အားလုံး နေ၀န်းနီကို ခွင့်လွှတ်ကြပါ……။ အစက ဒီအကြောင်းအရာ ရေးဖို့မရည်ရွယ်ပါဘူး….။ အတွေးကိုမရှိခဲ့တာပါ…။ မနက်မိုးလင်းလို့ အိမ်အနီး အနားက ကလေးတွေ စာကျက်နေသံကြားတော့ အော်….. မနက်ဖြန် ဆယ်တန်းတွေစာမေးပွဲ ဖြေပြီပဲ လို့ အတွေးရောက်ပြီး
စာကျက်နေတဲ့ ညီမလေး
မင်း…. နောက်တစ်ရက်ဆို
ဘ၀ရဲ့ တိုက်ပွဲတစ်ခု
အဲဒိလို ဘာညာ ဘာညာ နဲ့ စာမေးပွဲအောင်မြင်စေကြောင်း ကဗျာလေးတစ်ပုဒ်ရေး ဖို့စိတ်ကူးနဲ့ပါ…။ အဲဒါလေးကို အတွေးနဲ့စာစီရင်း ငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးတဲ့ “ တဂိုး” ရဲ့ ၀တ္ထု တစ်ပုဒ်က ခေါင်းထဲ မဖိတ်ခေါ်ပဲရောက်လာပြီး ရှေ့က အတွေးလေးတွေကို နောက်က လှိုင်းတစ်လုံး ဖုံးလိုက် သလို ဒီခေါင်းစဉ်ကို တပ်မိ ရက်သား ဖြစ်သွားတော့တာပဲ….။
“ တဂိုး” ရဲ့ ကြက်တူရွေး ဆိုတဲ့ ၀တ္ထုလေးကို တော်တော်များများလည်းဖတ်ဖူးကြမယ်လို့ထင်ပါတယ်…။ စာအံတဲ့ ကြက်တူရွေးလေးသေသွားတော့ ခေါင်းထဲက စာလုံးပုံဆောင်ခဲတွေထွက်ကျလာတဲ့အကြောင်းလေ….။ အဲဒါနဲ့ပဲ ရည်ရွယ်ချက်ပါပြောင်းပြန်ဖြစ်သွားပြီး အပေါ်ကခေါင်းစဉ် တပ်လိုက်မိရော ဆိုပါတော့….။ နေ၀န်းနီတို့ ဆယ်တန်းတုန်းကတော့ သိပ်ညနက်ခံစာကျက်တာကို အိမ်က ခွင့်မပြုပါ….။ ဆယ်နာရီဆိုအိပ်ရပါတယ်….။ မနက်လေးနာရီခွဲ ငါးနာရီလောက်နှိုးပါတယ်…။ အဲဒိမှာ စာကျက်ချင်စိတ်ရှိမှ ကျက်လို့ ပြောတယ်…။ ဟုတ်တယ်လေ…။ စာထဲ စိတ်မပါပဲနဲ့ အသံထွက်ကောင်းရုံလောက်ဆိုရင် ကျက်တဲ့သူကောအနားက လူတွေကော ပင်ပမ်းလို့ပါတဲ့….။ ပြီးတော့ နေ၀န်းနီ ရဲ့စာကျက်နည်းက စာအုပ်ထဲကအတိုင်း ၏ သည် ၍ မလွဲ ကျက်ခြင်းမဟုတ်ရကား စိတ်ပါလက်ပါ ကျက်မျိသာအခါဝယ် အနားကလူကို စကားပြောနေသည့်အလား မာန်ပါလာတတ်ပါတယ်…။ အဲဒိတုန်းက မြန်မာလိုပဲ သင်တာဆိုတော့ (အင်္ဂလိပ်စာကလွဲလို့) စာကျက်ရတာ ဆိတ်ငြိမ်နေတဲ့ မနက်ခင်းစောစောမှာ ဈာန်ဝင်ပါတယ်…။ နေလည်ပိုင်းရောက်တော့ ရေနွေးကြမ်း တစ်ခွက် လက်ဖက်ရည် ပေါ့ကျ တစ်ခွက်နဲ့ စာရွက်ပေါ်မှာ ရေးချရင်း ကျက်ရပါတယ်…..။ မြန်မာလိုပဲသင်တယ်ဆိုပေမဲ့ နှုတ်ကထွက်လိုက်သမျှ စကားလုံးတွေကို လက်နဲ့ရေးနိုင်ဖို့လည်းလေ့ကျင့်ရပါတယ်…။ ပြီးတော့ မျဉ်းကြောင်းမပါတဲ့ လျှောက်လွှာစာရွက်ပေါ်မှာ ဖြောင့်အောင်ရေးနိုင်အောင်လည်းလေ့ကျင့်ရပြန်တယ်….။ ကျူရှင်ဆိုတာက အင်္ဂလိပ်စာရယ်… သချာင်္ ရယ် (ဓါတုဗေဒ+ရူပဗေဒ ) ရယ် ဓါတုဗေဒနဲ့ရူပဗေဒ နှစ်ခုပေါင်းပြီး မေးခွန်းတစ်စုံ ဖြစ်နေတာ အဲ သုံးဘာသာပဲ ယူရတယ်…။ အဲဒိထက် ပိုပြီး ကျူရှင်လိုချင်လို့လည်းမရပါဘူး …။ 1984-85 ခုနှစ် ပျဉ်မနားမှာ အဲဒိသုံးဘာသာပဲ ကျူရှင်သင်ပေးတဲ့သူရှိတယ်…။ နေ၀န်းနီက အထက(၂) မှာကျောင်းတက်ရတာဆိုတော့ အထက (၂) တောင်ဘက်ဘေး ကျောင်းနဲ့မျက်ျနှာချင်းဆိုင်က ဆရာကြီး ဦးလှအောင်ဆီမှာ ကျူရှင်ယူပါတယ်…။ သူက အင်္ဂလိပ်စာနဲ့သချာင်္ သင်ပေးပြီး ကျန်တဲ့ဘာသာတွဲ ကိုတော့ သူသား ကို တွတ်က သင်ပေးပါတယ်…။ ကျူရှင်လခက သုံးဘာသာမှ လေးဆယ့်ငါးကျပ်ပါ…။ ခုခေတ်နဲ့တော့ကွာပါ့ ….။ လွမ်းမယ်ဆိုရင်လွမ်းစရာလေးတွေပေါ့…..။ တွေးနေရင်းနဲ့ အိမ်နားက ညီမလေးတွေစာကျက်သံ ရပ်သွားပြီ….။ မနက်အစောစာ စားဖို့နားတာလား ကျူရှင်ပဲ သွားကြမလား ….။ အင်း ဆက်မတွေးတာပဲကောင်းပါတယ်လေ…..။
ညီမလေးတို့ရေ……… မင်းတို့လေးတွေက စာကျက် တစ်တွတ်တွတ်နဲ့ တဂိုးရဲ့ကြက်တူရွေးလို စာကျက်နေတာဆိုတော့ ကျက်တူရွေးပေါ့ ……။ အိမ်နားမှာ ညည ဂီတာ တစ်ဒေါင်ဒေါင်လုပ်နေတဲ့ ကောင်းလေးတွေကော ဆယ်တန်းပြန်ဖြေဦးမှာတဲ့လား ….။ သူတို့တွေကတော့ ကျီးကန်းတောင်းမှောက်ကြည့်ပြီး ခိုးချကြမယ်နဲ့တူရဲ့ ….။ ကျီကန်း လေးတွေပေါ့….။ ဈေးထဲမှာ အလုပ်ဝင်ရင်း ကျူရှင် တက်လိုက် မတက်လိုက်နဲ့ စာမကျက်နိုင်ဘူး စာတွေက ကျက်လို့လည်းမရဘူး သိပြီးသားတွေဖြစ်ပြီးစိတ်မပါတော့ဘူးလို့ငြီးနေတတ်တဲ့ အလုပ်သမ လေးတွေလည်း ဆယ်တန်းဝင်ဖြေကြဦးမှာ …။ သူတို့လေးတွေကတော့ တစ်ညည်းညည်း တစ်ငြူငြူ နဲ့မို့ ခိုလေးတွေပေါ့ ……။ ဘာပဲဖြစ်ဖြစ် မနက်ဖြန်ဆို မင်းတို့လေးတွေ စာမေးပွဲခန်းထဲဝင်၇တော့မှာ ….။ အဲဒိတော့ မေးတဲ့မေးခွန်းနဲ့ မင်းတို့ ရဲ့အဖြေလေးတွေ ကိုက်ညီအောင်ဖြေနိုင်ပါစေ….။ ဘာသာရပ်အားလုံး ပြီးဆုံးအောင်ဖြေနိုင်ပါစေလို့ ………။

နေ၀န်းနီ

About naywoon ni

naywoon ni has written 439 post in this Website..

နေ၀န်းတော့ နေ၀န်းပဲ..။ ဒါပေမဲ့ ရဲရဲနီနေတဲ့ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကထွက်ပေါ်လာကာစ နေ၀န်းနီ........... CJ # 7272010