လျော်ကြေး ဖော်တွေး ပေါ်ဈေး အော်ရေး condemnation

တရုတ်ဝမ်ပေါင် အကျိူးတော်ဆောင်ကုမ္မဏီ … ဆောရီး :kwi: ကြေးနီတောင် ကော်မရှင် ကျပ်သန်းငါးထောင် လျော်ကြေး ထပ်ပေးတော့မယ် ဆိုပဲဗျ…၊ တပတ်အတွင်းမှာ လုပ်ငန်းစမယ်တဲ့။ ကော်မရှင် အကြံပြုချက်ကို ဦးပိုင်နဲ့ ဝမ်ပေါင်ကုမ္မဏီတို့ကလည်း သဘောတူတယ် ကြေငြာတယ်။ မဟုတ်မှလွဲရော ဘွားဒေါ်ဂျီးကော်မရှင် လပေါင်းများစွာ အချိန်ယူနေတာ အချက်အလက် စုံစမ်းနေတာ မဟုတ်ဘူး၊ တရုတ်ကုမ္မဏီ၊ စစ်တပ်ဦးပိုင်တို့နဲ့ ကြိတ်ဆွေးနွေးနေတာဗျို့။ ကြားလူခုံသမာဓိ နေရာယူပြီး အဲလိုတော့ လုပ်ဖို့မသင့်ဘူးနဲ့တူတယ်။ လုပ်လည်း ပွင့်ပွင့်လင်းလင်း နှစ်ဖက်ကို ချပြပေါ့။ အခုတော့ တဖက်သတ်ကြီး.. စဉ်းစားကြည့်လေ ရက်ပိုင်းအတွင်းမှာတင် ဒေါ်လာသန်းပေါင်းများစွာ အကုန်ခံရမည့်သူတွေက လွယ်လင့်တကူ ခေါင်းငြိမ့်ပြတာ၊ ဘွားဒေါ်ဂျီးကို ယုံကြည် လေးစားလွန်းတာ တခုထဲနဲ့ ဟုတ်ပါ့မလား။ တရုတ်တွေ ယုံပေမဲ့ ပြည်တွင်းမှာ ယုံကြည်မှု နည်းလာနေတယ်။ တိုင်းရင်းသားပါတီတွေ ပြောနေပြီ၊ ရွေးကောက်ပွဲလုပ်ရင် ပြည်နယ်တွေမှာ အန်အယ်ဒီ လက်ရှောင်ပေးပါတဲ့။ အကြောင်းမဲ့ ဒီစကား ထွက်လာတယ် မထင်နဲ့။ ဘွားဒေါ်ဂျီးအပေါ် ယုံကြည်မှု ယိုယွင်းလာနေတာကိုပြတာ။ သူတို့ဖက်ကလည်း ကြိုကန်စရာရှိတာ ကန်ရပြီလေ။ ဆိုရိုးစကားမှာရှိတယ် ဆန်ရင်းနာနာဖွပ်တဲ့၊ ဘွားဒေါ်ဂျီး ကိုယ့်ဆန်ကိုယ် သိပ်ဖွပ်တဲ့အခါ ဆန်ဖြူမလာဘဲ ကျိုးကြေကုန်ပြီဗျို့။ ဒီပုံနဲ့ ဆန်ကောင်းစားရ ပါတော့မလား။

ကြားတာ မြေအမျိုးအစားလိုက်လို့ တဧက ငါးသိန်း ဆယ်သိန်း ဈေးသတ်မှတ်မယ်တဲ့။ အရေးကြီးတာ ဘာကို ကာလပေါက်ဈေး ခေါ်သလဲ။ ပုံမှန်ဆို ရောင်းသူဝယ်သူ ကျေနပ်ရင် ဈေးဖြစ်မြောက်တယ်…။ ပိုင်ရှင်ဆန္ဒမပါပဲ သိမ်းတဲ့အခါ အင်္ဂလိပ်လို condemnation သုံးတယ်။ အစိုးရတရပ်အနေနဲ့ ခိုင်လုံတဲ့ အကြောင်းပြချက်ရှိရင် လုပ်ပိုင်ခွင့်ရှိတယ်။ ဥပမာ – ယဉ်ကြောသိပ်ကျပ်လို့ ဂုံးကျော်တံတားဖောက်တာ။ ပြသနာက အခြေခံဥပဒေမှာ မြေယာပိုင်ဆိုင်မှုကို ဘယ်လိုအဓိပါယ် ဖွင့်သလဲ။ အနောက်နိုင်ငံတွေမှာ ပုဂ္ဂလိကမြေပိုင်ဆိုင်မှုကို အတိအလင်း အကာအကွယ် ပေးထားတယ်။ တရုတ်၊ မြန်မာလို အာဏာရှင်နိုင်ငံတွေမှာကြတော့ ရေမြေကို အစိုးရပိုင်တယ်။ ကြိုက်တဲ့အချိန် သိမ်းနိုင်တယ်၊ မယုံရင် ခင်ဗျားတို့ မြေစာချုပ်ဖတ်ကြည့်၊ နှစ်ဘယ်လောက် မြေအငှားဂရန်လို့ ရေးထားလိမ့်မယ်။ အာဏာရှင်တွေက မြေတန်ဖိုး သူ့စိတ်ကြိုက်သတ်မှတ် ဈေးဖြတ်တယ်။ သိမ်းချင်တဲ့အခါ နိုင်ငံတော် အကျိုးစီးပွားဆိုပြီး အလကားမတ်တင်းဈေးနဲ့ သိမ်းတာပဲ။ အနောက်မှာကြတော့ မတတ်သာလို့ သိမ်းချင်ရင်တောင် တရားရုံး အဆင့်ဆင့်သွားရ၊ အများပြည်သူရှေ့ အစစ်ခံရ အလုပ်ရှုပ် အချိန်ကြာတယ်…။ ပေးတော့လည်း ကာလပေါက်ဈေး….။

ပုံပြင်မမှတ် တုံကင်ထွက် ...
ပုံပြင်မမှတ် တုံကင်ထွက် …

ပေါက်ဈေး ဆိုပေမဲ့ ရောင်းသူက လိုလိုလားလား ရောင်းတာမဟုတ်တဲ့အခါ လွယ်လွယ်နဲ့ ဈေးဖြတ်မရဘူး လူတိုင်းမှာကိုယ်စီ သမိုင်းကြောင်းတန်ဖိုး၊ ခံစားချက်ရှိတယ်။ အဲဒီတန်ဖိုးတွေကို ဘယ်လိုထည့်တွက်မလဲ….။ ကိုယ်ကမရောင်းချင်တာရော တန်ဖိုးတခု မဟုတ်ဘူးလား။ ခင်ဗျားအိမ်ကို အခုနေ ပေါက်ဈေးပေးလာဝယ်မယ်၊ ရောင်းမလား။ ငွေမလိုဘဲနဲ့ ရောင်းဖို့အစီအစဉ် မရှိထားဘဲ ဘယ်သူမှ မရောင်းဘူး။ သိပ်လိုချင်ရင် ကြိုက်ဈေး ပေးလေ။ မူလဈေးထက် နှစ်ဆဖြစ်ချင်ဖြစ်မယ် သုံးဆလည်း ဖြစ်ချင်ဖြစ်မယ်။ တဦးချင်းအနေနဲ့ မြင်သာအောင် ပြောတာပါ။ ရွာသိမ်းတာမျိုး အများနဲ့ကြတော့ အဲလောက် မနူးညံ့တော့ဘူး။ စဉ်းစားရမှာ… ပေါက်ဈေးအပြင် အခြေပျက်သွားလို့ပေးတဲ့ နစ်နာကြေး။ အခြားရွာပြောင်းသွားလို့ အိမ်ထောင်တခုရဲ့ လူမှုစီးပွား အနေအထား နဂိုအတိုင်းဖြစ်မယ် အာမခံနိုင်ပါ့မလား။ စာချုပ်မှာတော့ ရွှန်းရွန်းဝေအောင် ရေးကြတာပဲ.. လက်တွေ့မှာတော့ တမျိုးဖြစ်တာများတယ်။ ဒါဆို ပေါက်ဈေးဆိုတိုင်း ရိုးရိုးလေးတွက်လို့ မတရားဘူးဆိုတာ ရှင်းပါတယ်နော်။

လွယ်လွယ်နဲ့သိမ်း ပေါပေါဈေးပေးလို့ရတော့ နိုင်ငံတော်ခေါင်းစဉ် အမျိုးစုံတပ်ပြီး မတရား လက်လွတ်စပယ် ပြုကျင့်ကြတာ။ မြန်မာပြည်မှာ အဲလိုပဲ ဖြစ်နေတယ်။ လယ်သိမ်းပြီး ငါးသိန်း၊ဆယ်သိန်းပေးတယ်၊ အဲဒီငွေကို လယ်သမားက မရင်းနှီး မမြှုပ်နှံတတ်၊ ဒီလိုနဲ့ လုံးပါးပါးပြီး လယ်ရှင်ကနေ လယ်ကျွန်ဘဝ ရောက်သွားတယ်။ အထက်မှာပြောတဲ့ ကြိုက်ဈေးပေးမှ တရားတော့မှာပေါ့။ ဒါမှမဟုတ်လည်း သိမ်းတုံးက မြေရိုင်းဗျာ၊ ဘာမှ မတန်ဘူး။ သိမ်းသူက ပြုပြင်လိုက်လို မြေချောဖြစ်သွား ဈေးမြောက်သွားတယ်။ ဥပမာ – မင်္ဂလာဒုံက ဇေကမာ္ဘ ဦးခင်ရွှေမြေလိုမျိုးပေါ့။ ဒါဆိုလည်း ကန်ထရိုက်တိုက် ဆောက်သလို ခွဲဝေယူကြလေ။ လည်ပင်းအညှစ်ခံရမှ ရော့အင့် လုပ်လို့မရဘူး။ မြေသိမ်းသူက ကုန်ကျစရိတ် ရှိတယ်ဆိုရင် အသိမ်းခံရသူဖက်ကလည်း ကိုယ်စိတ် နှစ်ပါး နစ်နာမှုစရိတ် ထပ်ဆောင်းတောင်းရမှာပေါ့။ နားမလည်ရင် ကိုယ်တိုင်နစ်နာတဲ့အခါ ဘာတွေလိုချင်မလဲ တွေးကြည့်ဗျာ.. အဲလိုဆို သိလိမ့်မယ် တရားသဖြင့် မတရားသဖြင့်ဆိုတာ။

ကြောင်တောင်တောင်တော့ မလုပ်နဲ့ကွာ...
ကြောင်တောင်တောင်တော့ မလုပ်နဲ့ကွာ…

ပေါက်ဈေးအကြောင်း ပြောနေလို့ ဝမ်ပေါင်စီမံကိန်း သဘောတူပြတယ် မထင်နဲ့၊ ဆက်လုပ်ချင်သူတွေအတွက် ဖွပေးနေတာ။ သူတို့က ကျပ်သန်းငါးထောင်ပေးရင် စီမံကိန်းလက်ခံချင်သူတွေဖက်က ဒေါ်လာသန်းငါးထောင် အရေးဆိုသင့်တယ်။ စေ့စပ်တယ်ဆိုတာ အပေးအယူ ရှိရမှာဖြစ်လို့ တကယ်လိုချင်တာထက် ပိုတင်ရတယ်။ ခေါင်းလောက်တင်မှ ရင်လောက်ကျတဲ့၊ ဒါမှ ညှိနှိုင်းရင်း ကျပ်သန်းငါးသောင်းဖြစ်မှာ။ ဒေသဖွံ့ဖြိုးရေးအတွက် ကုတင်တထောင်ဆန့်ဆေးရုံ၊ ဆေးနဲ့ နည်းပညာတက္ကသိုလ်၊ ကြယ်ငါးပွင့် ဟိုတယ်ဂျီးတွေ ဆောက်ခိုင်းဗျာ။ လူတသိန်းဆန့် ဘောလုံးကွင်းနဲ့ ဝမ်ပေါင်မြန်မာဆိုပြီး အဆင့်မြင့်တန်း ဘောလုံးအသင်း တောင်းဖို့မမေ့နဲ့။ ငွေသိန်းတသောင်း၊နှစ်သောင်းဆိုတာ ဒီကောင်တွေအတွက် ဘာမှမဟုတ်ဘူး..။ မော်တော်ကား၊ ကွန်ပြူတာ စက်ရုံတွေလဲပါရမယ်။ စီမံကိန်းဝင်ငွေထဲက (အမြတ်ငွေမဟုတ်) နှစ်စဉ်ရာနှုန်းတခု ဒေသဖွံ့ဖြိုးရေး ရံပုံငွေ ထူထောင်ပေးဖို့ အရေးကြီးဆုံးပဲ။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ရှယ်လုပ်ခိုင်းဖို့ မမေ့နဲ့။ ကုန်ချင်သလောက် ကုန်ပလေ့စေ၊ ခင်ဗျားတို့ ကုန်တာမဟုတ်.. ဝမ်ပေါင်ဂျီး ပေးရမှာ။ သူမတတ်နိုင်ရင် ဦးပိုင်နဲ့ရန်ဖြစ်လိမ့်မယ်။

မြေယာပဋိပက္ခ အတိုင်ပင်ခံ ဝတ်လုံတော်ရ ဦးကြောင်ကြီး :mrgreen:

15 comments

  • Good™

    March 15, 2013 at 12:05 pm

    ပြောတော့လဲ ကိုကြောင်ကြီးပါပဲ။
    အခုလိုရေးထားတာလဲ ဖတ်ရပြန်သေးတယ် ကိုကြောင်ကြီး ရယ်။

    ( “အမေစုလုပ်ရပ်ကို လုံးဝထောက်ခံတယ်”၊ “ အမေစုလုံးဝ မှန်ကန်တယ်” ဟု ကြွေးကြော်ကာ အားပေးခဲ့ကြသည်ဟု သတင်းထောက်က ပြောကြားသည်။ လာရောက် စောင့်ဆိုင်း ခဲ့သော ဒေသခံများထဲမှ မုံရွာမြို့ခံ အသက်၃၅နှစ်အရွယ် ကိုကျော်အောင်က“အမေစုက တိုင်းပြည်အတွက်မကောင်းတကာကို လုပ်မယ့်သူ မဟုတ်ပါဘူး၊ ) တဲ့ဗျာ။

    ( စကားမစပ် ဤ comment ရေး ပြီး ရရှိလာမည့် ပွိုင့် မှာ 8888 ဖြစ်ပါကြောင်း )

  • ဦးဖွတ်ကျား

    March 15, 2013 at 2:37 pm

    ♫♪♫
    ပြောင်းလဲတတ်တဲ့ သွယ့်ကို … ဒို့ ဘယ်လိုမှနားမလည်…
    ♫♪♫

    Copied..from FB

    :harr:

  • pooch

    March 15, 2013 at 3:10 pm

    လက်ပံတောင်းအရေးမှာ အမေစု ဓာတ်ပုံတချို့ကို မြင်ပြီး ရင်ထဲမကောင်းလွန်းလို့ပါ။
    သနားလည်း သနားမိတယ် ။ ဆွိရဲ့ စတပ်ကနေ သူရှဲထားတာလေး ကြိုက်လို့ ပြန်ရှဲလိုုုက်တယ် ။ 🙁

    ( ထားခဲ့တော့ မြန္ဒာ )

    မြနန္ဒာ —
    ဒီနေရာဟာ
    … မင်းနဲ့ မတန်ဘူး။

    မြနန္ဒာ–
    မင်းက လူယဉ်ကျေးကြား
    ရှင်သန်ကြီးထွားခဲ့တယ်။

    မြနန္ဒာ —
    အဟိသကိုချစ်မြတ်နိုးပြီး
    အာဃာတကို မင်းနားမလည်ဘူး။

    မြနန္ဒာ–
    မင်းဟာ ပန်းနဲ့သာထိုက်တန်ပြီး
    ကျားမိုက်နဲ့ မထိုက်တန်ဘူး။

    မြနန္ဒာ–
    သားရဲတွင်းမှာ
    မင်းဆင်းနေရတဲ့ အခါ
    သွေးညှိနံ့တွေ နံနေမှာပေါ့။

    မြနန္ဒာ —
    မင်းက တကယ်တော့
    သဇင်ခက်တွေကြား
    ရှင်သန်ဝေကြွားထိုက်သူပါ။

    မြနန္ဒာ–
    သွေးဆာနေသူ
    လူတစုကြားမှာ
    မင်းပင်ပန်းနေမယ်ဆိုတာ
    မပြောဘဲ သိပါတယ်။

    မြနန္ဒာ—
    တခါတုံးက ဖတ်ဘူးခဲ့တယ်-
    ဝတ္ထုတပုဒ်လေ–
    လိုက်ခဲ့တော့ မြနန္ဒာတဲ့။

    မြနန္ဒာ —
    ဒီခေါင်းစဉ်ကလေးကိုဘဲ
    အတူယူပြောပါရစေ–
    ထားခဲ့တော့ မြနန္ဒာ။

    မြနန္ဒာ–
    ထားခဲ့တော့ မြနန္ဒာ
    ထိုက်တန်သူတွေကြားမှာ
    သူတို့ကိုထားခဲ့–
    ငါ့ကိုလဲ ထားခဲ့
    အမုန်းတွေလဲထားခဲ့
    အချစ်တွေလဲထားခဲ့
    တရားမျှတာခြင်းတွေလဲထားခဲ့
    ဥပဒစိုးမိုးရေးလဲ ထားခဲ့
    ကြင်နာခြင်းတွေလဲထားခဲ့
    စေတနာတွေလဲထားခဲ့
    ယဉ်ကျေးတဲ့ စကားတွေလဲထားခဲ့
    အားလုံးသာထားခဲ့
    မင်းသိတာတွေ
    မင်းမှာ ရှိတာတွေ
    ယဉ်ကျေးတဲ့လူ့ အဖွဲ့အစည်းတခု
    ဖန်တည်း တည်ဆောက်ချင်တာတွေလဲထားခဲ့။
    အားလုံးကိုထားခဲ့။
    အရာအားလုံးကိုထားခဲ့။

    မြနန္ဒာ–
    ဥပေက္ခာနဲ့သာ
    သယ်ဆောင်ယူသွားပါတော့။

    ထိုက်တန်သူတွေနဲ့
    သူတို့ နေကြလိမ့်မယ်။

    မျက်စောင်းတွေ ထိုးကြမယ်။
    ပြသနာတွေ မရှုပ် ရှုပ်အောင်လုပ်ကြမယ်။
    ခွက်စောင်းတွေ ခုတ်ကြမယ်။
    ဓားခြင်းခုတ်ကြမယ်။
    ရာထူးလုကြမယ်။
    သူတို့ခြင်းသတ်ကြမယ်။
    သူတို့ခြင်း ပုတ်ကြမယ်။
    ဆဲရေးကြမယ်။
    တိုင်းထွာကြမယ်။
    အပုတ်ချကြမယ်။
    အရက်ဆိုင်ထိုင်ကြမယ်။
    ပြည်တန်ဆာအိမ်သွားမယ်။
    လက်ဖက်ရည်ထိုင်လေပန်းမယ်။
    လေဖန်း ဝရမ်းချီမယ်။
    မင်းလှတာလဲ အတင်းချမယ်။
    မင်းသွားရင်လဲ အတင်းချမယ်။
    မင်းနေရင်လဲ အတင်းချမယ်။
    မင်းအိမ်ထဲနေရင် ဘာလုပ်နေတာလဲ မေးမယ်။
    မင်းဘာလုပ်လုပ် ငုတ်တုတ်ထိုင်ပြီး
    ကွန်ပြူတာကီးဘုတ်တွေနှိပ်
    အတင်းတေးသွားတွေ
    အပုဒ်ရာထောင်ရနိုင်တယ်လေ။

    မြနန္ဒာ—
    မနေ.ညကတောင်
    ကို်ယ်ကြားမိနေသေးတယ်။

    ကိုယ်အိမ်ထဲကို်ယ်နေတာလောက်တော့
    အနှစ်နှစ်ဆယ်–ဟားဟားဟာလို့။

    ထားခဲ့တော့ မြနန္ဒ-ာ–။

    သူတို့နဲ့ ထိုက်တန်သူတွေ
    အများကြီး-အများကြီး
    မြန်မာပြည်ထဲမှာရှိတယ်။

    မမဦး။
    ( ၁၃-၃-၁၃)

    • နေဝန်းနီ

      March 15, 2013 at 9:57 pm

      အော်………….. ဆရာ မြသန်းတင့်က လိုက်ခဲ့တော့ မြနန္ဒာတဲ့ သူက ထားခဲ့တော့ မြနန္ဒာတဲ့လား ကောင်းပါ့ ……။ နာတော့ ဗားရော့ဘရက်ကို သာသတိရမိတော့ ……………

  • kai

    March 15, 2013 at 4:14 pm

    ကျောက်ကွင်းအရေးတော်ပုံတဲ့..
    .. ခရစ်ယန်တွေနဲ့..တရားပြိုင်မယ်ဆိုတဲ့အခါ.. ဘယ်ဗုဒ္ဓဘာသာဘုန်းကြီးမှထွက်မလာ(ရဲ)ခဲ့ဖူး..
    အဲဒီအခါ.. ရှင်ဥက္ကဌက ဗုဒ္ဓဘာသာဖက်က မားမားရပ်..တရားပြိုင်ခဲ့တယ်..
    မကြာပါဘူး..
    သူ့ဖမ်း..နှိပ်ကွပ်တော့တာပါပဲ..။

    မိုးပြာတဲ့..
    ကမ္ဘာ့ရှိတဲ့ဘာသာတရားတွေနဲ့..ယှဉ်ထိုးရင်.. ဝါဒရေးရာမှာ(မှားတယ်မှန်တယ်အသာထား) ရှေ့နောက်ညီသူ..။
    ထိုးဖေါက်လာတဲ့.. အစ္စလမ်သာသနာကို.. ထိထိရောက်ရောက် ဝါဒပြိုင်နိုင်တဲ့..သဘောတရားတွေရှိတဲ့ ဘာသာ.။
    မကြာပါဘူး..
    မိုးပြာကြီးကိုဖမ်း. .နှိပ်ကွပ်တော့တာပါပဲ..။

    ဂျပန်..ကိုဘေးမှာ.. နွားကို.. မာဆပ်ဂနှိပ်နယ်) အကြောဖြေ.. ဘီယာတိုက်.. မွေးတယ်..
    ကိုဘေးနွားအသား.. နာမယ်ကျော်ပေါ့..
    စတိတ်လုပ်.. ကင်လိုက်ရင်များ.. ဘီယာဆီတွေထွက်ပြီး..မွှေးသင်းနေတာ…။
    အသားတကာ့အသားတွေထဲ.. အမဲသားဟာ…လူနဲ့အသင့်လျှော်ဆုံးတခု.. လူအတွက်လိုအပ်တာတွေ.. ဖြည့်ပေးနိုင်တယ်…။ ဝက်တို့ကြက်တို့အသားလို.. ဗိုင်းရပ်.ဗက်တီးရီယား ခိုရကပ်ရခက်တယ်..။
    အဟာရဖြစ်တယ်..
    ဒါကြောင့်.. တိုးတက်တဲ့နိုင်ငံတွေမှာ.. အမဲသားစားနှုန်းအရမ်းမြင့်တယ်..
    အဟာရပြည်တဲ့ကလေးတွေ.. မွေးတာ..ကြီးပြင်လာတယ်.။
    အဟာရပြည့်တော့.. ဦးနှောက်ဖွံ့ဖြီုးတယ်..။ ညဏ်ကောင်းတယ်..။

    ဒန်တန်တန်…
    အင်း..
    ♫♬ ♫ ♫ ♫♬ ဘယ်သူမဆို ♪♪ ကိုယ်တန်ရာပဲ..ရမယ်.. ♫♬ ♫ ♬♫ ♫

    • ဦးကြောင်ကြီး

      March 16, 2013 at 10:28 pm

      ရှောင်လင်ဂိုဏ်းနိုင်တော့ ရှောင်လင်သိုင်း အကောင်းဆုံး.. နောက်တခေတ် ဝူတန်းနိုင်တဲ့အခါ သူပိုကောင်းပြန်ရော.. နောက်ဆယ်နှစ်ကြာတော့ ခွန်းလွန်းဂိုဏ်းနိုင်ဗျံရော..။ ဒီလိုနဲ့ ပတ်ချာလည်နေတာ…။ မြတ်စွာဘုရားက တန်ခိုးမပြိုင်ဖို့ တားမြစ်ခဲ့တယ်။ ကိုယ့်ဖက် စွမ်းသူရှိချိန်တော့ ဟုတ်ပါရဲ့… သူမရှိတော့ချိန် တခြားဖက်မှာ တန်ခိုးရှင်ပေါ်လာတော့ ဒွတ်ခ၊ အဲဒါ ဓမ္မအစစ် မည်ပါ့မလား။ အယူဝါဒ ပြိုင်ခြင်းမှာလဲ အဲသလိုပဲ သူမှန်ငါမှန် ငြင်းတာဖြစ်ကုန်တယ်။ အတ္တကြီး.. ဓမ္မမမည်ဘူး။ ဗုဒ္ဓဘုရားဟော ဆိုတာတောင် အမှန်လို့ ကိုင်စွဲတော့ အတ္တဖြစ်တယ်၊ ဖန်ဆင်းရှင်အယူ လက်ခံထားမှ မဟုတ်ဘူး။ ဓမ္မရှုဒေါင့် သက်သက်က ပြောတာပါ။ ပညတ်အနေနဲ့တော့ ရှိရမှာပေါ့။
      ပရမတ်နဲ့သာ အမှန်သစ္စာပိုင်းလို့ရတယ်။ သာဓက ပေးရရင်… သဘာဝဆရာတော် ဦးဥတ္တမသာရကို မယုံသူများက ဘယ်ကျမ်းအဘိဓမ္မာစာ ကိုးကားယူသလဲ ချောင်ပိတ်မေးတယ်။ ဆရာတော်က စာအကိုးကားထက် ပရမတ်သစ္စာနဲ့ ကိုက်ယူတယ် ပြန်ဖြေတယ်။ ဒီလိုပဲ ပညတ်တွေ အတည်ယူ အဟုတ်ထင် ပြောရင် သူနိုင်ငါနိုင် ဗုံပျံတလှည့် ငါးပျံတလှည့် မဆုံးနိုင်ဘူး။ ဖြစ်ရပ်အနေနဲ့ သိထားတာ ကောင်းပါတယ်၊ အမှန်အနေနဲ့ မကိုင်စွဲဖို့ပြောတာ။
      မှန်နေတဲ့ ပညတ်အသုံးအနှုန်းတွေတောင် စကားကပ်ပြောရင် မဆုံးတော့ဘူး။ ဥပမာ ဗုဒ္ဓတရားတော်သည် စစ်မှန်လေးနက်လို့ နားလည်ရင် နာယူမဝဘူး ဆိုတယ်၊ မမှန်ဘူးလား။ ဒါဆို ခရစ်ယာန် မွတ်စ်လင်ကလည်း အလားတူပဲ ညွှန်းလိမ့်မယ်။ ဒါဆို ဘုရားခြင်းတူ တရားခြင်းတူတဲ့ အဓိပ္ပါယ် ရောက်သွားပြီ။ ဧကောဓမ္မော အနက်လွဲပြီပေါ့။
      စကားအတင်းစပ်… ကြားဖူးတာ ဦးနေဝင်းက ကူမြူနစ်ရုပ်ဝါဒကို တန်ပြန်ဖို့ အဲဒီအချိန်မှာ ထောင်ချထားတဲ့ ဆရာတော်ဦးဥတ္တမဆီကနေ အယူဝါဒ အကြံညဏ် ယူခဲ့ရတယ်တဲ့။

  • မောင် ပေ

    March 15, 2013 at 7:46 pm

    ကိုကြောင့်အနေနဲ ့အခုချိန် မြန်မာနိုင်ငံ ပြန်လာမယ် ဆိုရင်ဖြင့်
    တစ်လကို ၈သိန်းအနဲဆုံး ရမယ့် အလုပ်တော့ ရှိထားတယ်
    ဝမ်ပေါင် မှာ ကားမောင်းရမှာ ။ သူတို ့ဆီမှာပဲ ၄၅ တဲ့
    အိမ်ကိုတော့ တစ်လတစ်ခါ ပေးပြန်မယ် ထင်ပါရဲ ့

  • မျှစ်ကြော်

    March 15, 2013 at 8:38 pm

    ကိုကြီးကြောင်ရေ – ဖတ်သွားပါတယ်နော်။ ကိုကြီးကြောင် ပို့စ်တွေ အမြဲဖတ်တယ်။ ဝင်သာမမန်းဖြစ်တာပါ။

  • နေဝန်းနီ

    March 15, 2013 at 8:48 pm

    ကိုကိုကြောင်ရေ……… တန်ရာတန်ရာပေါ့ဗျာ ….။ တန်ရာတန်ကြေး ပေးရတတ်ပါတယ်…။ အဲဒိအခါကျမှ ဘုရားမတကြေးပေါ့ဗျာ ….။ နော့

  • MaMa

    March 16, 2013 at 7:18 am

    သဂျီး အရင့်ရောင်မှတ်တမ်းမှာ တင်ထားပေးတဲ့ မင်းကိုနိုင်ပြောစကားလေး သဘောကျတယ်။

    မဖြစ်နိုင်တာတွေ တောင်းဆိုမယ့်အစား အကောင်းဆုံး ဖြစ်နိုင်ခြေကိုသာ ညှိနှိုင်းသင့်ပါတယ်။

    ဥပမာပေးရရင်-
    ခိုးရာလိုက်သွားတဲ့သမီးကို သဘောမတူဘူးဆိုပြီး အတင်းပြန်ခွဲရင်…….
    မိဘအသိုင်းအဝိုင်းအတွက်ရော၊
    ကာယကံရှင်မှာပါ ဘဝတစ်လျှောက်လုံး ဖျက်မရတဲ့ အမဲစက်တစ်စက်အဖြစ် ကျန်ရစ်ခဲ့ပါတယ်။

    စကတည်းက သားသမီးကို မနိုင်တဲ့တူတူ …..
    သူ့ဘဝတည်တည်တံ့တံ့ ထူထောင်နိုင်အောင် အကောင်းဆုံး စဉ်းစားပေးပြီး ဖေးဖးမမ လုပ်တာသာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

  • ဦးကြောင်ကြီး

    March 16, 2013 at 9:07 am

    လက်ပံတောင်းကိစ္စ လူထုနဲ့ဒေါ်စု သဘောမကွဲသင့်
    ဗွီအိုအေ မြန်မာပိုင်း
    15.03.2013 အောင်ရဲ မောင်မောင်

    လက်ပံတောင်းစုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့အစီရင်ခံစာ ထွက်ပေါ်လာပြီးတဲ့နောက်ပိုင်း ကော်မရှင်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကို လက်ပံတောင်းတောင် ဒေသခံ ပြည်သူတွေက မကျေနပ်မှု၊ ဆန္ဒပြမှုတွေ ဖြစ်ခဲ့တဲ့အပေါ် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က စိုးရိမ်ပူပန်မိတယ်လို့ ပြောပါတယ်။ လက်ပံတောင်းအရေးဟာ တိုင်းပြည်အတွက် အရေးကြီးတာ ကြောင့် ပါဝင်ဆောင်ရွက်သူတွေ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့ လိုတယ်လို့လည်း ကိုမင်းကိုနိုင်က ပြောပါတယ်။ ဒေသခံပြည်သူတွေကတော့ စီမံကိန်း လုံးဝ ရပ်ဆိုင်းပေးရေးအတွက်
    သပိတ်စခန်းတွေဖွင့်ပြီး ဆန္ဒပြတောင်းဆိုမှုတွေက ဒီနေ့အထိ ရှိနေတာပါ။
    ဆက်သွယ် မေးမြန်းထားတဲ့ ဗီအိုအေ
    သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးမှာဖြစ်ပါတယ်။

    လက်ပံတောင်းစီမံကိန်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သင့်တယ်လို့ စုံစမ်းရေး ကော်မရှင်က အစီရင်ခံစာ ထွက်လာပြီးနောက်မှာ လက်ပံတောင်းတောင် ဒေသခံတွေက စီမံကိန်းရပ်ဆိုင်းပေးရေးကို အဆက်မပြတ်တောင်းဆိုလာကြတာပါ။ အခုလို တောင်းဆိုမှုတွေနဲ့ ပတ်သက်ပြီး ပြည်တွင်းကအဖွဲ့အစည်း အသီးသီးမှာ ရှုမြင်သုံးသပ်ချက်တွေ အမျိုးမျိုးရှိနေကြပါတယ်။

    နှစ်ပေါင်းများစွာ အာဏာရှင်အစိုးရအုပ်ချုပ်မှုအောက်မှာ ဒုက္ခရောက်ခဲ့ရတဲ့ ပြည်သူတွေနဲ့
    ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အကြား အခုလို ထိပ်တိုက်တွေ့မှုတွေ
    ဖြစ်နေတာကို စိုးရိမ်မိတယ်လို့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က
    ကိုမင်းကိုနိုင်က ဗွီအိုအေနဲ့ သီးခြားမေးမြန်းမှုမှာ အခုလို ပြောပါတယ်။

    “ကျနော်တို့က နားလည်မှုအခြေခံနဲ့ ဘာမဆို စဉ်းစားပါတယ်ဗျာ။ အဲဒီတော့ ညှပ်ပူးညှပ်ပိတ် ဖြစ်မသွားအောင် ရတောင့်ရခဲ နှစ်ပေါင်းများစွာ ခရီးကြမ်းကြီးမှာ ဖြတ်သန်းခဲ့ရတဲ့ ခေါင်းဆောင်၊ သူတို့နဲ့အတူ ယုံကြည်လက်တွဲခဲ့တဲ့ ပြည်သူတွေ- ဒီဆက်ဆံရေးကို ဘယ်လိုနည်းနဲ့မှ မထိခိုက်စေချင်ဘူးဗျာ။ ကျနော့်စိတ်ထဲမှာ တော်တော့်ကို စိုးရိမ်ကြောင့်ကျမှုတွေ ရှိတယ်ဗျ။ သဘောထားဆိုတာ နေရာတိုင်းမှာ တူရမယ်လို့ ဘယ်ရှိပါ့မလဲ၊ မတူတဲ့ကိစ္စတွေ ပေါ်လာပါစေ၊ ငြိမ်းချမ်းစွာ ပြောကြဆိုကြမယ်။ ပြီးရင် ရအောင်ညှိကြမယ်ဆိုတဲ့ စိတ်အခြေခံနဲ့ ကြိုးစားကြစေချင်တယ်ဗျာ။ လူတွေရဲ့ မြတ်နိုးမှုဆိုတာ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေဗျ။ အဲဒါကို ရုပ်ဝတ္ထုတွေနဲ့သွားပြီးတော့ တိုက်ရိုက်လဲမယ်ဆိုပြီး စဉ်းစားလို့တော့ မရဘူး။ အဲဒါမျိုးလည်း သိပ်အရေးကြီးတယ်။ ခုနက ပြောသလိုပေါ့ဗျာ။ ကျနော်တို့ရဲ့ ဒီမိုကရေစီခေါင်းဆောင်ကို ညှပ်ပူးညှပ်ပိတ်မိသွားပြီးတော့ အခက်အခဲ အကျပ်အတည်းကြားထဲမှာ ထိခိုက်သွားတာမျိုး တကယ်တော့ ပြည်သူတွေကလည်း မလိုလားပါဘူး။ ကျနော်တို့ နှစ်ပေါင်းများစွာ ရင်းပြီး ခရီးကြမ်းကြီး အတူလျှောက်ခဲ့ကြတဲ့သူတွေပါ။”

    လက်ပံတောင်းတောင် အစီရင်ခံစာထွက်ပြီး (၁) ရက် အကြာမှာ စီမံကိန်း အကောင်အထည်ဖော် နေတဲ့ နေရာတွေကို ကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကိုယ်တိုင် သွားရောက်ပြီး ဒေသခံ ပြည်သူတွေကို ရှင်းပြခဲ့ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းတောင် ဒေသကို သွားရောက်ခဲ့စဉ်တုန်းက ပြည်သူတွေ တောင်းဆိုခဲ့တဲ့ အချက်တစ်ခုဖြစ်တဲ့ သပိတ်စခန်းတွေကို ဖြိုခွင်းစဉ်တုန်းက မီးခိုးဗုံးသုံးပြီး ရဟန်း သံဃာတွေကို ထိခိုက်စေတဲ့ တရားခံဖော်ထုတ်ပေးဖို့ အချက်ကို ဒေသခံတွေက အဓိကထားပြီး တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ အဲဒီလိုဒေသခံတွေရဲ့တောင်းဆိုမှုနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက် ကျောင်းသား ကိုမင်းကိုနိုင်က အခုလို ပြောပါတယ်။

    “မီးခိုးဗုံးလို့ပဲမြင်မြင်၊ မီးလောင်ဗုံးလို့ပဲ ဆိုဆိုဗျာ။ လူတွေရဲ့ အရေပြားတွေကို မီးလောင်စေခဲ့တယ်ဗျာ။ ရိုးရိုးလူတောင် မဟုတ်ဘူး။ ရဟန်း၊ သံဃာတွေ ဖြစ်နေတယ်။ အဲဒီတော့ ကျနော်တို့က ဒီဟာကို ဂလဲစား ချေမယ်ဆိုတဲ့စိတ်နဲ့ တောင်းဆိုနေတာ မဟုတ်ဘူး၊ ပြည်သူတွေ တောင်းဆိုနေတာ မဟုတ်ဘူး။ ဖော်ပြနိုင်စွမ်း တကယ်ရှိဖို့လည်း လိုတယ်။ အဲဒီ အစီရင်ခံစာအပေါ်မှာ သဘောထား ကွဲလွဲကြသည့်တိုင် နောက်နောင်ကို အေးချမ်းစွာ ဆန္ဒပြမယ့်ပြည်သူတွေဟာ ကမ္ဘာတည်သရွေ့ ရှိနေအုံးမှာပဲ။ အကြောင်းအရာတွေ ပေါ်လာတိုင်း အေးချမ်းစွာ ဆန္ဒပြကြအုံးမှာပဲ။ မီးလောင်စေတဲ့ လက်နက်မျိုးနဲ့ မီးခိုးဗုံးခေါ်ပြီးတော့ မီးလောင်စေတဲ့ လက်နက်မျိုးနဲ့ ပစ်လာခဲ့ရင် ကျနော်တို့ ပြည်သူတွေ ဘယ်နှယ်လုပ်မလဲ၊ အဲလိုမဖြစ်အောင် ဘယ်လို ကာကွယ်နိုင်သလဲ၊ အဲဒါက နောက်ထပ် ခေါင်းဆောင်တွေရော- သက်ဆိုင်ရာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေရော စဉ်းစားပေးကြပါ။ ကျနော်တို့ ပြည်သူတွေဟာ သံသယတွေ၊ နောက်ထပ် စိုးရိမ်ပူပန်မှုတွေနဲ့ အရင်းခံပြီးတော့ နှစ်ပေါင်းများစွာလက်တွဲထားတဲ့ တွဲလက်တွေ မပြုတ်စေချင်ဘူး။ ဒါကြောင့်ပါ- ဒီကိစ္စကို ထပ်ပြီးတော့ လေးနက်ပေးစေချင်ပါတယ်။ တာဝန်ယူဖို့ကို ကျနော် ဆိုလိုပါတယ်။ တာဝန်ယူမှု လိုပါတယ်။”

    ဒေသခံတွေဘက်ကတော့ စီမံကိန်း လုံးဝ ရပ်ဆိုင်းရေးကိုသာ လိုလားပြီးတော့ ကော်မရှင်ရဲ့ အစီရင်ခံစာကို လက်မခံနိုင်တဲ့ အကြောင်း လက်ပံတောင်း ဒေသခံရွာသူ မဆင့်က အခုလို ပြောပါတယ်။

    “ကျမက တုံတောကျောင်းကပါရှင့်။ ကျမနာမည် မဆင့်လို့ ခေါ်ပါတယ်။ ကျမတို့ကတော့ ဒီ လက်ပံတောင်းတောင် စီမံကိန်းကြီးကို ရပ်ဆိုင်းရေး အဓိကတောင်းဆိုတာပါရှင့်။ မြေယာတွေ အဓိကမဟုတ်ဘူးပေါ့။ လက်ပံတောင်းတောင် မဖျက်သိမ်းဖို့ရာပဲ အဓိက တောင်းဆိုကြတာပါ။ သူက မြေယာလျော်ကြေးတွေကို ထပ်ပေးသွားမယ်လို့ သူပြောသွားတာရှင့်။ တောင်သူ လယ်သမားတွေကတော့ လုံးဝ ရပ်ဆိုင်းရေးပဲ တောင်းဆိုကြတာ။”

    တစ်ချိန်တည်းမှာပဲ လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာကို အကောင်အထည် ဖော်ဆောင်ရွက်ဖို့ ဖွဲ့စည်းထားတဲ့ ကော်မတီက တာဝန်ရှိသူတွေ လက်ပံတောင်းဒေသကို လာရောက်မယ်ဆိုတာကြောင့် ဒေသခံတွေက တွေ့ဆုံဖို့ စောင့်စားနေတယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။
    လက်ရှိ လက်ပံတောင်း ကြေးနီစီမံကိန်းဘက်က နောက်ဆုံးအခြေအနေတွေကတော့ တုံရွာနဲ့ အင်ကြင်းတောင်၊ လိပ်ခွံတောင်တွေပေါ်မှာ သပိတ်စခန်းတွေ ဆက်ဖွင့်ထားပြီးတော့ စီမံကိန်းဖျက်သိမ်းရေးကိုပဲ အလေးထား တောင်းဆိုနေတာကို တွေ့ရပါတယ်ခင်ဗျာ။

  • uncle gyi

    March 16, 2013 at 11:45 pm

    ကိုကြောင်ရေ
    လက်ပံတောင်းကလူတွေရဲ့နစ်နာမှုကိုဒေါ်စုအတတ်နိုင်ဆုံးတွေးပြီးအဖြစ်နိုင်ဆုံးကို
    လမ်းပြပေးထားတယ်လို့ယူဆတယ်ဗျာ
    ကိုကြောင်ပြောသလိုကိုယ်ယူဆမှုနဲ့ကိုယ်ဈေးတောင်းမယ်ဆိုတာမဖြစ်နိုင်တဲ့အလုပ်လို့မြင်တယ်ဗျာ
    အဲလိုတောမှာရန်ကုန်ဝင်ဒါမီယာလိုဈေးပေးမှရောင်းမယ်ဆိုလို့ကဖြစ်နိုင်ပါ့မလား
    ဒါကြောင့်လည်းဒေါ်စုကဖြစ်နိုင်တဲ့လျော်ကြေးလို့ထည့်ပြောတာလို့မြင်ပါတယ်
    မောင်ရှင်ကြီးကိုပင်လယ်ထဲထားခဲ့တာတလှေလုံးနဲ့တယောက်လဲလိုက်တာပါ
    အခုကတပြည်လုံးအရေးနဲ့တနယ်အရေးပါ
    အဲဒီနယ်ကလူတွေကိုလည်းတတ်နိုင်သမျှကြည့်ရှုဖို့ဒေါ်စုပြောနေတာနိုင်ငံလုံးသိပါတယ်
    ဘာပြောပြောကျုပ်ကတော့ဒေါ်စု

  • MaMa

    March 17, 2013 at 6:18 pm

    မှော်ဆရာအဖွဲ့မှာ တွေ့လိုက်တဲ့ လူဗိုလ်ဟူသည် ရေးထားတဲ့စာလေးထဲက
    မုံရွာမှာ ဒေါ်စု ပြောသွားတဲ့စကားလေး သဘောကျလို့ တင်ပေးလိုက်ပါတယ်။
    (အာဏာရှင်လက်ထက်က ပြည်သူ့ဆန္ဒမပါဘဲပေးထားတဲ့ ကတိတွေကို တည်ဖို့လိုသလားမေးမယ်ဆိုရင် နိုင်ငံတကာမှာ ပြန်ကြည့်ပါမယ် နှစ်နိုင်ငံသဘောတူညီချက်တွေကို လေးစားရပါမယ် ပြည်သူ့ဆန္ဒမပါပဲ လုပ်ထားတဲ့ဟာတွေဆိုရင်လဲ တချို့ဟာတွေကို လိုက်နာရပါမယ် ငါတို့ဆန္ဒမပါလို့ ငါမလေးစားဘူး မရပါဘူး ဟိုဖက် ဒီဘက်ကိုကြည့်ရပါမယ်။ ကျမတို့ဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့အဆင်ပြေအောင် နေတတ်ရပါမယ် အားလုံးနဲ့အဆင်ပြေအောင်နေတတ်ရပါမယ် အဆင်မပြေရင်ညှိုနှိုင်းရမယ် ဒါမှ နိုင်ငံကြီးပီသပါမယ် အိမ်နီးချင်းနိုင်ငံနဲ့မတည့်လို့နိုင်ငံရွေ့သွားလို့မရပါဘူး ကမ္ဘာတည်သရွေ့ ဒီလူတွေနဲ့နေရမှာဖြစ်တဲ့အတွက် လက်တွေ့ကျကျကြည့်ဖို့လိုပါတယ်။)
    https://groups.google.com/forum/?fromgroups=#!topic/mrsorcerer/x4ytylpoa-Y

  • အရီးခင်လတ်

    March 18, 2013 at 12:13 am

    Facebook ထဲ က ဖတ်ရတာပါ။ ရေးသူက Myo Set လို့ ထင်ရပါတယ်။
    ——————————————————————————————————
    Myo Set
    စာဖတ်ရင်းငြိမ်သက်နေရာကနေ သတင်းတွေဖတ်မိတဲ့အခါမှာ မအောင့်နိုင်တော့လို့ ရေးမိပါတယ်။
    ====================================================
    နိုင်ငံတော်အဆင့်ပရောဂျက်မှန်သမျှဟာ ကလေးကစားသလို လုပ်လို့မရဘူးဆိုတာ နားလည်ဖို့ကောင်းပေမယ့် နားမလည်ကြသူတွေများတဲ့အတွက် ဒီအချက်ကို ခုတုံးလုပ်ပြီးဒေါ်စုကို အကြပ်ကိုင်တာပါပဲ။ ဒေါ်စုကိုတိုက်ပြီး နာမည်ရအောင်လုပ်တဲ့နည်းပေါ့လေ။ ဖြတ်လမ်းနိုင်ငံရေးနည်းပေါ့။ ဒီဖြတ်လမ်းနည်းကို သုံးပြီး အောင်မြင်မှုရသွားခဲ့တဲ့ ကမာ္ဘကျော်ခေါင်းဆောင်၊ အမျိုးသားသူရဲကောင်း ရှိတယ်လို့ ဒို့များ တစ်ခါမှ မကြားခဲ့မိဖူးပါ။

    လက်ပံတောင်းတောင်ကိစ္စဆိုတာ မုံရွာကိစ္စတင်မဟုတ်ဘူး။ စွမ်းအင်မွတ်သိပ်နေပြီး ကမာ္ဘကြီးကို ခြိမ်းခြောက်လာနေတယ်ဆိုတဲ့ တရုတ်နဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့အမြင် ဒီကိစ္စကို ကိုင်ပြီးမွှေဖို့ အမေရိကန်ဒစ်ပလိုမက်တွေကလဲ ပါးစပ်ပြင်နေကြတယ်။ ဒါကိုကြည့်ချင်ရင် သွဲ့သွဲ့ဝင်းကို သံမဏိမယ်ဆိုပြီး နယူးယောက်တိုင်းမ်က မြှောက်ပေးခဲ့တာကို ပြန်ကြည့်လို့ရမှာပါ။ နယူးယောက်တိုင်းမ်က ချင်းမိုင်အခြေစိုက်ဖူလာတို့အုပ်စုတွေ ချင်းမိုင်က နယ်စပ်အုပ်စုတွေနဲ့ဘယ်လို လုံးထွေးတတ်သလဲဆိုတာ ဆက်စပ်ကြည့်ပါ။

    လက်ပံတောင်းတောင်ကိစ္စကိုတုန့်ပြန်မှုအပေါ်မူတည်ပြီး တရုတ်ရဲ့ မြန်မာအပေါ် ပေါ်လစီအပြောင်းအလဲတွေအများကြီးဖြစ်လာနိုင်မယ်လို့ထင်တယ်။ ဝတပ်မတော်ရဲ့အင်အား၊ ကေအိုင်အေက ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တရုတ်မှာပဲ လုပ်ချင်တယ်လို့ ဆိုလာတာတွေ..ဒါတွေကို ဆက်စပ်တွေးကြည့်ရင် တရုတ်ရဲ့ မြန်မာ့အရေးကို ကစားချင်ရင် အလွယ်ကလေးပဲဆိုတဲ့ ကိစ္စကို နားလည်နိုင်ကြမှာပဲ။

    ငါးထောင်တန်အတုတွေဝင်နေပြီး ဖောင်းပွနေတဲ့မြန်မာ့ငွေကြေးကို ထိုးနှက်နေတဲ့ မူရင်းဇစ်မြစ်က တရုတ်ဆီက လာပါတယ်။ အတုသတင်းထွက်ပြီးရွှေဈေးနဲ့ဒေါ်လာဈေး ခါသွားပါတယ်။ ကမာ္ဘ့ဈေးနဲ့ သက်ဆိုင်ပေမယ့် ငွေတုသတင်းကြောင့်ဘဏ်တွေအပေါ် လူထုယုံကြည်မှု ကျဆင်းလာရင် မာတဲ့ ဒေါ်လာ၊ ရွှေနဲ့ အိမ်ခြံမြေဈေးလှုပ်လာပါမယ်။ အခြေခံစားသုံးကုန် ဆီ၊ လောင်စာနဲ့ ဆန် လှုပ်လာပါမယ်။ ဒါတွေကို နိုင်ငံရေးမာစတာလို့ လုပ်နေတဲ့သူတွေ မြင်ခဲ့ပါသလား။ မာ့စ်အကြောင်းပြောနေပြီး တစ်ဝဲတည်းဝဲနေတဲ့ လက်ဝဲဆရာတွေ မာ့စ်ရဲ့ ဘောဂဗေဒရှုထောင့်တွေကို ပိုင်နိုင်စွာနဲ့မြင်ခဲ့ပါသလား။

    ပါဝါမျှခြေထိန်းခြင်းဆိုတာ မလုပ်တတ်ရင် ပြဿနာရှိတဲ့အကြောင်းကို အင်္ဂလိပ်မြန်မာ စစ်ပွဲတွေက သက်သေပြနေဆဲပါ။ ပြင်သစ်နဲ့ မဟာမိတ်ဖွဲ့ဖို့ကြိုးစားခြင်းက သမိုင်းမှာ အင်္ဂလိပ်တွေ မြန်မာ့လမ်းကြောင်းကို လက်ဦးမှုရယူထားဖို့ တွန်းအားပေးခဲ့တာပါ။ အခု သမိုင်းမှာ ခပ်ဆင်ဆင် လာပြန်ပါပြီ။ ပတ်လည်ဝိုင်းမဟာဗျူဟာအရ အမေရိကန်က တရုတ်ကို ပတ်ချာလည်ပိတ်ဆို့ဖို့ ကြိုးစားတဲ့အတွက် မြန်မာကို စိတ်ဝင်စားပြိီး တရုတ်ကလဲ ဒါကို အထူးသတိထားနေပါတယ်။

    ကြားထဲက မြေဇာပင်မဖြစ်စေဖို့အတွက် ဒေါ်စုက အမေရိကားခရီးစဉ်မှာ မြန်မာဟာ ကန်-တရုတ်နဲ့ မိတ်ဆွေဖြစ်ဖို့လိုကြောင်း ဖိ ပြီးပြောခဲ့တယ်။ တစ်ကြိမ်တည်းမကပြောခဲ့တယ်။ လက်ပံတောင်းအရေးအခင်းဟာ ကျန်သော ယွမ်ငွေ ဘီလျံနဲ့ချီပြီး ရင်းနှီးမြုပ်နှံမှုတွေအပေါ် သက်ရောက်မှာမို့ တရုတ်ကလဲ မျက်စိဒေါက်ထောက်ကြည့်နေတာပါ။ မြန်မာလွတ်လပ်ရေးရပြီး အင်္ဂလိပ်တို့ အာဖရိကမှာဆင်နွဲခဲ့တဲ့ ဒုတိယကမာ္ဘစစ်အပြီး စစ်ပွဲတွေဟာ အင်္ဂလိပ်ကုမ္ပဏီတွေဆုံးရှုံးမှာကို ကာကွယ်ဖို့ပါ။ အခု မြန်မာထဲက တရုတ်ရင်းနှီးမြုပ်နှံမှုတွေကို တရုတ်က လွယ်လင့်တစ်ကူ အဆုံးရှုံးမခံနိုင်ပါ။တရုတ်ရဲ့ တုန့်ပြန်မှုတွေကို ထည့်တွက်ရမှာဖြစ်ပြီး ဒုတိယကမာ္ဘစစ်အတွင်းက ဂျပန်-အင်္ဂလိပ်တို့ရဲ့ ကြားညှပ်ခဲ့တဲ့ မြန်မာကို အခု ကန်-တရုတ်ကြား မညှပ်မိစေဖို့ စွမ်းဆောင်ခြင်းဟာ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်ရဲ့ အဓိကရည်ရွယ်ချက်တစ်ခုဖြစ်နေပါလိမ့်မယ်။

    နိုင်ငံရေးလုပ်တယ်ဆိုတာ Bird eye view နဲ့လဲ မြင်တတ်ရသလို အသေးစိတ်ကိစ္စတွေကိုလဲ ခွဲခြမ်းစိတ်ဖြာနိုင်ရပါတယ်။ ဉာဏ်ကြီးသူစားကြေး ပါဝါပေါ်လစ်တစ်ခေတ်မှာ ဟန်ဝင်းအောင် သွဲ့သွဲ့ဝင်းတို့ ကိုစင်ပေါ်တင်ဖို့ ကြိုးစားနေတဲ့ လက်ဝဲဆရာတွေရဲ့ အလုပ်သမားတစ်ခေတ်ဆန်းရေး အိုင်ဒီယာကိုတော့ဖြင့် ဆလံသ မိပါပေတယ်။

  • ဦးကြောင်ကြီး

    March 18, 2013 at 6:40 am

    တဆိတ်ကလေး နားထောင်ပေးကြပါ
    Sunday, March 17, 2013 ခရက်ဒစ်တူ ဧရာဝတီမဂ္ဂဇင်းဘလောဂ်

    တဆိတ်ကလေး နားထောင်ပေးကြပါ။

    ကျွန်တော့်ဘဝမှာ ဒီလောက်တိုတဲ့စာတစ်ပုဒ်ကို နှစ်ရက်ကြာအောင် ရေးလိုက်ဖျက်လိုက်၊ အကြိမ်ကြိမ် အဖန်ဖန် ချိန်ဆပြီးမှ ရေးဖြစ်တာ သည်တစ်ကြိမ်ပဲ ရှိပါသေးတယ်။

    အကြောင်းကတော့ လက်ပံတောင်းတောင်ပြသနာမှာ ယခုနောက်ပိုင်း ဆက်လက်ဆန္ဒပြနေတဲ့ တောသူ
    တောင်သားတွေ ကို ပညာမဲ့ အသိဉာဏ်မဲ့ ဘာမှမသိနားမလည်ဘဲ နိုင်ငံရေးပယောဂတွေက ကြိုးဆွဲရာကို ကပြနေသူတွေလို့ ပြောကြဆိုကြတာတွေ ဖတ်ရပြီး စိတ်မကောင်းဖြစ်လွန်းလို့ပါ။

    ကျွန်တော်က ကျေးလက်တောရွာမှမွေးဖွားကြီးပြင်းပြီး အသက် ၁ဝနှစ်ကျော်မှ မြို့ကို ရောက်ဖူးသူ ပါ။

    ကျောမွဲနင်းပြား တောင်သူလယ်သမားတွေရဲ့ဘဝကို မျက်မြင်ကိုယ်တွေ့ သိရှိနားလည်ပြီး စာနာထောက် ထားစိတ် တစ်သက်လုံး ထားရှိခဲ့ပါတယ်။ ဖင်ထဲ ရွှံ့တစ်ပိသာလောက်ဝင်အောင်လုပ်မှ ထမင်းတစ်လုတ် စားရတဲ့ဘဝဆိုတာ ကျွန်တော်က ကိုယ်တွေ့မျက်မြင် သိခဲ့တာပါ။

    ဒီနေ့ခေတ်မှာ လယ်သမားတွေ အနိုင်ကျင့် မြေသိမ်းခံရတဲ့ သတင်းတွေ ကြားရတိုင်း ကျွန်တော် စိတ်မ ချမ်းသာဘူး။

    အရင်လူတွေက ရေမြေ့သခင်ရှင်ဘုရင်စိတ်ပေါက်ပြီး မြေဆိုလည်း တိုင်းပြည်အကျိုးပြုစီမံကိန်းအတွက် အကြောင်းပြပြီး သိမ်းချင်ရင် သိမ်းလိုက်မယ်၊ ချောင်းမြောင်း အင်းအိုင်တွေလည်း သိမ်းချင်ရင် အချိန်မရွေး သိမ်းလို့ရတယ်ဆိုပြီး လုပ်ခဲ့ကြတာ၊ ကိုယ်တိုင်မခံစားဖူးရင် ဘယ်သူမှ စာနာတတ်မှာ မဟုတ်ဘူး။

    လူဆိုတာ ကိုယ့်လက်ပေါ်မီးကျမှ ပူမှန်းသိကြတာကလား။ ကိုယ်ပိုင်တဲ့လယ်တွေကို အသိမ်းခံရတာ၊ ကိုယ်နေထိုင်တဲ့ရွာကို မတရားရွှေ့ပြောင်းခံရတာ၊ မတရား ဖမ်းဆီးထောင်ချခံရတာတွေကို ကိုယ်တိုင် ကြုံဖူးမှ ဘယ်လောက် ခံပြင်းရပြီး စိတ်ဒဏ်ရာ ဘယ်လောက်ရတယ်ဆိုတာ နားလည်ကြမှာပါ။

    အခု လက်ပံတောင်းတောင်ဝန်းကျင်က ရွာတွေက တောသူတောင်သားတွေထဲ မှာ ကြေးနီစီမံကိန်း ဆက် လုပ် မယ်ဆိုတာကို မကျေနပ်လို့ အပြီးတိုင် ရပ်စဲရေး၊ ဝမ်ပေါင်ထွက်သွားရေး ဆက်လက်ဆန္ဒပြနေသူတွေ ရှိနေနိုင်ပါတယ်။

    သူတို့လိုလားချက်တွေကို တဆိတ် နားထောင်ပေးကြပါ။ ဒီတစ်ခါတော့ ဘယ်လိုပုံစံနဲ့မှ အကြမ်းဖက် နှိမ် နင်းတာမျိုးတွေ မလုပ်ကြပါနဲ့လို့ စာရေးဆရာ သတင်းစာဆရာတစ်ယောက်အနေနဲ့သာမက တိုင်းပြည်
    ရှေ့ရေး စိုးရိမ်ပူပန်သူ နိုင်ငံရေးစောင့်ကြည့်လေ့လာသူတစ်ယောက်အနေနဲ့ပါ အထူးမေတ္တာရပ်ခံပန်ကြား ပါတယ်။

    စိုးရိမ်ရတဲ့အကြောင်းကတော့ ခုပဲ စ,လာနေတာတွေ တွေ့နေရလို့ပါ။

    မသိနားမလည်တဲ့ ကျေးရွာသားတွေကို နိုင်ငံရေး လုပ်စားသူတွေက ပယောဂဖက်ပြီး သွေးထိုးပေးနေ တယ်ဆိုတဲ့ စွပ်စွဲချက်မျိုးတွေ စလာနေပါပြီ။

    ကျွန်တော်တို့တွေ ဘဝတစ်လျှောက်အဲသလို စွဲချက်နဲ့အစပျိုးပြီးရင် ဖြိုခွင်း ရှင်းလင်း ခံခဲ့ရတာပဲ မဟုတ် လား။

    ဒီတစ်ခါတော့ တော်ကြပါတော့ဗျာ။ အရင်ခြေရာတွေကို ထပ်မနင်းကြပါနဲ့တော့လို့ တောင်းပန်ပါရစေ။ (စကားချပ်။ ။ လက်ပံတောင်းတောင် ကော်မရှင်အစီရင်ခံစာကို ပညာရှင်ရှုထောင့်က ချဉ်းကပ်
    လေ့လာထားတဲ့ ဆရာ ဦးဝင်းမျိုးသူရဲ့ သုံးသပ်ချက်ကို မဖတ်ရသေးသူများ ရှာဖွေ ဖတ်ရှုကြပါရန်။)

    မောင်ဝံသ ~

Leave a Reply