွေ့ရတော့မှာမို့ပါ..။

အော်ကျမအတွက်ယာယီခိုနားစရာဒိုက်တောဘဲဖြစ်မလား ထာဝရနားခိုရာကမ်းစပ်ကလေးဘဲဖြစ်မလားဆိုတာ

တွေးရင်း ရင်မောလိုက်တာ………………………

 

 

ကိုပေါက်လက်ဆောင် အဆွေးပါးပါးလေး

(8-3-2013)

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

28 comments

  • Myo Thant

    March 13, 2013 at 9:39 am

    ဖတ်ရတဲ့သူလည်း မောပါ့

    ဘာပဲဖြစ်ဖြစ် ဓါတ်ပုံအရိုက်ကောင်းတဲ့ ကိုပေါက်နဲ့ အဲ အဲလေ မှားလို့
    ကိုစန်းနဲ့ အဆင်ပြေပြေ ထာဝရခိုဝင်ရာ ဖြစ်ပါစေ လို့

  • ဗုံဗုံ

    March 13, 2013 at 10:06 am

    (တစ်ချို့ကတော့ ချစ်ရသူနဲ့ အတူ ဘဝတစ်ခုကို အတူတည်ဆောက်ဘို့ ၊
    တစ်ချို့ကတော့ အိမ်ကပေးစားလို့
    တစ်ချို့ကတော့ ချုပ်ချယ်လွန်းတဲ့ အသိုင်းအဝိုင်းကလွတ်ချင်လို့
    တစ်ချို့ကတော့ မွန်းကျပ်ခက်ခဲတဲ့ဘဝက ရုန်းထွက်ချင်လို့
    တစ်ချို့ကတော့ ကြမ်းတမ်းလွန်းတဲ့ဘဝအတွက် အကူအညီရှာချင်လို့
    တစ်ချုို့ကတော့ မလုံခြုံတဲ့ဘဝလေးကို အကာအကွယ်ရချင်လို့
    ဆိုတဲ့အကြောင်းတရားပေါင်းများစွာနဲ့ အိမ်ထောင်ပြုဖြစ်ကြတာကိုး။) ငါကရောဘာလို့ ဘာလိမ့် 🙄 တော်ပါပြီဟယ် အိမ်ထောင်မပြုတော့ပါဘူး ယောက်ကျားဘဲယူတော့မယ် :mrgreen: :mrgreen:

  • ခိုင်ဇာ

    March 13, 2013 at 10:39 am

    ဖေ့ဘုတ်ကာ နဲ့ ဓာတ်ပုံဆရာ ဇာတ်လမ်းပါ့လား။
    :harr:

    တတ်တိ ကောင်းချက်ဟယ်။ :mrgreen:
    တထာမှ မတွေ့ဘူးတေးဒဲ့ ဒူ ရှီ တတ်တိချိချိလိုက်တွားရဲဒယ်နော်။ :mrgreen:

    လေးပေါက်။
    ဒါ အနော့ ဇာတ်ကြောင်းတော့ မဟုတ်ဘူး မဟုတ်လားဟင်။

    :kwi:

    • Myo Thant

      March 13, 2013 at 12:18 pm

      ဒီဇာတ်လမ်းမှာ တစ်စုံတစ်ယောက် မပါဘူးလေကွယ်

      🙂

      • ခိုင်ဇာ

        March 13, 2013 at 12:40 pm

        ဟယ်။ တုံးဂျယ် က အချိန်မချိဒေါ့ဘူး ရှိုဘာလား။
        ကယ်ဂျဘာ။ ကယ်ဂျဘာ။
        :harr: :harr:

        လူသက်တမ်း တဝက်လောက်ပဲ ကျန်တော့တယ်လို့ ပြောတာပါ။ :mrgreen:

        လိုက်မယ်။ လိုက်မယ်။ (တရားစခန်းကို ပြောတာ) :mrgreen:

        • amatmin

          March 13, 2013 at 1:50 pm

          အွန်.. တရားစခန်းလေး သွားမယ် လို့..
          တခါလားပြောမိပါတယ်..
          သူ့ဆီ ဓါတ်ကူး သွားပြန်ပီ ရယ်..
          :kwi:

        • ခိုင်ဇာ

          March 13, 2013 at 2:00 pm

          ဟယ်။
          ပေါက်ပေါက်ရှာရှာ။

          အတက် တုံးဂျယ် ကျော် လို့ မြင်မှန်ရပီး တရားစခန်းဝင်မို့ပါဟ။ :mrgreen:

          အဟမ်း။
          လူဂျီးဒွေ အထင်လွဲအောင် မပြောစေချင်ပါဘူး။ :kwi:

          ပြီးမှ ဘာလုပ်လုပ်။
          (ဥပုပ်စောင့်ချင်စောင့်၊ သတ်သတ်လွတ်စားချင် စားလို့ ပြောတာပါရယ်)
          :harr:

  • ဟုတ်၏
    မောင်ကြီးတို့ ဗမာပြည်ဝယ် ငါးဆယ်ဆိုရင်
    စိတ်ပုတီးလွယ်လို့ ရိပ်ကြီး ဝယ် အသာအိပ်တာကြောင့်
    50-30=20 ဘဲကျန်ပါဒေါ့၏။

  • အွန်… ဇာတ်လမ်းက ပြီးသွားပြီလား… တွေ့တဲ့အခန်းကနေစတဲ့ ဇာတ်လမ်းတစ်ပုဒ် ထပ်ရေးပါဦး… လေးပေါက်ရဲ့…
    အော်… အိမ်တွင်းပုန်းလေးရဲ့ အချစ်ဇာတ်လမ်းပါလား… သတိ္တရှိတယ်နော်… သံယောဇဉ်များ တယ်စွမ်းအားကြီးသကိုး…

    ကိုယ်တွေတော့ သူ့လောက် သတိ္တမရှိပါတော်.. တော်ပါပြီ.အော်မေ့ဂိုဏ်းဝင်လုပ်တာပဲ ကောင်းပါတယ်.. 😛

    • မပြီးသေးပါဘူးအေ့ တစ်ပိုင်းဖြတ်ထားလိုက်တာ။.
      နောက်ရက်ဆက်လာမယ်။
      ကြားထဲမှာအကြွေးဆပ်စရာလေးတစ်ခုရှိလို့ အရင်လုပ်ပေးလိုက်အုံးမယ်အေ့.

  • kyeemite

    March 13, 2013 at 4:00 pm

    ကိုပေါက်ခံစား ရေးဖွဲ့သည်ပေါ့…ဖတ်ကောင်းပါ၏။
    ဒါမျိုးပေါ့စွယ်စုံရ စာရေးဆရာဆိုတာ… :hee:

  • ဒါမျိုးပေါ့စွယ်စုံရ စာရေးဆရာဆိုတာ……………
    မဟုတ်ရပါဘူးဗျာ
    အဲလက်သီချင်းစာသားငှားပြောရင်
    (ငါ အားယားနေလို့ပါ)
    အဖြစ်မှန်က ဒီလိုပါ။

  • uncle gyi

    March 13, 2013 at 10:22 pm

    မြန်မာမှာအဖြစ်ဆုံးစည်းလုံးမှုမရှိခြင်း အမွေကိစ္စ ဦးဆောင်လုပ်နေတဲ့သူငါတကောကောတဲ့အဖြစ်
    ကိုးကွယ်တာကခွင့်လွှတ်မှုအခြေခံတဲ့ဗုဒ္ဓ
    ဘာအကြောင်းတွေကဒါတွေကိုဖန်တီးနေတာလဲကိုပေါက်ရေ

  • အန်ကယ်ဂျီးရေ
    ပါးစပ်ကပြောနေတဲ့ တရားတွေက ရင်တွင်းမှာ တကယ်မရှိတော့ လက်တွေ့မကျင့်သုံးနိုင်ဘူးလေ။
    ကျနော်ပြောဘူးပါတယ် အိမ်နံရံမှာ စာကပ်ထားသ၍
    လမ်းနံဘေးမှာ ဆိုင်းဘုတ်ထောင်နေသ၍
    တီဗွီကနေသီချင်းနဲ့ လှုံ့ဆော်နေသ၍ ရင်ထဲကို တကယ်ရောက်မလာသေးလို့လက်တွေ့ဘဝမှာမကျင့်သုံးနိုင်သေးဘူး ဆိုတာကို ပြနေသလိုပါဘဲ။
    လက်ရှိအခြေအနေမှာလဲ
    နေရာတိုင်းမှာအာဘောင်အာရင်းသန်သန်နဲ့ ပြောနေပေမယ့်
    (အထူးသဖြင့်အွန်လိုင်းမှာပေါ့)
    လက်တွေ့ဘဝမှ တလွဲတွေလုပ်နေကြသူတွေတပုံကြီးပါ။
    ကျနော်ရေးပြထားတဲ့ အဖြစ်အပျက်လေးက မြန်မာနိုင်ငံရဲ့နေရာတကာမှာ
    ကြုံတွေ့နေရတဲ့ ဇာတ်လမ်းလေးတွေပါဘဲ။

  • ဦးကြောင်ကြီး

    March 14, 2013 at 10:01 am

    ကိုကြောင်ရှိလျက်နဲ့ကွယ်…. :byae:

  • ဟုတ်သားဗျာ ကိုကြောင်ရှိနေတာ.
    ကဲ ကောင်မလေးကိုဖုန်းဆက်ပြီး တောင်ကြီးကနေပြန်လာပြီး ကိုကြောင်ဆီသွားလို့ပြောလိုက်မယ်.။
    ကိုကြောင် လေယာဉ်လက်မှတ်လေးသာ ပို့ပေးလိုက်ပေတော့။

  • Hnin Hnin

    March 14, 2013 at 3:11 pm

    မနေ့က ဖတ်ရင်းနဲ့ကိုစန်းက လေးပေါက် ကိုယ်ပွားများလားလို့…

    လူက ချုပ်ချယ်မှုများရင်၊ထွက်ပေါက်မရှိရင် ဖောက်ထွက်ပြီး ပျက်တတ်ကြတယ်…
    အတော်တောင့်ခံနိုင်တဲ့ မိမွန်ပါလား…

    မဆီမဆိုင် ဇာတ်လမ်းထဲပါတဲ့ အစ်ကို့နာမည်ဖတ်လိုက်ရတော့ လွမ်းသွားရသေးတယ်..

    • မဟုတ်ရပါဘူး နှင်းနှင်းရေ
      ကိုပေါက်က ပုံပြောသူပါကွဲ့။
      မိမွန်တောင့်ခံနိုင်ဆို သူအမေကို သူပစ်ထားခဲ့လို့မရခြင်းက အဓိကအချက်ပါဘဲ။
      ဇာတ်လမ်းရေးရင်လဲနာမယ်အတော်စဉ်းစားရတယ်ဗျာ။
      သူများနဲ့ ထပ်တူကျနေမှာစိုးလို့။

  • MaMa

    March 14, 2013 at 5:42 pm

    ခေတ်နဲ့အညီ ဇာတ်လမ်းလေးပါပဲ။
    အရေးအဖွဲ့ကတော့ စာရေးဆရာလက်ဆိုတော့ ပြောစရာမလိုဘူး။
    ဇာတ်လမ်းဖတ်ပြီး စိတ်မောသွားတယ်။ :buu:

  • မမရေ ဝေဖန်လေကန်ရေးတွေရေးနေရတာ ကြာတော့စိတ်ပင်ပန်းပါတယ်။
    ဒါကြောင့် ပေါ့ပေါ့ ပါးပါး လေးပြန်ရေးကြည့်တာပါ
    အဆက်ကတော့ စောင့်ပါဦးခင်ဗျာ

  • မောင် ပေ

    March 14, 2013 at 8:42 pm

    စေညွှန်းရာလမ်း
    ပေမွန်းကာနမ်း
    လေချွန်းခါရမ်း
    ငွေပွန်းဖာစမ်း

  • နေဝန်းနီ

    March 14, 2013 at 9:18 pm

    ကိုပေါက်ရယ် …. ဖတ်ရင်းဖတ်ရင်းနဲ့ မောမော သွားတာပဲ ……….။ အပြင်မှာတစ်ကယ် ရှိနေဖြစ်ပျက်နေတာ အသာထားလို့ ခင်ဗျားကြီး နည်းပေးလမ်းပြ လုပ်ရာကျမယ်နော် ….။ ဟင်းးးးးးး မပြောတော့ပါဘူးဗျာ ……..။ အကျွနုပ်မအားလို့ ကိုပေါက်စာကိုပဲ ဒီနေ့သေချာဖတ်သွားနိုင်တယ်…။ နောက်နေ့မှကျန်တာတွေဆက်ဖတ်ရတော့မယ်…..။

Leave a Reply