ဝမ်ပေါင်အမှိုက် သံယောင်မလိုက် new vision

ဝမ်ပေါင်စီမံကိန်း ဆက်လုပ်မယ်လို့ ဘွားဒေါ်ဂျီး ပြောလိုက်ပါပြီ။ ဘာဆက်လုပ်မလဲ ငုံ့ခံမလား တုံ့ပြန်မလား။  တကယ်တော့ ဝမ်ပေါင်အရေးအခင်း စုံစမ်းရေးကော်မရှင်ဆိုတာ အချိန်ဆွဲမှု သက်သက်တခုထက် ပိုပုံမရဘူး၊ အင်္ဂလိပ်လို time buying ခေါ်တာပေါ့နော်။ ခုထွက်လာတဲ့ အစီရင်ခံစာပါ အချက်အလက်တွေ ဖတ်ကြည့်ပါ၊ တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ မဟုတ်ဘဲ ဘက်နှစ်ဘက် ကြားချထားတဲ့ အပြောတွေသာ ဖြစ်နေတယ်။ ဒီလောက်တော့ ကြောင်တဂေါင်ထဲ အမြီးနှံ့ လုပ်တတ်တယ်။ လူတွေတလှေဂျီးနဲ့ လေးငါးလလောက် အချိန်ဖို့ မလို…..မလို။ ကြားထဲ ၈၈မျိုးဆက် ကျောင်းသားအဖွဲ့ ဆွဲထည့်လိုက်သေးတယ်။ ဟိုကအချိန်မှီရှောင်နိုင်လို့ပေါ့ နို့မို့ရင် ငပိကြား ဆားအသိပ် ခံရအုံးမယ်။

ဘွားဒေါ် ၂၀၁ဝခုနှစ် ရွှေဂုံတိုင်မူဖျက်ပြီး ရွေးကောက်ပွဲ ဝင်ထဲက ဘယ်ခြေလှမ်း လှမ်းနေလဲ တွေ့နေရတာပဲ။ အခုဆို နိုင်ငံရေး ရည်မှန်းချက်၊ ပေါ်လစီ ဦးတည်ချက်တွေ ပိုမြင်လာရပြီ။ သူ့အနစ်နာခံမှု ပေးဆပ်ခဲ့မှုတွေ ငြင်းမရဘူး။ သူ့ကျေးဇူးတွေ မြန်မာပြည်အပေါ် တော်လှန်ရေးအပေါ် အများဂျီးရှိတယ်။ အပြန်အလှန်ပေါ့ဗျာ သူကပြောရင်လည်း ပြည်သူလူထု ကျေးဇူးတွေပဲ ရှိတာပါပေါ့၊ ထားပါတော့ ထားပါတော့ ဘာညာသာတကာ… သူတထူးကျေးဇူး သိတတ်ခြင်းဟာ မင်္ဂလာတပါးပါပဲ။ အရေးကြီးတာ ဘွားဒေါ်လမ်းစဉ် မူဝါဒကို ဘယ်လိုလက်ခံ စဉ်းစားမလဲဆိုတာ၊ နှစ်ပေါင်း ၂ဝကျော် မျိုးဆက် သူရဲကောင်းတင် တပ်ဦးမှာထား ပြောသမျှ နာခံလာခဲ့တော့ အခုလို ဂငယ်ကွေ့ အခြေအနေမျိုးမှာ အတော် ကသိကအောင့်နိုင်တယ်။ သို့ပေမဲ့ အခြေအနေ အချိန်အခါက တောင်းဆိုနေပြီ၊ သမိုင်းလိုအပ်ချက် ဖြစ်ကောင်းဖြစ်ပါမယ်။

ပြည်သူ အများစု ဘွားဒေါ်နောက် ဆက်ရှိနေအုံးမယ် ယူဆလို့ရတယ်၊ ရှိနေဖို့လည်း လိုအပ်တယ်… ၂၀၁၅မှာ ဘွားဒေါ်အစိုးရအဖွဲ့ ပေါ်လာမှ ဒီမိုကရေစီလမ်းကြောင်း ဖြောင့်မယ်။ သူကလည်း သမတလုပ်မည့်သူဆိုတော့ အခုထဲက ရုတ်ရုတ်ရုတ်ရုတ် လုပ်ခြင်သူတွေကို ကန့်သတ်တာ လုပ်နေပုံရတယ်.. နိုင်ငံရေးပါပဲ။ ရှေ့လျောက်  နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အရှုပ်အရှင်းတွေမှာ တရုတ်နဲ့ ဖိုက်တင်ပလေးရဖို့များတယ်။ အဲဒီပရောဂျက်တွေမှာ ကိုရွှေတရုတ်တွေက ငွေကြေး၊စက်ပစ္စည်းတင်မက အစောင့်အကြပ် အလုပ်သမားတွေပါ ထောင်သောင်းနဲ့ချီ ရောက်နေကြပြီ။ ဒီပုံစံနဲ့ ဘယ်လိုရှင်းကြမလဲ… ဖြစ်လာရင် နိုင်ငံအကျိုးအတွက် တိုင်းပြည်မျက်နှာ မပျက်စေဖို့ ညှိနှိုင်းရပါတယ် ပြောအုံးမှာပဲ။

ငါ့အသွေးငါ့အသား တရုတ်ဆော့ကစား..
ငါ့အသွေးငါ့အသား တရုတ်ဆော့ကစား..

တွက်ကြည့်ရင် ဘွားဒေါ် သမတဖြစ်ဖို့ တရုတ်ရဲ့ ထောက်ခံမှု အရေးကြီးတယ်၊ ဒါကြောင့် မဟုတ်တရုတ်မှန်း သိပေမဲ့ လိုက်လျောရတယ်။ ပုဂ္ဂလိကပိုင်းအရ မြင်ရင်လည်း ဘွားဒေါ်မှာ အချိန်သိပ် မကျန်တော့ဘူး။ ကျန်တဲ့ အချိန်လေးမှာ သမိုင်းမှတ်တမ်း အတင်ခံသွားခြင်တယ်။ တကယ်လည်း နှစ်၂ဝကျော်ကြာ ရုန်းကန်တိုက်ပွဲမှာ မျှော်လင့်သလို ရလဒ်မဖြစ်ခဲ့တာ အထင်အရှားပဲ။ ဒီတော့ အရင်းနဲ့ပိုင်းမယ် ဆုံးဖြတ်ကောင်း ဆုံးဖြတ်မယ်။ အပြစ်တင်နေတာ မဟုတ်ဘူးနော်၊ သူသူကိုယ်ကိုယ် အဲလိုပဲ ဆုံးဖြတ်ကြပါလိမ့်မယ်။ မမြင်ရတဲ့ ထွက်ပေါက် လိုက်ရှာနေတာထက် တွေ့နေတဲ့ အလင်းရောင်တန်းနောက်လိုက်တာ မှားတယ်ပြောရ အခက်သားလား….။

ဒီနေရာမှာ သိဖို့က သူ့အကျိုး ကိုယ့်အကျိုး ရှိတယ်ဆိုတာ။ တိုင်းပြည်အကျိုးစီးပွား ခေါင်းစဉ်အောက် ဝတ္ထု ရေးစတမ်းဆို ကိုယ်လည်းဘာလို့ မရေးနိုင်ရမှာလဲ… ဇာတ်လမ်းဇာတ်ကွက်ခြင်း တူခြင်မှ တူမှာပေါ့ဗျာ….။ လူအမျိုးမျိုး စိတ်အထွေထွေပဲဟာ..။  နောက်တခုက ဘွားဒေါ်ပြောထားတဲ့စကား… ဘာတဲ့ “သူ့ကိုယ်ချည်း၊ အန်အယ်ဒီကိုယ်ချည်း အားမကိုးပဲ ကိုယ်တိုင်လည်း လှုပ်ရှားရုန်းကန်ကြပါ” ဆိုတာ။ ဟန်ချက်ညီညီ သွားရင် ပဋိပက္ခထက် တိုးတက်မှု အသွင်ဆောင်ပါလိမ့်မယ်။ ဥပမာအားဖြင့် လက်ရှိ နိုင်ငံရေး အခင်းအကျင်းမှာ ၈၈နဲ့ အန်အယ်ဒီ မတူတဲ့လမ်းကြောင်း အပြိုင်သွားနေသလိုပေါ့ဗျာ။ တချိန်မှာ ခေါင်းခြင်းဆိုင် တိုက်သွားရင်လည်း.. အဲဒါတော့ မတတ်နိုင်ဘူး။ သမိုင်းက တောင်းဆိုနေပြီကိုး…။

သမိုင်းကြောင်း မရိုင်းကောင်း
သမိုင်းကြောင်း မရိုင်းကောင်း

ပွင့်ပွင့်လင်းလင်း ပြေရရင် ဒီအရေးဟာ ဘွားဒေါ်ဂျီး နိုင်ငံရေးဩဇာကို ကန့်သတ်ဖို့ အချိန်ကောင်းပဲ။ နိုင်ငံရေး ဩဇာပဲ ရှိသေးတယ်နော် နိုင်ငံရေးအာဏာ ဖြစ်လို့ကတော့ ပိုဆိုးမယ်ထင်တယ်။ ဂျင်းစိမ်းနဲ့ မိဿလင်ဗျာ… သူကြင်မှ ကိုယ်ကြင်.. တွေ့ဆုံကြုံကွဲ ဖြစ်မြဲဓမ္မတာ လောကနိယာမ သဘောပါပဲ။ ပုဂ္ဂိုလ်ရေးမပါ မူဝါဒ၊လမ်းစဉ် အခြေခံတဲ့ ကတ္တီပါလမ်းခွဲ ဖြစ်ပါတယ်။ ဝမ်ပေါင်စီမံကိန်း ဆန့်ကျင်မှုအရေး ကြီးထွားလာလို့ လပ်လပ်သွားတဲ့ နေရာ ဘယ်သူတွေယူမှာလဲ…။ ၈၈မျိုးဆက်အဖွဲ့ ခေါင်းထဲပြေးမြင်တယ်။ ဒီ့အရင် ဘွားဒေါ်ဂျီးကို ဆန့်ကျင်ပြီး အန်ဒီအက်ဖ်တို့ ဒီမိုကရက်ပါတီတို့ ပေါ်လာဖူးတယ်။ သို့ပေမဲ့ သူတို့က လက်နက်ချ လမ်းစဉ်လိုက်သွားတာ၊ စစ်တပ်၂၀၀၈ အခြေခံဥပဒေ လက်ခံပြီး နိုင်ငံရေးလုပ်ခွင့် ယူသွားကြတာ.. လုံးဝမယုံရဘူး။ ၈၈အဖွဲ့မှ လစ်လပ် နေရာမယူရဲရင် လက်ဝဲသမား ယူဂျီတွေ ဝင်တီးသွားလိမ့်မယ်။ အဲလိုဆို ပဋိပက္ခပိုဆိုးလိမ့်မယ်၊ ရှေ့အနာဂတ် နိုင်ငံရေးအတွက်လည်း မကောင်းဘူး။

နိုင်ငံအဝန်း  လှုပ်ရှားဆန္ဒပြမှုတွေ လုပ်ကြပါ။ ပရမ်းပတာ မဖြစ်ရအောင် ၈၈မျိုးဆက်အဖွဲ့မှာ တာဝန်ရှိတယ်၊ လူ့ဘောင်သစ်လို အော်မည့်ဆဲမည့် ဝေဖန်ထောက်ပြမည့်အဖွဲ့တွေ ဝင်လာမရ ဖြစ်နေပုံရတယ်။ ဦးသိန်းစိန် အစိုးရအဖွဲ့သက်တမ်း ၂နှစ်ကျော်လာပြီ၊ လွှတ်တော်ထဲ ဘွားဒေါ်ဂျီးရောက်တာ တနှစ်ကျော်ပြီ၊ တိုးတက်မှု မယ်မယ်ရရမတွေ့၊ လေဖမ်းဒန်းစီးနေကြတယ်။ ဒီပုံနဲ့ အုပ်ချုပ်ရေးအဖွဲ့သစ် ပေါ်ရင်ကော အားကိုးရမှာလား။ ဥပဒေပြုရေးမှာ လေနဲ့ပြုလို့ရတယ်၊ အုပ်ချုပ်ရေးပိုင်းကြတော့ မရဘူး။ ထိရောက်တဲ့ လုပ်ဆောင်ချက် ပါရမယ်။ ဒီပုံနဲ့ ဘွားဒေါ်ဂျီး တယောက်ထဲ ဝမ်းလေဒီရှိုးကြဲရင် ပြည်သူဖက်၊ ဒီမိုကရေစီသမားဖက်က ပိုနာဖို့မြင်တယ်။  အရေးတော်ပုံ ခေါင်းဆောင်ခေတ် မဟုတ်တော့ဘူး (အနည်းဆုံးတော့ လက်ရှိအချိန်) အာဏာယူ အစိုးရဖွဲ့မည့် နိုင်ငံရေးပါတီ ခေါင်းဆောင်ဖြစ်နေပြီ။ အဲလို နားလည်ရင် အာဏာမရမည့် ပြည်သူများ၊ ဒီမိုကရေစီ လိုလားသူ နိုင်ငံရေး သမားများအနေနဲ့ ပွင့်ပွင့်လင်းလင်း ကိုယ်ပိုင်လမ်းစဉ် မူဝါဒတခု ရှိနေသင့်ပါပြီ။

မြန်မာ့နိုင်ငံရေးသုခမိန် ပညာရှိကဝိ ဦးကြောင်ကြီး 😎

25 comments

  • ခိုင်ဇာ

    March 14, 2013 at 8:37 am

    ဒါ လည်း စဉ်းစားရမဲ့ နောက်အမြင် တစ်မျိုးပါလား။ 🙄
    နဲနဲ ဦးနှောက်ထပ်စားသွားပြီ။ 🙄

    အဲနီးဝေး၊ ခုသိသွားဘီ။
    ကြောင်ခေါင်း နာမည်ကြီးတာ ဒါကြောင့်ကိုး။
    :harr:

  • ဦးဖွတ်ကျား

    March 14, 2013 at 8:48 am

    တနေ့က ဆောင်းကလောက်မှာ ဂျင်းတွေသုတ်တဲ့ လယ်သူမယီး ရဲ့
    အူးတာဗျင်ကို နားထောင်လိုက်ရတယ်…။
    အသံကာလာ ကို မကြိုက်ဘူးဗျာ..။

    အဲ့လောက်ပါပဲ..။

    :byae:

  • ဦး ကျောက်ခဲ

    March 14, 2013 at 9:32 am

    ကျုပ်တို့နောင်တော် 88ကြီးများက လက်ရှောင်သွားကြတော့…
    သစ္စာရှိ အတိုက်အခံ ဘွားတော်ခေါင်းပေါ်ရောက်တာပေါ့…
    လူတွေကလည်းသွေးဆူ မထိန်းနိုင်ကြရင်တော့ ဒိုင်စားမှာမြင်ယောင်သေး…
    အပြင်ကကိုယ့်ဆရာကြီးကလည်း သပိတ်စုံ သူပုန်ထဖို့ချည်းလှော်နေတော့တာပဲ…
    ခက်တော့နေပြီ…

  • Myo Thant

    March 14, 2013 at 9:41 am

    ဝမ်ပေါင်နဲ့ပတ်သက်လို့ ဆရာမောင်ဝံသက ဒီလိုပြောပါတယ် ( ငါက ရေမြေ့သခင်ဖြစ်တယ်
    ဆိုပြီး ငါလုပ်ချင်တာလုပ်မယ်ဆိုရင်တော့ ဒီမိုကရေစီမဟုတ်တော့ဘူး။
    တိုင်းပြည်အကျိုးအတွက် ဒေသခံတွေက စတေးခံပြီးလုပ်ရမယ်ဆိုရင် ဒါဟာ
    သဘာဝမကျဘူး။ ပီရူးမှာဆိုရင် သမ္မတကိုယ်တိုင်က အမိန် ့ထုတ်တယ်။
    “ဒေသခံပြည်သူလက်မခံရင် အမျိုးသားအကျိုးစီးပွားအတွက် ဖြစ်စေကာမူ ဖွံ
    ့ဖြိုးရေးလုပ်ငန်းတွေကို မလုပ်ဆောင်ရ” ဆိုပြီး အမိန် ့ထုတ်ပါတယ်။ )

    တကယ်တမ်းပြောရရင် ၉ဝ မှာ ဒုက္ခတွေများခဲ့တယ် ၊ အပြင်ရောက်သူ အထဲဝင်ရသူတွေနဲ့ အစည်းပြေခဲ့ပြီ ၊ ၂၀၀၈ ကိုအတည်ပြုဖို့ နာဂစ်ကြောင့် မျက်ရည်စို့နေရသူတွေကိုလည်း နောက်မှာပဲ ထားခဲ့တယ် ၊ ရှင်းရှင်းပြောရရင် လုပ်ချင်ပြီ ဆိုရင် ဘာနဲ့မှ တားမရဘူး ၊ အခုလည်း ကော်မရှင်ဥက္ဃဋ္ဌ ပေးကတည်းက ဒါမျိုး ချိုးမယ်ဆိုတာ သိပြီးသား ၊ မီဒီယာအား အရမ်းကောင်းလာနေတာမို့ တချို့ကိစ္စတွေမှာ ဇက်သတ်လိုက်သလိုရှိပေမယ့် လုပ်ကိုလုပ်မယ့်အရေးမှာတော့ ဘာကိုမှ ဂရုစိုက်မှာ မဟုတ်ဘူး ၊ ကြားခံ အရုပ်ကလေးလည်း ရှိနေပြီလေ ၊ ဘယ်မလဲ နောက်ထပ်ခေါင်းဆောင် ၊ ခေါင်းဆောင်ဖြစ်ဖို့ အသာထား နောက်လိုက်ကောင်းတောင် ရှိရဲ့လား ၊ ထမိန်ထုပ်လိုက်ဆွဲတဲ့ အဆင့်ပဲရှိတယ် ၊ ဘာပဲပြောပြော ဝင်မပါသေးတဲ့ ၈၈ ကိုတော့ လေးစားတယ် ၊

    ( အလွန်အကျွံပြောမိရင် ရွာထဲမှ ဖွသလိုဖြစ်မှာစိုးတယ် ၊ ခွင့်လွှတ်ပါ ၊ )

  • first last

    March 14, 2013 at 11:21 am

    ” ကွား​ခံ အရုပျ​ကလေး​လညျး ရှိ​နေ​ပွီ​လေ…” I don’t think so, she do whatever she think the right to do.

    I believe her because of,

    BLOOD LINE and HISTORY.

  • ဦးဖွတ်ကျား

    March 14, 2013 at 12:12 pm

    ဆြာမောင်ဝံသ ကို လေးလည်း လေးစားပါတယ်..
    ဆြာ့ စာတွေလည်း နှစ်နှစ်ခြိုက်ခြိုက်ကို ဖတ်ပါတယ်…

    ပီရူးနဲ့တော့ သိပ် ထပ်တူပြုလို့ မရဘူးလို့ ..ကွဲပြားစွာမြင်မိပါတယ်ဗျာ…
    GDP per capita(PPP) အရကြည့်ရင်

    Peru 2010 >>> 9357.954 8.37 %
    Burma 2010 >>> 1255.795 4.56 %

    ပါတဲ့ .. ရဆခွဲလောက် ကွာနေသေးတာဗျာ..။

    http://www.indexmundi.com/peru/gdp_per_capita_(ppp).html

    http://www.indexmundi.com/burma/gdp_per_capita_(ppp).html

    အော်နေသူတွေ နောက်မှာ ညှပ်နေတဲ့ ဂဏန်းတွေကို ရှာကြဖို့လိုပါရဲ့…။

    :kwi:

    သခင်မျိုးဟေ့ ဒိုဘာမန်…

  • amatmin

    March 14, 2013 at 12:40 pm

    လက်ရှိအစိုးရကို အတိုက်အခံလုပ်ဖို့တောင်..မညီမညွှတ်ဖြစ်နေကြသေးကို..
    နောက်တခါ အစိုးရအတိုက်အခံကို.အတိုက်အခံပြန်လုပ်ဖို့..
    နောက်အတိုက်အခံထပ်တိုးလာမယ် ဆိုရင်တော့..
    ကြည့်ကောင်းအုန်းမှာပေါ့ အူးလေးရယ်.. 🙁

  • ကိုသင်း

    March 14, 2013 at 1:34 pm

    ပြည်သူ့ရှေ့မှာ မရပ်ရင် ပြည်သူ့ခေါင်းဆောင်မဟုတ်ဘူး၊
    ၈၈-ဆိုတိုင်းလည်း အထင်မကြိးနဲ့၊ ဖွဲနဲ့ဆန်ကဲွံ ရောနေတာ
    အများကြိး၊မူပြောင်းသွားပေမဲ့ လူမပြောင်းသေးတော့ တိုင်းပြည်ဖွံဖြိုးရေးဆိုတာ ဝေးသေးတယ်၊အော်လို့ရပြိ ဆိုပြိး အော်ချင်တိုင်းအော်နေလို့ကတော့ အကြောင်းမထင်တဲ့အပြင် လုပ်ကွက်တောင်ရသွားမယ်၊
    ဒိမိုကရေစိစနစ်မှာ အာဏာပိုင်နဲ့ အတိုက်အခံ ဆိုတာ
    အင်အားမျှမှ တိုင်းပြည်တိုးတက်တာ၊အတိုက်ခံ တွေ
    အချင်းခြင်း ပူးပေါင်းရမယ်၊သူတလူ ငါတမင်းနဲ့ ကုလား
    ထိုင်လုနေရင်တော့ မောင်ပုလဲဒိုင်းဝန်ထက်ကဲနေမှာပဲ။

  • kai

    March 14, 2013 at 1:54 pm

    ဒေသခံတွေကြည့်ရတာ.. လျှော်ကြေးများများလိုချင်ပုံရပါတယ်..
    ဟိုက..ဘီလီယန်ဘစ်ဇနက်ကြေငြာထားတာမို့ပါ..။
    ရွှေထုတ်ကြီးကို.. ဦးပိုင်ဖက်.. ဘယ်လွှဲပေးမလည်း..။ အခုက..ထီပေါက်ကြောင်းသိပြီးမှ.. ထီလက်မှတ်အလုခံထားရသူတွေလိုဖြစ်နေတာကိုး..။

    ဆိုတော့…
    ပိုင်ဆိုင်ခွင့်ကို.. သေသေချာချာအထောက်အထားတောင်းပြီး.. ရာဖြတ်တွေနဲ့.. ပေါက်ဈေးပြန်တွက်.. လျှော်ပေးလိုက်ရင်ပြီးသွားမယ်လို့.. ပြောလို့ရတယ်..
    တသက်လုပ်စားလို့ရအောင်.. တခုခုတော့ လုပ်ပေးရလိမ့်မယ်..။ :kwi:

  • mobile

    March 14, 2013 at 5:14 pm

    လေ့လာဖတ်ရှု့သွားပါ၏ဗျာ……
    ဝတ်ကျေတန်းကျေ ကွန်မန်းပေးတယ်တော့ ဟုက်ပါဘူး…..
    ဘာမန်းရမယ် မသိလို့ပါ…………

  • koyinmaung

    March 14, 2013 at 6:12 pm

    ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ချက်ကို သဘောသူပါတယ်…
    ခုမှလုပ်ဘို့စိုင်းပြင်းနေတာ မဟုတ်ဘဲ လုပ်လက်စလုပ်ငန်းကြီးဖြစ်လို့
    ရပ်ခိုင်းဘို့ဆိုတာထက် လုပ်နေတဲ့လုပ်ငန်းအပေါ် အကောင်းဆုံးဖြစ်အောင်
    ပါတ်ဝန်းကျင်နဲ့ သဟဇာတည့်အောင် တိုင်းပြည်အကျိုးရှိအောင်..
    ပြုပြင် လုပ်ဆောင် နိုင်ဘို့အရေးကြီးတယ်လို့ဘဲမြင်ပါတယ်…

  • အရီးခင်လတ်

    March 14, 2013 at 6:49 pm

    {{{ “အမေစုလုပ်ရပ်ကို လုံးဝထောက်ခံတယ်”၊ “ အမေစုလုံးဝ မှန်ကန်တယ်” ဟု ကြွေးကြော်ကာ အားပေးခဲ့ကြသည်ဟု သတင်းထောက်က ပြောကြားသည်။ လာရောက် စောင့်ဆိုင်း ခဲ့သော ဒေသခံများထဲမှ မုံရွာမြို့ခံ အသက်၃၅နှစ်အရွယ် ကိုကျော်အောင်က“အမေစုက တိုင်းပြည်အတွက်မကောင်းတာကို လုပ်မယ့်သူ မဟုတ်ပါဘူး။
    Thursday, March 14, 2013
    7Day News Journal 03-14-13 4 }}}

    ဒီလို ပြည်သူတွေ ရဲ့ ယုံကြည်မှု ရအောင် တစ်ခြား ဘယ်သူ လုပ်ပေးနိုင်သလဲ။
    တိုင်းပြည်ကို စေတနာ အမှန်ထားတဲ့
    သူ့ကိုယ်ကျိုး ကို စွန့်ထားတဲ့
    ခေါင်းဆောင်ကောင်း ပျောက်သွားအောင် မလုပ်ကြပါနဲ့။
    တိုင်းပြည်ကို မချစ်ဘဲ ၊တိုင်းသူပြည်သားတွေ အရေးမကြည့်ဘဲ ကိုယ့်နာမည် အတွက် ပွဲလန့်တုန်း ဖျာခင်း .. အပြင်ကလဲ သွေးထိုးပေး မနေကြပါနဲ့။

  • နေဝန်းနီ

    March 14, 2013 at 8:21 pm

    စီးပွားရေးနဲ့ နိုင်ငံရေး လုပ်တဲ့နေရာမှာ အမြဲတမ်း မိတ်ဆွေဆိုတာမရှိ အမြဲတမ်း ရန်သူဆိုတာလဲမရှိတဲ့….။ အဲဒိတော့ ကာစတန်မာနဲ့ ပြည်သူတွေပဲ လှိမ့်ခံ :hee:

  • padonmar

    March 14, 2013 at 10:13 pm

    ပြည်သူတွေရှေ့မှာ ရပ်မယ်ဆိုဒေါ်စုရဲ့လို့ ငိုပြလိုက်တာ ကြည့်လိုက်ရပါတယ်။
    ဒေါ်စုက ဖြစ်ချင်တာ၊ဖြစ်နေတာထက် ဖြစ်သင့်တာကို ဦးစားပေးတတ်တဲ့သူဆိုတာ
    သူ့ရဲ့ အကျယ်ချုပ်ကာလ တွေကို ကြည့်ရင်သိပါတယ်။
    ဒီလို အနစ်နာခံလာတာ အာဏာလိုချင်လို့ နေရာရချင်လို့မဟုတ်ဘူးဆိုတာ ယုံကြည်ကြရဲ့သားနဲ့
    ကိုယ့်လိုဘကိုစွဲပြီး ဘူးခံနေကြတယ်လို့မြင်ပါတယ်။
    စီမံကိန်းလုံးဝရပ်ဆိုတာထက် ပိုကောင်းတဲ့ နည်းလမ်း
    (ဒေသခံတွေကို ဘာတွေ ဘယ်လောက်ပေးမှ ၊
    ဘာတွေ ကာကွယ်ပေးမှ ဆက်လုပ်ခွင့်ပြုမယ်ဆိုတဲ့ အနေအထား)ဆွေးနွေးကြဖို့ကောင်းပြီ။

  • Lwin Aung

    March 14, 2013 at 10:45 pm

    I fully recommend Daw Aung San Su Kyi because she face that big big problem without fear and find the answer with suitable advices to solve it fairly withstanding the future of our country.

  • အရီးခင်လတ်

    March 15, 2013 at 3:46 am

    Burma Thwe – Facebook မှ ကူးထည့်သည်။

    ရန်သူ့ တီးလုံး အတိုင်း မက မိပါစေနဲ့ …………။

    လက်ပံတောင်း တောင် ကိစ္စ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစီရင်ခံစာကို ဦးဆောင်ကန့် ကွက်သူတွေ ရှိနေကြသူများရဲ့ အဓိက ရည်ရွယ်ချက်က ဘာလည်းဆိုတာ ကိုယ့် ဟာကိုယ် အရင်ဆုံး မေးမြန်းကြည့် သင့် တယ်လို့ ယူဆမိပါတယ် ။

    အစီရင်ခံစာကို သေချာ ဖတ်ပြီးလောက်ပြီလို့ ယူဆတဲ့ အတွက် အနည်းငယ်မေးမြန်းချင်တာ တခုက ………။
    ၁ ။ အစီရင်ခံစာမှာ ပါတဲ့ အတိုင်း အဆင့် အားလုံးကို သေချာစွာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ မယ်ဆိုရင် လက်ရှိ ဒေသခံတွေ ခံစားနေရတဲ့ ဒုက္ခတွေ အစား အကျိုးကျေးဇူးတွေလည်း ရရှိပါတယ်ဆိုတာ မမြင်ကြလို့ လား ။

    ၂ ။ ဦးပိုင်နဲ့ ဝမ်ပေါင်ဟာ အဲဒီ အစီရင်ခံစာထဲက အတိုင်း အလွယ်တကူ ဆောင်ရွက်နိူင်မယ်လို့ ယူဆနေကြတာလား ။
    အကယ်၍များ အဲဒီ အစီရင်ခံစာထဲက အတိုင်း အဆင့် တိုင်းကို သေချာစွာ အကောင်အထည်ဖော် ဆောင်ရွက်ကြမယ်ဆိုရင် အခုလိုမျိုး အနေအထားတောင် ရောက်မလာနိူင်ဘူးဆိုတာ ဦးဆောင် ဆန္ဒပြသူတွေ စဉ်းစားကြည့် သင့် ပါတယ် ။

    ၃. ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ခေါင်းဆောင်ယောက်ဖြစ်တဲ့ အတွက် ခေါင်းမရှောင်ချင်လို့ သူ့ကို ပေးအပ်ထားတဲ့ တာဝန် အတိုင်း ပညာရှင်များရဲ့ အကူအညီနဲ့ ပကတိ တွေ့ မြင်ရတဲ့ အတိုင်း အားလုံးသိအောင် အစီရင်ခံစာ တင်သွင်းခဲ့ တာပါ ။ သူမမှာ ဒီစီမံကိန်းကို ရပ်တန့် သွားအောင် ဟန့် တားနိူင်တဲ့ လုပ်ပိုင်ခွင့် မရှိသလို ၊ ဆက်လက် လုပ်ဆောင်ဖို့ အတွက် ခွင့် ပြုဖို့ အတွက်လည်း လုပ်ပိုင်ခွင့် မရှိပါဘူး ။

    ၄ . ဒီကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်ကို တာဝန်ပေးတယ်ဆိုတာကလည်း ယခင်အစိုးရ နဲ့ အခုအစိုးရ ပူးပေါင်းလုပ်ဆောင်ခဲ့ တဲ့ အရှုပ်ထုပ်ကြီးကို သူမခေါင်းပေါ် ပစ်ချပြီး ပြည်သူလူထု နဲ့ ရန်တိုက်ပေးဖို့ အတွက် အဓိက ရည်ရွယ်ခဲ့ တယ်ဆိုတာ အသိသာကြီးပါ ။ ဒါကို သိသိကြီးနဲ့ ဒေသခံတွေ ခံစားနေရတဲ့ ဒုက္ခတွေ အဆင်ပြေသွားအောင် သူမတာဝန်ယူပြီး အခုလို စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဦးဆောင်ခဲ့ ပြီး အခုလို အားလုံးသိအောင် ဘက်ပေါင်းစုံက ကောင်းမွန်တဲ့ အဆိုပြပြုချက်တွေကို ဖော်ထုတ်ခဲ့တယ် ဆိုတာလည်း မမေ့ စေချင်ဘူးဗျ ။

    ၅. ဒီကိစ္စမှာ နစ်နာကြတဲ့ ဒေသခံ ပြည်သူလူထု အနေဖြင့် လည်း ကိုယ့် ရဲ့ နစ်နာချက်များကို အစီရင်ခံစာထဲမှာ ပါတဲ့ အတွက် သက်ဆိုင်ရာ ကုမ္ပဏီများကို တရားစွဲဆိုနိူင်သလို ၊ မိမိတို့ ရရှိရမယ့် အကျိုးခံစားခွင့် တွေကိုလည်း တောင်းဆိုနိူင်ပါတယ် ။

    ၆ . သံဃာတွေကို အကြမ်းဖက် နှိမ်နှင်းတဲ့ ကိစ္စကို သူမမှာ တိုက်ရိုက် အရေးယူပိုင်ခွင့် မရှိတဲ့ အတွက် ဘယ်လို အပြစ်ပေးပါလို့ တိုက်ရိုက် အမိန့် မပေးထားပေမယ့် ဘယ်လို လက်နက်ကို အသုံးပြုသွားတယ်ဆိုတာ ပါနေတာပါဘဲ ။ ထိုကိစ္စမှာ ပါဝင် ပက်သက်နေသူများကို ထိရောက်စွာ အပြစ်ပေး အရေးယူဖို့ အားလုံးက ပူးပေါင်း ဆောင်ရွက်ကြရမှာပါ ။

    သံဃာတွေကို အခုလို အကြမ်းဖက် နှိမ်နှင်းတဲ့ လုပ်ရပ်ကို ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတိုင်း မကျေနပ်ကြဘူးဆိုတာ အားလုံး အသိပါ ။ အခုလို အကြမ်းဖက် နှိမ်နှင်းတဲ့ ကိစ္စ တရားဝင် ပေါ်ပေါက်သွားတဲ့ အချိန်မှာ စည်းလုံးစွာနဲ့ ပူးပေါင်းကြရင် အဲဒီကိစ္စမှာ ပါဝင် ပက်သက်တဲ့ လူတွေ အကုန်လုံးကို အပြစ်ပေး အရေးယူနိူင်တဲ့ အနေအထားကို ရောက်ရှိသွား ပါလိမ့်မယ် ။

    အခုချိန်မှာ လူတချို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစီရင်ခံစာကို မကျေနပ်ကြောင်း ဆန္ဒဖော်ထုတ် ပြသနေကြတာကို တွေ့ ရတော့ တကယ့်ကို စိတ်မကောင်းဖြစ်မိပါတယ် ။
    ကျနော်တို့ တိုင်းပြည်က လူတွေဟာ အာဏာရူးတွေ တီးလုံးနဲ့ ကခုန်ရတာကို ပိုမိုပျော်ရွှင် နှစ်သက်သလို ခံစားနေရတယ် ။

    လက်ရှိ အချိန်မှာ အကောင်းဆုံး အနေအထားက အစီရင်ခံစာထဲမှာ ပါတဲ့ အချက်တိုင်းကို တိကျစွာ အကောင်အထည်ဖော် ဆောင်ရွက်နိူင်မှာသာ လုပ်ငန်းကို ဆက်လက် လုပ်ဆောင်ခွင့် ပြုပါ့ မယ်ဆိုတဲ့ ဦးတည်ချက်ကို အဓိက တောင်းဆိုစေချင်ပါတယ် ။

  • kai

    March 15, 2013 at 5:51 am

    (အဲဒီခေတ်က) မြေကို အာဏာနဲ့ဈေးဖြတ်.. ငွေပေးအတင်းစာချုပ်ချုပ်သိမ်းခံလိုက်ရတဲ့.. ဒေသခံတွေရဲ့.. စိတ်ကိုတော့နားလည်ပါတယ်..။တောင်းဆိုခွင့်.. Rights လည်းရှိပါတယ်..။
    ဒါပေမယ့်…
    ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်နေတယ်.. ဘယ်သူ့အတွက်လုပ်နေတယ်..။ ဘယ်လိုအရည်အချင်းရှိတယ်… သိသိနဲ့.. ချွန်တွန်းလုပ်နေတဲ့ မနာလိုသူတွေစိတ်ကို အံ့ဩမိတယ်..။
    အင်း..
    ဗိုလ်ချုပ်အောင်ဆန်းလည်း.. ဒီလိုနဲ့.. လွင့်ပါးခဲ့ရတာပဲ..
    သမိုင်းဘီး..တပါတ်..ပြန်မလည်ပါစေနဲ့လို့. သမိုင်းဘီးကြိုးတုတ်ပြောချင်မိတာ..

    ဒုက္ခ..
    အတွေးအခေါ်တို့.. မှိုင်းမိကြပ်တိုက်ခံထားရတဲ့.. နှစ်၁၀၀ဝ ကျိန်စာသည်တို့… ဘဝ..။ :buu:

  • Foreign Resident

    March 15, 2013 at 8:05 am

    အဘ သဘောထားကတော့ ရှင်းပါတယ် ။
    အရင် ” စဉ်းစားကြစေလိုပါတယ် ( ၄၂ ) ( လက်ပံတောင်း ) ”
    ( http://myanmargazette.net/157838/creative-writing/my-thinking-different )
    မှာတုန်းကလည်း ရေးထားပြီးသွားပါပြီ ။

    အစီရင်ခံစာထဲမှာ ပါတဲ့
    ” ဆန္ဒပြသူများဟာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသလား…..

    စီမံကိန်း တာဝန်ထမ်းဆောင်နေသည့် တရုတ်ပညာရှင် ၂ ဦးနှင် စကားပြန် ၁ ဦးတို့အား
    အဓမ ္မခြိမ်းခြောက်၍ ဆည်တည်းရွာ ဘုန်းကြီးကျောင်းသို့ ခေါ်ဆောင်ခဲ့ကာ
    မနက် ၁ဝ နာရီမှ ညနေ ၆ နာရီအထိ ထိမ်းသိမ်းထားတယ်လို့ သိရပါတယ် ။

    ထို့အတူ ဝက်မှေးကျေးရွာနေ လူစုမှ ခြံဝင်းတံခါးအား နှစ်ကြိမ်တိုင် ချိုးဖျက်ကာ
    စီမံကိန်းနယ်မြေအတွင်း ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ် ။

    ဝမ်ပေါင် ကုမ္ပဏီရဲ့ မြေသယ်ကားများရဲ့ လုပ်ကိုင်မှုကို တားဆီးခဲ့ပါတယ် ”

    အဘ လည်း ဒီမိုကရေစီ နိုင်ငံ မှာ ( ဒီမိုကရေစီ နိုင်ငံ မှာ ) နေတာပါ ။
    ဒီမိုကရေစီ စံနှုန်းတွေကို ( ဒီမိုကရေစီ စံနှုန်းတွေကို ) နည်းနည်း နားလည်ပါတယ် ။

    ဆန္ဒပြခွင့် – ရှိပါတယ် ။ အဘ လက်ခံ / ထောက်ခံ ပါတယ် ။

    သို့သော် ၊
    ၁ ။ ဝမ်ပေါင် + ဦးပိုင် ရဲ့ အလုပ်ကို နှောက်ယှက် ဟန့်တားခွင့် ၊
    ( စကားချပ် ။ ။ ဝမ်ပေါင် + ဦးပိုင် ရဲ့ အလုပ်ကို ဟန့်တားခွင့် ဟာ အစိုးရ မှာပဲ ရှိပါတယ် )
    ၂ ။ ဝမ်ပေါင် + ဦးပိုင် ရဲ့ ပစ္စည်း / အကျိုး ကို ဖျက်ဆီးခွင့် ၊
    ၃ ။ မည်သူ့ကို မဆို( တရုတ် ဖြစ်စေ ၊ မြန်မာ ဖြစ်စေ ) ၊ အဓမ္မခြိမ်းခြောက် ၍ ထိမ်းသိမ်းထား ခွင့် ၊

    လုံးဝ ( လုံးဝ ) မရှိပါဘူး ။
    ဒီမိုကရေစီ / ဆန္ဒပြခွင့် ရဲ့ ဘောင်ကို ကျော်ဖြတ်သွားပါပြီ ( ကျော်ဖြတ်သွားပါပြီ ) ။

    ဒါတွေ ဖြစ်ခဲ့ရင် ၊ အဲဒီ လူစု လူဝေး ကို အစိုးရက ဖြိုခွဲ / အရေးယူရမှာ ဖြစ်ပါတယ် ။
    ဒါတွေ ဖြစ်ခဲ့တဲ့ အတွက် ၊ အဲဒီ လူစု လူဝေး ကို အစိုးရက ဖြိုခွဲ / အရေးယူ ပါတယ် ။
    အဲဒီ အစိုးရက ဖြိုခွဲ / အရေးယူ ရမယ် ဆိုတဲ့အထိ ၊ အဘ ထောက်ခံပါတယ် ။

    အစိုးရက အဲဒီ လူစု လူဝေး ကို ဖြိုခွဲ တဲ့ ၊
    အချိန် ရွေးချယ်ပုံ ၊ အင်အား အသုံးပြုပုံ တွေကို မထောက်ခံ ပါဘူး ။

    အထူးသဖြင့် ရဲတပ်ဖွဲ့ရဲ့ ၊
    အသိ ဉာဏ် ပညာ အတွေးအခေါ် အားနည်းမှု ၊
    လေ့ကျင့် ပြင်ဆင်ထားမှု အားနည်းမှု ၊
    ပစ္စည်း ကိရိယာ အားနည်းမှု / မလုံလောက်မှု တွေအရ ၊
    လိုအပ်တာထက်ပိုပြီး ထိခိုက် ဒါဏ်ရာ ရစေမှုတွေအတွက် စိတ်မကောင်း ဖြစ်ရပါတယ် ။
    အဲဒီ ထိခိုက် ဒါဏ်ရာရ လူတွေအတွက် ကျန်းမာရေး စရိတ် ကို အစိုးရက ကျခံသင့်ပါတယ် ။

    လက်ပန်းတောင်းတောင်ကိစ္စ အတွက် ကတော့ ၊

    အစီရင်ခံစာထဲမှာ ပါတဲ့အတိုင်း ဆိုရင် ၊
    ဒီ စာချုပ်အရ ၊ မြန်မာ အစိုးရ နှင့် ဦးပိုင် ဟာ ၊
    ဝမ်ပေါင် ကုမ္ပဏီ အပေါ် စီးပွားရေး အသာရပြီး ချုပ်ဆိုထားတယ်လို့ သိရပါတယ် ။

    ဒါကြောင့် ၊ စာချုပ်ကို ဖျက်ချင်တယ် ဆိုရင် ၊
    ဝမ်ပေါင် ကုမ္ပဏီ ကို နင့်နင့် နဲနဲ ပေးလျော်ရပါလိမ့်မယ် ။

    မလျော်ချင်လို့လဲ မရပါဘူး ၊
    ၁ ။ ဝမ်ပေါင် ကုမ္ပဏီ ဟာ ဥပဒေ အမြင်အရ အပြစ်ကင်းတဲ့ Third Party ပါ ။
    ၂ ။ လွှတ်တော်က New York Convention ကို လက်မှတ်ထိုးဖို့လဲ ဆုံးဖြတ်လိုက်ပါပြီ ။

    တိုင်းပြည်မှာ လျှော်နိုင်လောက်အောင် မ ချမ်းသာရင်တော့ ၊ ဆက်လုပ်ရမှာပါပဲ ။
    ဒေသခံတွေကိုတော့ ၊ သင့်တင့်တဲ့ ပေးလျှော်မှု လုပ်ပေးလိုက်ပေါ့ ။ ဒါပါပဲ ။

    နောက်ဆုံး အနေနှင့် ၊ အဘ ကတော့ ၊ အခုအချိန် အထိ ၊
    အမေစု ရဲ့ သစ္စာ ၊ ပညာ နှင့် နိုင်ငံ ချစ်စိတ်ကို ယုံကြည်ပါတယ် ။
    အမေစု ရဲ့ ခေါင်းဆောင်မှု နောက်က ဖြောင့်ဖြောင့်တန်းတန်း လိုက်မှာပါ ။

    အရီး ခင်လတ် နှင့် သူကြီး ရဲ့ Comment လေးတွေ ကိုတော့ ၊
    ကြိုက်လွန်းတဲ့အတွက် နောက်တစ်ခါ ပြန်ရေး ထောက်ခံလိုက်ပါတယ် ။

    ” ဒီလို ပြည်သူတွေ ရဲ့ ယုံကြည်မှု ရအောင် တစ်ခြား ဘယ်သူ လုပ်ပေးနိုင်သလဲ။
    တိုင်းပြည်ကို စေတနာ အမှန်ထားတဲ့ ၊ သူ့ကိုယ်ကျိုး ကို စွန့်ထားတဲ့ ၊
    ခေါင်းဆောင်ကောင်း ပျောက်သွားအောင် မလုပ်ကြပါနဲ့။
    တိုင်းပြည်ကို မချစ်ဘဲ ၊တိုင်းသူပြည်သားတွေ အရေးမကြည့်ဘဲ ၊
    ကိုယ့်နာမည် အတွက် ( ကိုယ့်နာမည် အတွက် ) ပွဲလန့်တုန်း ဖျာခင်း ..
    အပြင်ကလဲ သွေးထိုးပေး မနေကြပါနဲ့”

    ” သိသိနဲ့.. ချွန်တွန်းလုပ်နေတဲ့ မနာလိုသူတွေစိတ်ကို အံ့ဩမိတယ် “

  • ဦးဦးပါလေရာ

    March 15, 2013 at 9:49 am

    ဒီကစားကွက်က ရှင်းရှင်းလေး…
    တည်ဆဲ စစ်ဗိုလ်အများစုလွှမ်းမိုးတဲ့အစိုးရအနေနဲ့
    ဖြေလဲမဖြေရှင်းနိုင် လိုက်လဲမလိုက်လျှောနိုင်တဲ့ကိစ္စတစ်ခုဖြစ်လာတယ်..။
    အဲဒါ အတိုက်အခံအတွက် သို့မဟုတ် ခုံပေါ်ကလူကိုဆွဲချပြီး ဝင်ထိုင်ချင်သူတွေအတွက် အင်မတန်အခွင့်ကောင်းဖြစ်ပါတယ်။
    စီမံကိန်းက ပုံမကျ အမှားအယွင်းတွေရှိတဲ့အပြင် သပိတ်စခန်းကိုဖြိုခွဲရာမှာ အရမ်းကို အရုပ်ဆိုးသွားတယ်..။
    သူတို့ အင်မတန် မျက်နှာပျက် နာမည်ပျက်သွားပါပြီ..

    အဲဒီအချိန်မှာ-
    ဒေါ်အောင်ဆန်းစုကြည်နေရာမှာ အခြားအတိုက်အခံသာဆိုရင်
    ကမ်းလှမ်းတဲ့ ကော်မရှင်ဥက္ကဌတာဝန်ကိုငြင်းပြီး
    ၂၀၁၅ ကိုစောင့်လိုက်ရုံနဲ့
    အများကြီး အသာရသွားပြီ။
    အေးပေါ့လေ… အဲဒီအချိန်မှာတော့ နိုင်ငံရဲ့ အညွန့်အညှောက်ပေါက်ကာစ နာမည်လေးလဲ
    သုံးမရအောင်ပျက်သွားလောက်ပြီပေါ့…။

    ဒါကြောင့် ဒေါ်စုက သူ့အကျိုး သူ့ပါတီအကျိုးထက်
    ပြည်သူ့အကျိုးကိုငဲ့ပြီး ဒီတာဝန်ကိုယူလိုက်တယ်။
    အစီရင်ခံစာမှာလဲ လူကြိုက်အောင်ရေးတဲ့ ထည့်တဲ့အချက်တစ်ခုမှမပါပဲ
    လူမကြိုက်မှာကို မရှောင်ပဲ
    လိုအပ်တာ လုပ်သင့်တာတွေကို ပြည့်ပြည့်စုံစုံထည့်ရေးထားတယ်။

    ကျုပ်ကတော့ အခုမှ ဒေါ်စုုကို စိတ်ဒုံးဒုံးချ ယုံသွားမိတော့တယ်။

    ဒီလိုလူမျိုး ကျုပ်တို့လူမျိုးထဲမှာ သိပ်မရှိနိုင်ဘူး…။
    တကယ့်အဖေတူသမီး….။

  • ဦးကြောင်ကြီး

    March 15, 2013 at 10:10 am

    သမဒဂျီးကတော့ ဩဇီနဲ့နယူးဇီလန်ဘက် အပန်းဖြေခရီး ထွက်သွားပြီဗျို့.. ဘွားဒေါ် ဘွားဒေါ်နဲ့ နာမည်ကြီးပြီး စစ်ဗိုလ်ဟောင်း သမဒဂျီးလောက်တောင် မပါးနပ်ဘူး…။ အားကျမခံ ထွက်ပါလား နိုင်ငံခြားကို ဘယ်သူက ဘာပြောမှာမှတ်လို့…. 😆

    ဒေါ်အောင်ဆန်းစုကြည်က အလွန်အကျွံသည်းခံနေကြောင်း ဦးဝင်းတင် ဝေဖန် – Veteran Burmese activist Win Tin says democracy icon is too conciliatory
    မိုးမခအထောက်တော် အမှတ် ဝဝ၂
    မတ် ၁၃၊ ၂၀၁၃ မိုးမခမီဒီယာ

    ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်ဟောင်းများနှင့် ပတ်သက်ပြီး အလွန်အကျွံသည်းခံသူဖြစ်ကြောင်း NLD ဝါရင့်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးဝင်းတင်က ဝေဖန်ပြောဆိုလိုက်သည်။ဝါရှင်တန်ပို့စ် သတင်းစာ အင်တာနက်စာမျက်နှာ Veteran Burmese activist Win Tin says democracy icon Suu Kyi is too conciliatory ခေါင်းစဉ်တပ် ဆောင်းပါး တစ်ပုဒ်တွင် ယမန်နေ့ရက်စွဲဖြင့် ယင်းသို့ ရေးသားထားခြင်း ဖြစ်သည်။”ကျွန်တော်တို့ထဲကတချို့ကတော့ ဒီစစ်ဗိုလ်ချုပ်တွေကို ဘင်္ဂလားပင်လယ်အော်ထဲ ပို့လိုက်ချင်တာ။ သူကတော့ (ရန်ကုန်မြို့)ကန်တော်ကြီးထဲ တွန်းချလိုက်တာမျိုးလောက်ပဲ လုပ်ချင်တာ” ဟု ဦးဝင်းတင်က ပြုံးပြီး ပြောသည်ဟု ရေးထားသည်။

    ဆောင်းပါးတွင် ဦးဝင်းတင် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြောင်းကို အသားပေး ရေးထားသည်ကို ဖတ်ရမည်ဖြစ်သည်။

    ဒေါ်စုက တချိန်ချိန်တွင် သမ္မတဖြစ်လာရေးအတွက် စစ်ခေါင်းဆောင်များနှင့် ညှိနှိုင်းစေ့စပ်ပြီး အခြေခံဥပဒေကို ပြင်ဆင်လိုဟန်ရှိသည်ဟု ယုံကြည်ရကြောင်း၊
    ဦးဝင်းတင်က အခြေခံဥပဒေကို ဖျက်သိမ်းလိုသူဖြစ်ကြောင်း ဆောင်းပါးတွင် ရေးထားသည်။

    စစ်အုပ်စုက အပြောင်းအလဲ အနည်းငယ် လုပ်ပြရုံဖြင့် သွေးအေးမသွားကြရန် သူ၏ လုပ်ဖော်ကိုင်ဘက်များကို သတိပေးနေရသည်ဟု ဆိုသည်။

    “စာနယ်ဇင်းသမား တော်တော်များများ၊ နိုင်ငံရေးသမား တော်တော်များများက အခြေအနေ ကောင်းနေပြီလို့ ထင်ကောင်း ထင်ကြလိမ့်မယ်။ သိပ် ကျေနပ်နေကြတယ်။ ပွင့်ပွင့်လင်းလင်း မပြောချင်ကြဘူး။ သူတို့က အစိုးရကို မဝေဖန် မတိုက်ခိုက်ချင်ကြဘူး။ အဲဒါ ပြဿနာပဲ” ဟု ဦးဝင်းတင်က ဝါရှင်တန်ပို့စ်ကို ပြောလိုက်သည်။

    သံတမန်တချို့ကမူ အသက် ၈၃ နှစ်အရွယ် ရှိပြီဖြစ်သော ဦးဝင်းတင်သည် သဘောထားတင်းမာသူ၊ လက်ရှိ အပြောင်းအလဲနှင့် အံဝင်ခွင်ကျခြင်းမရှိသောသူတစ်ဦးဟု မြင်ကြသည်ဟု ယင်းဆောင်းပါးက ဆိုသည်။

    NLD မှ ခွဲထွက်သွားသူများနှင့် ဖွဲ့စည်းထားသည့် NDF ပါတီ ဌာနချုပ်တွင်လည်း ဦးဝင်းတင်က နာမည်ကောင်းမရကြောင်း ဆောင်းပါးတွင် ဆက်လက် ဖော်ပြထားသည်။

    ထောင်သက်ရှည်နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့သူ NDF ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေက ဦးဝင်းတင်ကို ပြင်းပြင်းထန်ထန် ဝေဖန်ထားပုံကိုလည်း ဝါရှင်တန်ပို့စ် ဆောင်းပါးတွင် ရေးထားသည်။

    “သူက ရူးနေတဲ့လူပဲ။ ထောင်ထဲမှာပဲ အာဇာနည်အဖြစ် သေသွားချင်တဲ့သူပဲ” ဟူသော အသက် ၇၁ နှစ်အရွယ် ဦးခင်မောင်ဆွေ၏ စကားကို ကိုးကား ဖော်ပြထားသည်။

    ဦးဝင်းတင်သည် အကျဉ်းသားယူနီဖောင်းဖြစ်သည့် အပြာရောင်ကို အမြဲ ဝတ်ဆင်လေ့ ရှိကြောင်း၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်လာသည်အထိ ထိုကဲ့သို့ ဝတ်ဆင်မည်ဖြစ်ကြောင်း ဆောင်းပါးတွင် ရေးထားသည်။

    ဒေါ်အောင်ဆန်းစုကြည်က အလွန်အကျွံသည်းခံနေကြောင်း ဦးဝင်းတင် ဝေဖန်ချက်ကို ဖော်ပြထားသည့် ဤဆောင်းပါး ထွက်ပေါ်လာချိန်သည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ပြုစုသည့် လက်ပံတောင်းဒေသအစီရင်ခံစာအပေါ် အများအပြားက မကျေမနပ် ဖြစ်နေချိန်နှင့် တိုက်ဆိုင်နေသည်ကို တွေ့ရှိရသည်။

  • Foreign Resident

    March 15, 2013 at 9:29 pm

    အခု အရေး အခင်းမှာ ၊
    အစပိုင်းမှာ ၊ အမေစု ကို ဝိုင်း အပုတ်ချ ကြပေမယ့် ။
    အမေစု ကို ၊ ချောက်ထဲ ဝိုင်းတွန်းချင် ကြပေမယ့် ။

    အခု အချိန်မှာတော့ ၊ တဖြေးဖြေး နှင့် ၊
    လူများစုကြီးက ၊ အမေစု ကီု ထောက်ခံတဲ့ အုံကြွမှုကြီး ၊
    သိသိသာသာ ဖြစ်ပေါ်လာတာကို တွေ့နေရပါပြီ ။
    တကယ့် Tide Turn ပါပဲ ။

    လူထု ရင်ထဲက ခေါင်ဆောင် အစစ်ဟာ ဘယ်သူလဲ ဆိုတာ ၊
    တိုင်းပြည် ရဲ့ ရေရှည် အကျိုးစီးပွားကို ကြည့်သူဟာ ဘယ်သူလဲ ဆိုတာ ၊
    အခု အချိန်မှာ ၊ ပြတ်ပြတ် သားသား ကို ပေါ်လာပါပြီ ။

    ရာသီစာလေးတွေ နှင့် နာမည်ထွက်အောင် ချောင်တုံးလေး လုပ်စားမဟဲ့ ဆိုတဲ့ ၊
    ဘေးထိုင် ဘုပြော နိုင်ငံရေး လုပ်စားတွေတော့ ၊ နိုင်ငံရေး သေ သွားရှာပြီ ။
    တကယ့်ကို ၊ သူတို့ မှန်းထားတာရဲ့ ဆန့်ကျင်ဖက် ဖြစ်လာတာပဲ ။ ဟီ ဟိ ။

    နေသန်မောင် ။
    “ဘာလူထုလဲ။ ခင်ဗျားတို့ တစ်ယောက် နှစ်ယောက် ထင်တာလုပ်နေတာ လူထုလား ”

    လင်းလင်း ။
    ” နောက်ကွယ်က မြှောက်ပေးသူတွေရော
    မနေ့က ရန်ကုန်ကလာတဲ့ သပိတ်သမားတွေရောသိထားသင့်တာက
    လူထု လူထု ဆိုပြီး ၊ လူ တအုပ် နဲ့တော့ မခြိန်းခြောက်နဲ့ ”

    Shein Thu
    တကယ်တော့ ဒီပွဲမှာ ရှုံးသွားတာက လက်ပန်းတောင် ဒေသခံတွေပါ ၊
    အရင်တုန်းကလိုမျိုး ပြည်သူတွေရဲ့ ထောက်ခံမှု ၊ ကြင်နာမှုတွေကို ၊
    သူတို့ဘယ်တော့မှမရနိုင်တော့ဘူး ။

    Seaman Nayminthu
    ကျေးဇူးတင်တယ်….. ဟန်ဝင်းအောင်
    မြန်မာတနိုင်ငံလုံးသာမက ကမ္ဘာကပါ လေးစားကြည်ညိုတန်ဖိုးထားနေရတဲ့ လူထုခေါင်းဆောင်၊
    ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးကို
    လက်ပံတောင်းဒေသခံတွေ ကက်ကက်လန် ရန်တွေ့ရဲတဲ့အထိ
    အချိန်ယူလှုံ့ဆောင်တွန်းပို့ပေးလိုက်တဲ့ ဟန်ဝင်းအောင်နဲ့ အပေါင်းပါတွေရဲ့ လုပ်ရပ်တွေ ကြောင့်
    စိတ်မချမ်းမြေ့စရာ ပုံရိပ်တွေ လူတွေကြားထဲ ပျံ့နှံ့သွားခဲ့ရပြီ။

    အထင်ကြီးလေးစားလောက်စရာမရှိတဲ့ အောက်လမ်းနည်းလုပ်ရပ်ဟာ
    ဘယ်တော့မှ အောင်မြင်နိုင်ဖို့ရာ မရှိဘူး ဆိုတာ
    မြန်မာပြည်သူ အများစုက ဘဝတွေနဲ့ရင်းပြီး သိပြီးသား။

    ဘာပဲဖြစ်ဖြစ် ဟန်ဝင်းအောင်ကို ကျေးဇူးတင်နေမိတယ်။
    သူ့လုပ်ရပ်ကို မဟုတ်ဘူးနော်…. နောက်ဆက်တွဲ အကျိုးဆက်ကို တွေ့မြင်ရပြီးတဲ့နောက်
    အဲဒီအကျိုးဆက်အတွက် ကျေးဇူးတင်တာ။

    အဆိုးထဲက အကောင်း လို့ပဲ ပြောရတော့မလား…
    ဟန်ဝင်းအောင်ရဲ့ ဒေါ်အောင်ဆန်းစုကြည် ဆန့်ကျင်ရေး အားထုတ်လှုပ်ရှားမှုကြီးကြောင့်
    မြန်မာပြည်သူ လူထုကြီးရဲ့ လူထုခေါင်းဆောင်အပေါ်
    ချစ်ခင်ကြည်ညိုရင်းစွဲ စိတ်ထားတွေ ဘယ်လိုမှပြောင်းလဲ မသွားခဲ့ပါဘူး။

    ဒါပေမဲ့ ဟန်ဝင်းအောင် ခေါင်းဆောင်မှုပေးနေတဲ့ လက်ပံတောင်းက ဒေသခံ လူတစုရဲ့
    အဆင်ခြင်မဲ့ တရားလက်လွတ် ပြောဆိုပြုမူမှုတွေ ကြားမှာ စိတ်ရှည်ရှည်ထားပြီး
    ရဲရဲဝံ့ဝံ့ တုန့်ပြန် ရင်ဆိုင်ဖြေရှင်းမှုတွေ လုပ်နေတဲ့ လူထုခေါင်းဆောင်ရဲ့ ပုံရိပ်ဟာ
    တပ်မတော်သားတွေရဲ့ နှလုံးသားကို လှုပ်ခတ်နှိုးဆွနိုင်တာကို တွေ့မြင်လိုက်ရပါတယ်။

    အရင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ရင် ခံစားမှု အေးတိအေးစက်နဲ့
    အားမရစရာ တုန့်ပြန်လေ့ရှိတဲ့ တပ်မတော်သားတွေတောင်မှ
    အခုဆို လူထုခေါင်းဆောင်ရဲ့ တိုင်းပြည်အပေါ်ထားတဲ့ စေတနာ ၊
    လုပ်ရပ်အပေါ် တာဝန်ခံမှုနဲ့ သည်းခံခွင့်လွှတ်နိုင်မှုစွမ်းရည်တွေကို
    ဖော်ထုတ်မချီးမွမ်းဘဲ မနေနိုင်လောက်ကို
    ခံစားမှုတွေ ဆူပွက်လာကြတာ တွေ့လိုက်ရတယ်။

    လူထုခေါင်းဆောင်ရဲ့ လုံခြုံရေးအတွက်
    သူတို့ ဘယ်လိုအကာအကွယ်ပေးရင် ကောင်းမလဲ စဉ်းစားလာတဲ့ အဆင့်ဖြစ်လာပြီ။
    စိုးရိမ်ပူပန်မှုတွေ ဖြစ်နေကြပြီ ။
    လူထုခေါင်းဆောင်ကို ဝန်းရံဖို့
    တပ်မတော်သားတွေ အသင့်ဖြစ်နေကြပြီ။

    အဲဒီအတွက်ကိုပဲ ဟန်ဝင်းအောင်ဆိုတဲ့ ငနဲကို ကြံဖန်ကျေးဇူးတင်နေမိတာ…
    ခုလို အနေအထားတွေဖြစ်လာအောင် ဟန်ဝင်းအောင် ရည်ရွယ်ခဲ့မှာ ဟုတ်ပါဘူး။
    သူထင်မှတ်မထားတဲ့ ပြောင်းပြန်အကျိုးသက်ရောက်မှုအားကို သူကိုယ်တိုင်မြင်တွေ့ရဲပါ့မလား…။

    ဘယ်လိုပဲဖြစ်ဖြစ် လူထုခေါင်းဆောင်နဲ့ တပ်မတော်သားတွေ အညီအညွှတ် လက်တွဲနိုင်မှ
    မြန်မာပြည်က ပြောင်းလဲမှုတွေ အောင်မြင်မယ်လို့ ကျနော်ယုံကြည်ထားပြီးသား။
    ခုတော့ ဖြစ်ရပ်တခုရဲ့ မမျှော်လင့်တဲ့ အကျိုးဆက်အဖြစ်
    လူထုခေါင်းဆောင်းရဲ့ နှစ်လိုဖွယ်ပုံရိပ်ဟာ
    တပ်မတော်သားတွေရဲ့ နှလုံးသားထဲ စွဲစွဲမြဲမြဲ ကပ်ငြိသွားပြီ…..

    အဲဒီအတွက် ဟန်ဝင်းအောင်နဲ့ အပေါင်းပါတွေကို ကျေးဇူးတင်တယ်….
    ကျေးဇူးတင်တယ် ….
    မထောက်ခံဘူး…

  • padonmar

    March 15, 2013 at 10:07 pm

    အဖြူဆိုတာ သူ့ချည်းဆိုရင် ဖြူမှန်းမသိသာဘူး။
    အနက်ပေါ်တင်ကြည့်မှ အဖြူဆွတ်ဆွတ်ရဲ့ အနှစ်သာရကို သိလာမယ်။
    ဒီလိုပဲ သူ့ကို ဆန့်ကျင်ဖို့ ချိုးလိုက်တဲ့ အမည်းရောင်လုပ်ကွက်တွေကြောင့်
    စုရဲ့ စေတနာဖြူဖြူဆွတ်ဆွတ်ကို ပိုမြင်လာမိတယ်။
    စုရဲ့ အနစ်နာ ဖြူဖြူသန့်သန့်ကို ပိုမြင်လာမိတယ်။
    စုရဲ့ အကြင်နာ ဖြူဖြူရှင်းရှင်းကို ပိုမြင်လာမိတယ်။
    စုကို ပိုချစ်မိ ပိုအထင်ကြီးမိလာပါတယ်။

  • ဦးကြောင်ကြီး

    March 16, 2013 at 9:00 am

    လက်ပံတောင်းအရေးကြောင့် အချင်းချင်းစိတ်ဝမ်းမကွဲဖို့ ၈၈ခေါင်းဆောင်တွေ တိုက်တွန်း
    2013-03-15 အာရ်အက်ဖ်အေ မြန်မာပိုင်းအစီအစဉ်

    လက်ပံတောင်းတောင် စီမံကိန်းအရေးကိစ္စကြောင့် ဒီမိုကရေစီရေးကြိုးပမ်းသူတွေ အချင်းချင်းကြား စိတ်ဝမ်းမကွဲကြဖို့ ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့က မတ်လ ၁၅ ရက် ဒီကနေ့ တိုက်တွန်းလိုက် ပါတယ်။

    လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ပံတောင်းခရီးစဉ်အတွင်း စုံစမ်းစစ်ဆေးရေး အစီရင်ခံစာနဲ့ပတ်သက်လို့ ကန့်ကွက်ဆန္ဒပြမှုတချို့ဖြစ်ပေါ်ခဲ့ပြီး တစ်ရက်အကြာမှာ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ခေါင်းဆောင် ကိုမင်းကိုနိုင်က အခုလို ပြောကြားလိုက်တာပါ။

    “ဒီစီမံကိန်းကနေဖြစ်လာတဲ့ အကျိုးသက်ရောက်မှုဟာ ကျနော်တို့ တိုင်းသူပြည်သားတွေ မခံစားရပဲနဲ့ ကျနော်တို့တွေ ဝမ်းနည်းစရာကောင်းလောက်အောင် စိတ်ဝမ်းကွဲပြားမှုတွေ မဖြစ်သင့်ဘူး၊ ကျနော်တို့ ဒီမိုကရေစီအရေး ကြိုးစားခဲ့ကြတဲ့ ရဲဘော်ရဲဘက်အချင်းချင်း ဒုက္ခသုခတွေ အတူတူခံခဲ့ရတဲ့ ပြည်သူတွေကြားထဲမှာ ကျနော်တို့အားထားနေရတဲ့ခေါင်းဆောင် အဲ့ဒီကြားထဲမှာ စိတ်ဝမ်းကွဲသွားမှု မဖြစ်စေချင်ဘူးဗျာ၊ ကျနော်တို့က ဒီဟာကိုတော့ အင်မတန်စိုးရိမ်ကြောင့်ကြတယ်”

    စုံစမ်းစစ်ဆေးရေးအဖွဲ့ အစီရင်ခံစာဟာ အခုထက်ပိုပြီး ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ်ကြောင်း၊ လက်ပံတောင်းတောင် စီမံကိန်းဟာ မြန်မာပြည်သူတွေအတွက် စိန်ခေါ်မှုဖြစ်ပြီး၊ အဲ့ဒီစိန်ခေါ်မှုကနေ မတူညီတာတွေကို ညှိနှိုင်းဆောင်ရွက်မယ့် အခွင့်အလမ်းအဖြစ် ပြောင်းလဲဆောင်ရွက်နိုင်ဖို့ အရေးကြီးကြောင်း ကိုမင်းကိုနိုင်က ပြောပါတယ်။

    **********************ဒါ့ပြင် မီးလောင်ဗုံးလို ပြင်းထန်တဲ့လက်နက်တွေနဲ့ အကြမ်းဖက်နှိမ်နင်းခဲ့မှုမှာ တာဝန်ရှိသူတွေကို ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်သွားဖို့ လိုအပ်ကြောင်း၊ တရုတ်ဝမ်ပေါင်ကုမ္ပဏီ၊ စီးပွားရေးဦးပိုင်ကုမ္ပဏီတွေနဲ့ စာချုပ်အသစ်တစ်ခု မချုပ်ဆိုနိုင်သေးခင်အထိ ဒီစီမံကိန်းကို ယာယီရပ်ဆိုင်းထားဖို့ လေ့လာသူတချို့ ထောက်ပြနေတာတွေဟာ သင့်တင့်မျှတကြောင်း ကိုမင်းကိုနိုင်က ပြောပါတယ်။ **********************************

    လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အပြီးသတ်အစီရင်စာနဲ့ ပတ်သက်လို့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ရဲ့ သဘောထားကို RFA ဝိုင်းတော်သား ကိုကျော်ကျော်အောင် ရဲ့ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။

    လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆက်လက်အကောင်အထည်ဖေါ်သင့်၊ မသင့်ကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်အခြေစိုက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် Eco-Dev အဖွဲ့ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်းမျိုးသူကို RFA သတင်းထောက် ကိုကျော်သူ တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

  • min khant kyaw

    April 8, 2013 at 7:39 pm

    ဘာပဲပြောပြောအစကပြန်လုပ်သင့်ပါတယ်။အစကနော်။အစ။

Leave a Reply