ထီး မိုး ထား တဲ့ “J”

 

 

သူ ဂိုးရှူးမလို့ လုပ်ပြီးမှ သူဟာ ဘောလုံးပွဲထဲမှာ မဟုတ်တာကို သိလိုက်ရတယ်။ အဖြစ်အပျက်များဟာ စကားလုံးမပါဘဲ သူ့အလိုအတိုင်းသူ ရပ်တည်လို့နေလေရဲ့။ တစ်ခါကပေါ့။ သူပြောခဲ့ဖူးတယ်။

“ရည်ရွယ်ရာကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားတဲ့ သူတွေထဲ

ငါမပါဘူး ………..”

ပြောရမယ် ဆိုရင်တော့ သူဟာ သူမဟုတ်တဲ့သူ။ တိတိကျကျပြောရရင် သူဟာ သူမဟုတ်တော့တဲ့သူ။ တစ်ချိန်တုန်းက ဆို သူဟာ သူ စစ်စစ် ဖြစ်ခဲ့ဖူးတာပေါ့။

 

 

တစ်ခုသော ညစာစားပွဲမှာ ခရင်းတစ်ခုကို သူကိုင်ရင်း မေးခဲ့ဖူးတယ်။

“မင်းတို့ ငါတို့ ဒီခရင်းကို ကိုင်ပြီး စားစရာ တော်တော်များများ စားခဲ့ဖူးတယ်

မင်းတို့ ဒီခရင်းမှာ အချောင်း ဘယ်နှစ်ချောင်းပါလဲ သိကြလား”

အမှတ်တမဲ့ သူ့မေးခွန်းကြောင့် အားလုံး တွေဝေခဲ့ဖူးတယ်။ သူတို့ စားသောက်ကြတဲ့ ပွဲမှာ ဆရာဝန်လည်း ပါတယ်။ အင်ဂျင်နီယာလည်း ပါတယ်။ သိပ္ပံပညာရှင်လည်း ပါတယ်။ နိုင်ငံခေါင်းဆောင် အချို့လည်း ပါတယ်။ ရှေ့နေ၊ တရားသူကြီး၊ အဆိုတော်၊ သရုပ်ဆောင်နဲ့၊ ရုတ်စွ အဆုံး စားဖိုမှူးတစ်ယောက်ပါ ပါတယ်။ ဘယ်သူမှ မဖြေနိုင်ခဲ့ဘူး။

ခရင်း …..။ ငါတို့ စားနေကျ ခရင်းမှာ အချောင်း ဘယ်နှစ်ချောင်းပါတာလဲ..။  ဘယ်သူမှ မဖြေနိုင်ခဲ့ကြဘူး။

 

 

သူဟာ မှော်ဆန်ခဲ့တယ်။ သူဟာ မျက်လှည့် ဆန်ခဲ့တယ်။ သူဟာ သူ့ဘာသာသူ နေထိုင်ရင်း အဲဒီလို ဖြစ်လာတာ။ စီးကရက် မီးခိုးတွေကို ကြည့်ရင်း သူက ပြောတယ်။

“မီးခိုးတွေကို အရည်ပြန်ပျော်သွားအောင် ငါလုပ်ကြည့်ချင်တယ်”

သူ့ သူငယ်ချင်းက သူ့စကားကို သဘောတူပုံ မရဘူး။

“မီးခိုးကို အရည်ပျော်အောင်လုပ်လို့ရတယ် ဆိုဦးတော့

သူငယ်ချင်း …………. မင်းက စီးကရက်ရဲ့ အရသာကို ပြန်ခံစားလို့ ရပါ့မလား”

အရာဝတ္ထုတွေဟာ ဖွဲ့စည်းပုံတွေ ပြောင်းလဲတိုင်း ဘာကြောင့် ဂုဏ်သတ္တိတွေ မတူတော့တာလဲလို့ သူက တွေးနေခဲ့တယ်။

 

 

“သူငယ်ချင်း ခုလို မိုးရွာနေမှ ငါ ပြန်စဉ်းစားမိတယ်

ငါမနက်ကတည်းက ထီးယူ သင့် မယူသင့် တွက်ချက်နေခဲ့တာ

ဖြစ်စဉ်အရ ဒီနေ့က မိုးမရွာ သင့်တဲ့နေ့ကွ”

သူ့စကားဆုံးတော့ တခြားတစ်ယောက်က ငြင်းတယ်။ “မင်းက မိုးလေဝဿတွေကို ယုံလို့လား” ဟု။ သူတွေဝေခဲ့ဖူးတယ်။ သူဟာ သတင်းပေးချက်တွေကို ယုံခဲ့သူလား။ ဒါမှ မဟုတ် သူဟာ ရာသီဥတုတွေအပေါ် အတွက်အချက် ညံ့ဖျင်းခဲ့သူလား။ သူ…မရေရာဘူး။ ခဏနေတော့မှ သူက ပြန်ပြောခဲ့တယ်။

“သူငယ်ချင်း ….

ငါက စိတ်ခံစားမှုကို  ငါ့ဘာသာ ပြဌာန်းစာအုပ်လုပ်တတ်တဲ့ သူပါ

ဒီနေ့ ငါပြဌာန်းထားတာက ဒီနေ့ ငါ့အတွက် မိုးမရွာဘူးတဲ့”

 

 

ဒီလိုနဲ့ပေါ့။ သူ သေဆုံးခါနီး ရောက်လာတယ်။ သူကတော့ အရင်လိုပဲ။ မျက်စိမှိတ်ပြီး စီးကရက်ကို မီးညှိလိုက်တယ်။ သူညှိမယ့် စီးကရက် အတိုအရှည်ကို သူသိနေသလိုမျိုးပေါ့။

“ခင်ဗျားကို ကြည့်ရတာလည်း

ဘီယာဆိုင်တစ်ဆိုင် ဆိုင်ပိတ်ခါနီး ခုံတွေ လိုက်သိမ်းနေသလိုမျိုး

ဖယိုဖရဲ နိုင်လွန်းလှပါတယ်”

သူ့ သူငယ်ချင်းတွေက ဝိုင်းပြောတော့ သူက မခိုးမခန့် အပြုံးတစ်ခုနဲ့ ဆန့်ခနဲ ပြုံးပြတယ်။

“မင်းတို့ အားလုံး စဉ်းစားကြည့်ကွာ”

သူ့စကားကြားတော့ သေခါနီး နောက်ဆုံးစကားပြောတဲ့ သွေးရူးသွေးတန်းစကားလို အားလုံးက ဝိုင်းလို့ နားထောင်ကြတယ်။ သူက မပြောသင့်တဲ့ စကားကို ချင့်ချိန်ပြီး ပြောရသလိုမျိုး တစ်လုံးချင်း ပြောတယ်။

“ငါ့ဘဝ အပြောင်းအလဲတွေက အင်္ဂလိပ်လို J နဲ့ တူနေတယ်”

သူ့စကားကြားတော့ အားလုံးနားလည်ဟန်မတူ။ သူဟာ သူဝတ်ထားတဲ့ အနွေးထည် အိတ်ကပ်ထဲက ကလေးတွေ စာသင်တဲ့ J ဆိုတဲ့ အက္ခရာပါတဲ့ ကဒ် တစ်ကဒ်ကို ထုတ်ပြတယ်။

“ဒါက J ပေါ့ကွာ

ငါငယ်ငယ်ကတော့ ရှေ့ကို သွားခဲ့တယ်ကွ

ဒါပေမယ့် ဘာမှမထူးတော့ဘူး ထင်ပြီး

အောက်ကို ဆင်းကြည့်ခဲ့တယ်

သူများတွေ အပေါ်တက်နေချိန်မှာ ငါက အောက်ဆင်းကြည့်ပြီး

ခုငါ့ဘဝက အပေါ်ပြန်မတက်နိုင်တော့ဘူး

ဒီတော့ ငါနောက်ပြန်ဆုတ်လိုက်တော့မလို့ စဉ်းစားနေတယ်”

 

သူ့ကို နောက်ဆုံးတွေတဲ့ နေ့က သူက ထီးတစ်ချောင်းယူလာတယ်။

“ဘာလဲ ဒီနေ့ မိုးရွာမယ်လို့ ခံစားမှုနဲ့ ပြဌာန်းထားလို့လား”

သူ့သူငယ်ချင်းက မေးတော့ သူက ဘာမှ ပြန်မပြောဘဲ ခဏတာ ငြိမ်သက်နေပြန်တယ်။ သူ့သူငယ်ချင်းက သူသောက်ဖို့ ကော်ဖီတစ်ခွက်ဖျော်ပေးတယ်။ ကော်ဖီပန်းကန်ကို သူစိုက်ကြည့်လို့ သူက တိုးဖွဖွ ပြောတယ်။

“ငါ ထီးယူလာတာ မိုးကာ ဖို့ မဟုတ်ပါဘူးကွာ”

“ဒါဆို မင်းက ဘာကာဖို့လဲ .. နေပူမှာစိုးလို့လား”

သူ့သူငယ်ချင်းက မေးတော့ သူက ကော်ဖီတစ်ငုံ သောက်ပြီး ပြောတယ်။

“ငါ လမ်းလျှောက်တိုင်း ငါ့အရိပ်က အမြဲလိုလို ကပ်ပါလာတယ်

ငါက သွားရတော့မယ့်သူ … အဲဒီအရိပ်ကို ငါ ခုကတည်းက သံယောဇဉ် ဖြတ်ချင်လို့

ခုဆို ဒီထီး ခပ်ကြီးကြီး စောင်းထားတော့ ငါ့အရိပ်မမြင်ရတော့ဘူး သူငယ်ချင်း

အဲဒီအစား ထီးတစ်ချောင်းရဲ့ အရိပ်ပဲ မြင်ရတော့တယ်လေ”

 

သူ သေသွားပြီ။ သူသေသွားတာ ဘယ်သူမှတော့ သေသေချာချာ မသိခဲ့ဘူး။ တစ်ချို့ကလည်း သူ့ကို စီးကရက်တွေ အရမ်းသောက်လို့ သေသွားတာလို့ မှတ်ချက်ပေးခဲ့ကြတယ်။ သူကတော့ သေသွားခဲ့လေပြီ။ သူ့သူငယ်ချင်းက သူမှာခဲ့တဲ့ အတိုင်း သူ့အုတ်ဂူပေါ်မှာ အင်္ဂလိပ် အက္ခရာ J ဆိုတဲ့ စာလုံးကို ထီးတစ်ချောင်မိုးနေတဲ့ ပုံ ထွင်းပေးခဲ့တယ်။ သူဟာ စီးကရက်မီးခိုးတွေကို အရည်ပြန်ဖျော်ဖြစ်ခဲ့လား။ သူမသေခင် သူမေးဖူးတဲ့ ခရင်းတစ်ခုမှာ အချောင်း ဘယ်နှစ်ချောင်းပါလဲ ဆိုတာ သူကိုယ်တိုင်ရော သိသွားခဲ့သလားဆိုတာတော့ လောကရဲ့ အရေးမကြီးတဲ့ မသေချာမှု တစ်ခုပါပဲ။

 

ရင်နင့်အောင်

6 comments

  • ရဲစည်

    March 15, 2013 at 9:07 pm

    ဘရာဗိုပါ ကိုယ့်ဆြာ ….
    လျှောက်သောလမ်း ဖြောင့်တန်းပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ် ….
    ကိုရွှေဘုန်းဂျီး ရှိနေရင်လဲ ခင်ဗျားကို ချီးကျူးမှာပါ ….။
    ဆိုတော့
    ……….
    ……….
    လေးစားလျှက်

  • amatmin

    March 16, 2013 at 9:22 am

    ထိပ်ဆုံးစာကြောင်းလေးနဲ့ ခပ်ဆင်ဆင်ကို
    မိတ်ဆွေရင်းကြီးတယောက်သုံးနေကျလေးရယ်..
    သူ့ဆိုလိုရင်းကို ခုစာကြောင်းနဲ့မှ သဘောမိသလိုရှိတော့တယ်.. 🙂
    ဒါနဲ့ ဖုံးကွယ်.ဖျောက်မရတဲ့ အရိပ်တွေ ………
    ကိုရင်နင့်အောင် စာတွေကို အမြဲစောင့်ဖတ်နေသလို..
    ဖတ်ခွင့်ရတဲ့ အတွက် ကျေးဇူးပါ ..

  • Char Too Lan

    March 16, 2013 at 11:49 am

    “ရည်ရွယ်ရာကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားတဲ့ သူတွေထဲ
    ငါမပါဘူး ………..”
    အင်းးး ကျနော်လဲမပါဘူး ခဏခဏလမ်းပျောက်ပျောက်သွားပီး
    ဆက်တိုက်ဆိုသလို လမ်းပြောင်းပြောင်းသွားလို့ ပါ..
    အဲ့စာကြောင်းလေး ဖတ်မိတာနဲ့ ဝမ်းနဲသွားလို့….. :'(

Leave a Reply