ထိ ထီ ထီး

ထီထိုးတယ်ဆိုတာ တကယ်တော့ ဘုန်းကြီးဆွမ်းလောင်းရသလိုပါပဲ။ ငွေရှာရတယ်၊ ရတဲ့ငွေနဲ့ စောစောစီးစီး ချက်ပြုတ်ရတယ်။ ဦးဦးဖျားဖျားဆွမ်းလောင်းပြီး ထိုင်ကန်တော့လိုက်ရသေးတယ်။ ဒီလိုပါပဲ။ ထီလက်မှတ်က ဈေး ကြီးတော့၊ ဝယ်ရင်လည်း တစ်စောင်တည်းဆို မပေါက်ဖို့ကတော်တော်သေချာနေတော့ အတွဲလိုက်ဝယ်ကြတာ များပါတယ်။ အဲဒီဈေးကမသေးတဲ့အပြင် ပေါက်ဖို့မျှော်လင့်ချက်သိပ်မရှိတော့ ထီလက်မှတ်ဝယ်ပြီးရင် ထီပေါက်ဖို့ဘုရားရှိခိုးရင်း ဆုတောင်းရသေးတယ်။ အဲဒီလို အားလုံးအနာခံပြီး ထီလက်မှတ်ဆိုတဲ့စာရွက်ပိုင်းလေးကို ဝယ်လိုက်ရတဲ့အကျိုးဆက်အဖြစ် တချို့သောလူတွေမှာ လုပ်ငန်းတွေ ထူထောင်နိုင်သွားတယ်ဆိုရင် ရလဒ်ကောင်းပါတယ်။ ဒီလိုမဟုတ်ဘဲ တစ်ဦးတစ်လေသာ အပိုအလျှံဖြစ်ပြီး ကျန်ငွေတွေ ငွေလုံးကွဲသွားပြီဆိုရင်တော့ လုပ်ငန်းကြီးတစ်ခုလုံးရဲ့ ရည်ရွယ်ချက်ကျရှုံးတယ်လို့ပဲ သတ်မှတ်ရမှာပါ။ တိုင်း ပြည်ကနုနုလေးဆိုတော့ တခြားတိုင်းပြည်တွေလို ထီကို ရက်ရက်စက်စက်စီးပွားရှာစရာတစ်ခုအဖြစ် သဘောမထားသင့်ပါဘူး။

အောင်ဘာလေထီအကြောင်း အသေးစိတ်မဟုတ်ဘဲ ခြုံငုံပြီးပြောကြည့်ချင်တာကတော့ ကကြီးကနေ အအထိ စုစုပေါင်း အက္ခရာ ၃၃ လုံးအတွက် ကိန်းဂဏန်းက ခြောက်လုံးဆိုတော့ အက္ခရာတစ်လုံးအတွက် မဲအရေအတွက် ၉သိန်း၊ အက္ခရာ ၃၃လုံးအတွက်ဆိုရင် မဲအရေအတွက်ပေါင်း ၂၉ရသိန်း၊ လက်မှတ်တစ်စောင်ကို ၂ဝဝကျပ်ဆိုတော့ သိန်းပေါင်း၆သောင်းနီးပါး။ (ထီလုပ်ငန်းနယ်ပယ်ထဲကမဟုတ်လို့ တွက်တာချက်တာမှားရင် အမှားပြင်ပေးကြပါ) ၂၈၆ကြိမ်မြောက်ကစပြီး မိတ်သဟာပူးတွဲဆုဆိုတာ အပါအဝင် ဆုမဲပေါင်း ၂၅၁၂၅ ဆုဖောက်ပေးပါတယ်။ အမြင့်ဆုံးဆုက သိန်း ၁၅ဝဝ တစ်ဆု၊ သိန်း ၁ဝဝဝ တစ်ဆု၊ သိန်း ၅ဝဝ တစ်ဆု၊ သိန်း ၃ဝဝ လေးဆု၊ သိန်း ၂ဝဝ ငါးဆု၊ မင်္ဂလာစုံတွဲ ၁၄ယူနစ်။ စုစုပေါင်း ပေါက်မဲကြီးကြီး ၂၆ဆုပါ။ ဘဏ္ဍာခွန်က ရာခိုင်နှုန်းဘယ်လောက်ကောက်လဲ မသိပါ။

ကျန်တာတွေက ၅သိန်းတစ်ဆု၊ ၃သိန်း ကိုးဆု၊ ၂သိန်းက ဆုသုံးဆယ်၊ ၁သိန်းဆုက ၁ဝဝ လောက်ရှိမယ်ထင်တယ်။ အသေးဆုံးဆုက ၅သောင်းပါ။ ငွေလုံးငွေရင်းအင်မတန်ကြီးတဲ့ လုပ်ငန်းကြီးဖြစ်ပေမယ့် ငွေလုံးငွေရင်းကွဲထွက်ပြီး ဘာမှလုပ်လို့မရတဲ့ဆုမဲက သိပ်များနေပါတယ်။ တိုင်းပြည်ကစင်ကာပူ လိုမဟုတ်တော့ စင်ကာပူထီလို ပေါက်မဲ၃-၄ဆုကို အများကြီး မက်လောက်စရာပေးထား၊ ကျန်တာတွေ သေးသေးလေး ခွဲထုတ်ပစ်လိုက်တော့ ငွေလုံးကွဲပြီး ရလဒ်က တိုင်းပြည်နာတယ်လို့တွေးမိတာပါ။

သိန်း၁၅ဝဝပေါက်တဲ့လူအနေနဲ့ ငွေကပိုလျှံနေတော့ သူဘာလုပ်မလဲ၊ အိမ်ခြံမြေဝယ်နိုင်တယ်။ ဒါမှမဟုတ်လည်းတခြား ဇိမ်ခံပစ္စည်းဝယ်နိုင်တယ်။ ဒါမှမဟုတ် အမြတ်ခွန်ရှောင်ချင်တဲ့သူဌေးတစ်ဦးကို သူ့ထီလက်မှတ်ရောင်းလိုက်နိုင်တယ်။ သူဌေး သူဌေးချင်းထမင်းကျွေးတဲ့နည်း။ သိန်း၁၅ဝဝလို မက်လုံးကောင်းကောင်းတစ်ဆုပေး၊ ချွေးသိပ်ဖို့ ဆုသေးသေးလေးတွေ အများကြီး(ဘာမှလုပ်မရတဲ့ငွေပမာဏ) ပေးမယ့်အစား လုပ်ကိုင်ရင်းနှီးစားသောက်ဖို့ လုံလောက်တဲ့ငွေပမာဏ ဥပမာ သိန်း ၃ဝဝ ဆုမျိုးချည်းပဲ ဆုမဲပေါင်း ၂ဝဝ ဖောက်ပေးလိုက်တာ ပိုအဓိပ္ပါယ်မရှိဘူးလား။ ဒါမှမဟုတ် သိန်း၂ဝဝ ဆုမဲချည်းပဲ ဆုမဲပေါင်း ၃ဝဝ ဖောက်ပေးရင်ကော။

လူအယောက် ၂ဝဝက သိန်း၃ဝဝ စီ ထီပေါက်ကြရင် အဲဒီထဲက တစ်ဝက်ကတော့ စီးပွားရေးလုပ်ကြမှာပါ။ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းကစလို့၊ အိမ်ဆိုင် ဖွင့်တာမျိုး၊ စိုက်ပျိုးရေးလုပ်တာမျိုး၊ ပြည်ပထွက်ဖို့ အရင်းအနှီးရသွားတာမျိုး ဒီလောက်ငွေနဲ့ လုပ်လို့ရပါတယ်။ မရဘူးဆိုရင်တော့ ညံ့ကြေးလို့သာ သတ်မှတ်ရုံပါပဲ။ အိမ်ခြံမြေဈေးတက်လို့ တိုင်းပြည်မကြီးပွားပါ။ ကုန်ထုတ်စွမ်းအားမြင့်မှ တိုင်းပြည်ကြီးပွားမယ်လို့ ရိုးရိုးပဲသိထားတဲ့အတွက်ကြောင့် လုပ်ငန်းလုပ်လို့ရတဲ့ငွေပမာဏသာဖြစ်သင့်တယ်လို့ ယူဆမိပါတယ်။ တစ်လကို အသေးစား စက်မှုလက်မှုလုပ်ငန်းကစလို့ ကိုယ်ပိုင်လုပ်ငန်းလေး အခု ၁ဝဝ ပေါ်ထွက်မယ်ဆိုရင် တစ်နှစ်ဆိုရင် တစ်ထောင်ကျော်ကျော် ဖြစ်လာပါမယ်။ အဲဒီလိုမဟုတ်ဘဲ ၁သိန်းဆုတွေ ၁ဝဝလောက်ဖောက်ပေးတာ အဲဒီလောက်ငွေနဲ့ ဘာမှ လုပ်လို့မရပါဘူး။ အလွန်အကျွံ သိန်းထောင်ချီပြီး ဖောက်ပေးတော့လည်း ငွေကိုလွယ်လွယ်ရတော့ အလုပ်လုပ်ချင်စိတ်ပျောက်နိုင်ပါတယ်။

တစ်လတစ်လ လည်ပတ်သွားတဲ့ငွေပမာဏကြီးရယ်၊ ပြီးတော့ ဘာမှဟုတ်တိပတ်တိ မဖြစ်ထွန်းနိုင်အောင် ငွေလုံး ကွဲသွားတာရယ်၊ ၂လုံးကို လူတွေစိတ်ဝင်စားမှုလျော့ကျလာအောင်တောင် မလုပ်နိုင်တာရယ်၊ ဒါကိုကျရှုံးမှုလို့ သတ်မှတ် ရင် မှားသွားမလား။ အောင်ဘာလေထီကို မက်လုံးပေးရာမှာ လူတွေစိတ်ဝင်စားအောင် မင်္ဂလာစုံတွဲတွေ၊ မိတ်သဟာပူးတွဲ တွေ၊ ဘင်္ဂလားမောင်နှမဆုတွေ၊ စသဖြင့် ဆန်းဆန်းပြားပြားတီထွင်နေမယ့်အစား ရိုးရိုးရှင်းရှင်းနဲ့ တကယ်စေတနာထား တဲ့ ဆုမဲကိုဖောက်ပေးရင် ပိုမအောင်မြင်နိုင်ဘူးလား။ ထီဆုကြီး သုံးလေးဆုကို မက်လောက်စရာပေးထား၊ ကျန်တာတွေ ချွေးသိပ်ဖို့ ငွေလုံးခွဲပစ်လိုက်တဲ့နည်းက ပဝေသဏီကတည်းက လုပ်လာတဲ့နည်းဆိုတော့ ပြောင်းလဲဖို့သိပ်မလွယ်ပေမယ့် လူများစု ထိ တွေ့နေတဲ့ ထီ ဟာ လူတချို့ရဲ့စီးပွားရေးထူထောင်ဖို့အတွက် ထီးကလေးတစ်လက်လို အေးရိပ်ဆာယာပေးနိုင် မလား မျှော်လင့်ချက်နဲ့ အပြုသဘောရေးကြည့်လိုက်ပါတယ်။

 

17 comments

  • မျှစ်ကြော်

    March 14, 2013 at 10:48 pm

    နောက်နေ့တွေ အလုပ်များတော့မှာမို့ (ကာကွယ်ဆေးထိုးစရာရယ်၊ ခရီးထွက်စရာရယ်) တစ်ရက်တည်း ပို့စ် ၂ပုဒ် တင်လိုက်တာပါ။ ထီကိစ္စမှာ ကိန်းဂဏန်းတွက်ချက်ပုံမှားနေရင်၊ တွေးယူပုံ မှားနေရင် ကွန်မင့်တွေနဲ့ ပြင်ပေးမယ်လို့ ယုံလို့ ရဲရဲကြီးရေးတင်တာပါနော်။ တကယ်တော့ မန်းဂဇက် နာမည်ကြီးတာဟာ ရွာသူရွာသားတွေ ချောလို့လှလို့ …( အဲလေ .. မွှားသွားပြန်ပြီ) ကွန်မင့်တွေကောင်းလို့ နာမည်ကြီးတာပါနော်။ ပို့စ်မှာ မှားတာတွေရှိရင် အားမနာတမ်း ကွန်မင့်ရေးပေးကြပါ။

  • padonmar

    March 14, 2013 at 11:10 pm

    ဒီထီစနစ်က နိုင်ငံတိုင်းမှာရှိတယ်။
    လူတွေက သူများအိပ်ထဲက ပိုက်ဆံ ကိုယ့်အိပ်ထဲ ရောက်လာမယ်ချည်းထင်နေကြတယ်။
    တကယ်တော့ ကိုယ့်အိပ်ထဲက ပါပါသွားတာ သတိမထားကြဘူး။
    ကျမကတော့ အယုံအကြည်မရှိ(ကိုယ့်ကံကိုရော၊ထီစနစ်ကိုရော)လို့ ထီထိုးခဲတယ်။
    ထီရောင်းသူကို အားပေးချင်တဲ့အခါ(အဖွားကြီးတို့ ကိုယ်လက်မသန်စွမ်းသူတို့ရောင်းရင်)၊သူငယ်ချင်းတွေစုံလို့ အမှတ်တရထိုးဖြစ်တဲ့အခါကလွဲရင်၊
    ထီမထိုးပါ။
    ချဲကိုတော့ ပေါ်ကာစက တစ်သက်မှာ တစ်ခါပဲ ၅ဝဖိုးထိုးကြည့်ဖူးပါတယ်။
    ကျမလိုလူတွေ ချည်းသာဆို ထီဆိုင်တွေ ငိုမှာပဲ။

  • ဦးဦးပါလေရာ

    March 14, 2013 at 11:45 pm

    အောင်ဘာလေထီမှာက
    ထီလက်မှတ်ရောင်းရငွေရဲ့ ၄၀% ကို ငွေစာရင်းတစ်ခုခု(ဥပမာ လူုုမှု့ဖူလုံရေး၊ ကယ်ဆယ်ရေး၊ ဖွံ့ဖြိုးရေး၊ ပညာရေး စသည်) ထဲ လွှဲထည့်ပြီး သုံးလိုက်ပါတယ်။
    ထီကို ငွေစက္ကူနဲ့ စာချုပ်စာတမ်းများ ချက်လက်မှတ် ငွေတိုက်စာချုပ် အရေးကြီးစာရွက်စာတမ်းများရိုက်တဲ့ ဝါဇီမှာ ရိုက်ပါတယ်။
    ထီလက်မှတ်ရိုက်ခ သယ်ဖြန့်စရိတ် တွေကတော့ ဘယ်ခေါင်းစဉ်အောက်က ကျခံတယ်ဆိုတာ သေချာမသိပါဘူး…
    အဲဒီတော့ ထီရောင်းရငွေ ရဲ့ ၅၀% ခန့်ကို သာ ပြန်ခွဲပေးတာဖြစ်ပါတယ်။
    ဆုကြီးကြီးတစ်ခု ထိပ်မှာ တင်ရတာကတော့ ထီထိုးကြအောင် မက်လုံးပေးတာ ဖြစ်ပါတယ်။
    ဆုသေးသေးတွေ အများကြီးခွဲထားတာကတော့ ထီပေါက်တဲ့သူတွေ နေရာတစ်ကာမှာ ကြိုကြားကြိုကြား ရှိနေအောင် ဖြစ်ပါတယ်။
    ထီလက်မှတ်တွေကို ထီဒိုင်ကြီးတွေကိုပဲ တိုက်ရိုက်ရောင်းတာကတော့ အခွန်ဌာနက ပြည်သူကို ကုန်အောင် တိုက်ရိုက်မရောင်းနိုင်လို့ လို့ ဆိုပါတယ်
    (ရယ်ရတယ်ဟေ့…. ဗြဲ…)
    ထီဒိုင်ကြီးတွေကတစ်ဆင့် ထီဆိုင်ကြီးတွေ ၊ အဲဒီကတစ်ဆင့် ဆိုင်ကြီးလတ်သေးတွေ အဆင့်ဆင့် အမြတ်တင်ရောင်းတာကတော့ မူလပေးထားတဲ့ ၁ဝစောင် တစ်စောင် ၁၀% နဲ့ မလောက်လို့လို့ ဆိုပါတယ်…
    (ထပ်ရယ်ရပြန်သဟေ့… ဗြဲ…..)

    ခြုံပြီးပြောရရင် လက်ရှိထီစံနစ်ဟာ ခေတ်လဲမမီ၊ ဝယ်ယူသူ ပြည်သူအပေါ်မှာလဲ တရားမျှတမှု့မရှိ၊ စံနစ်လဲမကျ တာ အလွန်ထင်ရှားပါတယ်။
    ဒါပေသိ
    ဘယ်သူက ခေတ်မီချင်လို့လဲ……
    ဘယ်သူက ပြည်သူအပေါ်တရားမျှတချင်လို့လဲ…….
    ဘယ်သူက စံနစ်ကျချင်လို့လဲ….

    လောကမှာ ပြင်တယ်ဆိုတာ ကောင်းချင်မှ ပြင်ရတာဖြစ်လို့ ….
    တကယ်ကောင်းချင်တဲ့သူတွေလက်ထဲ လုပ်ပိုင်ခွင့်ရောက်တဲ့နေ့ကို စောင့်ကြပါစို့ ….
    လောလောဆယ်တော့ ထီကိုမုန်းရင်လဲ
    နှစ်လုံးသုံးလုံးလေးနဲ့သာ အာသာဖြေကြပေရော့……

  • Fall Guy

    March 15, 2013 at 12:53 am

    ဘောလုံးသာအားပေးကြပေရော့ ၁၀၀% vs ၉၅%
    ရှုံးရင်တောင်ကိုယ့်အပြစ်မဟုတ်… အသုံးမကျတဲ ့ ဘောလုံးသမား၊ နည်းပြကို တရားခံသတ်မှတ်ပြီး အော်လို့ရတယ်..။။ကြားတာမကြားတာကသူ့အပိုင်း….။ မရွေးတတ်ရင်ရွာထဲကဆရာတွေဆီကအကြံတောင်းလို့ရတယ်…..။

  • kai

    March 15, 2013 at 3:04 am

    ယူအက်စ်မှာတော့.. ထီပေါက်ရငွေက အမြတ်ခွန်ဆောင်ရတယ်..
    သာမန်အားဖြင့်.. ၁ဝသန်းဆုပေါက်ရင်.. ၅သန်းပဲရတယ်လို့မှတ်ရပါတယ်..။
    ပေါက်ကြေးကလည်း.. ဒေါ်လာသန်း၁ဝဂဏန်း.. ရာဂဏန်းအထိရှိတယ်..။

    တိုတိုပြောရရင်..
    မြန်မာတွေလို.. ကံဆိုတဲ့ဟာနဲ့သိပ်ကစားချင်တဲ့လူမျိုးတွေအတွက်… ထီစနစ်ဟာ.. တော်တော်ကို သတိထားစိစစ်လုပ်ရမယ်ဖြစ်ကြောင်း..။

  • ဦးဖွတ်ကျား

    March 15, 2013 at 6:32 am

    ပိုစ့်အကြောင်းပြန်လာခဲ့ပါမယ်ခည
    အန်တီ မျှစ်ကြော်ပြုံးက ဘယ်တုန်းကမှ လုဇာ မဟုတ်ပါကြောင်း.
    ငြင်းချက်ထုတ်ခဲ့ပါသည်ခင်ဗျားးးး

    • ဦးဖွတ်ကျား

      March 15, 2013 at 10:55 am

      သိပ်စက်ရုပ်ဆန်သွားမလားမသိဘူး ..
      တကယ်တော့ ထီဆိုတာ အချောင်ရလိုစိတ် ဆိုတဲ့ လူရဲ့ ခပ်ညံ့ညံ့
      မျှော်လင့်ချက်ကို အရင်းတည်တဲ့ မက်လုံးသက်သက်ပဲ …။

      တိုးတက်တဲ့ တိုင်းပြည်တွေမှာတောင် ထီထိုးကြတဲ့လူတွေရှိတယ်..
      ဘာတဲ့ ..အတိတ်ဘဝက ငါ့ပိုက်ဆံ တဲ့ ..သူတို့အယူအဆက …
      ဆိုလိုချင်တာက အတိတ်ဘဝက ရစရာရှိခဲ့တာတခုခု အကြောင်းတခုခုကြောင့်
      မရခဲ့ဘူး ရစရာကျန်တယ်ဆိုရင် ပုံမှန်ထီထိုးခြင်းဟာ ဒါကို (အကြွေးဆပ်သလိုပေါ့လေ)
      ပြန်ရနိုင်စေဖို့ အခွင့်အလမ်းခင်းပေးထားတာဖြစ်ပါသတဲ့ ..သူတို့အယူပေါ့လေ..။

      ကျနော့်အယူကတော့
      ၁။ ပရော်ပါဘစ်လတီအရ ဝ.၁% တောင် မသေချာမယ့် စွန့်စားမှုလို့ ရှုမြင်မိတာရယ်။
      ဘယ်သူ့ပိုက်ဆံမှ အလကားမလိုချင်သလို ဘယ်သူ့ကိုမှလည်း အလကား မပေးချင်တာပါ။
      ရိုးရှင်းပါတယ်.. ကျနော်တွေးတာ.. value-based ဖြစ်ပါလိမ့်မယ်… ။ တန်ဖိုးတစုံတရာရှိမယ်
      ဆိုရင်တော့ .. ပေးတာ ယူတာ ငွေပမာဏဆိုတာ ကိစ္စသေးသေးကွေးကွေးလေးတွေဖြစ်ပါတယ်။

      ၂။ ထီဆုကြီးပေါက်သူတွေရဲ့ ဘဝဟာ ထီမပေါက်ခင်ထက် ထီပေါက်ပြီးနောက်ပိုင်း
      ပိုမိုစုတ်ချာသွားတယ်ဆိုတဲ့ သုတေသန သတင်းကို ဖတ်ဖူးတာရယ်ကြောင့် ပါမလားပဲ…။

      ဒီမိုခေတ်ကြီးထဲမှာ အစိုးရလုပ်တဲ့ လောင်းကစားကိုတော့ အောင်ဘာလေ ခေါ်ပြီး
      ပုဂ္ဂလိက လုပ်တဲ့ ဟာကိုတော့ လောင်းကစားခေါ်နေတာ တရားသလား ဆိုတာလေးလည်း
      တွေးမိပါတယ်…။
      (၁လုံး၂လုံး၃လုံးဆြာတွေ ..စန္ဒာပြ သင့်ရဲ့..)

      အာဟိ..

      :harr:

  • surmi

    March 15, 2013 at 10:11 am

    ထီပေါက်တဲ ့သူတွေထက်
    ထီရောင်းတဲ ့သူတွေမှာ ပိုပြီးစီးပွာဖြစ်ကြပါတယ်
    အောက်ခြေ လက်ပွေ ့ရောင်းတဲ ့အထိပေါ ့
    ထဲထဲ ဝင်ဝင်ရေးချင်ပေမဲ ့
    ရေးမရနိုင်သေးတာကြောင် ့ ……နောက်များကြုံမှဘဲပြောပါတော့မယ်
    ဒါနဲ ့ ….. အစ်မနံမည်ပြောင်းထားတော ့ မျက်စိလည်သွားတယ်ဗျု ့ိ ………

  • မျှစ်ကြော်

    March 15, 2013 at 8:30 pm

    သူကြီးရေ
    ပြုံးအဓိက ပြောချင်တာ အဲဒါပါပဲ။ ကံကိုသိပ်ပုံချလွန်းတဲ့ မြန်မာတွေကို မက်လုံးကြီးကြီး မပေးသင့်ဘူး။ ဆရာဂီ ပြောသလိုပဲ။ ထီဆုကြီးကြီးပေါက်တဲ့လူတွေ သိပ်မကြာခင် ဒုံရင်းဘဝကို ပြန်ရောက်သွားတာ သုတေသန လုပ်ထားတာတောင်ရှိတယ်။ ဒါကြောင့် ထီဆုကို ကြီးကြီးမပေးဘဲ (အိမ်တွေမြေတွေ ဝယ်လို့မရအောင်၊ ထိုင်စားလို့မရအောင်) မလှုပ်သာမလှဲ့သာလေးပဲ ပေးမှ အဲဒီလူက အလုပ်ဆက်လုပ်ဖြစ်မယ်။ အသိထဲမှာ သိန်း ၅ဝပေါက်ပြီး တကယ်ချမ်းသာသွားတဲ့လူရှိတယ်။ ခုဆိုရင် သိန်း ပေါင်းထောင်ချီ ချမ်းသာနေပြီ။ ငွေကမလောက်တော့ သူ့မှာ ဟိုကချေး ဒီကချေးနဲ့ ဆေးဆိုင်ကလေး ဖွင့်ရာကနေ ချမ်းသာသွားတာ။ ငွေအရင်းအနှီးလိုအပ်နေတဲ့လူတွေ တကယ်ကို များပါတယ်။
    ဒီလောက် ငွေလုံးကြီးကြီးနဲ့ လုပ်တဲ့ ကိစ္စဟာ ရည်ရွယ်ချက်ကောင်းသင့်တာပေါ့နော်။ စေတနာ ပါသင့်တာ ပေါ့နော်။
    ၂လုံးကိုတောင် မနိုင်တော့လည်း ရှက်စရာကောင်းတာပေါ့နော်။
    —-
    ဆရာဂီရေ လုဇာဆိုတာ ဘာတုန်း။ ကြားတောင်မကြားဖူးဘူး။ ဆရာဂီရေ ရုပ်ရည်ချောမောလှပသူတိုင်း မမမျှစ်ကြော်ပြုံး၏စာအုပ်ကို ဖတ်ကြ၏ တဲ့။

    ကိုဆာမိရေ ခုတလော ထီတွေရောင်းအားသိပ်မကောင်းဘူး ပြောကြတယ်။ ၂လုံးကသာ အလုံးအရင်းနဲ့ အင်အားသိပ်ကောင်းလာတာ။

  • ရဲစည်

    March 15, 2013 at 8:54 pm

    ကျွန်တော် ထီဆိုင်တွေနဲ့ ပတ်သတ်လို့ ကိုယ့်အတွေးနဲ့ကို အဲ့လိုပွားဖူးတယ်။

    လမ်းဘေးက အနုတ်ကျိတ် ထီဆိုင်တွေမှာ သွားထိုးရင် သိန်း၁၅၀ဝ မပေါက်မှန်း ကြားဖူးနေတော့

    ကျောင်းမှာတုန်းကလဲ COM ဘာသာရပ်အောက်မှာ ပယ်ရိုဗဲလ်တီ သင်ခန်းစာ သင်ရတော့ ဆရာက ထီအကြောင်းကို ဥပမာပြပီး သင်ပေးဖူးတယ်။
    ထီဆိုင်ကြီးတွေရဲ့ နှစ်ပတ်လည် အငြိမ့်ပွဲတွေ … ကိုယ်စားလှယ်ကြီးတွေကို အနုပညာရှင်တွေနဲ့ ခြိမ့်ခြိမ့်သည်း ဂုဏ်ပြုပွဲတွေ ကြည့်ရတော့ အလွန်နှာခေါင်းရှုံ့မိတယ်။ အဲ့ပွဲတွေ အတွက် ကုန်ကျစားရိတ်တွေက ဘယ်လောက် အမြတ်ကြမ်းလဲ သိသာတယ်။ ခုခေတ်မှာ သာမန် ကုန်ရောင်း ကုန်ဝယ် တယောက် အဖို့ ၁၀%မြတ်ဖို့ အတော် ရုန်းကန်နေရချိန် လူထုဆီက ပိုက်ဆံနဲ့ လူထုကို ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်တာတောင် မသမာစိတ် ရှိပုံများ အံ့ဩမိတယ်
    အဲ့ဒါလေး … ပြောရင် မီးခိုးကြွက်လျှောက် ဖြစ်ကုန်မယ် ..။

    တခု လေးစားမိတာက တချို့တွေ လူအများ အာရုံစိုက်တတ်တဲ့ အကြောင်းအရာတွေကိုဘဲ ထပ်ခါထပ်ခါ ဖိရေးနေချိန် ဒီလိုမျိုး ဖောက်ထွက်ပီး ရေးပြပေးတာ ကျေးဇူးပါ ခင်ည ….။
    အစ်မကိုတော့ မချီးကျူးဘူး
    ဖြစ်တည်လာတဲ့ စိတ်ကူးနဲ့ အရည်အသွေး ကို လေးစားပါ၏ ။
    :kwi:

    • မျှစ်ကြော်

      March 15, 2013 at 10:56 pm

      “ခုခေတ်မှာ သာမန် ကုန်ရောင်း ကုန်ဝယ် တယောက် အဖို့ ၁၀%မြတ်ဖို့ အတော် ရုန်းကန်နေရချိန် လူထုဆီက ပိုက်ဆံနဲ့ လူထုကို ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်တာတောင် မသမာစိတ် ရှိပုံများ အံ့ဩမိတယ်“
      ကိုနီပေပါရေ — အဲဒါလေးက တကယ်ထိတယ်။ အဲဒါကို သေချာရေးပြရဲတဲ့လူကို စောင့်နေတာ။ လုပ်ပုံလုပ်နည်းက တော်တော်လွယ်တယ်ပြောတယ်။ ထိုင်ရာကတောင် ထစရာမလိုဘူးတဲ့။
      —-
      အဘနီရေ – ပြုံးကို အစ်မ လို့မခေါ်နဲ့နော်။ အဲလိုကြီးခေါ်ရင် အဘွားကြီးဖြစ်သွားမှာပေါ့။ မျှစ်ကြော်ပြုံး လို့ခေါ်တာ ပိုကောင်းပါတယ်နော်။

      အလို မင်းသားချောလေး နိုင်းနိုင်း ပါလား။ ထီကတော့ ဘယ်တော့မှ မထိုးတာ အကောင်းဆုံးပါ အလက်ဇင်းရေ။

  • နေဝန်းနီ

    March 15, 2013 at 9:07 pm

    အသံချဲ့စက် အသုံးဆုံးက ထီးသည်နဲ့ အလှူခံပေါ့ဆရာမရယ်…။ အသံနဲ့နှိပ်စက်နေတာ အဲဒါကြောင့် ထီမထိုးဖြစ်တာလည်းပါတယ်…။ ပြီးတော့ ကျွန်တော်က ကိုယ့်မျက်စေ့ရှေ့မှာတောင် အလိမ်ခံခံနေရတော့ မျက်စေ့ကွယ်ရာက ကိစ္စတွေ မယုံကြည်တာလည်းပါတယ်…။ ဒါကြောင့်ထီမထိုးဖြစ် ဘူး အစ်မနံမည်ပြောင်းထားတော ့ မျက်စိလည်သွားတယ်ဗျု ့ိ … ဟုတ်တယ် ဆရာမရယ် အရင် နိမ်းက လှပါလျှက်ကယ်နဲ့ ဘာကြောင့်ပြောင်းပစ်ရတာလည်း ရှေ့က ရွာသူားတွေကိုအားကျလို့လား …..။

  • အလင်းဆက်

    March 15, 2013 at 9:39 pm

    ထီ….
    ထိုးတိုင်မပေါက်တာ..နှစ်ပေါင်းများစွာ..ကြာပြီ. ။
    ပလုံ သွားတာ ချည်းပဲ..ဆို ့တော့….
    ပေါက်နိုင်ချေကလည်း..တော်တော်နည်းနေတော့…
    ထီ ဆို…စိတ်ပျက်နေမိပြီ ။

    :kwi:

  • Foreign Resident

    March 16, 2013 at 8:43 am

    ” အန်တီ မျှစ်ကြော်ပြုံးက ဘယ်တုန်းကမှ လုဇာ မဟုတ်ပါကြောင်း ”
    ” ဆရာဂီရေ လုဇာဆိုတာ ဘာတုန်း။ ကြားတောင်မကြားဖူးဘူး ”

    Loser အရှုံးသမား ကို ပြောတာ ထင်တယ် ။

    ” ဆရာဂီရေ ရုပ်ရည်ချောမောလှပသူတိုင်း မမမျှစ်ကြော်ပြုံး၏စာအုပ်ကို ဖတ်ကြ၏ တဲ့ ”

    အင်း ၊ ဒါဆိုရင်တော့ ၊ ဖတ်အုန်းမှပါပဲလေ ။ ဟီ ဟိ ။

  • ဦးကြောင်ကြီး

    March 16, 2013 at 10:03 am

    ဆုဂျေး သိ်န်းထောင်ချီသွားတာ လူစိတ်ဝင်စားအောင်လို့လေ.. ငွေပမာဏ နှိမ့်လိုက်ပြန်တော့ နှစ်လုံးသုံးလုံးကို ဈေးကွက်မှာ မယှဉ်နိုင်ဘူး… ဟိုက ဆူလွယ်နပ်လွယ် သဘောရှိတာကိုး။ တိုင်းပြည်တခုမှာ အစိုးရအဖို့ ငွေအရှာရ အလွယ်ဆုံးက လောင်းကစားနဲ့ ထီလုပ်ငန်းပဲ။ နိုင်ငံဂျားမှာလို အင်တာနက်နဲ့ချိတ်ထားတဲ့ စက်ကနေ ထီထိုးလို့ရအောင် လုပ်နိုင်ရင် အစိုးရအနေနဲ့ လက်လီ လက်ကား ထီလုပ်ငန်းကို ချုပ်ကိုင်လို့ရတယ်။ စက်တွေကို ကုန်စုံဆိုင် စတိုးဆိုင်တိုင်းမှာထား၊ ကော်မရှင်ခွဲပေးလိုက်ရင် အမြတ်ကြီးစား ဖြစ်နေတာ နှိမ်နင်းပြီးသား ဖြစ်မယ်။ နိုင်ငံတကာမှာ ထီကို ပေါက်ဈေးထက် ပိုပေးဝယ်ရတာ မြန်မာပြည်ပဲ ရှိမယ်ထင်တယ်။ အဲလို စက်နဲ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ရင် အောင်ဘာလေ ဆုကြီးအပြင် အခြားဆုမျိုးစုံကိုလည်း တီထွင်ကြံဆနိုင်မယ်။ ကနဦး စရိတ်တော့ ကြီးမှာပေါ့ဗျာ။ ဒါလည်း အများပြည်သူကို ငွေချေးစာချုပ် ထုတ်ရောင်းလိုက်ရင် ဖြစ်ပါတယ်။ အဲဒီအတွက် သီးသန့်ဘွန်းထုတ်ရောင်း.. ကာလတိုတခုအတွင်း သေချာပေါက် ပြန်ဆပ်နိုင်တယ်။

  • Mr. MarGa

    March 16, 2013 at 10:07 am

    အင်
    အောက်က comment တွေ ဖတ်ပြီးမှ ဆရာမမှန်း သိတော့တယ်
    ထီအကြောင်းပြောရရင်
    သီပေါမင်းခေတ် ဘဏ္ဍာငွေ ရှာဖွေရေး လုပ်တာက စတာလို့ မှတ်သားဖူးတယ်။
    ဘယ် ရွှေဉာဏ်ရှင် ဝန်ကြီးတွေကများ အကြံဉာဏ် ပေးလိုက်ကြလဲမသိ။
    အဲဒီအချိန်ကတည်းက ဆိုးကျိုးတွေ တွေ့ရပေမင့်
    မရပ်ပဲ ဆက်လို့ လည်ပတ်လာတာ အခုထိပါပဲဗျာ
    နောက်နောင် ဘယ်လိုဆက်ဖြစ်မယ်ဆိုတာကတော့
    ဆက်စောင့်ကြည့်လိုက်ဦးမယ်

  • သီပေါမင်းလက်ထက်က စခဲ့တဲ့စကားလေးပါ။

    ကြွေးတင်ရှင်ဘုရင်ဆပ်……………တဲ့။
    ထီလုပ်ငန်းက နိုင်ငံသူားတွေရဲ့ပိုက်ဆံကို နိုင်ငံတော်ဘဏ္ဍာဖြစ်အောင်
    ငွေသေဖြစ်သွားအောင်လုပ်တဲ့
    အထဲမှာအကောင်းဆုံးသောလက်နက်တစ်ခုပါဘဲ။

Leave a Reply