အာဏာရှင်တွေ .. . . . . အာဇာနည်တွေ နေတဲ့ တိုင်းပြည်..Burma

ဒီနေ့ဟာ မတ်လ (၁၃) ရက်နေ့ပါ…ဒီနေ့ဟာ သမိုင်းမှာမမေ့နိုင်စရာအမှတ်တရ နေ့တစ်နေ့ပါ…

၁၉၈၈ ခုနှစ် မတ်လ (၁၃) ရက်နေ့ဟာ….တစ်နိုင်ငံလုံးရှိ အဖိနှိပ်ခံ ပြည်သူလူထုကြီးတရပ်လုံးပါဝင်ခဲ့ တဲ့

တစ်ပါတီ အာဏာရှင်စံနစ်ဆန့်ကျင်ရေး အရေးတော်ပုံကြီး စတင်ဖို့ အတွက် မီးပွားလေးတစ်စ ဖြစ်ပေါ်ခဲ့တဲ့နေ့လည်းဖြစ်ပါတယ်။

(၂၅) နှစ်တိုင်ခဲ့ပြီဖြစ်ပေမဲ့ သက်ဆိုင် ပါတ်သက်ခဲ့ကြ၊ ထိတွေ့ ပါဝင်ခဲ့ကြရသူတွေရဲ့ ရင်ထဲမှာတော့

ဘယ်လိုမှမေ့လို့မရနိုင်သေးတဲ့ နေ့တစ်နေ့ပါ…..

ဒီရွာထဲမှာ…အဲဒီနေ့ အဲဒီအချိန်ကို မသိမှီလိုက်သူတွေအများကြီးရှိမှာပါ…အဲဒီသူတွေသိရအောင်

ရည်ရွယ်ပြီး…ဒီဆောင်းပါးလေးကို တစ်ဆင့်ပြန်လည်တင်ပြခွင့်ပြုစေချင်ပါတယ်…..

ဆောင်းပါးလေးကတော့ ဒီနေ့ Eleven Media Group မှာရေးတင်ထားတဲ့…..ခင်ငြိမ်းသစ် ရဲ့

ဆောင်းပါးလေးပါ….ဒါကြောင့် အချို့လည်းဖတ်ပြီးကောင်း ဖတ်ပြီးကြပါလိမ့်မယ်……

ကျနော်ကတော့ သတိမမူမိသူတွေ ဖတ်ဖြစ်အောင် ထပ်ပြီးမျှဝေလိုက်တာပါ….

ဒီအတွက်ကျနော်အမှတ်မယူပါဘူး….ကော်ပီပေ့စ် တစ်ခါမှမတင်ဖူးပေမဲ့ ..ဒီတစ်ခါတော့

အဲဒီကာလကို ထဲထဲဝင်ဝင်ဖြတ်သန်းခဲ့ဖူးသူတစ်ယောက်မို့ မနေနိုင်လွန်းလို့ တင်လိုက်ပါတယ်….

အာဏာရှင်တွေ .. . . . . အာဇာနည်တွေ နေတဲ့ တိုင်းပြည်၊ ဖုန်းမော်နေ့နှင့် တံတားနီဖြစ်ပေါ်ခြင်း ၂၅ နှစ်ပြည့် အထိမ်းအမှတ်

Created on Tuesday, 12 March 2013 22:02
Written by ခင်ငြိမ်းသစ်
၁၉၈၈ခုနှစ် ဩဂုတ်လ ၃၁ရက်နေ့ထုတ် ဒီမိုကရေစီညနေသတင်းမျက်နှာဖုံးတွင် ဖော်ပြထားမှုအား တွေ့ရစဉ်
၁၉၈၈ခုနှစ် ဩဂုတ်လ ၃၁ရက်နေ့ထုတ် ဒီမိုကရေစီညနေသတင်းမျက်နှာဖုံးတွင် ဖော်ပြထားမှုအား တွေ့ရစဉ်

 

ကျွန်မတို့ တိုင်းပြည်ရဲ့ သမိုင်းက စိတ်ဝင်စားစရာ ကောင်းလှပါသည်။ နယ်ချဲ့အစိုးရကို ခေတ်ပညာတတ် ကျောင်းသားလူငယ်တွေ ဦးဆောင်တော်လှန်ခဲ့စဉ်က တိုင်းပြည်မှ အလေးအမြတ်ပြုရသည့် အာဇာနည်များ ပေါ်ထွန်းခဲ့ဖူးလေသည်။ ထိုအာဇာနည်များပေးခဲ့သော အမွေဖြင့် ကျွန်မတို့တိုင်းပြည် ကမ္ဘာ့အလယ်တွင် ဝင့်ကြွားခဲ့ရဖူးပါသည်။

၁၉၆၂ခုနှစ်တွင် တိုင်းပြည်ကို ချောက်ထဲမကျစေရန်ဆိုသော အကြောင်းပြချက်နှင့်  စစ်ဗိုလ်ချုပ်ကြီး ဦးနေဝင်းက တိုင်းပြည်၏ အာဏာကို သိမ်းပိုက်ခဲ့လေသည်။ ဦးနေဝင်း အာဏာသိမ်းသည်ကို လုံးဝလက်မခံခဲ့သည့်  တက္ကသိုလ်ကျောင်းသားများက ဦးဆောင်ကာ ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ထိုဆန္ဒပြပွဲများ ပြီးဆုံးသွားစေရန် အာဏာသိမ်း တော်လှန်ရေးကောင်စီက ကျောင်းသားသမဂ္ဂ အဆောက်အဦအား ဗုံးခွဲဖျက်ဆီးခဲ့ရသောကြောင့် တော်လှန်ရေးကောင်စီတက်ခြင်း နာမည်ဆိုးရခဲ့သော အဖြစ်အပျက်လည်း ဖြစ်ခဲ့ရသလို မြန်မာပြည်တွင် အာဇာနည်အဖြစ် မှတ်တမ်းတင်ခံ ရသူများလည်း ထပ်မံပေါ်ထွန်း လာခဲ့သည်။ ဦးနေဝင်း လက်ထက်မှ စတင်ပြီး အာဏာရှင်ကြီးများ မြန်မာ့သမိုင်းတွင် အစဉ်အဆက် ပေါ်ထွန်းခဲ့သလို  အာဏာရှင်များအား ဆန့်ကျင်တော်လှန်ခဲ့ကြသည့် သူရဲကောင်းများလည်း မြန်မာ့သမိုင်းတွင် အမြောက်အများ ပေါ်ထွန်းလာခဲ့သည်။

မြန်မာပြည်၏ သမိုင်းကြောင်းကို ကောင်းစွာ လေ့လာဖူးသူများက မြန်မာ့နိုင်ငံရေးတွင် အာဇာနည်များ အများအပြားပေါ်ထွန်းခဲ့ကြောင်း  အသိအမှတ်ပြုခဲ့ကြသလို မြန်မာတို့၏ သူရသတ္တိကိုလည်း အသိအမှတ်ပြုခဲ့ကြပါသည်။ သတ္တိနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က “သတ္တိဆိုတာ လက်နက်ကိုင်ပြီး ကိုယ်လုပ်ချင်ရာ လုပ်တာကို ပြောတာမဟုတ်ဘူး။ လက်ထဲမှာ ဘာလက်နက်မှမရှိဘဲ ကိုယ်လုပ်ချင်ရာကို လုပ်ရဲတာမှ သတ္တိလို့ခေါ်တာ”  ဟု ဖုန်းမော် ၁ နှစ်ပြည့် နှစ်ပတ်လည်မှာ ပြောကြားခဲ့သည်။ မှန်ပါသည် မြန်မာပြည်မှာ လက်နက်မကိုင်ပဲ သတ္တိကို အရင်းတည်ပြီး တိုင်းပြည်ကောင်းကျိုး သယ်ပိုးခဲ့သော အာဇာနည်များ အများအပြား ရှိခဲ့လေသည်။

မြန်မာ့သမိုင်းတွင် ၁၉၈၆၊၈၇၊၈၈ ခုနှစ်တို့သည် မြန်မာ့ဆိုရှယ်လစ်  လမ်းစဉ်ပါတီ၏ နေဝင်ချိန်များဟု ခေါ်ဆို၍ ရနိုင်ပါလိမ့်မည်။ ၁၉၈၆ ခုနှစ်က မြေပေါ်မြေအောက် သယံဇာတပေါများလှသော မြန်မာပြည်သည် ကမ္ဘာ့အဆင်းရဲဆုံး (LDC) စာရင်းဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့ရသည်။ မဆလ အရာရှိကြီးများက LDC စာရင်းဝင်ဖြစ်လျှင် မည်သို့မည်ပုံ အခွင့်အလမ်းများရလာမည်ဟု မက်လုံးများ ပေးခဲ့သော်လည်း ပြည်သူအများစုကတော့ မဆလ၏  စီမံခန့်ခွဲမှု ညံ့ဖျင်းသောကြောင့်သာ ဖြစ်လာရသည်ဟု သိနေခဲ့ကြသည်။

ထိုအချိန် အခြေအနေမျိုးကို ကျောင်းသားလူငယ်တို့ မနှစ်ခြိုက်ခဲ့ကြပါ။ ထိုအဖြစ်အပျက်ကြောင့် ရိုက်ခတ်လာသော ဂယက်မဆုံးခင်မှာပဲ ငွေစက္ကူများ ဖျက်သိမ်းခဲ့ခြင်းကြောင့် ပြည်သူတို့၏ မကျေနပ်မှုများ ပိုမိုကြီးထွားလာခဲ့သည်။ ထိုသို့ နိုင်ငံရေးအရ တအုံနွေးနွေး ဖြစ်နေခဲ့သလို အုပ်ချုပ်ရေးပိုင်းတွင်လည်း မကျေနပ်မှုများ ရှိနေခဲ့သည်။ မဆလ အစိုးရ အတွင်းရှိ အရာရှိကြီးများက အခွင့်ထူးခံခွင့်ရပြီး ပဒုမ္မာဆိုင်များမှ နိုင်ငံခြားဖြစ် ပစ္စည်းများကို ဈေးပေါပေါဖြင့် ဝယ်ယူခွင့် ရနေချိန်၌ ပြည်သူအများမှာ သမဝါယမ ဆိုင်မှ ရောင်းချသော ငစိန်ဆန်ကို အလုအယက် ဝယ်ယူနေရချိန်ဖြစ်သည်။ ရပ်ကွက်ကောင်စီ ဥက္ကဌမှအစ လမ်းစဉ်ပါတီဥက္ကဌအထိ ကြောက်နေကြရသော အချိန်လည်း ဖြစ်သည်။ ပြည်သူများအနေဖြင့် အားမတန်၊ မာန်လျော့နေရသော်လည်း မဆလ ပါတီအပေါ် ရွံ့မုန်း နာကျည်းနေချိန်လည်း ဖြစ်သည်။

တိုင်းပြည်၌ ထိုသို့သော အခြေအနေမျိုး ဖြစ်ပေါ်နေစဉ် ၁၉၈၈ခုနှစ်၊ မတ်လအတွင်း ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားများနှင့် အင်းစိန်ကြို့ကုန်းရပ်ကွက်ထဲမှ အရပ်သားများ  စကားများကြရာမှ အရပ်သားများက ကျောင်းသားများအား အုပ်စုလိုက် ဝိုင်းရိုက်ခဲ့ကြလေသည်။  ထိုပြဿနာတွင် အရပ်သားများဘက်မှ အမှားဖြစ်သောကြောင့် ကျောင်းသားများက တရားစွဲဆိုရန် ရဲစခန်း၌ အမှုဖွင့်သော်လည်း ရဲစခန်းက အမှုဖွင့်ခြင်းကို လက်မခံခဲ့ပေ။ အမှန်က ဝိုင်းရိုက်ကြသော အရပ်သားများမှာ မဆလ အစိုးရ၏ အမာခံကေဒါများ ဖြစ်နေသောကြောင့် ဖြစ်သည်။

ကျောင်းသားများက တရားမျှတစွာ ဖြေရှင်းပေးရန် တောင်းဆိုနေခဲ့စဉ် မတ်လ ၁၃ ရက်နေ့ ည ၉ နာရီခန့်တွင် လုံထိန်းတပ်ဖွဲ့ဝင်များက စက်မှုတက္ကသိုလ်အတွင်း ဝင်ရောက်ကာ အကြမ်းဖက် လူစုခွဲခဲ့ပြီး သေနတ်များဖြင့်ပါ ပစ်ခတ်သဖြင့် ဓာတုအင်ဂျင်နီယာ ပဉ္စမနှစ် ကျောင်းသား ကိုဖုန်းမော်ကို သေနတ်ကျည်ဆန် ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ရ သလို ကိုစိုးနိုင်(ပဉ္စမနှစ်၊ သတ္တုတူးဖော်ရေး) လည်း သေနတ်ကျည်ဆံ ထိမှန်ခဲ့ပြီး ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် သေဆုံးခဲ့ရသည်။ထိုသို့ သေနတ်ထိမှန် သေဆုံးခဲ့ရသော ကျောင်းသားကိုဖုန်းမော်သည် ပညာတော်ပြီး ဘက်စုံထူးချွန်သည့် ကျောင်းသားတစ်ဦးလည်း ဖြစ်သည်။ ကိုဖုန်းမော်၏ဆရာက ကိုဖုန်းမော်နှင့် ပတ်သက်ပြီး “သူက တော်တယ်၊ပြီးတော့ တည်ငြိမ်တယ်။ လူကြီးလည်း ဆန်တယ်၊ မိသားစုအတွက်လည်း တကယ် အဖိုးတန်တဲ့ လူငယ်လေးတစ်ဦးပါ။ သူသေဆုံး သွားရတဲ့အတွက် အားလုံးဆုံးရှုံးသွားရတယ်။ဖုန်းမော်သေဆုံးတာနဲ့ ပတ်သက်ရင် မဆင်မခြင် ကျောင်းသားတွေကို ဖိနှိပ်တဲ့ အာဏာရှင် အစိုးရအပေါ်မှာ လုံးဝတာဝန်ရှိတယ်။ ” လို့ ကိုဖုန်းမော်ရဲ့ ဆရာတစ်ဦးက မှတ်ချက်ပေးခဲ့တဲ့အကြောင်း  စက်မှုကျောင်းသားများက ပြန်ပြောပြခဲ့ဘူးတာကို မှတ်မိနေသည်။

မတ်လ ၁၄ ရက်နေ့ည မြန်မာ့အသံမှ သတင်းကြေညာရာတွင် အဖြစ်မှန်ကို ဖုံးကွယ်ပြီး ဆူပူလိုသော ကျောင်းသားများဟု သုံးနှုန်းခဲ့သည့်အပေါ် ကျောင်းသားတို့ ဒေါသ ပိုထွက်လာခဲ့သည်။ စက်မှုကျောင်းသားများက ကိုဖုန်းမော် သေဆုံးခဲ့ခြင်းက ဓားဒဏ်ရာနှင့်မဟုတ်ပဲ သေနတ်ဒဏ်ရာနှင့် သေဆုံးသည့်အကြောင်း အဖြစ်မှန်ကို ထုတ်ပြန်ကြေညာပေးရန်၊ ကိုဖုန်းမော်၏ ဈာပနအား သင့်တင့်လျောက်ပတ်စွာ သဂြိုလ်ခွင့်ပြုရန် တောင်းဆိုခဲ့ကြသော်
လည်း ကိုဖုန်းမော်တို့ မိသားစုအား ကိုဖုန်းမော် သေဆုံးခြင်းနှင့် ပတ်သက်ပြီး ဈာပနအခမ်းအနားပင် လုပ်ခွင့်မပေးပေ။

စက်မှုတက္ကသိုလ်တွင် စတင်ခဲ့သော မီးပွားက ရန်ကုန် တက္ကသိုလ်များဆီသို့ ကူးစက်လာခဲ့လေသည်။ မတ်လ ၁၅ ရက်နေ့ညက လုံထိန်းများ စက်မှုတက္ကသိုလ်အတွင်း နောက်ထပ် တစ်ကြိမ် ထပ်မံဝင်ရောက် စီးနင်းခဲ့လေသည်။ ထိုစီးနင်းခဲ့သော အကြောင်းကို  ရန်ကုန်တက္ကသိုလ် ကျောင်းသူ ကျောင်းသားများက သိသွားခဲ့သည်။ ထို့ကြောင့် မတ်လ ၁၆ရက်နေ့တွင် ရန်ကုန် တက္ကသိုလ် (ပင်မ)နှင့် အခြားနယ်မြေများဖြစ်သော လှိုင်၊ကြည့်မြင်တိုင်၊ ဗိုလ်တထောင်နယ်မြေမှ ကျောင်းသားများ စုစည်းကာ ရန်ကုန်တက္ကသိုလ် ကျောင်းဝင်းအတွင်း
တရားပွဲများကို ကျင်းပလေတော့သည်။ ထိုတရားပွဲအတွင်း “စက်မှုတက္ကသိုလ်တွင် ဖြစ်ပွားခဲ့သည့် ကိစ္စရပ်အား အမှန်အတိုင်း ဖော်ထုတ်ပေးရန်၊ ကိုဖုန်းမော် သေဆုံးခဲ့ရခြင်းမှာ သေနတ်ဒဏ်ရာဖြင့် ဖြစ်ကြောင်း အမှန်အတိုင်း ထုတ်ဖော်၍ တာဝန်ရှိသူတို့အား စုံစမ်းအရေးယူ ပေးပါရန်” တို့ကို တောင်းဆိုခဲ့ကြ သည်။ ထို့နောက် ၂ ကြိမ် ဝင်ရောက် ဖမ်းဆီးခံခဲ့ရသည့် စက်မှုကျောင်းသားများထံ အင်အားဖြည့်ဆည်းရန် ချီတက်ကြမည်ဟု ဆုံးဖြတ်ကာ အင်းလျားကန်ဘက်သို့ ကျောင်းသား ကျောင်းသူ ၁၀၀ဝ ခန့် ချီတက်သွားကြလေသည်။

ထိုကျောင်းသား ကျောင်းသူများအား အင်းလျားကန်အဆုံးတွင် သံဇကာများချပြီး ထိုစဉ်က ဗိုလ်မှူးကြီးလွန်းမောင် (နောင်တွင် ဗိုလ်ချုပ်လွန်းမောင်ဖြစ်လာကာ ဗိုလ်ချုပ် တင်ဦးနှင့်အတူ လေယာဉ်ပျက်ကြရာတွင် ပါဝင်ခဲ့သူ)  ဦးဆောင်သည့် တပ်စုက တားဆီး လိုက်လေသည်။ ထိုသို့ တားဆီးခဲ့မှုအပေါ် ဦးဆောင်ချီတက်လာသည့် ကျောင်းသားများက ငြိမ်းချမ်းစွာ ချီတက်ကြမည့် အကြောင်းကို ဗိုလ်မှူးကြီးနှင့် ညှိနှိုင်းဆွေးနွေးခဲ့လေသည်။ ဦးဆောင်ကျောင်းသားများက ညှိနိုင်းနေစဉ် လိုက်ပါချီ တက်လာသည့် ကျောင်းသားများကလည်း စည်းကမ်းတကျနှင့် ညီညီညာညာ ထိုင်နေကြကာ ဆက်လက်ချီတက်ရန် စောင့်ဆိုင်းနေခဲ့ကြသည်။ ဗိုလ်မှူးကြီး လွန်းမောင်နှင့်  ကျောင်းသားများ အေးအေးဆေးဆေး ဆွေးနွေးနေစဉ်တွင် ကမာရွတ် ရဲစခန်းအတွင်း၌ တပ်စွဲထားသည့် လုံထိန်းတပ်များက ချီတက်လာသော ကျောင်းသားများ၏ နောက်ကြောဘက်မှ ဝင်ရောက်ကာ ရိုက်နှက်ဖမ်းဆီးလေတော့သည်။ ချီတက်လာသည့် ကျောင်းသားများလည်း အခြေပျက်သွားကာ ခြေဦးတည့်ရာသို့ ပြေးကြလေသည်။ တစ်ချို့ ကျောင်းသားများက လူနေရပ်ကွက်များအတွင်း ပြေးဝင်ကြသည်။ရပ်ကွက်အတွင်းမှ ပြည်သူများက ကျောင်းသားတို့အား ဝှက်ပေးထားကြသဖြင့် အချို့ကျောင်းသားများ လွတ်မြောက်ခဲ့ကြသည်။ကျောင်းသူအချို့က အင်းလျားကန်ဘက်သို့ ကြောက်လန့်တကြား ဆင်းပြေးမိလေသည်။အင်းလျားကန်ထဲသို့ ဆင်းပြေးသွားသော ကျောင်းသူများအား ဆံပင်မှ ဆွဲကာ နံပါတ်တုတ်ဖြင့် ရိုက်နှက်ခဲ့သည်။ထိုနေရာတွင် အရိုက်အနှိက်ခံရသူများ၊ ဖမ်းဆီးခံရသူများ သေဆုံးသွားသူများ မြောက်မြားစွာရှိခဲ့သည်။ ဖမ်းဆီးခံခဲ့ရသော ကျောင်းသူလေးများအား နာမည်ဆိုးဖြင့် ကျော်ကြားလှသည့် ထောက်လှမ်းရေး ရ တွင် အဓ္ဓမပြုကျင့်ခဲ့လေသည်။ နောင်တွင် တံတားဖြူ မှတ်တိုင်အား ဤအဖြစ်အပျက်ကို အစွဲပြု၍ တံတားနီမှတ်တိုင်ဟု ခေါ်တွင်ခဲ့သည်။

ထိုဖမ်းဆီးမှုကို ပြည်သူများမျက်စိရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ကြောက်ကြောက် လန့်လန့်ဖြင့် အင်းလျားကန်ထဲ ဆင်းပြေးသွားသော ကျောင်းသူလေးများအား လိုက်လံ ရိုက်နှက်ခဲ့ခြင်း ဖြစ်သောကြောင့် ပြည်သူများစိတ်၌ နာကျင်စိတ်များ ပိုမိုပြင်းထန်လာခဲ့ကြရသည်။ မတ်လ ၁ရ ရက်နေ့တွင် သေဆုံးသွားသော စက်မှုကျောင်းသား ကိုဖုန်းမော်ကို သဂြိုလ်မည့်ရက်လည်း ဖြစ်သည်။ ထိုနေ့က ကိုဖုန်းမော်၏ ဈာပနကို လိုက်လံပို့ဆောင်ရန် ကြံတောသုဿန်တွင် ကျောင်းသားများက စောင့်ဆိုင်းနေခဲ့ကြသည်။ သို့သော် မဆလ အစိုးရကတော့ ကိုဖုန်းမော်၏ မိသားစုဝင် ၂ ယောက်အား မနက် ၅ နာရီခွဲတွင် အိမ်မှခေါ်ဆောင်လာခဲ့ပြီး ရန်ကန်ဆေးရုံကြီးသို့ ခေါ်လာခဲ့သည်။ ထိုနေ့ မနက် ၈ နာရီ ၃ဝ မိနစ်တွင် တာမွေသင်္ချိုင်း၌ တိတ်ဆိတ် ခြောက်ကပ်စွာ သဂြိုလ်ပေးခဲ့လေသည်။  သို့သော် ကိုဖုန်းမော်၏ အစ်ကိုနှင့် အမအား ကိုဖုန်းမော်၏ ရုပ်အလောင်းကို ကြည့်ရှုခွင့် မပြုခဲ့သလို စားမြိန်ထုတ် ထည့်ပေးခွင့်၊အော်ဟစ် ငိုခြင်းများကိုလည်း ခွင့်မပြုခဲ့ပေ။ သေဆုံးသွားသူအတွက် ဓလေ့ထုံးစံနှင့်အညီ ဆောင်ရွက်ခွင့် မပေးခဲ့သည့်အပြင် ရက်လည်ဆွမ်းသွတ်ခွင့်ကိုတောင် ပိတ်ပင်ခဲ့ကြလေသည်။

ကြံတောသုဿန်၌ စောင့်နေခဲ့သော ကျောင်းသားတို့သည် မနက်လင်းသည်အထိ ကိုဖုန်းမော်၏ ရုပ်အလောင်းအား လာရောက်သဂြိုလ်ခြင်း မရှိသဖြင့် ရန်ကုန်တက္ကသိုလ်ထဲသို့ ပြန်ရောက်လာကြပြီး ကျောင်းထဲ၌ ရောက်နှင့်နေသော ကျောင်းသားများနှင့် မန္တလေးဆောင်တွင် အစည်းအဝေး တစ်ခု ပြုလုပ်ခဲ့သည်။ ထိုအစည်းအဝေးတွင် စစ်အာဏာရှင်အား ကျောင်းသားများ ဦးဆောင်ကာ တိုက်ပွဲဝင်မှ ဖြစ်မည်ဟု ဆုံးဖြတ်ကာ တိုးတက်သော တက္ကသိုလ် ကျောင်းသားများအဖွဲ့ကို ဖွဲ့စည်းခဲ့ကြသည်။ ထိုအဖွဲ့တွင် ဒုဥက္ကဌအဖြစ် ဆလိုင်းယောအောင်၊ မယုယုမော်တို့ဖြစ်ပြီး အထွေထွေ အတွင်းရေးမှူးအဖြစ် ကိုဇော်မင်းကို ရွေးချယ်ခဲ့သည်။ တွဲဘက်အတွင်းရေးမှူးအဖြစ် (၁)ကိုဌေးကြွယ်၊(၂) စိုင်းထင်ကျော်တို့ ပါဝင်ခဲ့သည်။ ထိုအဖွဲ့ကို ဖွဲ့စည်းစဉ် ပါဝင်သော သူများမှာ ကျောင်းသားများ ဖြစ်ရမည့်အပြင် နာမည်အရင်း၊နေရပ်လိပ်စာအမှန်၊ အတန်း၊ ခုံနံပါတ်အမှန်ကို ပေးနိုင်သောသူမှ ပါဝင်ရမည်ဟု သတ်မှတ်ခဲ့ကြသည်။

ထို့နောက် R.C အနီး ပတ်ဝန်းကျင်၌ တရားဟော စင်မြင့်တစ်ခု တည်ဆောက်ပြီး တရားပွဲများကို ကျင်းပပြီး အာဏာရှင်ကို ဆန့်ကျင်အံတုခဲ့ကြသည်။ မနက် ၁၁ နာရီ ဝန်းကျင်လောက်တွင်  ရန်ကုန်တက္ကသိုလ် ပတ်ပတ်လည်၌ လုံထိန်းများ စောင့်ကြပ်နေလေသည်။ နေ့လည် ၁၂ နာရီခန့်တွင် လုံထိန်းတပ်ဖွဲ့များ နေရာရွေ့ပြောင်းသွားပြီး လုံထိန်းတပ်များနေရာတွင် စစ်တပ်က အစားဝင်လာသည်။ ထိုသို့ အပြောင်းအရွေ့လုပ်နေသည်ကို ပြည်သူများက တွေ့မြင်ကြကာ ကျောင်းဝင်းအတွင်း ကျောင်းသားများကို စိုးရိမ်ပူပန်လာခဲ့သည်။

ထို့ကြောင့် စစ်တပ်အား ပြည်သူများက တစ်ထပ် ဝိုင်းပတ်လိုက်သည်။ ပြည်သူများက “ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး၊ ကျောင်းသားတွေကို သတ်ဖို့မဟုတ်ဘူး “လို့ ကျွေးကျော် လိုက်သံက မိုးထစ်ချုန်းသလို ညံသွားခဲ့သည်။ စစ်သားတွေက ပြည်သူတွေဘက် သေနတ်များကို ချိန်လိုက်သဖြင့် ပြည်သူတွေ ဝုန်းကနဲထွက်ပြေးကြသည်။ စစ်သားများ သေနတ်ကို ပြန်ရုပ်လိုက်ချိန်တွင် ပြည်သူအများ ရှေ့သို့ ထပ်တိုးလာကြပြန်သည်။ အပြင်ဘက်တွင် ထိုသို့ အခြေအနေများနှင့် ရှုပ်ထွေးနေချိန်တွင် လုံထိန်းများ ကျောင်းတွင်းသို့ဝင်ကာ ဆန္ဒပြနေသော ကျောင်းသူ ကျောင်းသားများအား ရိုက်နှက် ဖမ်းဆီးသွားခဲ့သည်။  ကျောင်းသား ကျောင်းသူများအား အချုပ်ကားအတွင်းသို့ ဆွဲတင်ရာတွင် အချုပ် ကား၌ ထည့်နိုင်သော လူဦးရေကို ကျော်လွန်ကာ တင်ဆောင်သွားသောကြောင့် အသက်ရှုကြပ်ကာ သေဆုံးသွားသော ကျောင်းသားများလည်း ရှိခဲ့သည်။

မတ်လ ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံအတွင်းရှိ တက္ကသိုလ်ကျောင်းများအား ပိတ်လိုက်လေသည်။ သို့သော် ကျောင်းသားထုအတွင်း မကျေနပ်မှုများ ရှိနေသောကြောင့် အစိုးရအား ထပ်မံကန့်ကွက် ဆန္ဒပြရန် ရန်ကုန်မြို့လည် ဆူးလေစေတီတော်သို့ ချိန်းဆိုခဲ့ကြသည်။ ၁၈ ရက်နေ့ နေ့လည် ၁၂ နာရီ ပတ်ဝန်းကျင်တွင် ဒေါသထွက်နေသော ကျောင်းသားနှင့် ပြည်သူများက  မဆလ ဝန်ကြီးများသာ ဇိမ်ခံစီးသော ၉၂၉ ကားတစ်စီးအား မီးရှို့ရာမှ စတင်ကာ ရန်ကုန်မြို့လည်၌ ကျောင်းသားနှင့် ပြည်သူတို့က အာဏာရှင်တို့အား တန်ပြန်အာဏာ ဖီဆန်ပြခဲ့သည်။ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး မရှိကြောင်း အသက်ပေးပြသခဲ့ရသည့် မတ်လ ၁၃ ရက်နေ့အား လူ့အခွင့်ရေးနေ့အဖြစ် သတ်မှတ်ခဲ့သည်။ ထိုအရေးအခင်းအတွင်း အာဇာနည်များ အမြောက်အများ ပေါ်ထွန်းခဲ့ရသော်လည်း လူမသိသူမသိ ပျောက်ကွယ်သွားရပြီး ကိုဖုန်းမော်တစ်ဦးတည်းသာ လူသိများ ထင်ရှားခဲ့ရပေသည်။

တကယ်တော့ ထိုအဖြစ်အပျက် ဖြစ်ပွားခဲ့သည်မှာ ၂၅ နှစ် ကြာမြင့်ခဲ့ပြီဖြစ်သည်။ထိုအဖြစ်အပျက်အတွင်း ပါဝင်ခဲ့သူများ လည်း ယခုအချိန်တွင် အသက်ကြီးပိုင်းထဲ ရောက်နေကြပြီ။သို့သော် ဖြစ်ပွားခဲ့သည့် ကိစ္စရပ်အတွက် ကိုယ်တိုင်ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည့် စက်မှုတက္ကသိုလ် ကျောင်းသား ကိုဇော်မျိုးအောင်က “ခေတ်အဆက်ဆက်မှာ အာဏာရှင် အစိုးရတွေက ကျောင်းသားတွေ၊ ပြည်သူတွေကို ဖိနှိပ်ချုပ်ချယ်ခဲ့တယ်။ အဲဒီလိုစနစ်အတွင်းမှာ ပြည်သူရော၊ ကျောင်းသားတွေရောရဲ့ ဘဝတွေ၊ အသက်တွေ မလုံခြုံဘူး။ ဖုန်းမော်အရေးအခင်းကြောင့် ဘဝပျက်သွားတဲ့ ကျောင်းသားတွေ ၊ သားပျောက်သွားတဲ့ မိခင်တွေ အများကြီးရှိခဲ့တယ်။  ဒါကြောင့် ရှေ့လျောက် ကျွန်တော်တို့ တိုင်းပြည်မှာ အခုလို အဖြစ်အပျက်ဆိုးတွေ ထပ်ဖြစ်တာမျိုး မမြင်ချင်တော့ဘူး။ ခေတ်ကိုတကယ် ပြောင်းပစ်စေချင်ပါတယ်။ ” လို့ ပြောပြခဲ့သည်။

အာဏာရှင်များ၏ တဖက်သတ် ဖိနှိပ်မှုကို မခံမရပ်နိုင်သည့် ကိစ္စတစ်ခုမှ စတင်ကာ အာဏာရှင် ဦးနေဝင်းဦးဆောင်သော မဆလ အစိုးရကို ဖြုတ်ချနိုင်မည့် လူထုအရေးတော်ပုံကြီး စတင်လာစေရန် ကျောင်းသားလူငယ်တို့က ပဏာမ အစပျိုးနိုင်ခဲ့ခြင်းလည်း ဖြစ်သောကြောင့် ၁၉၈၈ ခုနှစ် မတ်လ အရေးတော်ပုံသည် အာဏာရှင်အား ဆန့်ကျင်ရာတွင် အရေးပါသော ပထမဦးဆုံး ခြေလှမ်းတစ်ရပ် ဖြစ်ခဲ့ပါသည်။

ကျွန်မတို့ နိုင်ငံတွင် နိုင်ငံရေးအရ အပြောင်းအလဲအချို့ ဖြစ်ပေါ်နေခဲ့သည်။ သို့သော်လည်း အာဏာရှင်များ လက်ထက်က ပြုမူခဲ့သည့် အမူအကျင့် ယခုထက်ထိ ကျန်နေသေးသည်။ ယနေ့ ပြောင်းလဲနေပြီဟု ဆိုသော ခေတ်ကြီးထဲတွင် တရားခံများ ပျောက်နေဆဲပင်။ ယနေ့အထိ ဖုန်းမော်ကို ဘယ်သူသတ်လဲ မသိရပါ၊ ၂၀၀ရ ခုနှစ်က သံဃာများအား မည်သူက ရက်ရက်စက်စက် ပြုလုပ်ခဲ့သနည်း မဖော်ထုတ်နိုင်ခဲ့သေးသလို၊ လတ်တလော လက်ပံတောင်းတောင်အရေးတွင် မည်သူက မီးလောင်ဗုံးသုံးစွဲသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ထို့သို့သော အခြေအနေများအောက်တွင် အာဇာနည်များ ထပ်မံပေါ်ထွန်းနေဦးမည်သာ ဖြစ်သည်။ အာဏာရှင်များ ရှိနေသမျှ အာဇာနည်တို့လည်း ပေါ်ထွန်းနေမည်မှာ ဓမ္မတာပဲဖြစ်သည်ဟု ဆိုလျင်…..

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Link:  http://www.news-eleven.com/opinion/18522-%E1%80%A1%E1%80%AC%E1%80%8F%E1%80%AC%E1%80%9B%E1%82%87%E1%80%84%E1%80%B9%E1%80%B1%E1%80%90%E1%80%BC-%E1%80%A1%E1%80%AC%E1%80%87%E1%80%AC%E1%80%94%E1%80%8A%E1%80%B9%E1%80%B1%E1%80%90%E1%80%BC-%E1%80%B1%E1%80%94%E1%80%90%E1%80%B2%E1%80%B7-%E1%80%90%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%B8%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%81%8A-%E1%80%96%E1%80%AF%E1%80%94%E1%80%B9%E1%80%B8%E1%80%B1%E1%80%99%E1%80%AC%E1%80%B9%E1%80%B1%E1%80%94%E1%82%94%E1%82%8F%E1%82%87%E1%80%84%E1%80%B9%E1%80%B7-%E1%80%90%E1%80%B6%E1%80%90%E1%80%AC%E1%80%B8%E1%80%94%E1%80%AE%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%B1%E1%80%95%E1%81%9A%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8-%E1%81%82%E1%81%85-%E1%82%8F%E1%82%87%E1%80%85%E1%80%B9%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%B7-%E1%80%A1%E1%80%91%E1%80%AD%E1%80%99%E1%80%B9%E1%80%B8%E1%80%A1%E1%80%99%E1%82%87%E1%80%90%E1%80%B9

စာရေးသူ၏ဆောင်းပါးလေးကတော့ ဤမျှသာပါ….ဒါပေမဲ့ ကျနော်ကတော့

ဒီဆောင်းပါးလေးဖတ်ပြီး…အတိတ်ဟိုးအဝေးဆီ ခရီးနှင်နေမိပါတော့တယ်…..

စာဖတ်သူများကို လေးစားခင်မင်လျှက်….

လမ်းဆက်လျှောက်နေတဲ့….

ကြီးမိုက်။

31 comments

  • ကိုဂျီးရေ …
    ညမှ အေးချေး လာဖတ်မယ်ဗျို့ …
    ခုဒေါ့ .. တို့တိတို့တိ ဖတ်တွားဒယ်ဂျို့ ….

  • kai

    March 13, 2013 at 12:57 pm

    ကျုပ်အမြဲပြင်ပေးတာက..
    ၈၈ အရေးတော်ပုံဟာ.. ကိုဖုန်းမော်ကျသွားတာနဲ့.ဆက်စပ်နေတာဖြစ်ပေမယ့်.. မတ်လ၁၃ရက်နေ့ဟာ.. ပထမမီးပွားမဟုတ်ဖူးဆိုတာပါပဲ..။
    ပထမမီးပွားက.. ငွေစက္ကူတွေဘာမပြောညာမပြော.. ကောက်သိမ်းတာကနေ.. စတာပါ..။
    ငွေတွေသိမ်းတယ်ကြေငြာတဲ့အချိန်.. ၁၉၈ရ စက်တင်ဘာ..စာမေးပွဲအချိန်ကြီး..
    နယ်ကကျောင်းသားတွေခမျာ.. စာမေးပွဲပြီးရင်အိမ်ပြန်ဖို့..ရွာအပြန်လက်ဆောင်တွေဝယ်ပြန်ဖို့.. ငွေတွေကိုင်ထားရက်သား..
    ဒေါသထွက်လိုက်တာ..ပြောမနေပါနဲ့တော့ပေါ့..။

    ဆိုတော့…
    စက်မှုတက္ကသိုလ်ကြို့ကုန်းအဆောင်နေကျောင်းသားတွေ.. အင်းစိန်လမ်းမပေါ်ပြေးထွက်.. အစိုးရကားတွေကိုတား.. မီးတင်ရှို့လိုက်တာက… စတာပါ..။
    အဲဒီဂယက်ကြောင့်..ကျောင်းတွေအတင်းပိတ်ပြီး..တက္ကသိုလ် ကျောင်းသားတွေကို နယ်အတင်းပြန်ခိုင်းလိုက်ရတာပါပဲ..

    အမှတ်မမှားရင်.. ကိုဖုန်းမော်က..လမ်းစဉ်လူငယ်ထဲလည်းပါတဲ့.. လူငယ်တဦးဖြစ်ပါတယ်..။
    အမှတ်မမှားရင်.. ၈၈ တပေါင်းပွဲတော်မှာ..စက်မှုကျောင်းရန်ပုံငွေအတွက်ရွှေတိဂုံမှာဈေးရောင်းတာမှာတောင်.. ပါခဲ့ဖူးတယ်မှတ်တယ်..။
    အမှတ်မမှားရင်.. ကျောက်ကျောဖျော်ရည်ရောင်းတာပဲ..။ :kwi:
    မတ်လ ၁၃မှာသေနတ်ထိတော့.. ကိုစိုးနိုင်က.. ရန်ကုန်ဆေးရုံကြီးမှာ ကျောထဲကျည်ဆံဝင်နေတာကို.. မထုတ်ပေးပဲ.. လက်ထိပ်နဲ့ထားသေးတယ်မှတ်မိတယ်..
    အဲဒါနဲ့သေရတာပါ..။

    ၈၈ အရေးတော်ပုံဟာ.. ၈ရ ငွေစက္ကူသိမ်းတာကြောင့်.. ပထမမီးပွားစလိုက်ပြီး.. စက်မှုတက္ကသိုလ်နဲ့.. ရန်ကုန်တက္ကသိုလ်ပင်မနဲ့.. ချိပ်ဆက်သွားရာက..ရည်ရွယ်ချက်ရှိရှိနဲ့.. တောက်လျှောက်ဆက်ဖြစ်သွားတာဖြစ်ပါကြောင်း..။

  • ဆရာကောက်နွယ် (ကနောင်)ရဲ့ ပြုံးချိုဖတ်ဖို့ကဗျာများခေါင်းစဉ်နဲ့ ကိုယ်တိုင်ရွတ်ထားတဲ့ ကဗျာခွေကို နားထောင်ဖူးတယ်…အရမ်းကောင်းတယ်.. ကိုယ်မမီတဲ့ အဖြစ်တွေကိုလည်း နည်းနည်းသိသွားပါတယ်.. (တကယ်က ဖြစ်ရပ်တစ်ခုလုံးကို ရေးထားတာ.. သမီးက ဉာဏ်မမီလို့ နည်းနည်းပဲသိတာ…)

    အခုလို ထပ်ဖတ်ရတော့ ပိုသိသွားတယ်.. ကျေးဇူးပါ ဦးမိုက်…

  • ရွှေတိုက်စိုး

    March 13, 2013 at 1:32 pm

    ဒီဆောင်းပါးလေးဖတ်ရတာ စိတ်ထဲ တစ်ခုခုကို အားမလိုအားမရနဲ. ခံပြင်းတဲ့စိတ်ခံစားလိုက်ရသလိုပဲ…
    မတ်လ ၁၃ ကျွန်တော်မသိတဲ့ အကြောင်းလေးပါ.. ဖတ်ရလို. ဦးမိုက်ကို ကျေးဇူးတင်ပါတယ်..
    ၈၈ တုန်းက ကျွန်တော် သူငယ်တန်း အရေးအခင်းဖြစ်လို. ကျောင်းတစ်နှစ်နားပြီး ဆန်ပြုတ်လိုက်တန်းစီ ရတာ……. ဟန်းကောလေး ကိုင်ပြီး စွတ်ကျယ်လေးနဲ. ဟိုပြေးတန်းစီလိုက် ဒီပြေးတန်းစီလိုက်နဲ…..

    အခုလို ကျွန်တော်တို. အဆင်ပြေပြေလေးနေရဖို. အသက်ကိုရင်းပြီး လုပ်ဆောင်ပေးသွားသူတွေအားလုံးကို ဒီကော့မန်.လေးနဲ. ဦးညွှတ်အလေးပြုပါတယ်ဗျာ……….

  • kai

    March 13, 2013 at 1:33 pm

    ပြောရရင်.. ကြို့ကုန်းရပ်ကွက်ထဲက.. အရပ်သားတွေနဲ့.. အာအိုင်တီကျောင်းသားတွေက.. မတည့်အတူနေ..ရန်ဖြစ်လိုက်ပြန်တည့်လိုက်တွေပါ..။
    အဲဒီထဲ..ကျောင်းသားတွေအများကြီးလည်းနေပါတယ်..။
    နေဆို.. အိပ်စ်တာနယ်ဖြစ်ရင်.. အဆောင်ခန်းမရတာမို့.. အဲဒီရပ်ကွက်ထဲ.. အခန်းလေးတွေငှား…နေရတာပဲလေ..။
    ကျောင်းသားဆိုတာက.. အဲဒီအနီးနားရပ်ကွက်တွေရဲ့.. ကတ်စတန်မာတွေပေါ့..။ ဈေးဝယ်.. ဗီဒီယိုကြည့်.. အခန်းငှား.. လက်ဖက်ရည်ဆိုင်ထိုင်.. အဲဒီရပ်ကွက်တွေထဲချည်းလုပ်နေရတာလေ..။

    အမှတ်မမှားရင်.. အဲဒီကျောင်းသားနဲ့အရပ်သား.. လက်ဖက်ရည်ဆိုင်မှာ.. သီချင်းဖွင့်တာကနေ.. ထစကားများ.. ရိုက်ကြ..ပြုကြဖြစ်တဲ့အချိန်က.. . နိုင်ငံတော်လူကြီးများ(ဆိုသူ)များရဲ့.. အထူးအစည်းအဝေးရှိနေတာမို့.. ပြည်ထဲရေးဝန်ကြီးက..မူးမူးနဲ့..လူအုပ်ကို.. ပစ်မိန့်ပေးလိုက်တာလို့.. သိထားတယ်.။
    အစပိုင်း.. မီးသတ်ကားနဲ့ရေပက်တော့.. ကျောင်းသားတွေများ.. အင်းစိန်လမ်းပေါ်.. သီချင်းဆို. ကနေကြတာ..။
    လုံထိန်းတွေနေရာယူတော့မှ.. ကျောင်းထဲဝင်ပြေးကြတာကို.. နောက်ကနေ..ေ-ာက်ရမ်းပစ်ထည့်လိုက်တာ..။

    အင်း..
    မနေ့တနေ့ကလို..။

  • ခင်ခ

    March 13, 2013 at 1:34 pm

    သမိုင်းကြောင်းကိုပြန်ပြောင်းလို့တော့ မပြောချင်တော့ဘူး။
    ရင်ထဲမှ သိမ်းထားရတာလည်း သေရာပါဒါဏ်ရာ အမာရွတ်လိုဘဲ စွဲထင်နေပါတယ်၊
    အခုထိတော့ အရင်တိုင်းပါဘဲလို့ ထင်မြင်မိတယ်၊ အခု လက်ပံတောင်း မီးလောင်ဗုံးပစ်တဲ့ အဓိက တာဝန်ရှိသူဘယ်သူလဲဆိုတာ စုံစမ်းစစ်ဆေးရေးအစီရင်ခံစာထွက်လာပေမယ့် ဝေ့ဝေ့ဝါးဝါးပါဘဲ အဲဒီတော့ xxxx ဘာတွေကိုယုံကြည်ရမလဲ xxxxx ဒန္တာရီမဟုတ်သေးဘူး xxxx စစ်ပွဲပြီးစမြို့ပျက်ကြီးလို xxxx စိတ်ကူးတွေ အကုန်ပြိုလဲxxxx အိုး ဟို xxxxx ( သီချင်းဘဲ ဟစ်ကြွေးတာကောင်းပါတယ်လေ)

    • kai

      March 13, 2013 at 1:42 pm

      ကိုကြီးခရယ်..
      ပြောရတာ.. စိတ်တော့မကောင်းပါဘူး..
      ၈၈တုံးက.. လူအုပ်ထဲ.. စက်သေနတ်နဲ့မွှေ့တယ်.။ လက်ပစ်ဗုံးနဲ့ထုတယ်..ဆိုတာက. လူတွေသွေးချောင်းစီးအောင်.. သေပါတယ်..။
      တကယ်သေပါတယ်ဗျ..

      သေနတ်နဲ့ပစ်တယ်ဆိုတာ.. ထိရင်ပရုပ်ဆီလူးလို့မှမရတာ..
      ၈၈ ဆန္ဒတွေပြနေတုံးပစ်တယ်ဆိုတာ… စစ်သားက.. လမ်းမအလယ်မှာ..စက်သေနတ်ကို.. အထိုင်ချ..ဘေးကတယောက်က..ကျောလေးတွန်းထားပေးပြီး.. လူရိပ်မြင်ရင်.. ဒုတ်ဒုတ်ဒုတ်ဒုတ်… ဆိုတတွဲဆွဲ..
      ဆေးလိပ်လေးဖွာ..
      နောက်ခဏနေ.. တတွဲထပ်ဆွဲ..
      အဲလို..
      ရန်ကုန်မြို့.. ပန်းဆိုးတန်း.. ဘားလမ်းတွေပေါ်မှာပြောတာနော..။

      စိတ်တော့မကောင်းပါဘူး..
      ပြောရရင်.. လက်ပံတောင်းတောင်မှာ.. လူတယောက်မှ..မသေပါကြောင်းနော..
      ဆိုတော့..
      ဒါတွေ..ဒီလောက်ထိဖြစ်လာအောင်.. ရလာအောင်.. ရင်းခဲ့ရတဲ့သွေးတွေဟာ.. ချောင်းလို..မြစ်လို..။

      တိုတိုပြောရရင်.. လက်ပံတောင်းတောင်ကိစ္စက.. ရွေးကောက်တင်မြှောက်ထားတဲ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့အစီရင်ခံစာက..အတည်ဖြစ်သင့်တယ်..။
      အားလုံးလိုက်နာသင့်တယ်..။

      • ဦးကြောင်ကြီး

        March 14, 2013 at 9:09 am

        ဘွားဒေါ်ဂျီးကို ဆန့်ကျင့်ဂျ…..
        ဘွားဒေါ်ဂျီး ကျားအော်စီး မှားတော်ခွီး ဖားရှော်ဂွီး….
        ပြီးခဲ့တဲ့ အရေးအခင်းတွေမှာ တာဝန်ရှိခဲ့သူများ တောင်းပန်ခြင်းအမှု မပြုကြသေးတာ ခွင့်မလွှတ်နိုင်စရာပါ။ အချိန်ကြလာတာနဲ့အမျှ သေသူသေ ပျောက်သူပျောက် ဖြစ်သွားမယ်။ သမိုင်းဖျောက် မရပေမဲ့ သက်ရှိထင်ရှား အမှန်တရားဖော်ထုတ်ခွင့် ဆုံးရှုံးသွားပါမယ်။ လက်ရှိမှာ မဆလ တဖြစ်လဲ တစညပါတီရှိတယ်၊ ဒင်းတို့ ဝန်ခံရကောင်းမှန်း မသိဘူးလာ။ ထောက်လှမ်းရေး ရဲ စစ် ပြုတ် အဟောင်းတွေ ဝန်ခံဖို့ တိုက်တွန်းသင့်တယ်။ လက်ရှိမှာ နိုင်ကျဉ်းတွေဖက်က မီဒီယာမှာ ခံစားခဲ့ရတာ ကျယ်ကျယ်ပြန့်ပြန့် ရေးသားနေပေမဲ့ ကျူးလွန်ခဲ့သူများဖက်က တကောင်တမြီးမှ သတ္တိရှိရှိ ထွက်လာတာ မတွေ့ဘူး။ ဒါမျိုးဆိုတာ တဦးစရင် တအုံလုံး လိုက်လာတတ်လို့ တာဝန်သိတတ်သူတဦး ပေါ်ထွက်လာဖို့ တွန်းအားပေးရမယ်။ ကျုပ်ကစမယ်…. အရေးအခင်းမှာ ကျုပ် အင်ဖော်မာလုပ်ခဲ့တယ်၊ ကျောင်းသားဂေါင်းဇောင် မောင်မောင်ခိုင်ဆိုသူ ပုန်းနေတဲ့ နေရာကို ထောက်လှမ်းရေးကိုပြခဲ့တယ်။ အဲဒီအတွက် သမီးဒေါ်ဂလေး နောင်ရေး လုံးဝတာဝန်ယူဖို့ ဆုံးဖြတ်ထားတယ်။ ဒါဗျဲ :byae:

  • kyeemite

    March 13, 2013 at 1:57 pm

    သဂျီးခင်ဗျား…သဂျီးဖြည့်စွက်ပေးတာအမှန်တွေပါပဲ…ကျေးဇူး။
    အဲဒီအချိန်က..ကျနော်က ကျောင်းပီးလို့ နယ်မှာ အလုပ်စဝင်ခါစပါ…
    အလုပ်ရခါစ ဝန်ထမ်းအသစ်စက်စက်ကလေးပေါ့….မိဘတွေက ရန်ကုန်မှာ…
    ၁၉၈ရ မှာ ငွေစက္ကူတွေဘာမပြောညာမပြော.. ကောက်သိမ်း လိုက်တော့
    အိမ်ကို ပြန်ထောက်ပံ့ဖို့ မသုံးမဖြုံးပဲ စုထားတဲ့
    ငွေလေးတွေ(မှတ်မှတ်ရရ ၂၅ကျပ်တန်အသစ်စက်စက်လေးတွေ)
    သုံးစားမရတော့လို့ အတော်ခံစား ဒေါသထွက်ခဲ့ရပါသေးတယ်… :chee:
    ကျောင်းတော်ကြီးမှာလည်း…သံယောဇာဉ်မဖြတ်နိုင်သေးသူ :hee:
    ဘော်ဒါတစ်ချို့ ကျန်ခဲ့သေးတော့ ကျောင်းသားတွေ ငွေသိမ်းလို့ ဆူပူကြတာလည်းကြားရပါတယ်…
    အဲဒီနေရာမှာ သဂျီးပြောသလို..“အဲဒီဂယက်ကြောင့်..ကျောင်းတွေအတင်းပိတ်ပြီး..တက္ကသိုလ် ကျောင်းသားတွေကို နယ်အတင်းပြန်ခိုင်းလိုက်ရတာပါပဲ..”
    ဆိုတာလည်းကောင်းကောင်းမှတ်မိနေပါသေးတယ်…
    နောက်ကျောင်းတွေပြန်ဖွင့်ပြီး….မတ်လပြဿနာဖြစ်မှ သဂျီးပြောသလို
    စက်မှုတက္ကသိုလ်နဲ့.. ရန်ကုန် တက္ကသိုလ် (ပင်မ)နှင့် အခြားနယ်မြေများဖြစ်သော လှိုင်၊ကြည့်မြင်တိုင်၊ ဗိုလ်တထောင်နယ်မြေမှ ကျောင်းသားများ စုစည်းမိသွားပြီး
    ချိပ်ဆက်သွားရာက..ရည်ရွယ်ချက်ရှိရှိနဲ့.. တောက်လျှောက်ဆက်ဖြစ်သွားတာဖြစ်ပါကြောင်း..။
    ပို့အပေါ် စိတ်ရှည်ရှည် အမှန်ကိုထောက်ပြမန့်ပေးတဲ့ အတွက် နောက်လူတွေ
    အမှန်သိရလို့ သဂျီးကို ကျေးဇူးအများကြီးတင်ပါဂျောင်းးးး

  • MaMa

    March 13, 2013 at 2:54 pm

    အဲဒီငွေစက္ကူသိမ်းတာက ဒုတိယအကြိမ်လို့ ထင်မိတယ်။
    ပထမအကြိမ်တခါသိမ်းဖူးသေးတယ်။
    နွေကျောင်းပိတ်ရက် စက်ရုံဆင်းနေတဲ့အချိန်မှာ ဖြစ်တာမို့ စက်ရုံတူတူဆင်းကြတဲ့သူတွေရဲ့ အိမ်တွေက တစ်အိမ်နဲ့တစ်အိမ် ဆက်သွယ်ပြီး စက်ရုံကို သူငယ်ချင်းအဖေ လိုက်လာပြီး ငွေလာပို့သွားတာ မှတ်မိသေးတယ်။
    အဲဒီအချိန်တုန်းကတော့ ငွေနဲ့အတူ မုန့်တွေအများကြီးပါလာလို့ စိတ်ညစ်စရာကောင်းမှန်းတောင် မသိလိုက်ဘူး။

    • kai

      March 13, 2013 at 3:22 pm

      ဘိုနေဝင်းတက်ပြီး.. ၆၄လောက်မှာ..အနည်းဆုံး ၁ခါသိမ်းတယ်လို့မှတ်မိတယ်..။
      ကျုပ်တို့လက်ထက်ကတော့.. မှတ်မိတာ.. ၂ခါပါ..။
      ဘိုနေဝင်းက.. သူအသက်နဲ့လိုက်ပြီးထုတ်ထားတဲ့..ပေါက်တပ်ကရကိန်းဂဏန်းငွေတွေလေ..။
      ၂ခါကပြန်အမ်းပေးတယ်မှတ်မိတယ်..
      ၈ရသိမ်းတဲ့.. ၇၅ကျပ်၊ ၃၅ကျပ်၊ ၂၅ကျပ်တန်တွေကတော့.. ပြန်မရတော့ဘူး..။

      • စောခက်သူ

        March 13, 2013 at 4:16 pm

        ကြုံလို့ကြားဘူးတာလေး ဝင်ဖျီးခွင့်ပြုပါသဂျီးမင်းခင်ဗျား
        ပိုစ့်ရဲ့စို့နဲ့တော့မဆိုင်လှပါဘူး
        ငွေစက္ကူသိမ်းဒဲ့အကြောင်းလေးပါ
        မြန်မာမှောင်ခိုလှေတစ်စင်းစင်္ကာပူမှာရှိနေတုန်း
        လှေပေါ်ကိုဖွတ်တစ်ကောင်တက်တာကို မြန်မာပြည်မှာနေတဲ့ လှေပိုင်ရှင်ကို
        ဘယ်သူပြောပြလို့ဘယ်လိုသိသွားလည်းသိဘူး
        လှေကို ခါလီ ဘာမှမတင်ဘဲမြန်မာပျီပြန်လာ
        ရောက်တာနဲ့
        ဘိတ်လိုင်းဖက်ကိုရောင်းထုတ်လိုက်တယ်
        ကြာပါဘူး ပိုက်ဆံတွေကြေငြာတော့ မွဲပါလေရော
        ဖွတ်
        ဖွတ်

        • ခိုင်ဇာ

          March 13, 2013 at 4:24 pm

          အဲ့ ဖွတ်က အစင်း ကြား ကြီးနဲ့ ထင်တယ်နော်။ :mrgreen:

        • marga thagyar

          March 14, 2013 at 1:37 pm

          Fot(iguana)’s color is green.

      • ကျနော့် တစ်သက်မှာတော့ ငွေအသိမ်းခံရတာ 2ခါကြုံပါတယ်။
        ပထမ 100တန်သိမ်းတုန်းက ကန့်သတ်ချက်နဲ့ပြန်ပေးတယ်ဗျ.
        အဲဒီတုံးက
        ပြန်အပ်စရာမရှိတဲ့လူက ရှိတဲ့လူဆီကယူပြီး အပ်ပေးတယ်။
        သူ့လဲပေးခ မုန့်ဘိုးပေးရတာပေါ့။.
        သတ္တိရှိရှိ ရိုးသားစွာ ရှိသမျှ အကုန်အပ်လိုက်တဲ့ကျနော်မိတ်ဆွေကတော့
        အမြတ်ခွန်မဆောင်ရသေးဘူးဆိုဖြတ်ထဲ့လိုက်တာ နှစ်သိန်းကျော်ကျော်လောက်အပ်တာ
        တစ်သိန်းစွန်းစွန်းဘဲပြန်ရလိုက်တယ်။
        လက်ဖက်ရည်တစ်ခွက်တစ်ကျပ် တွက်သာကြည့်ပေတော့ ဘယ်လောက်တန်လဲဆိုတာ.
        နောက်တစ်ခါ 35-75 ကျပ်မှာတော့ စုထားတာလေးအကုန်ပါသွားတာပါဘဲ။
        အဲဒီကစပြီး ပိုက်ဆံစုတဲ့အလုပ် မလုပ်တော့ဘူး

  • အရီးခင်လတ်

    March 13, 2013 at 4:10 pm

    ဒီလို နေ့မှာ မဖြစ်မနေ ပြန်ပြောရမဲ့ အကြောင်းလေး အတွက် ကကြီးမိုက် ကို ကျေးဇူးတင်ပါတယ်။

    ဘာအကြောင်းဘဲ ဖြစ်ဖြစ် Feedback ဆိုတာ အမြဲ လိုပါတယ်။
    ဒါမှသာ ကိုယ်သွားနေတဲ့လမ်း မှန်မမှန်၊ ကိုယ်လုပ် နေတဲ့ အလုပ် အကျိုးဖြစ်မဖြစ် သိမှာပါ။
    အချိန်တွေကုန်ခဲ့ပေမဲ့ လမ်းမှန်ပေါ် မရောက်သေးတဲ့ ကျွန်မတို့ နိုင်ငံ အတွက်လဲ feedback လိုပါတယ်။
    ဒီတော့ သမိုင်း ဆိုတာ ကို အမြဲ ပြန်ဆွ နေရမှာဘဲ။

    သူကြီးပြောသလို ၈၈ အရေးအခင်းမှာ ကျောင်းသားတွေတင်မဟုတ်ပါဘူး။
    ဘာမှ မဆိုင်ဘဲ အိမ်ထဲမှာ ထိုင်နေတဲ့ အပြစ်မဲ့ အရပ်သားတွေ လဲ သေခဲ့ပါတယ်။
    စစ်တပ် ရဲ့ သေနတ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး ဆိုတဲ့ ပါဝါပြဖို့ လမ်းတွေထဲ ကို ထိပ်ကနေ သေနတ်နဲ့ ရမ်းသွားလို့ပါ။
    အဲဒါ ကိုယ်တွေ့ပါဘဲ။
    ၈ရ ပိုက်ဆံတွေ သိမ်းတော့ ကျွန်မတို့ စာမေးပွဲတွေ ရပ်သွားတယ်။
    ကိုယ်ရင်းခဲ့တဲ့ အချိန်တွေ အလဟသ ကုန်ခဲ့တယ်။
    ၈၈က မတရားမှု ကို အဲဒီ အချိန်က ကျောင်းသားတိုင်း သိပါတယ်။
    ကျွန်မတို့ ဘယ်တော့မှ မမေ့ပါဘူး။
    အဲဒီတုန်း က ကျွန်မတို့ အလဟသ ဖြစ်ခဲ့တဲ့ အချိန်တွေ၊ ကျွန်မတို့ အနာဂါတ်ကို ရိုက်ချိုးခဲ့တဲ့ အခြေအနေတွေ က တကယ်တော့ ရပ်မသွားဘဲ လက်ရှိ မျိုးဆက် တွေမှာ နလန် မထူနိုင်အောင် ဒုက္ခပေးတော့ မယ် ဆိုတာ ကျွန်မတို့ မသိခဲ့လိုက်တာ စိတ်မကောင်းပါဘူး။

    အံ့ဩတော့ မနေတော့ပါဘူး။
    အဲဒီတုန်းက ကျောင်းသားဖြစ်ခဲ့ပြီး အာဏာရှင်ရဲ့ဖိနှိပ်မှု အတွက် ခါးသီးဖူးခဲ့ သူတွေ တစ်ချို့ ဟာ အခုချိန်မှာ သူတို့ ကိုယ်တိုင် ဖိနှိပ် အာဏာပြသူတွေ အဖြစ် ပြောင်းနေကြတယ် ဆိုတာ။
    ကျွန်မတို့ လူမညီ လို့ သာ ဒီ အာဏာရှင်စနစ် အမြစ်တွယ်နေတာပါ။
    စနစ် ထက် လူ တွေ က လောလောဆယ်မှာ အရေးကြီးနေပါတယ် လို့ ထင်တာပါဘဲ။

    ဒီတော့ ကိုယ့်နိုင်ငံ ကို တကယ်ချစ်ရင်၊ ကိုယ့်မျိုးဆက်လေးတွေ ကို နလန်ပြန်ထူပေးချင်ရင်
    အာဏာနဲ့ ကိုယ့်ကောင်းကျိုး လုပ်နေသူတွေကို အသေအချာ မြင်ကြပါ။
    သူတို့ကို ဖယ်ထုတ်ရမှာပါ။
    အနာဂါတ်နိုင်ငံ ကောင်းကျိုးအတွက် ကြိုးစားလုပ်ပေးနေသူတွေကို အသေအချာ ကြည့်ပါ။
    သူတို့ ကို ပံ့ပိုးပူးပေါင်း ပေးဖို့လိုပါတယ်။
    ဒါမှ အပြောင်းအလဲ ကောင်းကောင်း ဖြစ်မှာပါဘဲ။
    မဟုတ်လို့ ကတော့ ထူးမခြားနား ပတ်ပျိုး ဘဲ ကြားနေကြရပါမယ်။

    ဆင်းရဲတွင်းထဲက လူထု၊ စာမသင်ရတဲ့ ကလေးတွေ၊ နေဝင်ချိန် တရားရှာဖို့ မပြောနဲ့ အစားမှန်ဖို့တောင် ရုန်းကန်နေရတဲ့ လူအိုတွေ၊ လမ်းမှားကို ရောက်မှန်းမသိ ရောက်နေတဲ့ လူငယ် တွေ အတွက်
    လက်ရှိ ပါဝါရှိ တတ်နိုင်သူများ မပါလို့ အောင်မြင်မှု ကောင်းကောင်း မရနိုင်ပါဘူး။
    အမှန်မြင်ပြီး ကူညီကြပါလို့ တောင်းပန်ပါတယ်။
    တကယ်တော့ အားလုံးသိကြပါတယ်။
    ကျွန်မတို့ ငါ့အတွက် ဆိုတာကို လွယ်လွယ် နဲ့ မဖြုတ်နိုင်ကြတာ။
    ဒါပေမဲ့ အမှန်မြင်ပြီး ကူညီကြပါ။

  • kyeemite

    March 13, 2013 at 4:14 pm

    ဒါကြောင့် နောက်ဆုံးအကြိမ်ငွေသိမ်းခါစ အချို့ ပြန်အမ်းပေးမယ်ထင်ပီး
    လျှော့ဈေးနဲ့လိုက်ဝယ်ကြသေးတယ်..တချို့လောဘသားတွေပေါ့…
    နောက်လနဲ့ချီကြာလာပီး ပြန်လဲပေးဖို့ ဘာသံမှမကြားတော့မှငြိမ်ပီး လက်လျှော့လိုက်ကြတာ..
    ဇာဂနာ ကတောင် တီဗွီမှာပျက်လုံးထုတ်လိုက်သေး….
    “အခုချိန်မှစပီး အပါတ်စဉ်ပြန်ကြားပေးနေတဲ့ တပ်မတော်စာတိုက်အခန်းကိုအသံလွှင့်ပါတော့မယ်ချင့်..
    ဆိုပီး…ကိုယ်ပိုင်နံပါတ် ၂၅၃၅၇၅ တပ်သား ငွေသိမ်း စာမလာသတင်းမကြားရသည်မှာ ကြာပီဖြစ်ပါ၍
    ဤသတင်းကိုကြားသိပါက မိဘပြည်သူများထံ အဆက်အသွယ်လုပ်ပါရန် အကြောင်းကြားပါသည်”
    ဆိုပြီး…ပရိတ်သပ်က ပျက်လုံးကို ချက်ချင်းတောင်နားမလည်ကြဘူး…မှတ်မိသေးတော့..

  • nozomi

    March 13, 2013 at 7:16 pm

    အတိတ်က အဖြစ်အပျက်တွေက အစိုးရအတွက်ရော ပြည်သူလူထု အတွက် ပါ သင်ခန်းစာယူစရာပါ
    နာကျည်းမုန်းတီး စိတ်နဲ့ အမှတ်ရမနေသင့်တော့ဘူး
    ( အဲဒါမျိုး ဆို ဘယ်လို မှ ရှေ့ဆက်နိုင်မှာ မဟုတ်ဘူး)
    အခုလို သင်ခန်းစာယူစရာတစ်ခု အနေနဲ့ မှတ်မိနေရင် လုံလောက်နေပါပြီ

    ၈၈ ပြီးကာစ အန်တီ အရွယ် တစ်ယောက် ပြောတာလေး မှတ်မိနေသေး
    စစ်သားကို စိတ်နာလွန်းလို့ စစ်ဆိုတဲ့ အသံတောင် မကြားချင်ဘူး
    ရထားပေါ်မှာ စစ်တံဘက် တွေ့တော့ အံတောင် အံတယ်တဲ့
    ………………………………
    အခုတော့ လဲ အဲဒီ စစ်တပ်က လူကြီးတွေနဲ့ ငါးသလောက်တွေ ပေါင်း စားနေလေရဲ့

  • မောင် ပေ

    March 13, 2013 at 8:33 pm

    အဲ့တုန်းက ခလေးမို ့ ဘာမှ မသိနားမလည်ခဲ့ရပေမယ့်
    အရွယ်ရောက်တော့ စာတွေ ဖတ်ဖြစ်တော့
    အခုလို ဦးမိုက် တို ့လို ့အရေးအသားတွေကြောင့်
    တွေးမိရင် နာကျဉ်းစရာတွေချည်းပါပဲဗျာ

  • padonmar

    March 13, 2013 at 8:43 pm

    ၈၆မှာ ၇၅ ကျပ်တန် ၁၀ဝ တန် တွေကို တရားမဝင်ကြေငြာတာ စနေနေ့လည်တီဗွီက အရှိုက်ရုပ်ရှင်ပြနေတုံး
    ကြားဖြတ် အထူးသတင်းကြေငြာတာပါ။
    သတင်းကြေငြာပေးရတာ ဦးခင်မောင်?ဝင်း လို့ထင်ပါတယ်။
    သူက အသံတွေတောင်တုန်နေတယ်။
    ကြားကြားချင်း ပြည်သူ့ကုန်တိုက်က စနေနေ့ဖွင့်တော့ လူတွေ အဲဒီပိုက်ဆံတွေနဲ့ ပြေးဝယ်ကြတယ်တဲ့။
    အဲဒီပိုက်ဆံတွေက လူတစ်ယောက် ဘယ်လောက်ဆိုပြီး ပြန်လဲပေးခဲ့သေးတယ်။
    ၇၅/၁၀ဝ တန်ဆိုတော့ ဆင်းရဲသားမထိဘူး။
    ၈ရ မှာ နောက်တစ်ခါ ထပ်ပြီး ကြေငြာတော့ ၂၅ ကျပ်တန် (အမှတ်မမှားရင် စနေနေ့ပဲ၊ဒေါ်ခင်မလေး ကြေငြာပေးတာ)
    အဲဒီတော့ ဆင်းရဲတဲ့ ပဲပြုတ်သယ်မှာ ၂၅ ကျပ်တန် တစ်ရွက်ထဲရှိတာ စားစရာဘာမှ မရတော့ဘူး။
    ပြန်လဲပေးမယ်မျှော်လင့်ပေမယ့် လဲမပေးတော့ စိတ်နာခဲ့ကြတယ်။
    (ခုထိအိမ်မှာ သိမ်းထားတာတွေ ရှိသေးတယ်)

  • နေဝန်းနီ

    March 13, 2013 at 9:03 pm

    http://moemaka.com/?p=32823 အဲဒါလေးဖတ်ကြည့်ပေးပါ….။ အာဏာရှင်တွေ….-အာဇာနည်တွေ ဘာလို့ပေါ်ရသလဲ ဘာလို့များရသလဲ ???? အဓိက အချက်ကတော့ စည်းကမ်းပဲ…။ အင်္ဂလန်မှာ ဒုတိယ ကမ္ဘာစစ်ပြီးတော့ စားနပ်ရိက္ခာ ရှားပါးတယ် …။ အငတ်ခံတယ်…။ ကြွေးတင်ခံပြီး လျှာအရသာမခံဘူး….။ ဗမာတွေက ဒီလိုမဟုတ်ဘူး …။ အငတ်မခံနိုင်ဘူး…။ စားနိုင်သောက်နိုင် ဇိမ်ခံနိုင်တဲ့ကောင်တွေကို ကြည့်ပြီး လိုက်လုပ်ချင်တယ်…။ ဘာပဲလုပ်ရ လုပ် ရ ငွေရရင်ပြီးရော လုပ်လိုက်တယ်…။ စည်းကမ်းသတ်မှတ်ချက်မရှိဘူး…။ ခုဆိုပိုတောင်ဆိုးသေးတယ် …။ ရလမ်းမသေချာ ရဖို့ မမျှော်လင့်သင့်တဲ့နေရာတွေမှာ ကြွေးတင်ခံတယ်…။ ဘာတွေရှိရမလဲ သားမင်္ဂလာဆောင် ကြွေးတင်ခံပြီးဆောင်ပေးတယ်…။ ရတဲ့ လက်ဖွဲ့နဲ့ ကြွေးပြန်ဆပ်မယ်မျှော်လင့်ချက်နဲ့ …။ ပြီးတော့ ဘေးပတ်ဝန်းကျင်က ဝင်ကူမဲ့ အလှူငွေကို မျှော်ကိုးပြီးတော့ အလှူကိုဟီးနေအောင် ကြွေးတင်ခံပြီးလုပ်တယ်…။ ဒါလုပ်သင့်သလား …။ ဝင်ငွေထွက်ငွေပေါ်မှာ စည်းကမ်းမရှိတာ …။ ကိုယ့်မှာမှ မရှိရင် မလုပ်နိုင်တာ ရှက်စရာလား …။ မရှက်ရမဲ့ဟာကို ရှက်တယ်…။ ရှက်ရမဲ့ဟာ ကိုမရှက်တတ်ဘူး…။ နောက်အာဏာရှင်ပေါ်လာတဲ့ကိစ္စ …။
    တွေ့သမျှစာအုပ်တွေ လိုက်ဖတ်ကြည့်ပြီးတွေးမိတာပါ…။ 1962 တုန်းက ဦးနုက သူမနိုင်လို့ စစ်တပ်ကိုအာဏာသိမ်းခိုင်းတာ ….။ နောက် 1988 မှာလည်း ဦးနေဝင်းက စစ်တပ်ကို အာဏာလွဲလိုက်တာ …။ ခေါ်ပြီးတော့ကိုလွဲတာဆိုပဲ…။ အာဏာသိမ်း အဖွဲ့ မှာ ဘယ်သူကခေါင်းဆောင် ဘာ်သူက အဖွဲ့ဝင် တစ်ခါတည်းတောင်ရွေးပေးလိုက်တယ်ဆိုပဲ….။ အဲဒါကို တိုင်းပြည်ကို ထိန်းသိမ်းတယ်လို့ ပြောလို့မရပါဘူး …။ ကိုယ်လုပ်ချင်သလိုလုပ်လို့ မရတဲ့အချိန်မှာ တိုင်းပြည်ကို တစ်ဖက်လှည့်နဲ့ဆက်လုပ်လို့ရနေအောင် စစ်တပ်ကို ပေးလိုက်တာပဲ…။ သူ့တို့ခါးပိုက်ထဲမှာရှိမရှိတော့ သက်တိုင်တဲ့သူတွေပဲသိလိမ့်မယ်….။
    ပိုက်ဆံသိမ်းတဲ့ကိစ္စက 1984 မှာ တစ်ရာတန်တွေသိမ်းလိုက်သေးတယ် …။ အစပိုင်းအပြည့်ရတယ်…။ နောက် 75% နောက်ဆုံး 50% ရလိုက်တဲ့သူတွေရလိုက်တယ် အဲနှစ်က မှတ်မှတ်ရရ ဆယ်တန်းတက်နေတဲ့နှစ်…။ 1987 မှာ 75/- 35/-25/- သိမ်းတော့ မန္တလေးမှာ ဒုတိယနှစ် စာမေးပွဲဖြေနေတုန်း…။ စက်တင်ဘာငါးရက် စနေနေ့…။ လဆန်းပိုင်းဆိုတော့ ကျောင်းသားတွေ ဆီ အိမ်က ပို့လိုက်တဲ့ငွေရောက်လာကာစ…။ စာမေးပွဲတွင်းဆိုတော့ သိတဲ့အတိုင်းပဲ အိမ်တွေက ပိုက်ဆံတွေ ပိုပြီးပို့ပေးကြတယ်…။( နေဝန်းနီတို့က ပို မပေးရင် အိမ်မပြန်ဘူး …။ နောက်ကလိုက်ခေါ်မှ ပြန်တာ …။ လမ်းစရိတ်မရှိလို့ ထပ်မှာတာ =ဤကားစကားချပ်) အဲဒိလိုပို့ပေးကြတာတွေကလည်း လူကြုံနဲ့ပေးတာဆိုတော့ အားလုံးလောက်က အရွက်ကြီးတွေချည့်ပဲ…။ အဲဒိမှာကျောင်းသားတွေ သုံးစရာ နောက်ဆုံး အစိတ်တန်က ဆေးလိပ်တစ်လိပ်တောင်မရတော့ ဒေါသတွေက ငယ်ထိပ်ရောက်ကုန်တာ …။ အဲဒိတော့မှ ဘူတာမှာ ရထားတွဲတွေထိုးပေးပြီး ကျောင်းသားတွေကို အတင်းပြန်လွှတ်တော့တာ …။ ပြန်မလွှတ်ရင်လည်း ဆူတော့မှာ …။ မနက် 11နာရီမှာကြေငြာပြီးတော့ နေ့လည် 1နာရီလောက်မှာ စီတန်းလှည့်နေပြီ…။ ရထားပေါ်ကို လက်မှတ်ဝယ်စရာမလိုပဲ ကျောင်းသားကတ်ပါရင် တက်စီးလို့ရတယ်…။ တစ်ပတ် ဆယ်ရက်လောက်ရှိမယ်…။ အဲဒိမှာ အစိတ်တန်တွေ အီးကုန်းခံရတော့တာပဲ…။ ကျန်တဲ့ 75/- တန်နဲ့ 35/- တန်က သေးလို့ အီးကုန်းရတာမကောင်းဘူးတဲ့ …….။ ရထားပေါ်မှာ လုပ်ကုန်တာပြောပါတယ်…။ အဲဒါကြောင့် 8888 အစက ငွေစက္ကူသိမ်းတာကနေစတာပါ…။ နေဝန်းနီရဲ့ မဆုံးတဲ့သီချင်းမှာလည်းထည့်ရေးပေးခဲ့ဖူးပါတယ်…။

  • padonmar

    March 13, 2013 at 9:23 pm

    မလတ်ပြောတဲ့ အာဏာရှင်တွေရဲ့ ဖိနှိပ်မှုကို ခါးသီးခဲ့တဲ့သူတွေ ကိုယ်တိုင် အာဏာရှင်တွေဖြစ်နေတယ်ဆိုတာလေး ဖတ်မိတော့ ငယ်ငယ်ကဖတ်ခဲ့ရတဲ့ တေဇရုပ်စုံထဲက ပုံပြင်လေးသတိရမိတယ်။
    ရွာလေးတစ်ရွာကို ရွာအနားကတောင်ခေါင်းကြီးထဲမှာ နေတဲ့ ဘီလူးကြီးက လာလာနှိပ်စက်ပါတယ်။
    တစ်နေ့တော့ အဝေးက လှံကိုင် သူရဲကောင်းတစ်ယောက်ရောက်လာပြီး အဲဒီဘီလူးကြီးကို နှိမ်နှင်းဖို့ တောင်ခေါင်းကြီးဆီထွက်သွားပါတယ်။
    နောက်ရက်တွေမှာ လာနှိပ်စက်တဲ့ ဘီလူးက လှံကြီးကိုင်လာပါတယ်။
    တစ်ရက်ကျတော့ ဓားကိုင်သူရဲကောင်းတစ်ယောက်ထပ်ရောက်လာပါတယ်။
    သူက လှံကိုင်ဘီလူးကို နှိမ်နှင်းဖို့ ထွက်သွားပြန်ပါတယ်။
    ဟော နောက်ရက်တွေကျတော့ လာနှိပ်စက်တဲ့ဘီလူးက ဓားကိုင်ဘီလူးဖြစ်သွားပြန်ရော။
    အဲသလို ဘီလူးတွေ အဆက်ဆက်ပြောင်းနှိပ်စက်ခံနေရရာကနေ
    ရွာသားလေး မောင်သူရရဲ့ ချစ်သူ မစပယ်လေးကို တောင်ခေါင်းထဲက ဘီလူးကလာဖမ်းစားသွားတော့မှ ဒေါသတွေထွက်ပြီး
    သူကိုယ်တိုင် ဒီဘီလူးကို ကိုင်းခုတ်ဓားဆွဲပြီး သတ်ပါတော့တယ်။
    သူသတ်လို့သေတဲ့ ဘီလူးက မသေခင်တောင်ခေါင်းထဲ လက်ညှိုးထိုးပြလို့ ဝင်သွားကြည့်တော့ ကျောက်သံပတ္တမြားတွေ အများကြီးတွေ့ရပါသတဲ့။
    သူလည်း ဝမ်းသာအားရနဲ့ ငါတော့ စားမကုန်တော့ဘူးဆိုပြီး ဆွဲကြိုးတွေဆွဲ၊လက်ကောက်တွေဝတ်လုပ်ပြီး မှန်ကြီးထဲကြည့်လိုက်တော့ သူ့မှာ အစွယ်တွေပေါက်နေတာတွေ့ရပါတော့တယ်။
    အဲဒီတော့မှ ဒီ ကျောက်သံပတ္တမြားတွေကြောင့် သူရဲကောင်းမှန်သမျှ ဘီလူးဖြစ်ကုန်ကြရတာရိပ်မိပြီး ဒီ ကျောက်သံပတ္တမြားတွေ အကုန် စွန့်ပစ်ပြီး ရွာသူရွာသားတွေ အတွက် သုံးတော့မှ အစွယ်တွေ ပျောက်၊လူပြန်ဖြစ်ရပါသတဲ့။
    ဒီပုံလေးလိုပဲ အာဏာ ကုလားထိုင်ဆိုတဲ ့ကျောက်သံပတ္တမြားတွေကို မက်မောသွားလို့ ဘီလူးအာဏာရှင်တွေ ဖြစ်လာကြတာပါ။
    အခုအာဏာမရသေးတဲ့ NLD ညီလာခံမှာတောင် ကုလားထိုင်လိုချင်တဲ့သူတွေ ပေါနေတယ်လို့ ဖတ်လိုက်ရပါတယ်။
    သတိရှိကြစေချင်ပါတယ်။

  • mobile

    March 13, 2013 at 10:07 pm

    ဝင်ရောက်လေ့လာသွာပါ၏……
    မသိသေးတဲ့ အကြောင်းအရာ အတော်များများ သိခွင့်ရသလို….
    ဖတ်ရတာ အင်မတန်ကို သဘောတွေ့လှပါ၏…………..

  • ဦးဦးပါလေရာ

    March 14, 2013 at 6:53 am

    88 တုန်းက အာဏာရှင်တွေဖိနှိပ်ခဲ့တယ်ဆိုတာ အမှန်ပါ
    ဗိုလ်နေဝင်းနဲ့ သူ့နောက်လိုက်တွေ ရက်စက်ခဲ့တယ်ဆိုတာလဲ အမှန်ပါ
    ဒါပေမယ့် အဲဒါ ၂ ချက်ထဲကြောင့် ကျုပ်တို့ ဒီကနေ့ ဒီဘဝရောက်နေတာတော့မဟုတ်ဘူး….
    သမိုင်းပန်းချီကားကြီးထဲမှာ အခြားဇတ်ကောင်တွေ အများကြီးရှိသေးတယ်….
    အခြားဇတ်လမ်းတွေ အများကြီးရှိသေးတယ်…..။
    အဲဒီတုန်းက ကျုပ်က ဘွဲ့ရပြီးကာစ လူလားမြောက်ပါပြီ…..
    ကိုယ်တွေ့ကြုံခဲ့တာတွေ အများကြီးမှအများကြီးရှိပါတယ်။
    ဒါပေမယ့် ထုတ်မပြောဘူး… မပြောရဲဘူး ဆိုပါစို့ ……
    ပြောရင်လဲ လူအများလက်ခံယုံကြည်မှာမဟုတ်ဘူး။

    • kai

      March 14, 2013 at 9:05 am

      စေ့စေ့တွေးရင်.. ၈၈အရေးတော်ပုံရဲ့.. ဖန်တီးရှင်က.. ဦးနေဝင်းကိုယ်တိုင်လို့..ရေးရေးမြင်ရလိမ့်မယ်..။
      မယုံရင်.. ဦးခင်ညွှန့်မေးကြည့်…။ :kwi:
      ဒီလောက်ပဲ..။

      ဆိုတော့..
      ၈၈ အရေးတော်ပုံကို.. ကျောင်းသားနဲ့အရပ်သားရိုက်ပွဲဖြစ်တာကနေ.. စဖြစ်သယောင်နဲ့သေးသိမ်အောင်..လူထုရဲ့သားဖြစ်တဲ့.. ကျောင်းသားနဲ့..အရပ်သားခွဲပြီး.. စိတ်ဓါတ်စစ်ဆင်ရေးလုပ်ခဲ့တာ.. စစ်အစိုးရပါ..။
      ဒါကို.. သမိုင်းသလ္လာဖုံးပြီး.. လက်ခံစရာမလိုပါဘူး..
      ၈၈ အရေးတော်ပုံဟာ.. ၈ရ ငွေစက္ကူသိမ်းတာကစ မီးပွားဖြစ်တယ်..။
      အချိန်ကိုက်.. သန့်/မှိုင်း၊ အရေးအခင်းထဲက ကျောင်းသားဟောင်းကြီးတွေဝင်ရောက် လှုပ်ရှားကြလာတာကနေ.. ရည်ရွယ်ချက်ရှိရှိနဲ့.. မဆလစနစ်ကို ဖြုတ်ချလိုက်တာပါပဲ..။

      အဲဒါလေး.. ဦးပါကိုတိုင်တည်ပြောထားခဲ့မယ်..။ :harr:

  • ဦး ကျောက်ခဲ

    March 14, 2013 at 9:20 am

    အင်း… သဂျီးပြောတာအမှန်ပါ၊ ကိုဖုန်းမော်က မဆလပါတီကေဒါခင်ဗျ…
    တက္ကသိုလ်အရံတပ်ရင်းမှာတောင် ပါသလားပဲ…
    ကျောင်းပြီးရင် တပ်ထဲဝင်မယ်လို့ သူ့သူငယ်ချင်းတွေကိုပြောဖူးတယ်လို့ မှတ်ထားမိတယ်…
    မှတ်မိသေးတယ်ဗျာ…
    ဆမူဆာ ဘိုအောင်ကြီးရဲ့ ဦးနေဝင်းသို့အိပ်ဖွင့်ပေးစာများကို လက်ရေးနဲ့ကူးလို့ နီးစပ်ရာလိုက်ဖြန့်ကြတာကိုပါ…
    အရိုက်ခံရတဲ့ည ဆေးရုံကြီးအရေးပေါ်ဋ္ဌာနမှာ ကျောင်းသားအုပ်ကမနည်းဘူးဗျို့…
    အဲသည်နှစ်က ၁ဝတန်းစာမေးပွဲကိုတောင် ဧပြီလကိုရက်ပြောင်းလိုက်ရတာကိုရော…
    လှည်းတန်းမှာ လုံထိန်းလိုက်ရိုက်လို့ ပြေးခဲ့ရတာကိုရော…
    တက္ကသိုလ်ဝင်းထဲ RC ကတရားပွဲတွေကိုရော…
    မှတ်မှတ်ရရ ကိုမင်းကိုနိုင်က မျက်နှာမဖုံးပဲ တရားတက်ဟောတာကိုရော…
    ပြောရရင်ဖြင့်…..

    • ကျနော်အညာသားပါခင်ဗျက ………………….8888လုံးကိုအစပြုစေဘို့
      လှုံ့ဆော်ခဲ့တဲ့ အကြောင်းအရာတစ်ခုဆိုရင်လဲမမှားပါဘူး။

  • ဦးဦးပါလေရာ

    March 14, 2013 at 9:42 am

    အပေါ်မှာ သူကြီးက အစထုတ်လာလို့
    မနေ့က လဲ မျက်စိနောက်စရာတွေတွေ့လာလို့ အမုန်းခံလိုက်ဦးမယ်…။

    ခင်ဗျားတို့မှတ်ထား…
    ကျောင်းသားဆိုတာလဲ အရပ်ထဲနေရင် အရပ်သားပဲ
    အရပ်သားကပဲ ကျောင်းသွားတက်တော့ ကျောင်းသားဖြစ်တာ..
    အဲဒါကို အရပ်သားလူဆိုးလူမိုက်တွေ(ဦးကျောက်လုံး၊အံ့ကျော်)က ကျောင်းသားလူငယ် လူရိုးလူကောင်းလေးတွေ(ညွန့်ဝင်း၊ ကျော်ဟိန်း) ကို ဝိုင်းရိုက်လို့
    အဲဒါကို အာဏာပိုင်တွေက အရေးမယူလို့ ဆိုပြီး
    အိုးမဲသုတ် ဇတ်ကားရိုက်ထားတာ အခုထိ အဟုတ်မှတ်ကြတုန်း…။

    လူငယ်ဘဝမှာ ရန်ဖြစ်တာဘာဆန်းသလဲလို့
    (အထူးသဖြင့် အာအိုင်တီက ဆိုရင်ပေါ့လေ… ကွိ.. ကွိ.. :kwi: )
    ကျုပ်လောက် အေးအေးချမ်းချမ်းနေတဲ့သူတောင် တစ်ခါနှစ်ခါလောက်တော့
    ထိုးလိုက် ကြိတ်လိုက် ရေနွေးအိုးနဲ့ကောက်ထုလိုက် လုပ်မိသေးတာ…။
    ခေါင်းကွဲ… ဒူးပြဲ…. သွားကျိုး သေးတာ…။
    သူ့ဟာသူသာဆို ပြီးတော့လဲ ပြီးတာပဲ…
    မပြီးသေးရင်တော့ တခုခုမှားနေပြီလို့ သဘောပေါက်ကြသင့်တာပေါ့…..။

    ရေးကြ… ရေးကြ…
    ရွှေစက်တော်သမိုင်းရယ်…..
    ကျိုက်ထီးရိုးသမိုင်းရယ်…..
    ရှစ်ဆယ့်ရှစ်သမိုင်းရယ်…..

    • ရဲစည်

      March 14, 2013 at 5:11 pm

      ဟိဟိ ….
      သဂျီးလေသံနဲ့ ပြန်အပစ်ခံရတာ …
      ရေးကြ… ရေးကြ…
      ရွှေစက်တော်သမိုင်းရယ်…..
      ကျိုက်ထီးရိုးသမိုင်းရယ်…..
      ရှစ်ဆယ့်ရှစ်သမိုင်းရယ်….. :mrgreen:

      အဲ့တုန်းက ကျောင်းမုန့်စားတန်းမှာ
      မုန့်ဟင်းခါး တွယ်နေတာ …… လက်ကိုင်ပဝါတွေ အတင်းလက်မှာ လိုက်စီးပီး ကျောင်းအပြင်ကို အတင်းထုတ်ခံရတယ်။ ကြောက်ကြောက်နဲ့ ထွက်ပြေးတာ မှုန်နေတာဘဲ …
      ကနေ့အထိတော့ အတိတ်မှာ ကျန်ခဲ့တဲ့ သမိုင်းလို့ဘဲ မှတ်ယူတယ် …။
      နောင်ကြုံလာရင် ဆင်ခြင်နိူင်အောင်လို့….
      ကျန်တာတော့ ခံစားချက် မပြင်းလို့ မပြောတတ်ဘူးရယ် ..။

      ဗုဒ္ဓ ရှိစဉ်အခါ လူမဖြစ်ခဲ့လေတော့
      ခုချိန်မှာ အဲ့ခေတ်က လူတွေလောက် ယုံကြည်အားထုတ်ဆင်ခြင်ကျင့်ကြံနိူင်မှု အားနည်းတာတော့ အပြစ်မဟုတ်ဘူး ထင်တာဘဲ။

  • kyeemite

    March 14, 2013 at 11:20 am

    ကျုပ်လောက် အေးအေးချမ်းချမ်းနေတဲ့သူတောင် တစ်ခါနှစ်ခါလောက်တော့
    ထိုးလိုက် ကြိတ်လိုက် ရေနွေးအိုးနဲ့ကောက်ထုလိုက် လုပ်မိသေးတာ…။
    ခေါင်းကွဲ… ဒူးပြဲ…. သွားကျိုး သေးတာ…။

    အိုး ..မိုင် ပဂိုးဒါး…
    ငှက္ကဋ္ဌဟောင်းကြီးကလည်း အစွမ်းအစ မသေးပါလား….
    နောက်ကော်ဖီဆိုင် ထိုင်ရင် ကရုစိုက်သတိထားမှ…
    မတော်… ရေနွေးအိုးနဲ့ကောက်ထုလိုက် မှဖြင့်… :harr:

  • awra-cho

    March 14, 2013 at 11:48 am

    ဩရတို့တော့ ခုနှစ်တန်းနှစ်မှာပါ။ စာအုပ်တော်တော်များများ ဖတ်နေပြီ၊ သခင်ဇင်၊ ချစ်နောက်ဆုံးနေ့များ၊ အရှေ့က နေဝန်းထွက်သည့်ပမာ၊ သခင်သန်းထွန်း နောက်ဆုံးနေ့များ ၊ သိန်းဖေမြင့်၊ ရွှေဥဒေါင်း စသဖြင့်ပေါ့၊ နိုင်ငံရေး နည်းနည်းတော့ တီးခေါက်မိပြီပေါ့။ ဒါပေမယ့် လမ်းးလျှောက်တဲ့ထဲတော့ ပါပါဘူး၊ ရပ်ကြည့်လိုက် ၊ ဆော့လိုက် မုန့်စားလိုက် ပေါ့၊
    နောက်ပိုင်း တော့ အဖြစ်မှန်ကို ရေးရေးတော့ သဘောပေါက်လာတာပေါ့ ဗျာ၊ အပေါ်ကစာတွေ ၊ သတင်းစာထဲက ဟာတွေ၊ ဗိုလ်ကျင်မောင်တို့ အစည်းအဝေး မှတ်တမ်းတွေ အားလုံး ပေါင်းကြည့်ရင်တော့ ၊အမှန်ဆိုပြီး ကောက်ချက်ဆွဲလို့ ရမယ်ထင်တာပဲ။ ဒါပေမယ့် အဲဒါက တကယ်အမှန်လား ဆိုတာ အတည်ဘယ်သူ ပြုပေးနိုင်မလဲ၊

Leave a Reply